မန္တလေး၊ အမရပူရ၊ အင်းဝနဲ့ စစ်ကိုင်း- နှစ် ၅၀၀ ကျော် မြန်မာမြို့တော်ရပ်ဝန်း

အင်း၀တံတားပတ်ချာလည်မှာ နန်းစိုက်ခဲ့ကြတဲ့ မြန်မာမင်းနေပြည်ဟောင်း ၅ ခုရှိခဲ့
ဓာတ်ပုံ ပုံစာ, အင်း၀တံတားပတ်ချာလည်မှာ နန်းစိုက်ခဲ့ကြတဲ့ မြန်မာမင်းနေပြည်ဟောင်း ၅ ခုရှိခဲ့
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ပဒေသရာဇ်ခေတ် မြန်မာပြည်ရဲ့ နောက်ဆုံးမြို့တော် မန္တလေးကို ၁၈၅၉ မှ တည်ထောင်တဲ့အတွက် ဗြိတိသျှဆောက်တဲ့ ရန်ကုန်ထက် နောက်ကျတယ်လို့ ယူဆကြပါတယ်။ တကယ်က မန္တလေးဟာ ဧရာ၀တီနဲ့ မြစ်ငယ် ဆုံရာ မြစ်ထောင့်ချိုးကို အခြေပြုပြီး တည်ဆောက်တဲ့ မွန်ဂိုပုံစံ ရွှေ့ပြောင်းမြို့တော်ရပ်၀န်းမှာ နောက်ဆုံးတည်တဲ့မြို့ ဖြစ်ပြီး အနှစ် ငါးရာကျော် ကြာမြင့်တဲ့ အင်း၀မင်းနိုင်ငံလို့ အနောက်တိုင်းသမိုင်းတွေမှာ ဖော်ပြတဲ့ မြန်မာပဒေသရာဇ်ခေတ်ရဲ့ နောက်ဆုံးမြို့တော် ဖြစ်ပါတယ်။ ပင်းယ-စစ်ကိုင်း-အင်း၀-အမရပူရ-မန္တလေး ဆိုတဲ့ မိုင် ၂၀ ပတ်ချာလည်က မြို့တော်စုဟာ အညာအခြေပြု မြန်မာမင်းဆက်တွေရဲ့ ပုဂံအလွန် အာဏာဗဟိုချက်နဲ့ ယဥ်ကျေးမှုပြတိုက်ကြီးအဖြစ် ကနေ့ထိ ထင်ရှားနေပါတယ်။

၁၈၅၃ နောက်ပိုင်း မြန်မာပြည် အုပ်ချုပ်ရေးကို ရန်ကုန်နဲ့ မန္တလေး၊ ဗြိတိသျှနဲ့ အမျိုးသား မြန်မာနှစ်နိုင်ငံကြား အားပြိုင်ကြရာက ၁၈၈၅ မှာ အမျိုးသားနိုင်ငံ ကျဆုံးပြီး ရန်ကုန်ဆိပ်ကမ်းမြို့ကနေ တောင်တန်းနယ်တွေထိ ဖြန့်ကြက်တဲ့ ကိုလိုနီစနစ် ရောက်ရှိလာပါတယ်။ အနှစ် ၆၀ ကျော် ဗြိတိသျှနဲ့ သုံးနှစ်ကျော် ဂျပန်အောက်နေခဲ့ရတဲ့ မြန်မာပြည်ဟာ ၁၉၄၈ က စပြီး ရန်ကုန်အခြေပြု ပြည်ထောင်စုနိုင်ငံအဖြစ် ပေါ်ထွက်လာပါတယ်။ ဒီနိုင်ငံဟာ နိုင်ငံဟောင်းတွေရဲ့ ၀ိညာဥ်တွေကို သဟဇာတပြု မပေါင်းစပ်နိုင်တဲ့အတွက် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ဂိုဏ်းစစ်ပွဲကနေ မြန်မာ၊ ကရင်၊ မွန်၊ ရှမ်း၊ ကချင်၊ ရခိုင်၊ ၀၊ တအာန်းစတဲ့ လူမျိုးစုံရဲ့ အမျိုးသားနိုင်ငံအိပ်မက်ရှာတဲ့ မာရသွန်ပြည်တွင်းစစ်ပွဲရှည်ကြီး ဖြစ်ခဲ့ပါတယ်။

အမျိုးသားနိုင်ငံအိပ်မက်နဲ့ မာရသွန်စစ်ပွဲရှည်

မာရသွန်ပြည်တွင်းစစ်ထဲက ကေအန်ယူတပ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာရသွန်ပြည်တွင်းစစ်ထဲက ကေအန်ယူတပ်သားများ

ဒီမာရသွန်စစ်ကို လူများစုမြန်မာတွေ ကြီးစိုးတဲ့ စစ်တပ်နဲ့ တောင်ပေါ်နဲ့ကမ်းရိုးတန်းနေ လူနည်းစုတပ်တွေကြား အာဏာပြိုင်ပွဲလို့ ရှုမြင်ရာကနေ ၂၀၂၁ အာဏာသိမ်းပွဲနောက်ပိုင်း နယ်စပ်နဲ့ လွတ်မြောက်နယ်မြေတွေကနေ NLD အမတ်တွေနဲ့ လူမျိုးစုတချို့ တည်ထောင်တဲ့ အန်ယူဂျီခေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ မြန်မာအရပ်ဘက်နိုင်ငံရေးသမားတွေ ထောင်တဲ့တပ်သစ်တွေနဲ့ လူနည်းစုတပ်တွေကြား မဟာမိတ်ပြုပြီး နှစ် ၆၀ ကျော် အာဏာရခဲ့တဲ့ စစ်တပ်ကို ပြန်လည်ခုခံစစ်အဖြစ် ပြောင်းလာခဲ့ပါတယ်။

ဒါပေမဲ့လည်း NLD ကြီးစိုးတဲ့ မြန်မာနိုင်ငံရေးတပ်တွေနဲ့ လူနည်းစုတပ်တွေကြား အာဏာချိန်ခွင်လျှာ မဲတင်းရေးမှာတော့ စကားစစ်ထိုးလို့ မပြီး ဖြစ်နေပါတယ်။ နှစ် ၈၀ နီးပါး အမျိုးသားရေးစစ်မှာ လူနည်းစုတွေက မြန်မာလက်၀ါးအုပ်ကြီးမှုကို သည်းမခံနိုင်တော့သလို NLD တပ်ဘက်ကလည်း နိုင်ငံနယ်မြေ ထက်၀က်ကျော်မှာ နေကြတဲ့ လူနည်းစုတွေနဲ့ အာဏာခွဲရေးကို ပင်လုံစာချုပ်သစ်အနေနဲ့ ဘယ်လိုချုပ်ရမှန်းမသိအောင် ပိုင်းဖြတ်ရခက်နေပါတယ်။

ဒီလို အမျိုးသားရေး စျေးဆစ်ပွဲမှာ စျေးမတည့်ဖြစ်ကြရာမှာ နယ်မြေပိုင်နက်၊ အာဏာခွဲခြားရေးနဲ့ ရေရှည်လက်တွဲမှုပိုင်းမှာ အငြင်းပွားတာနဲ့ ယုံကြည်မှု အပြန်အလှန်ကင်းမဲ့ကြတာဖြစ်ပြီး ဒီမပြေလည်မှုတွေရဲ့ အကျိုးဆက်အဖြစ် ဖက်ဒရယ်စစ်တပ် မထူထောင်နိုင်တာနဲ့အတူ မြန်မာနဲ့ လူနည်းစုတပ်တွေပါ၀င်တဲ့ စင်ပြိုင်အစိုးရသစ် ပေါ်ထွက်မလာနိုင်တာတွေ ဖြစ်လာပြီး ခုခံစစ်က ရှည်ကြာနေပါတယ်။

၂၀၂၁ နောက်ပိုင်း NLD ကြီးစိုးတဲ့ မြန်မာနိုင်ငံရေးတပ်တွေပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ နောက်ပိုင်း NLD ကြီးစိုးတဲ့ မြန်မာနိုင်ငံရေးတပ်တွေပေါ်လာ

ဒီလို မြန်မာ NLD အုပ်စုနဲ့ လူနည်းစုတပ်တွေကြား အနာဂတ်နိုင်ငံသစ် ထူထောင်ဖို့ ညှိနှိုင်းမရနိုင်တဲ့အထဲ နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အမျိုးသားနိုင်ငံအမြင်မရှိတာက အဓိက အကြောင်းဖြစ်ပြီး လူနည်းစုတပ်တွေအချင်းချင်းကြားက နယ်မြေပိုင်နက်နဲ့ အာဏာခွဲဝေမှုပြဿနာက နောက်တကိစ္စ ဖြစ်ပါတယ်။ ဒီလို အလယ်ပိုင်းလွင်ပြင်နေ မြန်မာတွေနဲ့ တောင်ပေါ်နဲ့ကမ်းရိုးတန်းသားတွေကြား ပြည်ထောင်စုအသစ် ဖွဲ့ရေးမှာ မူလပင်မဖြစ်တဲ့ မြန်မာတွေရဲ့ နိုင်ငံပေါ်ပေါက်လာမှု ပဒေသရာဇ်ကာလကို ပြန်ကြည့်ဖို့ လိုသလို ဒီထဲမှာလည်း အစောပိုင်း ပုဂံနဲ့ ပုဂံမတိုင်ခင်ကာလတွေထက် ပုဂံအလွန် အင်း၀အခြေပြု မင်းဆက်တွေခေတ်ကို ပြန်ကြည့်မှ မြန်မာအမျိုးသားနိုင်ငံပေါ်ထွန်းလာမှုကို ပိုနားလည်မှာ ဖြစ်ပါတယ်။ အင်း၀နိုင်ငံဟာ မွန်၊ ရှမ်း၊ ရခိုင်၊ မဏိပူရ၊ ထိုင်း၊ တရုတ်စတဲ့ အိမ်နီးချင်း ပဒေသရာဇ်နိုင်ငံတွေနဲ့ အားပြိုင်ပြီး လက်ရှိမြန်မာပြည်အလယ်ပိုင်းကနေ လက်ရှိနယ်နိမိတ်ကို ကျော်လွန်တဲ့ လက်နက်နိုင်ငံကြီးတွေကို တည်ထောင်ခဲ့ပါတယ်။

နှစ် ၅၀၀ ကျော် အင်း၀စက်၀န်း

ကျောက်ဆည်နယ်က ပုဂံ-ပင်းယ ယဉ်ကျေးမှုလက်ရာ တမုတ်ရှင်ပင်ရွှေဂူကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်ဆည်နယ်က ပုဂံ-ပင်းယ ယဉ်ကျေးမှုလက်ရာ တမုတ်ရှင်ပင်ရွှေဂူကြီး

၁၃ ရာစု အကုန်ပိုင်းမှာ ပုဂံကို မွန်ဂို၀င်ဖျက်ပြီးနောက် ရှမ်းမြန်မာ ညီနောင်သုံးပါးက စုစည်းပြီး မြန်မာပြည်နဲ့ ရှမ်းယွန်းပြည်တွေစပ်ကြား ဧရာ၀တီနဲ့ မြစ်ငယ်မြစ်ဆုံရာတ၀ိုက်မှာ မြို့ပြနိုင်ငံငယ်တွေ ထူထောင်ခဲ့ပါတယ်။ မြင်စိုင်း၊ ပင်လယ်နဲ့ မက္ခရာဆိုတဲ့ လယ်တွင်းကိုးခရိုင်အ၀င် ကျောက်ဆည်နယ်က မြို့လေးတွေကို စတင် အခြေပြု ထူထောင်တဲ့ ဒီနိုင်ငံတွေဟာ စစ်သည် ခြောက်သိန်းပါတဲ့ တရုတ်ထိုးစစ်ကို ပဏ္ဏာဆက်ပြီး နယ်မြေတည်ငြိမ်အောင် ကြိုးပမ်းခဲ့ကြောင်း ဦးကုလားရဲ့ မဟာရာဇ၀င်ကြီးမှာ ပါရှိပါတယ်။

ညီအငယ်ဆုံး ပင်လယ်စားသီဟသူက ဧရာ၀တီနဲ့ မြစ်ငယ်မြစ်ဆုံရာ အရှေ့ဘက်ကမ်း တောင်ယွန်းယွန်းမှာ ပင်းယမြို့ကို ၁၃၁၃ မှာ တည်ထောင်ပြီး သူ့သားတော် အသင်္ခယာ စောယွန်းကတော့ ၁၃၁၅ မှာ ဧရာဝတီမြစ် အနောက်ဘက်ကို ကူးပြီး စစ်ကိုင်းကို တည်ထောင်ပါတယ်။ နှစ် ၅၀ အတွင်း အဲဒီမင်းပြိုင် နှစ်နိုင်ငံပျက်သုဉ်းပြီးနောက် ၁၃၆၅ မှာ တကောင်း၊ ပင်းယနဲ့ စစ်ကိုင်းမင်းဆက်အနွယ်ထဲက သတိုးမင်းဖျားက ပင်းယနားမှာပဲ အင်း၀ဆိုပြီး ဧရာ၀တီနဲ့ မြစ်ငယ်မြစ်ဆုံရာ အရှေ့ဘက်ကမ်းက သန်လျက်ခုံမှာ တည်ထောင်ခဲ့ပါတယ်။ ဒီမင်းဆက်ဟာ ၁၅၅၅ မှာ ဘုရင့်နောင် ၀င်သိမ်းတဲ့ထိ နှစ် ၂၀၀ နီးပါး ရှည်လျားခဲ့ပြီး မင်း ၁၇ ဆက် စိုးစံခဲ့ပါတယ်။

မြန်မာပြည် တောင်စွန်းက ဘုရင့်နောင်ရုပ်တု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည် တောင်စွန်းက ဘုရင့်နောင်ရုပ်တု

၁၆၀၀ ပြည့်နှစ်မှာတော့ ဘုရင့်နောင်ရဲ့ သားတော်ငယ် ညောင်ရမ်းမင်းက အင်း၀ကို နေပြည်တော်ပြုပြီး ဒုတိယအင်း၀မင်းဆက်ကို တည်ထောင်ပါတယ်။ တောင်ငူ-ညောင်ရမ်းဆက်လို့ သိကြတဲ့ ဒီမင်းဆက်ဟာ ၁၇၅၂ မှာ မဟာဓမ္မရာဇာဓိပတိ နန်းကျပြီး ဟံသာ၀တီပဲခူးကို ပါတော်မူတဲ့အထိ အင်း၀ကို အခြေပြုပြီး မင်း ၁၀ ဆက် အုပ်စိုးခဲ့ပါတယ်။

အညာဘုရားကျောင်းကန်များက မြန်မာယဥ်ကျေးမှုဘဏ်တိုက်သဖွယ် ကျန်ရစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အညာဘုရားကျောင်းကန်များက မြန်မာယဥ်ကျေးမှုဘဏ်တိုက်သဖွယ် ကျန်ရစ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တခါ ၁၇၅၂ မှာ ရွှေဘိုကုန်းဘောင်ကို အခြေပြုပြီး မင်းဆက်သစ် ထူထောင်တဲ့ အလောင်းဘုရားရဲ့ သားတော်ကြီး နောင်တော်ကြီးမင်းလက်ထက်ကစပြီး စစ်ကိုင်းမှာ နန်းပြန်စိုက်ရာကနေ သူ့ညီတော် ဆင်ဖြူရှင်လက်ထက်မှာ အင်း၀ကို ရွှေ့ပါတယ်။ အဲဒီနောက် ညီတော် ဗဒုံမင်းခေါ် ဘိုးတော်ဘုရားလက်ထက် အင်း၀မြို့ မြောက်ဘက် ဧရာဝတီ အရှေ့ဘက်ကမ်းမှာ အမရပူရမြို့တော်သစ်ကို ထူထောင်ပြီး သူ့မြေးတော် စစ်ကိုင်းမင်းခေါ် ဘကြီးတော်လက်ထက်မှာတော့ အင်း၀ကို ပြန်ရွှေ့ပါတယ်။ ဘကြီးတော်ရဲ့ ညီတော် သာယာ၀တီမင်းခေတ်မှာ အမရပူရကို ပြန်ရွှေ့ပြီး သာယာ၀တီမင်းရဲ့ သားတော် မင်းတုန်းမင်းလက်ထက်မှာတော့ အမရပူရရဲ့ မြောက်ဘက်မှာ မန္တလေးမြို့သစ် တည်ထောင်ပြီး သူ့သားတော် သီပေါမင်းလက်ထက် ၁၈၈၅ မှာ အိန္ဒိယကို ပါတော်မူချိန်ထိ မန္တလေးမှာ စိုးစံခဲ့ပါတယ်။

ဒါကြောင့် ပုဂံပျက်ချိန် ၁၃ ရာစုအကုန်ကနေ မန္တလေးပျက်ချိန် ၁၉ ရာစုကုန်ထိ နှစ် ၆၀၀ နီးပါး ကာလအတွင်း မြန်မာမင်း အများစုဟာ တောင်ငူမင်းဆက်က တပင်ရွှေထီး၊ ဘုရင့်နောင်နဲ့ နန္ဒဘုရင်ခေတ်၊ ကုန်းဘောင်ဆက် အလောင်းဘုရားခေတ်တွေက လွဲပြီး အင်း၀တ၀ိုက်မှာ နန်းစိုက်ကြတာများလို့ မြန်မာမင်းနိုင်ငံကို အင်း၀နိုင်ငံဆိုပြီး အနောက်တိုင်းသမိုင်းတွေမှာ ဖော်ပြကြပါတယ်။

အမျိုးသားအမွေအနှစ်တို့ ကိန်းအောင်းရာမြေ

မန္တလေးမြို့ဦးက မန္တလေးတောင်တော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ဦးက မန္တလေးတောင်တော်

ပင်းယ၊ စစ်ကိုင်း၊ အင်း၀ခေတ်ကနေ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်ထိ ရှည်လျားတဲ့ ဒီအညာမင်းဆက်တွေ အခြေပြု စိုးစံခဲ့ကြတဲ့ ဧရာ-မြစ်ငယ်ဆုံရာက မြို့တော်ဟောင်းတွေထဲမှာ လူသိအများဆုံးက မန္တလေးဖြစ်ပြီး အမရပူရ၊ အင်း၀၊ စစ်ကိုင်းမြို့တွေက နောက်က လိုက်ပါတယ်။ မန္တလေးဟာ လက်ရှိအချိန်ထိ မြန်မာပြည်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်သလို ယဉ်ကျေးမှုမြို့တော်အဖြစ်လည်း သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယကိုသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ တည်ရှိတဲ့ ဒီမြို့ဟာ မြန်မာစီးပွားရေးမှာ အရေးကြီးတဲ့ လမ်းဆုံမြို့ကြီးလည်း ဖြစ်ပါတယ်။

မန္တလေးကနေ စပြီး ၁၃ ရာစုကနေ ၁၉ ရာစု အတွင်း ပေါ်ထွန်းခဲ့ကြတဲ့ ဧရာ-မြစ်ငယ်ဆုံရာက မြို့ဟောင်းတွေကို ပြန်ကြည့်ရင် မြန်မာတွေရဲ့ ယဉ်ကျေးမှုအမျိုးသားရေးဝါဒ ပေါ်ထွန်းလာပုံကို တွေ့နိုင်သလို မြန်မာလူမျိုးရဲ့ အမှတ်သညာအဖြစ် ပြောစမှတ်ပြုစရာ ဗိသုကာအဆောက်အအုံတွေ ပေါများတာကို တွေ့ရပါတယ်။ တကယ်က ရန်ကုန်မြို့ဟာ မြန်မာတနိုင်ငံလုံးရဲ့ မြို့တော်အဖြစ် ၁၈၈၅ ကနေ ၂၀၀၆ ထိ နှစ် ၁၂၀ ကြီးပွားခဲ့ပေမယ့် မြန်မာအမျိုးသားပြယုဂ်အဖြစ် ပြစရာက ရှေးဟောင်းအမွေအနှစ် ရွှေတိဂုံဘုရားအပြင် လွှတ်တော်ဟောင်း၊ တရားရုံးချုပ်ဟောင်း၊ ဝန်ကြီးများရုံးဟောင်း၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်ပြတိုက်၊ သိမ်ကြီးစျေး၊ ဗိုလ်ချုပ်စျေး၊ ရန်ကုန်တက္ကသိုလ်၊ ကမ္ဘာအေးလိုဏ်ဂူ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်းယားလိတ်ဟိုတယ်နဲ့ ကရဝိက် စတဲ့ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ် ဗိသုကာလက်ရာတွေပဲ အများစု ရှိတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေး၊ အင်း၀နဲ့ စစ်ကိုင်းတ၀ိုက်ဟာ ပုဂံနဲ့အပြိုင် မြန်မာအမျိုးသားယဉ်ကျေးမှုလက်ရာအဆောက်အအုံတွေ အများဆုံး စု၀ေးနေတဲ့ မြို့တော်စု ဖြစ်ပါတယ်။

ကမ္ဘာသိတဲ့ မန္တလေး

ကမ္ဘာကျော် မန္တလေးကျုံးအလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် မန္တလေးကျုံးအလှ

မန္တလေးဟာ မြန်မာမင်းနေပြည်ဟောင်းတွေရဲ့ပုံစံ မြို့ကွက်ချပုံကို အပြည့်အစုံ လေ့လာနိုင်တဲ့ မြို့ကြီးဖြစ်ပြီး ကျုံး၊ မြို့ရိုး ထင်ထင်ရှားရှား ရှိတဲ့မြို့ဖြစ်ပါတယ်။ အင်္ဂလိပ်စာရေးဆရာ ရုဒ်ယာ့ဒ်ကစ်ပလင်ရဲ့ မန္တလေးသို့သွားရာလမ်း ကဗျာကို အစွဲပြုပြီး ကမ္ဘာကျော်ခဲ့တဲ့မြို့မှာ ကျုံး၊ မြို့ရိုး၊ တောင်ခြေ သုဓမ္မာဇရပ်တန်းရဲ့အလှက ထင်ရှားပါတယ်။ မန္တလေးကျုံးနဲ့ နန်းမြို့ရိုးဟာ တရုတ်ပြည် ဘေကျင်းမြို့တော်က လူ၀င်ခက်နန်းမြို့လောက် မကြီးပေမယ့် သူ့အလှနဲ့သူ ထင်ရှားတဲ့ ကျုံးမြို့ရိုး ဖြစ်ပါတယ်။ နန်းမြို့ အရှေ့မြောက်ထောင့်မှာ တည်ရှိတဲ့ မန္တလေးတောင်ဟာလည်း မန္တလေးမြို့နဲ့ အနီးတ၀ိုက်ကို အပေါ်စီးက မြင်ရတဲ့ သဘာ၀မျှော်စင်ကြီးလို ဖြစ်နေပါတယ်။

မြို့ထဲကို ကြည့်လိုက်ရင်လည်း ရခိုင်ကိုသိမ်းပြီး ပင့်လာတဲ့ မဟာမုနိ ရုပ်ရှင်တော်ကြီးက မန္တလေးမြို့ တောင်ပြင်မှာ အထင်အရှားရှိပြီး ရွှေတိဂုံပြီးရင် အထင်ရှားဆုံး ဘုရားဖြစ်ပါတယ်။ နန်းမြို့အရှေ့ပြင်က ကုသိုလ်တော်ဘုရားမှာတော့ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းရဲ့ ကုသိုလ်တော် ပိဋကတ်ကျောက်စာ ၇၂၉ ချပ်ကို ရေးထွင်းပူဇော်ထားလို့ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် ထင်ရှားပါတယ်။ ဒီဘုရားအနီးမှာရှိတဲ့ မင်းတုန်းမင်းရဲ့ ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်း၊ အတုမရှိကျောင်းတော်ကြီးတို့ဟာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာများတဲ့ ဘုရားကျောင်းကန်တွေ ဖြစ်ပါတယ်။

မန္တလေးမျက်ပါးရပ်က ရိုးရာရွှေဆိုင်းလုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမျက်ပါးရပ်က ရိုးရာရွှေဆိုင်းလုပ်ငန်း

မန္တလေးမြို့ထဲမှာလည်း ဘုရားကျောင်းကန်တွေအပြင် ကိုလိုနီခေတ်က ဆောက်ခဲ့တဲ့ စျေးချိုတော်ကြီးက ထင်ရှားပါတယ်။ ရွှေဆိုင်း၊ ကျောက်ဆစ်၊ ကြေးသွန်း၊ အချိတ်လုံချည်၊ ကမ္မ၀ါစာ၊ နိပါတ်ပန်းချီစတဲ့ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတွေလည်း မန္တလေးမြို့အနှံ့မှာ ထွန်းကားသလို ထိုးမုန့်လမုန့်၊ လက်ဖက်စတဲ့ အစားအသောက်လုပ်ငန်းတွေနဲ့ အငြိမ့်၊ ဆိုင်း၊ ဇာတ်သဘင်နဲ့ မဟာဂီတပညာတွေ ထွန်းကားတဲ့မြို့ကြီးဖြစ်ပါတယ်။ စီးပွားရေးကောင်းပြီး အနုပညာမျိုးစုံထွန်းကားတဲ့အတွက် မန္တလေးက သင်္ကြန်၊ ကထိန်နဲ့ ဘုရားပွဲတွေကို ခမ်းခမ်းနားနား ကျင်းပတတ်ပြီး မြန်မာဆန်တဲ့ ပွဲတော်မြို့ကြီးအဖြစ် လူသိများခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားကြတဲ့ ကုသိုလ်တော် ကျောက်စာချပ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားကြတဲ့ ကုသိုလ်တော် ကျောက်စာချပ်များ

မန္တလေးအရှေ့၊အနောက်၊ တောင်နဲ့မြောက်ပြင်တွေမှာ ဘုရင်ခေတ်ကတည်းက ဆောက်တဲ့ ဘုန်းကြီးကျောင်းတိုက်ကြီးအများအပြား အထင်အရှားတည်ရှိပြီး မြန်မာပြည်မှာ ရဟန်းသံဃာအများဆုံးမြို့ကြီးအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီထဲမှာ သူဌေးဦးကျော်မိသားစု ဆောက်လှူတဲ့ မစိုးရိမ်တိုက်ဟောင်း၊ ရွှေကျင်ဂိုဏ်း ဌာနချုပ် မဟာ၀ိသုဒ္ဓါရုံတိုက်သစ် ၊ ဘုရားကြီးတိုက်၊ မိုးကောင်းတိုက်၊ မြတောင်တိုက်စတဲ့ ကျောင်းတိုက်ကြီးတွေ ပါ၀င်ပြီး စစ်ကိုင်း၊ အမရပူရမှာ ရှိတဲ့ ကျောင်းတွေနဲ့ ပေါင်းပြီး မြန်မာပြည်ရဲ့ သံဃာ့အချက်အချာနယ်မြေအဖြစ် ရှိခဲ့ပါတယ်။ ယောမင်းကြီးအုတ်ကျောင်း၊ ကင်းဝန်မင်းကြီးရဲ့ သာက၀န်ကျောင်းနဲ့ မြို့သစ်အတွင်း၀န်ရဲ့ ရွှေရေးဆောင်ကျောင်းတို့လို ဥရောပပုံစံ ဘုန်းကြီးကျောင်းတွေလည်း ကျန်ရစ်ခဲ့ပါတယ်။

ပြင်သစ်သာသနာပြုတွေ ဆောက်တဲ့ မန္တလေးက လဖုန်းဘုရားကျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြင်သစ်သာသနာပြုတွေ ဆောက်တဲ့ မန္တလေးက လဖုန်းဘုရားကျောင်း

ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေအပြင် မင်းတုန်းမင်း လှူဒါန်းတဲ့ ခရစ်ယာန်သံတဲကျောင်းတော်နဲ့ ပါတော်မူပြီးကတည်းက ရှိတဲ့ အမေရိကန် အေဘီအမ်သာသနာပြုကျောင်းကြီးလည်း ရှိပါတယ်။ မန္တလေးအရှေ့ပြင် မနော်ရမ္မံဥယျာဉ်တော်မှာ ကိုယ်ရေပြား ရောဂါဆေးရုံဖွင့်လှစ် ကုသပေးခဲ့တဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေရဲ့ စိန့်ဂျွန်းဘုရားကျောင်းကြီးရှိသလို မြို့လယ် တရုတ်တန်းမှာလည်း လဖုန်းဘုရားကျောင်းကြီး အထင်အရှား ရှိပါတယ်။

အမရပူရ တရုတ်တန်းက ရှေးဗလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမရပူရ တရုတ်တန်းက ရှေးဗလီ

ဒါ့အပြင် ဘုရင့်အမှုထမ်း မွတ်ဆလင်စစ်မှုထမ်းတွေနဲ့ အရပ်ဘက်အမှုထမ်းတွေအတွက် ဗလီတွေလည်း ဒါဇင်နဲ့ချီပြီး မန္တလေးမှာ ရှိပါတယ်။ ဒီထဲမှာ ယူနန်က ပန်းသေးဗိုလ်ချုပ်ကြီးရဲ့ ကုသိုလ် ၁၈၆၈ က တည်တဲ့ ပန်းသေးဗလီနဲ့ ဘိုးတော်ဘုရားခေတ် ၁၇၈၅ က တည်တဲ့ ရွှေဘုန်းရှိန်ဗလီတွေ ထင်ရှားသလို မင်းတုန်းမင်းအမှုထမ်းနဲ့ အသုံးတော်ခံတွေ တည်တဲ့ ဂျွန်းဗလီ၊ ဆင်ကျုံးဗလီတွေလည်း နာမည်ကြီးပါတယ်။ ဗောဓိကုန်းနဲ့ သမီးတော်စျေးဘက်မှာလည်း ပုဏ္ဏားဘုရားကျောင်းတွေ အထင်အရှားရှိပါတယ်။

မန္တလေးမြို့လယ်က စျေးချိုတော် နာရီစင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့လယ်က စျေးချိုတော် နာရီစင်

ဘုရင်ခေတ် လက်ရာတွေအပြင် ကိုလိုနီခေတ် ၁၉၃၉ မှာ ကျဆုံးတဲ့ အာဇာနည် ၁၇ ဦးဗိမာန်၊ မန္တလေးအမျိုးသားကျောင်း၊ အိမ်တော်ရာစေတီစတဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဆိုင်တဲ့ အထိမ်းအမှတ်နေရာတွေအပြင် စစ်ပြီးခေတ် အထက်မြန်မာပြည်ပညာရေးမှာ အရေးကြီးတဲ့ မန္တလေးတက္ကသိုလ်နဲ့ မန္တလေးဆေးတက္ကသိုလ်၊ စကားပြောသလို စာရေးနည်းကို နှိုးဆော်ခဲ့တဲ့ လူထုသတင်းစာတိုက်အပြင် မန္တလေးသင်္ကြန်သမိုင်းမှာ ထင်ရှားတဲ့ နဂါးဆေးလိပ်ခုံလည်း မန္တလေးမှာ တည်ရှိပါတယ်။

မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးက ပေါ်ထွက်ပြီး နိုင်ငံအဆင့် ထင်ရှားသူတွေထဲ ကိုလိုနီခေတ်က မန္တလေးဦးဘဦး၊ ဦးရာဇတ်၊ ဖဆပလခေတ်က ဗိုလ်ခင်မောင်ကလေး၊ မဆလခေတ်က ဦးမင်းဂေါင်၊ ဒေါက်တာမောင်မောင်၊ န၀တခေတ်က ဗိုလ်ချုပ်မှူးကြီးစောမောင် စတဲ့ ဝန်ကြီး၊ သမ္မတနဲ့ စစ်ခေါင်းဆောင်တွေ ရှိသလို ပညာရှင်၊ စီးပွားရေး၊ လူမှုရေးနဲ့ အနုပညာနယ်တွေမှာ ထင်ရှားသူတွေလည်း များပါတယ်။

မသေသောမြို့ နဲ့ တံတား

အမရပူရ တောင်သမန်အင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမရပူရ တောင်သမန်အင်း

မန္တလေးတောင်ဘက်မှာ ကပ်လျက်တည်ရှိတဲ့ အမရပူရခေါ် တောင်မြို့ကို မန္တလေးနဲ့ ခေါင်းနင်းဆင်း မြို့ညီအစ်မလို့ ခေါ်ဆိုကြပြီး အဲဒီမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတားက ထင်ရှားပါတယ်။ ဒီမြို့မှာပဲ ရှေးဟောင်းနံရံဆေးရေးတွေ ရှိတဲ့ ကျောက်တော်ကြီးဘုရားနဲ့ လှပတဲ့ နဂါးရုံဘုရား ရှိသလို ဧရာ၀တီမြစ်ကမ်းနံဘေးက ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရားတွေရဲ့ ရှုခင်းကလည်း ကျော်ကြားပါတယ်။ အမရပူရမြို့ပြင်မှာတော့ ကနေ့ခေတ်လက်ရာ ကျောက်စိမ်းဘုရား ရှိပါတယ်။

လွတ်လပ်ပြီးခေတ် မြန်မာပြည် သာသနာရေးမှာ အရေးကြီးတဲ့ အရှင်ဇနကာဘိ၀ံသရဲ့ မဟာဂန္ဓာရုံကျောင်းတိုက်နဲ့ တရားနည်းပြအကျော် မိုးကုတ်ဆရာတော် သီတင်းသုံးခဲ့တဲ့ မင်္ဂလာတိုက်တွေလည်း အမရပူရမှာပဲ ရှိပါတယ်။ ဗားကရာတိုက်မှာတော့ မြသိန်းတန်ဆရာတော် စုဆောင်းခဲ့တဲ့ ပိဋကတ်ကျမ်းဂန် ပေပုရပိုက်တွေနဲ့ ရှေးဟောင်းဘုရားဆင်းတုတော်တွေကို ပြခန်းသဖွယ် တွေ့ရပါတယ်။

အမရပူရခေတ်ဟောင်းက ဘုန်းကြီးကျောင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမရပူရခေတ်ဟောင်းက ဘုန်းကြီးကျောင်းများ

အမရပူရမှာ ဘိုးတော်ဘုရားခေတ်ကတည်းက တည်ရှိတဲ့ ကွမ်ရင်စီဘုံကျောင်းအပြင် အယုဒ္ဓယက ခေါ်လာတဲ့ ထိုင်းဘုရင်အုတ်ဂူရှိတယ်လို့ ယုံကြည်ကြတဲ့ လင်းဇင်းကုန်းသုသာန်မှာလည်း အစ္စလာမ်သာသနာပိုင် အာပြစ်ရှာဟိုစိုင်နီဂူနဲ့ ဆရာကြီး ဦးနုဂူတွေကို ကနေ့ထက်ထိ တွေ့ရပါတယ်။ အမရပူရမြို့ပြင်မှာ နှစ်စဉ်ကျင်းပတဲ့ ရတနာ့ဂူနတ်ပွဲကိုလည်း တောင်ပြုံးပွဲအဆက် နတ်ပွဲအဖြစ် စည်စည်ကားကား ကျင်းပကြပါတယ်။

တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းကိုတော့ မြန်မာစာရေးဆရာတွေရဲ့ မွေးနေ့အခမ်းအနားတွေ ကျင်းပရာ အဖြစ် လူသိများပြီး သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ အုတ်ဂူကို ဒီကျောင်းအနားမှာ တွေ့ရပါတယ်။ အမရပူရမှာ မန္တလေး၊ စစ်ကိုင်းမြို့တွေလိုပဲ အချိတ်လုံချည်နဲ့ ရက်ကန်းလုပ်ငန်းတွေထွန်းကားပါတယ်။ နိုင်ငံရေးဘက်မှာ ကိုလိုနီခေတ်က ဝန်ကြီးအမရပူရဦးဘသီ ထင်ရှားခဲ့သလို ၁၉၈၈ နောက်ပိုင်း ၂၂ နှစ် ထောင်ကျခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကိုလည်း အမရပူရအမတ်အဖြစ် လူသိများခဲ့ပါတယ်။

ရွှေအင်း၀ဌာနီ

ပြိုကျသွားတဲ့ မယ်နုအုတ်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြိုကျသွားတဲ့ မယ်နုအုတ်ကျောင်း

မြန်မာပြည်မှာ နှစ်လေးရာနီးပါး မြို့တော်ဖြစ်ခဲ့တဲ့ အင်း၀မြို့မှာ ရှေးအဆောက်အဦကြီးကြီးမားမားအဖြစ် နန်းမတော်မယ်နုရဲ့ ကုသိုလ်တော် မယ်နုအုတ်ကျောင်းကြီးနဲ့ ဗားကရာကျောင်း၊ လေးထပ်ကျောင်းစတဲ့ ဘုန်းကြီးကျောင်းတွေအပြင် ပထမမင်းခေါင်လက်ထက်က တည်ဆောက်ပြီး မယ်နုရဲ့ မောင် ဦးအို ပြုပြင်တဲ့ မဟာဇေယျပထတံတားကြီးလည်း တည်ရှိပါတယ်။

ရတနာဆီမီးဘုရားစု၊ တံတားဦး မင်္ဂလာစေတီနဲ့ ပင်းယရွှေစည်းခုံစေတီတွေလည်း အင်း၀နဲ့ အနီးတ၀ိုက်မှာ ထင်ရှားပြီး နန်းမြို့ထဲက နန်းမြင့်၊ သားတော်ကန်၊ သမီးတော်ကန်တွေအပြင် ဆင်ကျုံးခံတပ်နဲ့ သပြေတန်းခံတပ်ဆိုတဲ့ မင်းတုန်းမင်းလက်ထက် တည်ဆောက်တဲ့ ခံတပ်တွေလည်း ရှိပါတယ်။

မြန်မာမင်းဆက် နှစ်အရှည်ဆုံး စိုးစံခဲ့တဲ့ အင်း၀မြို့အကြောင်း ကိုလိုနီခေတ်က မေရှင်သီဆိုတဲ့ ရွှေအင်းဝသီချင်းကလည်း ကနေ့တိုင် လူသိများဆဲဖြစ်ပြီး ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ခေတ်ကနေ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ နုနုရည် (အင်းဝ)တို့ခေတ်ထိ အင်းဝရေခံမြေခံက ပေါ်ထွန်းတဲ့ စာပေသမားတွေလည်း အများအပြားရှိပါတယ်။

မြန်မာစာပေဟာ ပုဂံခေတ်က စတယ်ဆိုပေမယ့် အင်း၀-ညောင်ရမ်းနဲ့ ကုန်းဘောင်ခေတ်တွေမှာ ရေးဖွဲ့ခဲ့တဲ့ စာပေလင်္ကာစုတွေကပဲ လက်ရှိမြန်မာစာပေကို သြဇာလွှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီစာပေတွေထဲက ရွေးကောက်ပြီး မြန်မာစာညွန့်ပေါင်းကျမ်းအဖြစ် ကိုလိုနီခေတ်မှာ ထုတ်ဝေခဲ့သလို ဒီဂန္ထ၀င်စာပေတွေကို တက္ကသိုလ်မြန်မာစာဌာနတွေကတဆင့် မျိုးဆက်သစ်တွေဆီကို ဖြန့်ဖြူးခဲ့ကြတဲ့အတွက် အင်းဝ-ကုန်းဘောင်ခေတ် စာပေယဉ်ကျေးမှုဟာ ၂၀ ရာစု မြန်မာမျိုးချစ်စိတ်ဖြစ်ပေါ်မှုမှာ ကြီးမားတဲ့ကဏ္ဍက ပါ၀င်ခဲ့ပါတယ်။

ဧရာရစ်၀ိုင်း မြို့စစ်ကိုင်း

စစ်ကိုင်း ကောင်းမှုတော်စေတီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကိုင်း ကောင်းမှုတော်စေတီ

အင်း၀နဲ့ အမရပူရ တဘက်ကမ်းက စစ်ကိုင်းမြို့ဟာ နန်းသက် နှစ် ၅၀ ကျော်သာ ရှိပေမယ့် မြန်မာမင်းအဆက်ဆက်ရဲ့ ကောင်းမှုကုသိုလ်တွေ ပေါများတဲ့ စစ်ကိုင်းတောင်ရိုးကြောင့် ထင်ရှားပါတယ်။ စစ်ကိုင်းမြို့ပြင်က သာလွန်မင်း ကုသိုလ်တော် ကောင်းမှုတော်ဘုရားကြီးကို စစ်ကိုင်းတ၀ိုက်မှာ အထင်အရှားတွေ့ရသလို ငါးထပ်ကြီးဘုရား၊ ဆင်များရှင်ဘုရား၊ ထူပါရုံစေတီစတဲ့ စစ်ကိုင်းမြို့ထဲက ဘုရားတွေကိုလည်း ဘုရားဖူးလာသူတွေ များပါတယ်။

စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုညရှင် စေတီ၊ ပတ္တမြားစေတီ၊ ရှင်ပင်နံကိုင်းစေတီ စတဲ့ စေတီဘုရားတွေအပြင် တိလောကဂုရုလိုဏ်ဂူ၊ ဥမင်ခြောက်ဆယ်၊ ဥမင်သုံးဆယ် စတဲ့ ဥမင်တွေကိုလည်း လူသိများပါတယ်။ တောင်ခြေ စိမ်းလန်း၊ ချောင်တွေ သိန်းသန်းဆိုတဲ့ စကားနဲ့အညီ ပိတောက်ချောင်၊ ပရက္ကမချောင်၊ အနုရုဒ္ဓါချောင်စတဲ့ စစ်ကိုင်းတောင်ရိုး မူလချောင် ၉ ချောင်ကနေ ပြန့်ပွားထူထောင်ကြတဲ့ ဘုန်းကြီးကျောင်းပေါင်း ရာချီ ရှိပြီး သာသနာပိုင်နဲ့ ဆရာတော်အစဉ်အဆက် နှစ်ပေါင်းရာချီ သီတင်းသုံးရာ၊ တောထွက်တရားကျင့်ရာ ချောင်တွေ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်လက်ရာအဖြစ် သီတဂူဗုဒ္ဓတက္ကသိုလ်ထင်ရှားတဲ့ စစ်ကိုင်းရဲ့ မြစ်ကမ်းဘေးမှာတော့ ဘုရင်ခေတ်က အစေခံ ခံတပ် တည်ရှိပါတယ်။

စစ်ကိုင်းမြောက်ဘက် မင်းကွန်းမှာတော့ ဘိုးတော်ဘုရားခေတ်က ပုထိုးတော်ကြီး၊ မြသိန်းတန်စေတီ၊ခေါင်းလောင်းကြီးနဲ့ ခြင်္သေ့ကြီးဆိုတဲ့ ကုသိုလ်တော်ကြီးတွေ အထင်အရှား တည်ရှိပြီး မင်းကွန်းခေါင်းလောင်းကြီးကို ကမ္ဘာ့တတိယအလေးဆုံး ခေါင်းလောင်းလို့ လူသိများပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခေတ်မှာတော့ ပိဋကတ်သုံးပုံ အာဂုံဆောင်ပြန်ဆိုနိုင်တဲ့ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ကြောင့် မင်းကွန်းကို လူသိပိုများလာခဲ့ပြီး မင်းကွန်းတိပိဋကနိကာယကျောင်းကြီး ထင်ရှားတည်ရှိပါတယ်။

ရန်သူမျိုးငါးပါးနဲ့ မြို့ဟောင်းများ

သမိုင်းပြောင်မညှိုးခဲ့တဲ့ စစ်ကိုင်းတောင်ရိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမိုင်းပြောင်မညှိုးခဲ့တဲ့ စစ်ကိုင်းတောင်ရိုး

မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့တဲ့နယ်မြေမှာ တည်ရှိတဲ့ ဒီမြို့ဟောင်းတွေမှာ ခေတ်အဆက်ဆက် သက်ငယ်၊ ၀ါး၊ သစ်သားတွေနဲ့ ဆောက်တဲ့ အဆောက်အဦတွေများလို့ မီးဘေးအကြိမ်ကြိမ်ကြုံခဲ့ရပြီး စစ်မက်ဘေးတွေလည်း တွေ့ခဲ့ပါတယ်။ နောက်ဆုံးကြုံခဲ့တဲ့ စစ်ဘေးတွေကတော့ သီပေါမင်းနန်းကျပြီးနောက် မန္တလေးနဲ့ အနီးတ၀ိုက်မှာ ဖြစ်ပွားတဲ့ ပုန်ကန်ထကြွမှုတွေနဲ့ ၁၉၄၂ - ၁၉၄၅ ဒုတိယကမ္ဘာစစ်၊ ၁၉၄၈ ကနေ ၁၉၅၀ ကျော်ထိ အညာမှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ၂၀၂၁ နောက်ပိုင်း နောက်ဆုံးတကျော့ ပြည်တွင်းစစ်တွေ ဖြစ်ပါတယ်။ ဒီစစ်မီးကြီးတွေအတွင်း မန္တလေးတ၀ိုက်က အတုမရှိ၊ တိုက်တော်၊ မှန်ကျောင်း၊ မြတောင်ကျောင်းစတဲ့ ရှေးဟောင်း သစ်သားလက်ရာမွန် ကျောင်းကြီးတွေ မီးလောင်ခဲ့သလို ကမ္ဘာစစ်ပြီးခါနီး ၁၉၄၅ မှာလည်း မဟာမိတ်ဗုံးဒဏ်ကြောင့် နောက်ဆုံးလက်ကျန် မြန်မာနန်းတော်ကြီး မီးသင့်ပြာကျခဲ့ပါတယ်။

မန္တလေးနန်းတွင်းက မင်းတုန်းမင်းနဲ့ ဆင်ဖြူမရှင်တို့ရဲ့ ဂူနန်းပြာသာဒ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးနန်းတွင်းက မင်းတုန်းမင်းနဲ့ ဆင်ဖြူမရှင်တို့ရဲ့ ဂူနန်းပြာသာဒ်များ

တခါ ဧရာ၀တီမြစ်ကမ်းဘေးက မြို့တွေဖြစ်လို့ ရေဘေးအကြိမ်ကြိမ် ကြုံခဲ့ဖူးပြီး ရေရူးမြောက်လို့ ကျောင်းကန်ဘုရားတွေ မျောပါခဲ့ဖူးပါတယ်။ အင်း၀တမြို့တည်းမှာတင် ခေတ်အဆက်ဆက် ငလျင် ၁၅ ကြိမ်ထက်မက လှုပ်ခဲ့လို့ ရှေးဟောင်းလက်ရာ အများအပြား ပျက်စီးခဲ့ပါတယ်။ ၁၈၃၉ အင်း၀ငလျင်ကြောင့် အင်း၀နန်းမြင့်မျှော်စင် တိမ်းစောင်းပြီး မယ်နုအုတ်ကျောင်းကြီး ပျက်စီးခဲ့သလို မင်းကွန်းခေါင်းလောင်းကြီး မြေပေါ်ပြုတ်ကျပြီး မင်းကွန်းပုထိုးတော်ကြီးလည်း အက်ကွဲခဲ့ပါတယ်။ ၁၉၅၆ စစ်ကိုင်းငလျင်ကြောင့် ဆင်များရှင်စေတီပြိုကျခဲ့ပါတယ်။

မင်းဘေးလို့ ခေါ်ရမယ့် အုပ်စိုးသူတွေရဲ့ ဖျက်ဆီးမှုမှာလည်း မန္တလေးမြောက်ပြင်မှာ ပါတော်မူခါစက မြန်မာဘုရင်ခေတ် ဘုန်းကြီးကျောင်းတွေကို ဖျက်ပြီး ဗြိတိသျှတပ်နယ်မြေလုပ်တာတွေ ရှိခဲ့ပြီး ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာလည်း ကိုလိုနီခေတ် လက်ရာ စျေးချိုကို ဖျက်ပြီး စျေးသစ်ကြီး ဆောက်ခဲ့လို့ နာရီစင်ပဲ ကျန်ရစ်ခဲ့ပါတယ်။ မင်းဆွေမင်းမျိုးတွေနဲ့ မှူးမျိုးမတ်မျိုးတွေကို မြှုပ်နှံရာ သင်္ချိုင်းတော်ကိုလည်း ဖျက်ပစ်ခဲ့ပြီး ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ အုတ်ဂူသာ ကျန်ရစ်ခဲ့ပါတယ်။ ရဟိုင်းသုသာန်ကို ဖျက်သိမ်းချိန်မှာ ကျန်နေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်းရဲ့အုတ်ဂူကိုလည်း အရင်စစ်အစိုးရခေတ်မှာ ဖျောက်ဖျက်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် ဒီကပ်ဘေးတွေကို ကျော်လွန်ပြီး မန္တလေး-စစ်ကိုင်းဒေသရဲ့ နာမည်ကျော် သင်္ကြန်ပွဲ၊ နတ်ပွဲ၊ ကထိန်ပွဲ စတဲ့ ရိုးရာပွဲလမ်းတွေနဲ့ ဓလေ့ရိုးရာတွေကို ထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေ ပြိုပျက်ပြီး အကြိမ်ကြိမ်အသစ်ပြန်ဆောက်ခဲ့ရပေမယ့် မန္တလေးစကား၊ မန္တလေးအက၊ မန္တလေးဂီတ၊ မန္တလေးပန်းချီနဲ့ ပန်းဆယ်မျိုး အနုပညာတွေအပြင် ဘာသာရေးကိုင်းရှိုင်းမှု၊ မြို့ချစ်စိတ်ကြီးမှု၊ ခင်မင်ရင်းနှီးမှုတွေနဲ့ ထုံမွှမ်းတဲ့ မန္တလေးစိတ်ဓာတ်တွေကြောင့် ဒီမြို့ဟောင်းသားတွေကို မြို့စွဲကြီးတယ်ဆိုပြီး ပြောစမှတ်ရှိပါတယ်။ ဒီလိုနေရပ်အစွဲအလမ်းတွေနဲ့ပဲ မြို့ချစ်စိတ်၊ အညာချစ်စိတ်ကနေ နိုင်ငံချစ်စိတ်ထိ ထူထောင်ခဲ့ကြပြီး မန္တလေးဟာ မြို့ဘွဲ့တေးသီချင်းတွေအများဆုံး စပ်ဆိုခံရတဲ့မြို့ဖြစ်ခဲ့ပါတယ်။

အနုမှာ အယဉ်ဆင့်တဲ့ မင်းကွန်းမြသိန်းတန်စေတီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနုမှာ အယဉ်ဆင့်တဲ့ မင်းကွန်းမြသိန်းတန်စေတီ

၂၀၂၅ မတ်လ ၂၈ ငလျင်မှာတော့ မန္တလေး-စစ်ကိုင်းတ၀ိုက်က ရှေးဟောင်းလက်ရာ ဘုရားကျောင်းကန်တွေနဲ့ တိုက်တာအဆောက်အအုံအများအပြား ပြိုလဲမြေခခဲ့ပါတယ်။ ဒီထဲမှာ စစ်ဘေး၊ မီးဘေး၊ ငလျင်ဘေးတွေက လွတ်ခဲ့တဲ့ နှစ်ရာကျော် ပုဂ္ဂလိကနေအိမ်အဆောက်အအုံတွေ ပါသလို ဗလီနဲ့ ဘုရားကျောင်း၊ ဘုံကျောင်းတွေလည်း ပါပါတယ်။

ဒီငလျင်မှာ အရင်က ထိခိုက်ပျက်စီးခဲ့တဲ့ ကျောင်းကန်ဘုရားတွေ ပြန်ပြိုကျ ပျက်စီးတာတွေ ရှိခဲ့ပြီး မယ်နုအုတ်ကျောင်းနဲ့ အင်း၀က စေတီပုထိုးအများအပြား ထိခိုက်ပြိုလဲကာ မင်းကွန်းမြသိန်းတန်စေတီလည်း ပျက်စီးခဲ့ပြန်ပါတယ်။ မန္တလေးမဟာမုနိမှာတော့ ၁၈၈၄ မီးဘေးအပြီးမှာ သီပေါမင်း ဆက်ကပ်ခဲ့တဲ့ ရွှေသားမကိုဋ်တော် ယိုင်စောင်းခဲ့ပါတယ်။ ကိုလိုနီခေတ်ကတည်းက မြန်မာအမျိုးသားရေးပုံရိပ်အဖြစ် မှတ်ယူခဲ့တဲ့ မန္တလေးနန်းမြို့ရိုးနဲ့ တံခါးပြာသာဒ်တွေ ပြိုကျပျက်စီးလို့ နိုင်ငံမှာ ရိုက်ခတ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ပြုပြင်ခွင့်မရခဲ့တဲ့ ဗလီတွေပြိုကျလို့ သောကြာနေ့ ၀တ်ပြုနေတဲ့ အစ္စလာမ်ဘာသာ၀င်အများအပြားလည်း သေဆုံးခဲ့ရပါတယ်။ မြန်မာပြည်မှာ ဒုတိယတည်ထောင်တဲ့ မန္တလေးတက္ကသိုလ်မီးလောင်ပြီး အာဇာနည် ၁၇ ဦးဗိမာန်လည်း ပြိုလဲခဲ့ပါတယ်။

အမတအနုပညာကမ္ဘာ

နှစ် ၅၀ က မန်းတောင်ခြေ ရှုခင်းအလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ် ၅၀ က မန်းတောင်ခြေ ရှုခင်းအလှ

ဒီလို ပျက်စီးမှု ကြီးပေမယ့်လည်း မန္တလေးဟာ အကြိမ်ကြိမ် ရှင်သန်ထမြောက်တဲ့ ဖီးနစ်ငှက်နဲ့တူကြောင်း စာရေးဆရာမြသန်းတင့်က မန္တလေးမီးလောင်အပြီးမှာ ရေးခဲ့ဖူးပါတယ်။ ဒီတခါ ကပ်ဘေးက မန္တလေး-စစ်ကိုင်းမြို့ဟောင်းဒေသကြီး ပြန်လည်ထမြောက်လာမလား၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေကို ခေတ်မီနည်းတွေနဲ့ ပိုပြီး ရေရှည်ခံအောင် ဘယ်လိုပြုပြင်ကြမလဲ ဆိုတာကတော့ ရှေ့ဆက်ရမယ့် ခရီးပဲ ဖြစ်ပါတယ်။

မြို့တော်ဟောင်းတွေက အနုပညာလက်ရာမွန်တွေ ပြိုကျပျက်စီးကုန်ပေမယ့် ဒီလက်ရာတွေနဲ့ဆိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကတော့ ဂီတစာပေရုပ်ရှင်ဇာတ်သဘင်တွေမှာ တင်ကျန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအနုပညာအတွေးကပဲ နောင်လာမယ့်မျိုးဆက်တွေအတွက် လက်ရာမွန်သစ်တွေ ဖန်တီးကြဖို့နဲ့ ပျောက်ဆုံးသွားတဲ့ လက်ရာဟောင်းတွေကို လွမ်းဆွတ်ကြဖို့ အားပေးနေမှာ ဖြစ်ပါတယ်။ မြို့ဟောင်းကြီးတွေကို ချစ်တဲ့စိတ်ကို အခြေပြုပြီး ကိုလိုနီခေတ်မှာ မြန်မာအမျိုးသားရေးဝါဒ ပေါ်ထွန်းခဲ့သလို ဒီမြို့တွေ ပျက်စီးမှုကြောင့် အသစ်ပြန်လည်ထူထောင်ဖို့ တွန်းအားတွေပေါ်လာပြီး လူမှုပြောင်းလဲရေးလှုပ်ရှားမှုတွေ ဖြစ်လာနိုင်ပါတယ်။

မန္တလေးဘုရားကြီးနားက ပြိုကျသွားတဲ့ ရွှေရေးဆောင်တိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးဘုရားကြီးနားက ပြိုကျသွားတဲ့ ရွှေရေးဆောင်တိုက်

ဒီလိုမရနိုင်တော့တဲ့ ပဒေသရာဇ်ခေတ်ဟောင်းကို တမ်းတပြီး မျိုးချစ်စိတ် ထူထောင်ရာမှာ မန္တလေးက မှူးမတ်ဟောင်းတွေနဲ့ ရန်ကုန်ဆင်းသွားတဲ့ သခင်ကိုယ်တော်မှိုင်းလို အညာဆန်တဲ့ အောက်မြန်မာပြည်သား စာဆိုတွေက ကြီးစိုးခဲ့ကြောင်းလည်း ဒေါက်တာသန်းထွန်းနဲ့ ဒေါက်တာဖြိုး၀င်းလတ်လို ပညာရှင်တွေက ရေးခဲ့ပါတယ်။ မစ္စတာမောင်မှိုင်းရဲ့ မှာတော်ပုံ ၀တ္ထုကြီးမှာ မန္တလေးတ၀ိုက်မှာ ကျင်လည်ခဲ့ကြတဲ့ ပဒေသရာဇ်တွေရဲ့ဇာတ်ကြောင်းကို ပြန်ပြောင်းရေးဖွဲ့ရင်း အမျိုးသားရေးစိတ်ကို လှုံ့ဆော်ပေးခဲ့တာပါ။

ဒီလို ဗုဒ္ဓဘာသာအခြေပြု တိုင်းရင်းစာပေနဲ့ ဘာသာစကားကို အားပေးတဲ့ မျိုးချစ်၀ါဒပုံစံကို မြန်မာမှာတင်မက ရခိုင်၊ မွန်၊ ရှမ်း စတဲ့ တခြား ဗုဒ္ဓဘာသာများတဲ့ လူမျိုးစုတွေမှာလည်း တွေ့ရပြီး ကရင်၊ ချင်း၊ ကချင်နဲ့ ကရင်နီစတဲ့ ခရစ်ယာန်ဘာသာ၀င်တွေများတဲ့ မျိုးနွယ်စုတွေရဲ့ ခရစ်ယာန်အခြေပြု ခေတ်ပေါ်အမျိုးသားရေးဝါဒတွေနဲ့ ကွာဟမှု ရှိပါတယ်။ ဒီကွာဟမှုတွေကပဲ လက်ရှိ မြန်မာပြည် နိုင်ငံရေးစစ်ပွဲကြီးမှာ ဖြေရှင်းရခက်တဲ့ အကြောင်းရင်းတရပ်ဖြစ်နေပါတယ်။

မီးခသွားတဲ့ မန္တလေးနန်းစမုခ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီးခသွားတဲ့ မန္တလေးနန်းစမုခ်ဆောင်