စစ်တောင်းဧရာ၊ သံလွင်နဲ့ ကုလားတန်မြစ်ဝှမ်းက နိုင်ငံရေးစက်ဝိုင်းများ

ဓာတ်ပုံ ရင်းမြစ်, bhidethescene
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ကမ္ဘာ့နိုင်ငံအသီးသီးမှာလိုပဲ ခေတ်ပေါ်မြန်မာနိုင်ငံရဲ့ ပဒေသရာဇ်ခေတ်တလျှောက် လက်နက်နိုင်ငံတွေနဲ့ နိုင်ငံငယ်ကလေးတွေ ပေါ်ထွန်း ပျောက်ကွယ်ခဲ့ကြပါတယ်။ ဒီထဲက မြန်မာအခြေပြု လက်နက်နိုင်ငံတွေ ဖြစ်တဲ့ ပုဂံ၊ တောင်ငူ-ညောင်ရမ်းနဲ့ ကုန်းဘောင်မင်းဆက်နိုင်ငံတွေကို ပထမ၊ ဒုတိယနဲ့ တတိယ မြန်မာနိုင်ငံတွေဆိုပြီး ကိုလိုနီခေတ်က ကျောင်းသုံးမြန်မာရာဇဝင် ပြုစုခဲ့တဲ့ မော်လမြိုင်မြို့ ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ကြီး ဦးဘသန်းက တီထွင် ခေါ်ဝေါ် ခဲ့တယ်ဆိုပြီး ပညာရှင်တွေက သုံးသပ်ပါတယ်။
ဒါကြောင့် ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုနိုင်ငံတည်ထောင်ရေး လှုပ်ရှားမှုကို စတုတ္ထမြန်မာနိုင်ငံအဖြစ် မြန်မာနိုင်ငံရေး လောကမှာ ရည်ညွှန်းတတ်ကြပေမယ့် လူနည်းစုတွေက မြန်မာ ကြီးစိုးမှုအဖြစ် လက်မခံဘဲ စောဒကတက်ခဲ့ကြပါတယ်။ ပြင်သစ်မှာ သမ္မတနိုင်ငံ ငါးခု တည်ထောင်သလို ၁၉၄၈ လွတ်လပ်ရေးအလွန် မြန်မာပြည် မှာလည်း သမ္မတနိုင်ငံ သုံးခု ပေါ်ခဲ့ပြီး လက်ရှိနောက်ဆုံး တတိယသမ္မတ နိုင်ငံမှာ ဖွဲ့စည်းပုံ အကျပ်အတည်းဆိုက်ပြီး စစ်တပ်က အာဏာ ထိန်းသိမ်းတဲ့ အနေအထား ရောက်နေသလို ဆန့်ကျင်ခုခံမှုတွေနဲ့ စင်ပြိုင်အစိုးရတရပ်လည်း ပေါ်ထွက်ခဲ့ ပါတယ်။ ဒါကြောင့် စတုတ္ထသမ္မတနိုင်ငံသစ် ပေါ်လာ မလား၊ ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်ကို စစ်တပ်၊ အရပ်ဘက်နဲ့ လူမျိုးစု နိုင်ငံရေးအင်အားစုကြီး သုံးစု အကြား စစ်ရေး၊ နိုင်ငံရေးနည်းတွေနဲ့ ဘယ်လို ယှဉ်ပြိုင် ဖော်ဆောင်ကြမလဲ ဆိုတာက နိုင်ငံရေး သုံးသပ်သူတွေနဲ့ ပြည်သူ လူထုအကြားမှာ စိန်ခေါ်ချက်ကြီးအဖြစ် တည်ရှိနေပါတယ်။
ဒါကြောင့် အရင် နိုင်ငံပြိုကွဲမှု အကြိမ်တွေမှာ ဘယ်လိုပြန်လည် စုစည်းတည်ထောင်ခဲ့ကြသလဲ၊ ဒီနည်းဟောင်းတွေ ခုခေတ်မှာ အလုပ်ဖြစ်နိုင်သေးလား ဆိုတာတွေကို ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, pavelp
ပုဂံနဲ့ ပုဂံအလွန် စစ်ပွဲများ
အနော်ရထာမတိုင်မီ အေဒီအစောပိုင်းရာစုတွေမှာ ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းမှာ ပျူ၊ မွန်၊ ရခိုင်နဲ့ အိန္ဒိယသားတွေ ထူထောင်တယ်ဆိုတဲ့ မြို့ပြနိုင်ငံ တွေရဲ့ သမိုင်းနဲ့ နိုင်ငံအကျယ်အဝန်းကို စုံစုံလင်လင် မသိရပေမယ့် ၁၁ ရာစု ပုဂံဟာ မြန်မာသမိုင်းမှာ ပထမဆုံး ပတ်ဝန်းကျင်ပြည်တွေက မင်းတွေကို နှိမ်နင်းပြီး မင်းကြီးအဖြစ် အနော်ရထာခေါ် အနုရုဒ္ဓတည်ထောင်ခဲ့တဲ့ နိုင်ငံကြီး ဖြစ်ခဲ့ပါတယ်။ သူနဲ့ သူ့ကိုဆက်ခံတဲ့ ကျန်စစ်သား၊ စည်သူ ဘုရင်တွေရဲ့ ခေတ်မှာ အောက်ပိုင်းမွန်နဲ့ တနင်္သာရီဒေသက ပင်လယ်ထွက်ပေါက်ကို ယူခဲ့သလို အရှေ့ခြမ်း ရှမ်းနယ်တွေနဲ့ အနောက်ဘက် ရခိုင်၊ ပဋိက္ခရားပြည်တွေကိုပါ သိမ်းသွင်းခဲ့ပါတယ်။
ပုဂံယဉ်ကျေးမှုဟာ သူ့ကိုဆက်ခံမယ့် မြန်မာမွန်ရခိုင် မင်းဆက်နိုင်ငံတွေလိုပဲ အိန္ဒိယယဉ်ကျေးမှုက ဆင်းသက်တာ ဖြစ်ပေမယ့် အဓိက ရင်ဆိုင်ရတဲ့ အန္တရာယ်ကတော့ မြောက်ဘက်က တရုတ်နဲ့ ရှမ်းအနွယ်တွေရဲ့ ထိုးစစ် ဖြစ်ပါတယ်။ ဒါကြောင့် ပုဂံကို သီဟိုဠ်စစ်ရှိခဲ့တယ်ဆိုတဲ့ ရေးသားမှုတွေ ရှိပေမယ့် ၁၃ ရာစုမှာ ပုဂံပျက်ရတဲ့ အဓိကအကြောင်းကတော့ မွန်ဂိုကျူးကျော်မှုနဲ့ နောက်ဆက်တွဲ ရှမ်းမင်းတွေ တန်ခိုးထွားလာမှုပဲ ဖြစ်ပါတယ်။
အီဂျစ်၊ ရောမ၊ တရုတ်နဲ့ အိန္ဒိယ စတဲ့ ကမ္ဘာ့လက်နက်နိုင်ငံကြီးတွေမှာလိုပဲ ပုဂံနိုင်ငံပျက်စီးခြင်းမှာလည်း နောက်ပိုင်းမင်းတွေရဲ့ အရည်အချင်း ညံ့ဖျင်းမှု၊ သာသနာပိုင်မြေတွေက မြေခွန်မြေခမရမှု၊ နိုင်ငံကြီးကို စီမံခန့်ခွဲနိုင်တဲ့ စနစ်ကောင်း မရှိဘဲ ပဒေသရာဇ်ပုံစံ အခွန်ပဏ္ဏာဆက်မှုအပေါ်မှာ မှီခိုနေမှုတွေ ကြောင့် နိုင်ငံရေး အပြောင်းအလဲတွေမှာ မင်းဆက်တန်ခိုး ညှိုးမှိန်လာပြီး နောက်ဆုံး ပြည်ပကျူးကျော်စစ်နဲ့ ရင်ဆိုင်ရချိန်မှာ နိုင်ငံပြိုလဲတာ ဖြစ်ပါတယ်။ ဒီပြိုလဲမှုပုံစံဟာလည်း လာမယ့် တောင်ငူနဲ့ ကုန်းဘောင်ဆက် နိုင်ငံတွေမှာ ခပ်ဆင်ဆင်တွေ့ရပြီး နောက်ဆုံး ဂျပန်ခေတ်နဲ့ ပြည်တွင်းစစ်အစ နိုင်ငံပြိုကွဲမှု တွေအထိ ဒီပုံစံဆင်ဆင် ပြည်ပ ကျူးကျော် မှု၊ အာဏာပြိုင်ထူထောင်မှုနဲ့ စစ်မက်ထူပြောမှုတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pictures from History
ပုဂံပျက်အပြီး မြောက်ပိုင်း မိုးညှင်း၊ မိုးကောင်းနဲ့ အရှေ့ပိုင်း သီပေါအုန်းဘောင်၊ သိန္နီနဲ့ မိုးဗြဲဘက်မှာ ပေါ်ထွန်းလာတဲ့ ရှမ်းပဒေသရာဇ်နိုင်ငံတွေနဲ့ အလယ် ပိုင်းက ပင်းယ၊ စစ်ကိုင်း၊ အင်းဝ နိုင်ငံတွေ၊ တောင်ပိုင်းက မုတ္တမနဲ့ ဟံသာဝတီ ပဲခူး၊ အနောက်ပိုင်းက လောင်းကြက်၊ မြောက်ဦးနိုင်ငံတွေ အနှစ် လေးရာ ကျော် မင်းပြိုင် အုပ်စိုးကြပါတယ်။ ဒီစစ်ပြိုင်နိုင်ငံများခေတ်မှာ မွန်မြန်မာနှစ်လေးဆယ်စစ်လို အားပြိုင်မှုကြီးတွေသာမက ပင်းယ၊ စစ်ကိုင်းနဲ့ အင်းဝနိုင်ငံ တွေကို ရှမ်းမင်းတွေ ဖျက်ဆီးအုပ်ချုပ်တာ ကြုံခဲ့သလို လောင်းကြက်နိုင်ငံကို မွန်မြန်မာတပ်တွေ ဖျက်ဆီးသိမ်းပိုက်တဲ့အတွက် ရခိုင်ဘုရင် နရမိတ်လှ ဘင်္ဂလားကို ထွက်ပြေးခိုလှုံရတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီခေတ်ကြမ်းကြီးမှာ ပြင်ပအိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီနဲ့ နိုင်ငံထူထောင်တာ၊ ပြည်ပက နယ်ပယ်ချဲ့ထွင်မှုကြောင့် လူမျိုးစုနိုင်ငံရေးမှာ ရိုက်ခတ်တာ တွေလည်း ရှိခဲ့ပါတယ်။ မုတ္တမမှာ ထိုင်းက သောက္ကတဲဘုရင်သမက် မဂဒူးက မင်းဆက်အသစ် ထူထောင်တယ် ဆိုသလို ရခိုင်မှာလည်း ဘင်္ဂလား ဆူလတန်ရဲ့ အကူအညီနဲ့ နရမိတ်လှက မြောက်ဦးနိုင်ငံထူထောင်ပြီး ဆူလမန်ရှား အမည်နဲ့ နန်းတက်ပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုမင်းဆက် ပျက်အပြီး ပေါ်လာတဲ့ မင်တရုတ်မင်းဆက်ကလည်း ယူနန်နယ်ကို သိမ်းသွင်းလာတဲ့အတွက် အဲဒီက ရှမ်းနယ်တွေ တရုတ်အောက် ရောက်ကုန်ပြီး တောင်ဘက်က ရှမ်းနယ်တွေကိုလည်း မြန်မာရှမ်းနယ်တွေအဖြစ် ဘုရင့်နောင်က သိမ်းသွင်းခဲ့ပါတယ်။ စစ်ပြိုင်နိုင်ငံများခေတ်မှာ အင်းဝက မင်းကြီးစွာစော်ကဲနဲ့ ပထမမင်းခေါင်၊ ဟံသာဝတီက ရာဇာဓိရာဇ်နဲ့ ဓမ္မစေတီ၊ ရခိုင်က မင်းဗာကြီးနဲ့ မင်းဖလောင်း ၊ရှမ်းက မောမင်းကြီး သိုကြည်ဘွားနဲ့ မိုးညှင်းစလုံ စတဲ့ စစ်ရေး နိုင်ငံရေးထက်မြက်တဲ့ မင်းတွေနဲ့ သူရဲကောင်းတွေ အများအပြား ထွက်ပေါ်ခဲ့ပေမယ့် ပုဂံနိုင်ငံလို စုစည်းမှုမျိုး မရနိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, sihasakprachum
တောင်ငူက စုစည်းခြင်းနဲ့ ညောင်ရမ်းသာလွန်
၁၆ ရာစုနှစ်မှာ မြန်မာပြည်နဲ့ မွန်ပြည်အစပ် တောင်ငူက မင်းဆက်အသစ်ပေါ်ထွန်းလာပြီး တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ရဲ့ ဒီမင်းဆက်နိုင်ငံက မြန်မာ၊ မွန်နဲ့ သံလွင်အနောက်ခြမ်း ရှမ်းပြည်တကြောက နိုင်ငံတွေကို တိုက်ခိုက်သိမ်းသွင်းသလို အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းနဲ့ တရုတ်ရှမ်းနယ်တွေအပြင် မဏိပူရထိ သိမ်းသွင်းခဲ့ပါတယ်။ ရခိုင်ကလွဲပြီး ကျန်တဲ့ မင်းဆက်နိုင်ငံတွေကို သိမ်းပိုက်ခဲ့တဲ့ ဘုရင့်နောင်ဟာ မြို့တော်ကို ပဲခူး ဟံသာဝတီရွှေ့ခဲ့သလို စီးပွားရေးကောင်းတဲ့ ကုန်သွယ်ရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပါတယ်။ သားတော် နန္ဒဘုရင်လက်ထက် နိုင်ငံပြိုကွဲပြီး တောင်ငူနဲ့ ရခိုင်တပ်တွေကြောင့် ပဲခူးမြို့ကြီး မီးတိုက်ခံရပေမယ့် ညီတော် ညောင်ရမ်းမင်းတရားက နိုင်ငံကို ပြန်လည်စုစည်းပြီး မြို့တော်ကို အင်းဝကို ရွှေ့ခဲ့ပါတယ်။ ဒုတိယတောင်ငူ ခေတ်မှာ မဏိပူရနဲ့ အယုဒ္ဓယ နိုင်ငံတွေ မပါသလို ရခိုင်ကလည်း သီးခြားထီးပြိုင်နန်းပြိုင် ကုန်သွယ်နိုင်ငံကြီး အဖြစ် ပေါ်ထွန်းခဲ့ပါတယ်။
ဘုရင့်နောင်မြေးတော် သာလွန်မင်း လက်ထက်မှာ တိုင်းကားပြည်ရွာ သာလွန်တယ်လို့ ချီးကျူးခံရတဲ့ တောင်ငူ ညောင်ရမ်းခေတ်ဟာလည်း ၁၈ ရာစု အလယ်ပိုင်းမှာ ပြိုကွဲပြန်ပါတယ်။ ပုဂံဆက်နိုင်ငံကြီးလိုပဲ တောင်ငူဆက်နိုင်ငံဟာလည်း သစ္စာခံမှုကိုသာ အခြေတည်ပြီး လက်အောက်ခံနိုင်ငံတွေကို မထိန်းချုပ်နိုင်မှုကြောင့် တရုတ်နဲ့ မဏိပူရကျူးကျော်စစ်၊ ဟံသာဝတီ၊ ဇင်းမယ်နဲ့ ကွေ့ဂုဏ္ဏအိန် ပုန်ကန်မှုတွေကို ရင်ဆိုင်ရပြီး နိဂုံးချုပ်ခဲ့ရပါတယ်။ ညောင်ရမ်းခေတ် လက်နက်နိုင်ငံဟာ ကြီးမားလွန်းလို့ မြန်မာ၊ မွန်နဲ့ ထိုင်းဘာသာတွေကို ရုံးသုံးစာသတ်မှတ်ခဲ့ရပါတယ်။
ဘုရင့်နောင်ခေတ်ကစပြီး မြန်မာသမိုင်းမှာ အနောက်တိုင်းလက်နက်ခဲယမ်းနဲ့အတူ ပေါ်တူဂီ နဲ့ အိန္ဒိယက မွတ်ဆလင် အမြောက်တပ်တွေရဲ့ ကဏ္ဍ ပေါ်ထွန်းလာပြီး ရခိုင်နဲ့ တောင်ငူ-ညောင်ရမ်းထီးနန်းတွေအတွက် အမှုထမ်းခဲ့ကြပါတယ်။ ဒီခေတ်မှာ ဧရာဝတီမြစ်ဝှမ်းက ရိုးရာအကြီးအကဲတွေရဲ့ အာဏာကို လျှော့ချပြီး ဘုရင်ခံခန့်တဲ့စနစ်ကို စခဲ့သလို တောင်ပေါ်က ရှမ်းစော်ဘွားတွေကိုလည်း ဗုဒ္ဓဘာသာ သန့်စင်ရေးနဲ့ စတင်ချုပ်ကိုင်ခဲ့ပါတယ်။ နောက် ပထမဆုံး လူဦးရေနဲ့ မြေယာစစ်တမ်းတွေ ကောက်ခံခဲ့သလို စီးပွားရေးနဲ့ ကုန်သွယ်မှုပြုပြင်ရေးတွေလုပ်ပြီး ဘုန်းကြီးကျောင်းတွေရဲ့ မြေယာ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ် ကိုင်တွယ်ခဲ့ပါတယ်။ နိုင်ငံတည်ငြိမ် တိုးတက်မှု အတော်ရှိခဲ့ပေမယ့် အရည်အချင်းညံ့တဲ့မင်းတွေလက်ထက်မှာ တစတစ ပြိုလဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pictures from History
မုဆိုးဆက်နဲ့ အကြို အမျိုးသားနိုင်ငံ
၁၇၅၂ မှာ တည်ထောင်တဲ့ ရွှေဘိုကုန်းဘောင်ဆက်ကို မုဆိုးဘိုရွာက အစပြုတဲ့အတွက် မုဆိုးဆက်လို့ သိကြပါတယ်။ အလောင်းဘုရားနဲ့ ဆင်ဖြူရှင် သားအဖ ထူထောင်တဲ့ ဒီမင်းဆက်ဟာ ဘိုးတော်ဗဒုံမင်းခေတ်မှာ အခမ်းနားဆုံး ဖြစ်ခဲ့ပြီး ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်နေ သီပေါမင်းခေတ်အထိ အနှစ် ၆ဝ ကျော်အတွင်း စစ်သုံးကြိမ်ရှုံးပြီး ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပါတယ်။ အနှစ် ၁ဝဝ ကျော် တည်တံ့တဲ့ ဒီမင်းဆက်ဟာ အာသံ၊ မဏိပူရ ကနေ ထိုင်းနဲ့လာအိုထိ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မန်ချူးတရုတ်နဲ့ စစ်လေးကြိမ်ဖြစ်ပြီး စေ့စပ်ကျေအေးခဲ့ပါတယ်။ မွန်နဲ့ရခိုင်နိုင်ငံတွေကိုလည်း မြန်မာ အောက် သွတ်သွင်းခဲ့ပါတယ်။ တောင်ငူဆက် မင်းတွေလောက် ထိုင်းကို ကြာရှည် ထိန်းမထားနိုင်တဲ့ ကုန်းဘောင်ခေတ်မှာ ဇင်းမယ်ကို ထိုင်းလက် အပြီးသတ် စွန့်လွှတ်ခဲ့ရပြီး တနင်္သာရီကိုတော့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ထိုင်းနဲ့ အိန္ဒိယက သဘင်ယဉ်ကျေးမှုနဲ့ နက္ခတ်ဗေဒင်ဆေးကျမ်းတွေ၊ အနောက်တိုင်းက ပုံနှိပ်နည်းပညာနဲ့ ပညာရေးကို ရယူပြီး ပြည်တွင်းမှာလည်း ဝိနည်းတင်းကျပ်တဲ့ ဗုဒ္ဓဘာသာနဲ့ ပဉ္စမသင်္ဂါယနာတင်နိုင်ခဲ့တဲ့ ကုန်းဘောင်ဆက်ဟာ တွင်းသင်းနဲ့ မှန်နန်းလို မဟာရာဇဝင်တော်ကြီးတွေ ရေးဖွဲ့ပြီး သာကီဝင်မျိုးဖြစ်ကြောင်း သမိုင်းသစ် ထူထောင်ခဲ့ပါတယ်။ နိုင်ငံအောက်ပိုင်းမှာ မွန်စာပေယဉ်ကျေးမှုတွေကို ဖိနှိပ်ပြီး မြန်မာဇာတ်သွင်း ခဲ့တဲ့ ကုန်းဘောင်မင်းတွေဟာ ရခိုင်ကို သိမ်းပိုက်ပြီးနောက် ဖိနှိပ်ရက်စက်ခဲ့တဲ့အတွက် ပုန်ကန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ရခိုင်နဲ့ နယ်ချင်းစပ်နေတဲ့ ဘင်္ဂလားကို သိမ်းထားတဲ့ ဗြိတိသျှတပ်တွေနဲ့ အချင်းများပြီး ကျူးကျော်စစ်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မင်းတုန်းမင်းလက်ထက်မှာလည်း ကရင်နီနယ်ကို သီးခြားနယ်မြေ အဖြစ် ဗြိတိသျှဖိအားကြောင့် အသိအမှတ်ပြုခဲ့ရပါတယ်။ ဒီလို ပြင်ပဖိအားတွေကြောင့်ပဲ အထက်ပိုင်း ကွက်ကွက်ပဲ ကျန်တော့တဲ့ ကုန်းဘောင်ခေတ်သားတွေဟာ မြန်မာအမျိုးသားရေးစိတ်တွေ ထူထောင်လာပြီး ဗြိတိသျှ သိမ်းပိုက်မှုကြောင့်သာ အမျိုးသားနိုင်ငံအဆင့်ကို မတက်လှမ်းနိုင် ဖြစ်ခဲ့ရပါတယ်။
ကုန်းဘောင်ဟာ ပုဂံ၊ တောင်ငူဆက်တွေနဲ့ ယှဉ်ရင် သက်တမ်းတိုပေမယ့် နိုင်ငံအုပ်ချုပ်ရေးမှာတော့ ပိုပြီးထိန်းချုပ် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ မြေပြန့် အုပ်ချုပ်ရေးကို ပိုတင်းကျပ်ခဲ့ပြီး တောင်ပေါ်က ရှမ်းစော်ဘွားတွေရဲ့ အာဏာကို ကန့်သတ်ခဲ့ပါတယ်။ မင်းတုန်းမင်းခေတ်မှာ အခွန်ပြုပြင်ရေးနဲ့ ဌာနခွဲ အုပ်ချုပ်ပုံစနစ်တွေ စတင်ခဲ့ပေမယ့် နယ်တွေက ရိုးရာအကြီးအကဲတွေရဲ့ ချယ်လှယ်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ငွေဒင်္ဂါးသုံးစွဲမှုနဲ့ လစာစနစ်တွေလည်း ရတနာပုံခေတ်မှာ အခြေတည်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
အရင်းရှင်ခေတ် မြေပုံသစ်
၁၈၈၆ မှာ မြန်မာနိုင်ငံအထက်ပိုင်းကို ဗြိတိသျှသိမ်းပိုက်ပြီးနောက် ပုန်ကန်ထကြွမှုတွေ တောင်ပေါ်မြေပြန့်အနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဆယ်နှစ်လောက် ကြာတဲ့ ဒီပုန်ကန်မှုတွေကြောင့် ဗိုလ်နာမည်ခံတဲ့ လက်နက်ကိုင် ခေါင်းဆောင် အများအပြား ပေါ်လာပြီး စည်းရုံးညီညွတ်မှုမရှိ၊ ခေတ်မီလက်နက်လည်း မတပ်ဆင်နိုင်တဲ့အတွက် နောက်ဆုံးမှာ ချုပ်ငြိမ်းခဲ့ရပါတယ်။ အဲဒီနောက် မြေပြန့်ဒေသတွေမှာ အရင်းရှင်စနစ်နဲ့ ခေတ်မီအုပ်ချုပ်ရေး ထူထောင်လာပြီး တောင်ပေါ်ဒေသတွေကိုတော့ စော်ဘွားဒူးဝါးနဲ့ တောင်အုပ်တွေကနေ တဆင့်ခံအုပ်ချုပ်တဲ့အတွက် ဖွံ့ဖြိုးမှု နောက်ကျခဲ့ပါတယ်။
အိန္ဒိယနဲ့ အုပ်ချုပ်ရေး ပူးပေါင်းလိုက်တဲ့အတွက် စျေးပေါတဲ့ လယ်ကူလီနဲ့ အလုပ်ကြမ်းသမားတွေ မြန်မာနိုင်ငံထဲ ဝင်လာပြီး လူမျိုးရေး တင်းမာမှုတွေ ဖြစ်သလို ခေတ်နောက်ကျအမြင်မကျယ်မှု၊ စီးပွားရေးအင်အားနည်းမှုကြောင့် မြန်မာနဲ့ တိုင်းရင်းနွယ်ဖွားတွေဟာ အသစ်ဝင်လာသူတွေလောက် နိုင်ငံရေး၊ စီးပွားရေးမှာ သြဇာမရှိ ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ ပြင်းထန်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ ပေါ်လာပြီး ဗုဒ္ဓဘာသာနဲ့ မြန်မာစာပေ လူမျိုးနွယ်တွေကို အခြေခံတဲ့ လူမျိုးကြီးဝါဒ ဖြစ်လာပါတယ်။ တချိန်တည်းမှာပဲ ဗြိတိသျှအုပ်ချုပ်ရေးအောက်မှာ နေရာရလာတဲ့ ကရင်၊ ကချင်၊ ချင်း စတဲ့ တောင်ပေါ်နဲ့ နိုင်ငံအောက်ပိုင်းက ခရစ်ယာန်ဘာသာဝင် လူမျိုးစုတွေရဲ့ အမျိုးသားရေးနိုးကြားမှုလည်း ဖြစ်တည်လာပြီး ကရင်နဲ့ မြန်မာ၊ ကချင်နဲ့ ရှမ်းမြန်မာ၊ မွတ်ဆလင်နဲ့ ရခိုင် စတဲ့ လူမျိုးရေး ပဋိပက္ခတွေ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒါကြောင့် ၁၉၂ဝ ကျော်ကစပြီး နိုင်ငံမှာ ဒီမိုကရေစီ ရွေးကောက်ပွဲကို မိတ်ဆက်ခဲ့ပေမယ့် လူမျိုးစုနိုင်ငံရေးနဲ့ စစ်ပြိုင်ဆိုင်မှုတွေကပဲ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီးပေးခဲ့ပါတယ်။ ၁၉၄၈ မှာ ပေါ်ထွန်းလာမယ့် နိုင်ငံ မြေပုံသစ်ဟာလည်း ဗြိတိသျှခေတ်မှာ ခေတ်မီနိုင်ငံစနစ်ကြောင့် အခြေခိုင်လာခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Underwood Archives
ဂျပန်ခေတ်နဲ့ ပြည်တွင်းစစ်ထဲက ဗေဒါပွင့်များ
၁၉၄၂ ကနေ ယနေ့အထိ မြန်မာနိုင်ငံမှာ စစ်မဖြစ်တဲ့နှစ် မရှိခဲ့ဘူးလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ဒေါက်တာဘမော်ကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထိ ခေါင်းဆောင်ဆယ်ယောက်နဲ့ ခေတ်ခြောက်ခေတ်လောက် ပြောင်းသွားခဲ့ပေမယ့် နိုင်ငံမှာ စစ်မီးက တောက်လောင်နေခဲ့ပါတယ်။ ဖက်ဆစ်၊ ပါလီမန်ဒီမိုကရေစီ၊ စစ်ဆိုရှယ်လစ်၊ စစ်အရင်းရှင်၊ စစ်နဲ့အရပ်ဘက် ပူးတွဲဒီမိုကရေစီခေတ်တွေကို ဖြတ်ကျော်ခဲ့တဲ့ မြန်မာနိုင်ငံဟာ လူမျိုးစုရေး မှာရော နိုင်ငံရေးစီးပွားရေးမှာပါ အများလက်ခံနိုင်တဲ့ စနစ်မူတွေ မရှိသေးဘဲ မုန်တိုင်းမိတဲ့လှေလို သမိုင်းရေစီးမှာ ဒရွတ်တိုက် မျောပါနေခဲ့တာပါ။
ပင်လုံစာချုပ်နဲ့ နိုင်ငံပုံစံသစ်ကို ချမှတ်ခဲ့ပေမယ့် အကောင်အထည်ဖော်ရာမှာ ကျရှုံးမှု များခဲ့ပါတယ်။ မြန်မာကြီးစိုးရေး၊ လူမျိုးစုအမျိုးသားရေးဝါဒတွေနဲ့ စစ်အေးခေတ်စွက်ဖက်မှုတွေကြောင့် မြန်မာပြည် နိုင်ငံရေးဟာ အစဉ်အမြဲ ရှုပ်ထွေးပြီး အုပ်စုကွဲတွေ အာဏာပြိုင်တဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ ပြည်တွင်းစစ်နဲ့အတူ ကူမင်တန်နဲ့ တရုတ်ကွန်မြူနစ် ကျူးကျော်မှုတွေ ရင်ဆိုင်ခဲ့ရပြီး ဝနယ်မှာ အခုထိ မြန်မာအစိုးရသြဇာ မလွှမ်းနိုင်ဘဲ ရှိခဲ့ပါတယ်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်နဲ့ အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းတွေမှာလည်း ပီပီပြင်ပြင် မရှိဘဲ စစ်ရေးနဲ့ အာဏာတည်ဆောက်ဖို့ ကြိုးပမ်းတာနဲ့ပဲ အချိန်ကုန်ခဲ့ကြပါတယ်။ ဂျပန်ခေတ်မှာ ပေါက်ဖွားလာတဲ့ စစ်တပ်ကို နိုင်ငံရေးလက်ကိုင်အဖြစ် သုံးဖို့ ကြိုးစားရင်း တပ်က အရပ်သားတွေရဲ့အထက်မှာ အာဏာရလာခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၂ ကနေ ယနေ့အထိ မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေ မပါတဲ့ အစိုးရ အဖြစ် အန်စီဂျီယူဘီနဲ့ အန်ယူဂျီ စင်ပြိုင်အစိုးရတွေပဲ ရှိခဲ့ပါတယ်။ ဒါတောင် အန်ယူဂျီမှာ လူမျိုးစု လက်နက်ကိုင်ခေါင်းဆောင်ဟောင်းတချို့နဲ့အတူ လူမျိုးစုအဖွဲ့တွေနဲ့ ဆက်စပ်သူတွေ ပါပါသေးတယ်။
ဒီလိုနိုင်ငံတည်ဆောက်ရေး မအောင်မြင်တဲ့အတွက် အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးမှာ တောင်ပေါ်မြေပြန့် ကွဲပြားမှုတွေ ကြုံရတဲ့အပြင် အမြင်ကွဲပြားမှုတွေကလည်း ပိုများလာပါတယ်။ နောက်ဆုံးအနေအထားအရ ရခိုင်နဲ့ ဝနယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်မှုတွေ ရှိလာပြီး ချင်း၊ အညာနဲ့ ကရင်၊ ကရင်နီနယ်မြေတွေမှာလည်း စစ်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
ပြည်ထောင်စုနဲ့ နိုင်ငံရေးသန္ဓေ
မြန်မာနိုင်ငံဟာ အနှစ်တထောင်ကြာ ကာလအတွင်း မင်းဆက်အမျိုးမျိုးနဲ့ ခေတ်အဖုံဖုံကို ကြုံခဲ့ရပြီး ခေတ်မီနိုင်ငံအဖြစ် ဗြိတိသျှလက်ထက်မှာ အစပျိုးခဲ့ ပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာတော့ တောင်ပေါ်ဒေသတွေရဲ့ ဖွံ့ဖြိုးရေးကို သေချာမဖော်ဆောင်နိုင်ဘဲ စစ်ပွဲပြင်းထန်နေခဲ့တဲ့အတွက် ပြည်ထောင်စု ပီပီပြင်ပြင် မပေါ်ဘဲ မြန်မာကိုလိုနီအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ ဒါကြောင့် ဖက်ဒရယ်ညီလာခံခေါ်ပြီး နိုင်ငံရေးစနစ်ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်အာဏာသိမ်းမှုတွေနဲ့ပဲ သုံးကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။ စစ်တပ်ခေတ် အနှစ်ခြောက်ဆယ်အတွင်း စစ်ဝါဒပိုကြီးစိုးလာသလို လူမျိုးရေးနဲ့ ဘာသာရေး အစွန်းရောက်မှုတွေလည်း ပိုများလာပါတယ်။ ဒါကြောင့် မြန်မာပြည်ဟာ ဘော်လကန်ဖြစ်မှုနဲ့ နီးစပ်နေပြီဆိုပြီး လူမျိုးစုလက်နက်ကိုင်အရေး သုံးသပ်သူ တွေက စိုးရိမ်နေကြပါတယ်။
တခြားဘက်မှာလည်း နိုင်ငံရဲ့ နိုင်ငံရေးသန္ဓေဟာ တခြားနိုင်ငံတွေနဲ့မတူ ပေါက်ကွဲပြင်းထန်မှုတွေ များလို့ ခုလို စစ်မီးတောက်လောင်လို့ မပြီးဖြစ်နေတာလို့ ယူဆတဲ့ ပညာရှင်တချို့ ရှိပါတယ်။ ပုဂံခေတ်ကတည်းက ရှိခဲ့တဲ့ အားကောင်းသူ လူစွမ်းကောင်းတစု နယ်မြေ သိမ်းပိုက် စည်းရုံးတဲ့နည်းနဲ့ နိုင်ငံရေး ဆက်လုပ်နေကြလို့ နိုင်ငံဟာ ပဒေသရာဇ်ပုံစံထဲမှာ တဝဲလည်လည် ဖြစ်နေတယ်လို့ သူတို့က ယုံကြည်ပါတယ်။ ထိန်းနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ခေတ်မှာ နိုင်ငံအတော်တည်ငြိမ်ပြီး မထိန်းနိုင်သူ လက်မှာ နိုင်ငံဖရိုဖရဲဖြစ်တာဟာ အခြေခံအုတ်မြစ် မခိုင်တဲ့ ခေတ်နောက်ကျ နိုင်ငံတချို့မှာ တွေ့ရတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်ပါတယ်။ နိုင်ငံမှာ ခေတ်မီဝန်ထမ်းစနစ် မတည်ထောင်နိုင်တာ၊ လူထု ပညာရေး၊ စီးပွားရေး နိမ့်ကျချို့တဲ့တာနဲ့ ဘာသာရေး၊ လူမျိုးရေး အမြင် တွေက နိုင်ငံရေးမှာ ဖုံးလွှမ်းနေတာကလည်း ကိုလိုနီခေတ် မတိုင်မီက ကျန်ခဲ့တဲ့ နိုင်ငံရေးလက္ခဏာတွေ ဖြစ်ကြပါတယ်။ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင်တွေလက်ထဲ နိုင်ငံရဲ့ သယံဇာတနဲ့ စီးပွားရေးရင်းမြစ်တွေ ရထားပြီး လူအများစုက ဆင်းရဲနွမ်းပါးကြတာကြောင့်လည်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြိမ်ဖန်များစွာ ကြုံနေခဲ့ပါတယ်။
ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးဟာ မုန့်လုံးစက္ကူကပ်သလို ထွက်ပေါက်မဲ့ သံသရာလည်နေပြီး စစ်နဲ့ တော်လှန်ရေးတွေကြား နွံနစ် နေတဲ့အတွက် နောက်ထပ် ပြိုကွဲမှုတွေ ကြုံလာလေမလား တွက်ဆနေရပါတယ်။ မြေပြန့်က အာဏာပိုင်မင်းဆက်နဲ့ အစိုးရတွေက တောင်ပေါ်က လူမျိုးစု တွေကို ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားကြတာကလည်း ပုဂံခေတ်ကနေ နေပြည်တော်ခေတ်အထိ ကြုံတွေ့ခဲ့ပါတယ်။








