စစ်သုံးစရိတ် မြင့်မားလာတာက ရာသီဥတုပြောင်းလဲမှုကို ဘယ်လို ထိခိုက်စေလဲ

ဓာတ်ပုံ ရင်းမြစ်, Wojtek Radwanski/AFP via Getty Images
- ရေးသားသူ, နာဗင် ဆင်း ခါဒ်ကာ
- ရာထူးတာဝန်, သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘီဘီစီသတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၁၂
ရာသီဥတုပြောင်းလဲမှုက အဓိက လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီး ကမ္ဘာမှာ ကာဗွန်ထုတ်လွှတ်မှုတွေ ဆက်တိုးလာနေချိန်မှာပဲ ကမ္ဘာတစ်ဝန်းက စစ်တပ်တွေကတော့ သူတို့အနေနဲ့ အရေးပေါ် လက်နက်ပြန်လည်တပ်ဆင်ဖို့ လိုအပ်နေတယ်လို့ ပြောနေပါတယ်။
တကယ်တော့ မြင့်မားလာတဲ့ စစ်အသုံးစရိတ်တွေဟာ ရာသီဥတုပြောင်းလဲမှုကို အမှန်တကယ် အရှိန်မြှင့်ပေးသလိုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကမ္ဘာတစ်လွှားမှာ ရှည်ကြာနိုင်တဲ့ ပဋိပက္ခတွေ တိုးပွားလာတာက ကြိုမျှော်မှန်းနိုင်သလောက် အနာဂတ်မှာ စစ်အသုံးစရိတ်ပိုတိုးလာနိုင်သလို ကာဗွန်ထုတ်လွှတ်မှုလည်း မြင့်တက်လာနိုင်တာကို သိသိသာသာ အချက်ပြနေပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့အညီ နေထိုင်ရေးတို့အတွက် သုံးရမယ့် ရင်းမြစ်တွေကို ကာကွယ်ရေးအတွက် ပြောင်းလဲအသုံးပြုမှာကို ကျွမ်းကျင်သူအချို့က စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zhang Wei/China News Service/VCG via Getty Images
စစ်တပ်တွေက ကာဗွန် ဘယ်လောက် ထုတ်လွှတ်နေလဲ
ကမ္ဘာတစ်လွှားမှာ စစ်တပ်တွေ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အချက်အလက်တွေပေါ် စိစစ်ထားတဲ့ အချက်အလက်ရင်းမြစ် တစ်ခုမှမရှိပေမဲ့ အချို့အစိုးရတွေကတော့ အဲဒီအချက်အလက်တွေကို ဆန္ဒအလျှောက် အများပြည်သူဆီ ထုတ်ပြန်ပေးတာမျိုး ရှိပါတယ်။
အချို့ကျွမ်းကျင်သူတွေကတော့ မှန်းဆချက်တွေနဲ့ တွက်ချက်မှုတွေအပေါ် မူတည်ပြီး ကမ္ဘာ့လုံးဆိုင်ရာ ခြုံငုံသုံးသပ်ချက်တစ်ခု ရယူနိုင်ခဲ့ကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နောက်ဆုံးအစီရင်ခံစာအရဆိုရင် "ကမ္ဘာတစ်လွှားက စစ်တပ်တွေရဲ့ ကာဗွန်ထုတ်လွှတ်မှုဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၃.၃ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းကြား ပါဝင်နေတယ်လို့ လက်ရှိအကောင်းဆုံးခန့်မှန်းချက်တွေက ဖော်ပြနေပါတယ်။"
ကမ္ဘာပေါ်က စစ်တပ်တွေသာ နိုင်ငံတစ်ခုသာဖြစ်မယ်ဆိုရင် ဒီနိုင်ငံရဲ့ကာဗွန်ထုတ်လွှတ်မှုဟာ တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယပြီးရင် လေးခုမြောက်အများဆုံးထုတ်တဲ့နိုင်ငံ ဖြစ်လိမ့်မယ်လို့ ပူးတွဲအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။ ဒီပူးတွဲအစီရင်ခံစာကို စစ်ရေးလုပ်ဆောင်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကြောင်းတွေကို သုတေသနလုပ်တဲ့ ယူကေအခြေစိုက် ပရဟိတအဖွဲ့ Conflict and Environment Observatory (ပဋိပက္ခနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့)နဲ့ သိပ္ပံနဲ့နည်းပညာကို ကျင့်ဝတ်နဲ့အညီအသုံးပြုရေး ဆော်သြနေတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်း Scientists for Global Responsibility (ကမ္ဘာလုံးဆိုင်ရာတာဝန်ခံမှုအတွက် သိပ္ပံပညာရှင်အဖွဲ့) တို့က ရေးသားခဲ့တာပါ။
ကမ္ဘာတစ်ဝန်းမှာ စစ်အသုံးစရိတ်တွေ တိုးလာတာကြောင့် ထိခိုက်မှု ပိုဆိုးရွားလာနိုင်တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာလုံးဆိုင်ရာ စစ်တပ်အသုံးစရိတ်ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂.၇ ထရီလျံအထိ ရောက်ခဲ့ပြီး အရင်နှစ်ကထက် ၉.၄ ရာခိုင်နှုန်း မြင့်တက်လာသလို အနည်းဆုံး စစ်အေးကာလ ပြီးဆုံးပြီးကတည်းက စံချိန်တင်အမြင့်ဆုံး ဖြစ်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ပဋိပက္ခတွေကို သုတေသနပြုနေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၀၀ ကျော်က သူတို့ရဲ့စစ်အသုံးစရိတ်တွေကို ၂၀၂၄ ခုနှစ်အတွင်းမှာ တိုးမြှင့်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အလျင်အမြန်ကို တိုးမြှင့်ခဲ့ကြပါတယ်။
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)ဟာ သူတို့ရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ၂၀၃၅ ခုနှစ်လောက်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးအသုံးစရိတ်တွေကို နိုင်ငံရဲ့ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)ရဲ့ ၂ ရာခိုင်နှုန်းက နေ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြမယ်လို့ ၂၀၂၅ အစောပိုင်းက ကြေညာခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်တွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု စုစုပေါင်း ပမာဏဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ တန် သန်း ၃၀ အထိတိုးလာခဲ့ပါတယ်။ အဲဒီကာလမှာပဲ စစ်အသုံးစရိတ်တွေလည်း တိုးမြင့်လာပါတယ်။
ဒီပမာဏဟာ အကြမ်းဖျင်းအားဖြင့် လမ်းပေါ်မှာ ကား ၈ သန်းမောင်းလို့ ထွက်လာတဲ့ ကာဗွန်ပမာဏနဲ့ ညီမျှတယ်လို့ Transnational Institute အဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ သုတေသနလုပ်ပြီး ဆော်သြနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု အကြီးဆုံးလုပ်သူတချို့
တိုက်လေယာဥ်တွေ၊ တင့်ကားတွေ၊ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောလို အကြီးစားလက်နက်တွေ လည်ပတ်နိုင်ရေးအတွက် အတော်များများ လိုအပ်တဲ့ လောင်စာတွေ လျှော့ချဖို့အရေးဟာ တကယ့်စိန်ခေါ်မှုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ စစ်ဆင်ရေးတွေထဲက တိုက်လေယာဥ်တွေဟာ စွမ်းအင်အများဆုံးအသုံးပြုတဲ့အရာတွေထဲမှာ ပါတယ်လို့ သူတို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်အတွင်း အမေရိကန်စစ်တပ်ထဲမှာ စစ်လေယာဥ်တွေအတွက် သုံးရတဲ့ စွမ်းအင်က ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုလုံးမှာ သုံးစွဲရတဲ့ စွမ်းအင်ပမာဏရဲ့ ၅၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ (အမေရိကန်မှာ ကာကွယ်ရေးဝန်ကြီးဌာနကို အခုအခါ စစ်ဝန်ကြီးဌာနလို့လည်း ဒုတိယအမည်ပေးထားပါတယ်။)
အမေရိကန်လေတပ်ရဲ့ F-35 တိုက်လေယာဥ်တစ်စင်း ရေမိုင် ၁၀၀ (၁၈၅ ကီလိုမီတာ) ပျံသန်းလို့ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ယူကေက ပုံမှန် ဓာတ်ဆီကားတစ်ကားရဲ့ ကာဗွန်ထုတ်လွှတ်မှု ၁ နှစ်စာနဲ့ ညီမျှတယ်လို့ နေးချား (သဘာဝ) ဂျာနယ်က ၂၀၂၂ ခုနှစ်မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြပါတယ်။
"အမေရိကန်စစ်တပ်တစ်ခုတည်းက အသုံးပြုတဲ့ လေယာဉ်တွေက ထွက်လာတဲ့ ကာဗွန်ပမာဏဟာ အမေရိကန်က လူစီးကား ၆ သန်းရဲ့ ထုတ်လွှတ်မှုပမာဏနဲ့ ညီမျှတယ်" လို့ အဲဒီမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hakan Akgun/Anadolu via Getty Images
ဒါပေမဲ့ အမေရိကန်ကတော့ သူ့ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၄ မှာ အရင်နှစ်ကထက် ၅.၄ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာလို့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျုက ဖော်ပြပါတယ်။
"စစ်လက်နက်ပစ္စည်းတွေ တိုးပွားဖို့အတွက် စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုတွေ တိုးမြှင့်တာကြောင့် စွမ်းအင်အလွန်အမင်း လိုအပ်လာပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးစေတဲ့ စစ်ဘက်ရေးရာနည်းပညာတွေမှာတော့ တိုးတက်မှုက အကန့်အသတ် ရှိနေတယ်" လို့ ပဋိပက္ခနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က ဒေါက် ဗီယာက ပြောပါတယ်။
ရှင်းလင်းတဲ့ ဦးစားပေးမှုများ
စစ်အသုံးစရိတ်တွေတိုးမြှင့်ခြင်းက ကာဗွန်ထုတ်လွှတ်မှုအတွက် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာနဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေမှာ ကာဗွန်ထုတ်လွှတ်မှုလျော့ချဖို့ အစီအစဥ် ရှိသလားဆိုတာကို အမေရိကန် စစ်ဝန်ကြီးဌာနကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
"အမေရိကန်စစ်ဝန်ကြီးဌာနဟာ အဓိကတိုက်ခိုက်ရေးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့ ရာသီဥတုပြောင်းလဲမှုအစီအစဥ်တွေ၊ လုပ်ငန်းတွေကို ဖယ်ရှားရှင်းလင်းနေတယ်" လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ရှောင်ပါနေးလ်က အီးမေးလ်ကတဆင့် ဘီဘီစီကို ဖြေကြားပါတယ်။
"အဓိကကြိုးပမ်းလုပ်ဆောင်နေတဲ့ ကဏ္ဍတွေအဖြစ် အသက်အန္တရာယ်ဖြစ်စေမှု၊ စစ်ဆင်ရေးနဲ့ အသင့်အနေအထားရှိမှုတွေ တိုးတက်လာစေဖို့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ အဲဒီအရာတွေအတွက် နည်း ၃ နည်းနဲ့ လုပ်ဆောင်နေပါတယ်။ စစ်သည်စိတ်ဓါတ်၊ စစ်တပ် ပြန်လည်တည်ဆောက်ခြင်းနဲ့ ခြိမ်းခြောက်မှုကိုဟန့်တားခြင်း နည်းလမ်းတွေ ဖြစ်ပါတယ်။"
အဲဒီအလားတူမေးခွန်းတွေကို နေတိုးအဖွဲ့ကိုလည်း မေးခဲ့ရာမှာ ပြန်လည်မတုံ့ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကာဗွန်ထုတ်လွှတ်မှုတိုးမြင့်လာတာကို ခုနှိမ်ဖို့ နေတိုးအဖွဲ့ရဲ့ ကြိုးပမ်းမှုက အထူးတလည် ထိရောက်မှု မရှိဘူးလို့ ပြောပါတယ်။
"အခုလက်ရှိမှာတော့ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အားထုတ်မှုတွေဟာ လက်နက်ပြန်လည်တပ်ဆင်မှုဘတ်ဂျက် အတိုင်းအတာနဲ့နှိုင်းယှဥ်ရင် အတော်နည်းနေပါသေးတယ်" လို့ ဘရပ်ဆဲလ်မြို့အခြေစိုက် စစ်ဘက်ဆိုင်ရာအသင်းများနှင့် အလုပ်သမားသမဂ္ဂများဆိုင်ရာ ဥရောပအဖွဲ့က မူဝါဒဆိုင်ရာအကြီးတန်းအရာရှိ ဒီမီထရာ ကူတူဇီက ပြောပါတယ်။
"ဥရောပရဲ့ ကာကွယ်ရေးလုပ်ငန်းတွေဟာ စီမံချက်တွေစတင်ရေးဆွဲစဉ်ကတည်းက စွမ်းအင်ခြွေတာမှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးတွေကို ပေါင်းစပ်လုပ်ဆောင်လာကြပေမဲ့ အခုစတင်တဲ့ စနစ်တွေက လက်တွေ့အကောင်အထည်ပေါ်လာဖို့ဆိုရင် နှစ်အတော်ကြာ အချိန်ယူရဦးမှာ ဖြစ်တယ်" လို့ သူက သတိပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Syed Mahamudur Rahman/NurPhoto via Getty Images
စစ်ပွဲကုန်ကျစရိတ်
ရာသီဥတုပြောင်းလဲမှုနဲ့ဆက်စပ်ပြီး ပဋိပက္ခတွေရဲ့ ကုန်ကျစရိတ်ကို တိတိကျကျတိုင်းတာဖို့ ခက်ခဲပေမဲ့ လတ်တလောစစ်ပွဲတချို့ဟာ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကြီးမားတာကိုတော့ ညွှန်ပြနေပါတယ်။
ရုရှား-ယူကိန်းစစ်ပွဲအပေါ် သုံးသပ်ချက်တစ်ခုမှာ ပဋိပက္ခရဲ့ ပထမ နှစ်နှစ်အတွင်းမှာ ထုတ်လွှတ်ခဲ့တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့က တန် ၁၇၅ သန်းရှိတယ်လို့ ၂၀၂၄ ခုနှစ်အတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ ခန့်မှန်းထားပါတယ်။

အစ္စရေး-ဂါဇာစစ်ပွဲ နဲ့ပတ်သက်ပြီး မေလက ထုတ်ပြန်တဲ့ နောက်လေ့လာမှုတစ်ခုအရ စစ်ရေးလှုပ်ရှားမှုတွေကနေ တိုက်ရိုက်ထုတ်လွှတ်တဲ့ ကာဗွန်တန် ၁.၉ သန်းနီးပါးရှိပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံနဲ့ ကမ္ဘာ့သီးခြားနယ်မြေတွေကထုတ်လွှတ်တဲ့ နှစ်စဥ် ကာဗွန်ထုတ်လွှတ်မှု ပမာဏထက်ပိုများတယ်လို့ ဆိုပါတယ်။
"မြန်ဆန်တဲ့ ဂျက်လေယာဥ် ဒါမှမဟုတ် စစ်သင်္ဘော ဒါမှမဟုတ် တင့်ကားတစ်စီးမှာပဲ ဖြစ်ဖြစ် ကာဗွန်မထွက်အောင် လုပ်လို့ရတဲ့ နည်းပညာမျိုးတော့ ကျွန်တော်တို့မှာ မရှိသေးဘူး" လို့ ဗြိတိသျှစစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ် နေတိုးအဖွဲ့ အကြီးတန်းအရာရှိဟောင်းလည်းဖြစ်သူ ရစ်ချက် နျူဂျီက ပြောပါတယ်။
"အဲဒါကြောင့် ကျွန်တော်တို့ဟာ ပကတိအခြေအနေကို လက်ခံဖို့ လိုတယ်။ အဲဒါကတော့ နည်းပညာ မပေါ်သေးသရွေ့ ကာဗွန်ထုတ်လွှတ်မှုတွေကို ကျွန်တော်တို့ဖြစ်ချင်သလောက် လျော့ချနိုင်မှာ မဟုတ်ဘူးဆိုတာကိုပါ။"
ဒါကြောင့် ကာကွယ်ရေးအတွက် ငွေပိုသုံးတယ်ဆိုတာက ရာသီဥတုပြောင်းလဲမှု အရေးအတွက် ငွေလျော့သုံးရတာမျိုးလို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။
စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာတော့ ကုလသမဂ္ဂရဲ့ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်အတွက် နှစ်ပတ်လည် ဘဏ္ဍာရေးလိုငွေပြမှုက ၄ ထရီလျံ ဒေါ်လာ ရှိပါတယ်။ အဲဒီပမာဏရဲ့ ထက်ဝက်ဟာ စွမ်းအင်နဲ့ ရာသီဥတုပြောင်းလဲမှုအတွက် လိုအပ်တဲ့ ရန်ပုံငွေမပြည့်မီမှု ဖြစ်ပါတယ်။
ဒီရန်ပုံငွေလိုအပ်ချက်ဟာ လာမယ့်နှစ်တွေမှာ အမေရိကန်ဒေါ်လာ ၆.၄ ထရီလျံ အထိကို ရောက်ရှိလာမှာ ဖြစ်ပြီး ကမ္ဘာ့တစ်လွှား စစ်ရေးအသုံးစရိတ်ကတော့ ၂ဝ၃၅ ခုနှစ်မှာ ဒေါ်လာ ၆.၆ ထရီလျံထိ ရောက်ရှိလာနိုင်တယ်လို့ အဲဒီအစီရင်ခံစာက သတိပေးထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေရဲ့ စစ်အသုံးစရိတ်ဟာ ရာသီဥတုဒဏ်အဆိုးရွားဆုံး ခံရတဲ့နိုင်ငံတွေအတွက် ရာသီဥတုဆိုင်ရာရန်ပုံငွေထောက်ပံ့မှုထက် အဆ ၃၀ ပိုများနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sean Gallup/Getty Images
အဇာဘိုင်ဂျန်မှာလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP29) ဆွေးနွေးမှုအရ ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးရွားဆုံး အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် တစ်နှစ်ကို ဒေါ်လာ ၁ ထရီလျံကျော်လိုအပ်တယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြောဆိုခဲ့ကြပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့ ၂၀၃၅ ခုနှစ်လောက်မှာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ထောက်ပံ့ဖို့ သဘောတူခဲ့ကြပါတယ်။
"ကမ္ဘာတစ်လွှားက စစ်အသုံးစရိတ်ဟာ နှစ်စဥ် ဒေါ်လာ ၂.၅ ထရီလျံ ရှိတယ်" လို့ ၂ဝ၂၄ နိုဝင်ဘာလက အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့မှာ ပြုလုပ်တဲ့ COP29 ရာသီဥတုဆိုင်ရာဆွေးနွေးပွဲက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပနားမားအထူးကိုယ်စားလှယ် ဂျူဟန် ကားလို့စ် မွန်တီရေး ဂိုးမက်ဇ်က ပြောပါတယ်။
"အချင်းချင်းသတ်ဖြတ်ဖို့အတွက် ဒေါ်လာ ၂.၅ ထရီလျံဆိုတာကျ သိပ်မများဘဲ လူတွေရဲ့အသက်ကယ်ဖို့ ဒေါ်လာ ၁ ထရီလျံဆိုတာက သိပ်များလွန်းတယ်ဆိုတာမျိုး ဖြစ်နေကြတယ်။"
ဒါပေမဲ့လည်း အခုအခါ သူတို့အရင်ပေးထားခဲ့တဲ့ ကတိကဝတ်ကိုတောင် ဖြည့်ဆည်း နိုင်ပါ့မလားဆိုတဲ့အပေါ်မှာကို သံသယရှိနေကြရပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ရဲ့အဆိုအရ ၂ဝ၂၅ ခုနှစ်ကနေ ၂ဝ၂၇ ခုနှစ်ကာလအတွက် ရာသီဥတုဆိုင်ရာဘဏ္ဍာရေးအပါအဝင် နိုင်ငံခြားအကူအညီဖြစ်တဲ့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီတွေကို ဖြတ်တောက်ဖို့ အလှူရှင်နိုင်ငံ ၁၁ နိုင်ငံက ထုတ်ပြန်ထားပါတယ်။
ဥပမာ ယူကေနိုင်ငံဟာ ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံ့မှု တိုးမြှင့်ဖို့အတွက် နိုင်ငံရပ်ခြားအကူအညီငွေကို နိုင်ငံရဲ့စုစုပေါင်းဝင်ငွေရဲ့ ဝ.၅ ရာခိုင်နှုန်းကနေ ၂ဝ၂၇ ခုနှစ်မှာ ဝ.၃ ရာခိုင်နှုန်းအထိ လျော့ချဖို့ ရှိနေပါတယ်။
"ကျွန်တော်တို့ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ် စစ်တပ်တွေကတော့ ကျွန်တော်တို့မှာ ရှိနေမှာပါ" လို့ ဗိုလ်ချုပ် နျူဂျီးက ပြောပါတယ်။
"စစ်ပွဲအတွင်း စစ်တပ်တွေရဲ့ ကာဗွန်ထုတ်လွှတ်မှု တိုးမြင့်တာကို ရပ်တန့်ဖို့ အကောင်းဆုံး နည်းလမ်းဟာ အားကောင်းတဲ့စစ်တပ်တစ်ခု အရင်ရှိနေရမှာဖြစ်ပြီး ဒါက စစ်မဖြစ်အောင် အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ ဒီအပေါ် နေတိုးအဖွဲ့နဲ့ ဗြိတိန်တို့က ကြိုးစားပြီးလုပ် ဆောင်နေတာပါတယ်။"
ဒါပေမဲ့ ဒါရဲ့ အကျိုးဆက်အနေနဲ့ ဆိုးရွားလာတဲ့ ရာသီဥတုရဲ့ သက်ရောက်မှုတွေကို အားကောင်းတဲ့ စစ်တပ်တွေက တကယ်ပဲ ကာကွယ်ပေးနိုင်မလား၊ ဒါမှမဟုတ် ဆိုးကျိုးတွေပဲ ပိုမြန်မြန်ဆန်ဆန်ဖြစ်လာမလားဆိုတာကို တချို့ကတော့ စဥ်းစား သုံးသပ်နေကြပါတယ်။












