တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား

ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC Design

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဖတ်ရန်အချိန်: မိနစ် ၈

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမယ့်သူအဖြစ် ရေပန်းစားလာပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေကပဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

အစိုးရသစ်ဖွဲ့ဖို့ ရက်သတ္တပတ်အနည်းငယ်သာလိုတော့တဲ့အချိန်မှာ တပ်တွင်းက ထိပ်တန်း ရာထူးအပြောင်းအရွှေ့တွေဖြစ်ပေါ်ခဲ့ပြီး တပ်ရဲ့ထောက်လှမ်းရေးအကြီးအကဲတစ်ဦး ပထမဆုံးအကြိမ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာတာပါ။

မြန်မာ့တပ်မတော်မှာ ၁၅ နှစ်အတွင်း တပ်ချုပ်ရာထူးအပြောင်းအလဲကို စမြင်ရဖို့ အလားအလာများနေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူအယုံကြည်ရဆုံးလူကို တပ်ချုပ်နေရာမှာ ချန်ရစ်ပြီး တပ်ကို ဆက်လက်သြဇာလွှမ်းမိုးထားဖို့ ရည်ရွယ်တာ ထင်ရှားပါတယ်။

ဗိုလ်သင်တန်း အပတ်စဥ် ၇၇ ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးသာ တပ်ချုပ်ဖြစ်လာရင် စစ်တက္ကသိုလ် DSA ဆင်းမဟုတ်တဲ့ တပ်ချုပ်တစ်ဦး ထပ်ပေါ်လာမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ OTS ကနေ တပ်ချုပ်ဖြစ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွယ်လွယ်မရနိုင်တဲ့ အစဥ်အလာတွေအတိုင်း မထင်မှတ်တာတွေဖြစ်လာတတ်တာကိုလည်း မေ့မထားသင့်ပါဘူး။

တပ်ချုပ်ရာထူး မှန်းတိုင်းမရ

တပ်ချုပ်မဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း(ဝဲ)နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ယာ)ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(လယ်)နဲ့အတူတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်ချုပ်မဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း(ဝဲ)နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ယာ)ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(လယ်)နဲ့အတူတွေ့ရ

လွန်ခဲ့တဲ့ ၃၃ နှစ်အတွင်း တပ်ချုပ်ရာထူးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှစ်ဦးတည်းရှိနေခဲ့တာက ဒီနေရာရောက်ဖို့ဘယ်လောက်ခက်ခဲလဲဆိုတဲ့ အကောင်းဆုံး ဥပမာဖြစ်ပါတယ်။

တပ်ချုပ်နေရာကို သေချာပေါက်ရမယ်လို့ ထင်ကြေးပေးခံရပြီးမှ လွဲခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အမြောက်အမြားပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဝေးသေးတဲ့ အကောင်းဆုံးဥပမာက ပထမဆုံး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဖြစ်ပါတယ်။

ညှိကွပ်လို့အတိုကောက်ခေါ်တဲ့ တပ်မတော်ရဲ့ နံပါတ် ၃ အဆင့်ရှိတဲ့ ရာထူးမှာ ဆယ်စုနှစ်တစ်ခုဝန်းကျင်နေခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပြုစုပျိုးထောင်ခြင်းကိုခံခဲ့ရပြီး အနာဂတ်တပ်ချုပ်လို့ သံတမန်အသိုင်းအဝိုင်းမှာရော တပ်တွင်းမှာပါ သတ်မှတ်ထားခံခဲ့ရတာပါ။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်ချုပ်နေရာအတွက် သူ့ကိုကျော်ပြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်ချုပ်နေရာလွှဲခဲ့ပါတယ်။

နောက်ထပ် အနီးဆုံးဥပမာတစ်ခုကတော့ ၂၀၂၁ အာဏာသိမ်းပွဲမှာ အဓိကနေရာကပါဝင်ခဲ့သူ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းပါ။

စစ်တက္ကသိုလ်အပတ်စဥ် ၃၀ ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကို တပ်ချုပ်နေရာအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လျာထားပေမဲ့ အဂတိလိုက်စားမှုစွဲချက်နဲ့ ထောင်နန်းစံခဲ့ရပါတယ်။

ဒါ့အပြင် ညှိကွပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသဘောကျနှစ်ခြိုက်ခဲ့သူတစ်ဦးဖြစ်ပေမဲ့ တပ်ချုပ်ဖြစ်မလာခဲ့ပါဘူး။

ညှိကွပ်ရာထူးမှာ ဗိုလ်ချုပ်ကြီး ၇ ဦးအထိတာဝန်ထမ်းဆောင်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တစ်ယောက်ပဲ တပ်ချုပ်ဖြစ်လာခဲ့တာပါ။

လက်ရှိညှိကွပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို အနာဂတ်တပ်ချုပ်အဖြစ် မကြာခင်ကအထိ ထင်ကြေးပေးခဲ့ကြပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာတာကြောင့် တပ်ချုပ်နေရာအတွက် အပြိုင်ဖြစ်လာနေပါတယ်။

"ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်း စီနီယာတွေအများကြီးရှိတဲ့ထဲကမှ ဘယ်သူမှ မထင်ထားတဲ့ ဦးမင်းအောင်လှိုင်ကို လွှဲခဲ့တာ" လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးဆိုရင်လည်း တပ်ချုပ်ဖြစ်ဖို့လက်တကမ်းရောက်နေပေမဲ့ ဒုချုပ်ဘဝနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း ဦးအေးလမ်းစဥ်လိုက်မလား တပ်ချုပ်ဖြစ်သွားမလားဆိုတာ အဖြေပေါ်ဖို့ ရက်သတ္တပါတ် အနည်းငယ်ပဲလိုပါတော့တယ်။

ညှိကွပ်နဲ့ ကကကြည်း

ဗိုလ်ချုပ်ကြီးကျော်စွာလင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးကျော်စွာလင်း

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေကပဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရာထူးခွဲပေးလိုက်ရလို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဒုချုပ်တာဝန်တစ်ခုတည်းပဲ ရှိတော့ပါတယ်။

ဒါကြောင့် တပ်အင်္ဂါစဥ်မှာ နံပါတ် ၂ အဆင့်ရှိသူကိုင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နဲ့ နံပါတ် ၃ မှာရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ဘယ်သူက အင်္ဂါစဥ်မြင့်လဲဆိုတဲ့ မေးခွန်းထွက်လာပါတယ်။

"တပ်အင်္ဂါစဥ်မှာတော့ ညှိနှိုင်းကြီးက ပိုမြင့်ပါတယ်" လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ နိုင်ငံရေးရာထူးမှာ စစ်ကော်မရှင်အတွင်းရေးမှူးနဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံး တွဲဖက်အမှုဆောင်ချုပ်တာဝန်တွေယူထားပြီး စစ်ခေါင်းဆောင်ရဲ့ အနီးကပ်လူဖြစ်ပါတယ်။

ဒါကြောင့် အစိုးရသစ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆက်ဦးဆောင်ရင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ အခန်းကဏ္ဍက ဆက်လက်ကြီးမားနေဦးမှာဖြစ်ပါတယ်။

ဗိုလ်သင်တန်း OTS ၇၇ ဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအထိ ရောက်လာဖို့ ရေပန်းစားနေပေမဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၃၅ ဆင်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းပဲ တပ်ချုပ်ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေလည်းရှိနေပါသေးတယ်။

ဗိုလ်သင်တန်း OTS ၇၇ ဟာ DSA ၃၀ နဲ့ ကျောင်းဆင်းနှစ်တူတဲ့အတွက် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဗိုလ်ချုပ်ကြီးကျော်စွာလင်းထက် စီနီယာကျပါတယ်။

"DSA ဆင်းကိုပဲ တပ်ချုပ်ပေးမယ်ထင်တယ်။ OTS ကို တပ်ချုပ်ပေးမယ်မထင်ဘူး" လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ကာကွယ်ရေးဝန်ကြီးနေရာနဲ့ပဲ ကျေနပ်ရလိမ့်မယ် လို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။

သူ့ရှေ့က ညှိကွပ်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့လည်း ကာကွယ်ရေးဝန်ကြီးတွေအဖြစ် ပြောင်းရွှေ့ခံခဲ့ကြရဖူးပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကူးအပြောင်းမှာတော့ ညှိကွပ်က တပ်ချုပ်ဖြစ်လာခဲ့လို့ အဲဒီအစဥ်အလာအတိုင်းဖြစ်လာရင်တော့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်ချုပ်နေရာကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

"ဦးမင်းအောင်လှိုင်က နောက်ကျောလုံချင်မှာပဲ၊ အမိန့်နာခံတတ်မှုနဲ့ သစ္စာခံမှုကိုပဲ ကြည့်ရွေးမှာပဲ" လို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ထိပ်တန်းတပ်ရာထူးအပြောင်းအရွှေ့တွေ

စစ်တပ်ထိပ်တန်းဗိုလ်ချုပ်တွေကို နေပြည်တော်က အခမ်းအနားတစ်ခုမှာတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်းတွေ ထိပ်ပိုင်းနေရာရောက်လာ

လစ်လပ်သွားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာကို စစ်တက္ကသိုလ်အပတ်စဥ် ၃၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ကိုထိုက် ရောက်လာပါတယ်။

သူက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ကနေ စရခချုပ်ဖြစ်လာသူပါ။

လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်နေရာကို လျာထားခံခဲ့ရပေမဲ့ မထင်မှတ်ဘဲ စရခချုပ်ဖြစ်လာပါတယ်။

အပတ်စဥ် ၃၈ ဆင်းတွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ငါးဦးအထိ ရှိနေပြီး လာမယ့်အပြောင်းအလဲမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နဲ့ အရာရှိချုပ်နေရာတွေကို DSA ၃၈ တွေက လွှမ်းမိုးလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်း၊ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်တို့ကလည်း DSA ၃၈ ဆင်းတွေ ဖြစ်ကြပါတယ်။

အရေးကြီးတဲ့တိုင်းမှူးနေရာတချို့လည်း အပြောင်းအလဲဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့သွားပါတယ်။

ဒါပေမဲ့ လာမဲ့ မတ်လကုန် ပါလီမန်တွေရှိလာပြီး အစိုးရသစ်တွေ ပေါ်လာမယ့် အပြောင်းအလဲနဲ့အတူ တပ်ရာထူးအပြောင်းအရွှေ့တွေက ထပ်လာဖို့ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ တပ်ချုပ်ရာထူးကအနားယူခဲ့ရင် ၁၅ နှစ်အတွင်းမှာ တပ်ထိပ်ပိုင်းခေါင်းဆောင်နေရာ ပထမဆုံးအပြောင်းအလဲဖြစ်လာမှာပါ။

တပ်ချုပ်ရာထူးဆက်ခံမယ့်သူနေရာအတွက် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းထက် ထောက်လှမ်းရေးအကြီးအကဲကနေ ကြည်းတပ်အကြီးအကဲအထိဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပိုပြီးရေပန်းစားလာနေပါတယ်။