ဗိုလ်ချုပ်ကြီးကျော်စွာလင်း အနာဂတ်တပ်ချုပ်လား

အသက် ၅၀ စွန်းစွန်းသာရှိသေးတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးရဲ့ တက်လမ်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပေါ်မှာပဲ မူတည်နေပါတယ်။
ဓာတ်ပုံ ပုံစာ, အသက် ၅၀ စွန်းစွန်းသာရှိသေးတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးရဲ့ တက်လမ်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပေါ်မှာပဲ မူတည်နေပါတယ်။

မြန်မာစစ်တပ်မှာနံပါတ်သုံး အဆင့်ရှိတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာရှိနေပေမဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အဲဒီရာထူးနေရာရခဲ့ပြီးတဲ့နောက် တပ်ချုပ်ဖြစ်လာသူတစ်ဦးသာ ရှိခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ စတင်တီထွင်ခဲ့တဲ့ ဒီရာထူးကို ဗိုလ်ချုပ်ကြီး ၆ ဦးအထိ တာဝန်ယူခဲ့ကြပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးပဲ တပ်ချုပ်ဖြစ်လာခဲ့ပါတယ်။

အခုနောက်ဆုံး ခုနစ်ယောက်မြောက် ညှိကွပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို အနာဂတ်တပ်ချုပ် ဖြစ်လာမယ်လို့ စစ်ရေးအကဲခတ်တွေက ထင်ကြေးပေးနေကြပါတယ်။

အသက် ၅၀ စွန်းစွန်းသာရှိသေးတဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးရဲ့ တက်လမ်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပေါ်မှာပဲ မူတည်နေပါတယ်။

စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဘာကြောင့်သဘောကျသလဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်တဲ့ မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ရေးမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အဓိက နေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်တဲ့ မာရဝိဇယ ရုပ်ပွားတော် တည်ဆောက်ရေးမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အနာဂတ်တပ်ချုပ်ဖြစ်လာမယ်လို့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ထင်ကြေးပေးခံရတဲ့ အဓိကအကြောင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားသူဖြစ်လို့ ဖြစ်ပါတယ်။

''ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူတွေကိုမယုံကြည်တတ်သူ'' လို့ စစ်ရုံးမှာ နာမည်ကြီးပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူး ၁၃ နှစ်အတွင်း စစ်ဗိုလ်ချုပ်ဒါဇင်ပေါင်းများစွာကို အပြောင်းအလဲလုပ်ခဲ့သလို သူယုံကြည်ရနိုင်တဲ့ ဗိုလ်ချုပ်တချို့ကိုလည်း ရှာဖွေနေခဲ့ပါတယ်။

''ထောက်လှမ်းရေးစကားနဲ့ပြောရရင် ရှာ/မှတ် ပေါ့။ ပြုစုပျိုးထောင်ဖို့ ရှာဖွေမှတ်သားထားရတဲ့ အရာရှိတွေပေါ့'' လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီထဲမှာ စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နဲ့ အပတ်စဉ်(၃၅) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း တို့ နှစ်ယောက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သဘောကျတဲ့အထဲ ထိပ်ဆုံးက ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ဒီစစ်ဗိုလ်ချုပ်နှစ်ယောက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရုံးမှာခေါ်ထားပြီး သူတို့နှစ်ယောက်စလုံးဟာ ရာထူးလည်းအတက်မြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးက အရာရှိငယ်ဘဝမှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဒုချုပ်ရုံးက လူတွေဖြစ်လို့ စစ်ရုံးရဲ့လုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ သမ္မတအိပ်မက်ရှိခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တပ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒုချုပ်အဖြစ်ထားခဲ့ဖို့ လျာထားခဲ့တာလို့ စစ်ရုံးကဘီဘီစီအရင်းအမြစ်က ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့လည်း အလျင်အမြန်ပဲ ထိပ်တန်းရာထူးတွေရလာခဲ့ကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်မှာ နံပါတ် (၆) အဆင့်ရှိတဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးအထိ ရောက်ပြီးမှ လာဘ်စားမှုနဲ့ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလာဘ်စားမှုနဲ့ အရေးယူခံရအပြီးမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ၂၀၂၅ ရွေးကောက်ပွဲအလွန်မှာ ချန်ထားခဲ့မဲ့ တပ်ချုပ်လောင်းအဖြစ် တပ်တွင်းမှာ ရှုမြင်ခံလာ ရပါတယ်။

''အဓိကက အသက်ပေါ့။ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက အသက် ၅၀ ဝန်းကျင်ပဲရှိသေးတယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင်သမ္မတလုပ်ရင် သက်တမ်းနှစ်ကြိမ်လောက်အထိ တပ်ချုပ်အဖြစ်ထားခဲ့လို့ရမယ်လို့ စဉ်းစားပုံရတယ်'' လို့ ဘီဘီစီရဲ့စစ်ရုံးသတင်းအရင်းအမြစ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးကျော်စွာလင်း လာရာလမ်း

ရုရှားခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ရုရှားခရီးစဉ်မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ရုံးမှာ ဒုဗိုလ်မှူးကြီးအဆင့်ပဲ ရှိပါသေးတယ်။

ဒါကြောင့် ဒုဗိုလ်မှူးကြီးအဆင့်ကနေ ဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ ရာထူးအဆင့်ဆင့်တိုးပေးခဲ့တဲ့ လူရင်းဖြစ်ပါတယ်။

သူ့ကို အဓိက အပြောင်းအလဲဖြစ်စေခဲ့တာက ၂၀၁၇ ခုနှစ် ရခိုင်မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာစစ်ဆင်ရေး ဖြစ်ပါတယ်။

အဲဒီတုန်းက ဗိုလ်ချုပ်ကြီးကျော်စွာလင်းက စစ်ရုံးမှာ စစ်ဦးစီးဗိုလ်မှူးချုပ်ဖြစ်ပြီး တပ်ချုပ်နဲ့ တိုင်းမှူးတွေကြားထဲက အဆက်အသွယ်ဖြစ်ပါတယ်။

''Operation room မှာ သူက စစ်ဆင်ရေးကို ရှင်းပြရတာ။ တပ်ချုပ်က သူ့ကိုတော်တော်သဘောကျတာ'' လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ရုံးမှာ စစ်ဦးစီးဗိုလ်မှူးချုပ်ရာထူးဟာ မြေပြင်က စစ်ဆင်ရေးအခြေအနေတွေကို တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးတွေကိုရှင်းပြရတဲ့ အရေးပါတဲ့ရာထူးတစ်ခုဖြစ်ပါတယ်။

''တိုင်းမှူးတွေက တပ်ချုပ်ကိုတိုက်ရိုက်ဖုန်းဆက်တင်ပြလို့မရဘူးလေ။ စစ်ဆင်ရေးအခြေအနေတွေကို စစ်ဦးစီးဗိုလ်မှူးချုပ်က တဆင့်ပဲသွားရတာ'' လို့ စစ်ဘက်အရာရှိဟောင်းတစ်ဦးက ရှင်းပြပါတယ်။

ဗိုလ်မှူးချုပ်ကျော်စွာလင်းဟာ ၂၀၁၈ မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရာထူးတိုးခံရပြီး ဗိုလ်ချုပ်ဖြစ်လာပါတယ်။

သူတိုင်းမှူးတာဝန်ယူစဉ် ၂၀၁၉ ခုနှစ်မှာ ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်ကို တအာင်းတပ် TNLA က ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တဲ့ဖြစ်စဉ်က ထင်ရှားပါတယ်။

တိုင်းမှူးတာဝန်ယူပြီး နှစ်နှစ်အကြာမှာပဲ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ပေးခံရလို့ ရာထူးတက် အမြန်ဆုံးလူအဖြစ် သတိထားမိလာကြပါတယ်။

ပိုပြီးသတိထားမိစေတာက စစ်ခေါင်းဆောင်ရဲ့ လူရင်းတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးညိုစော တာဝန်ယူထားတဲ့ စစ်ထောက်ချုပ်ရာထူးကို သူ့ကိုလွှဲပေးလိုက်လို့ပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအရေးယူခံရချိန်မှာလည်း စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကို ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကပဲ ဆက်ခံပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအထိ ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့အတွက် တပ်ရာထူးမှာ ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ အထက်မှာ တပ်ချုပ်နဲ့ ဒုချုပ်နှစ်ဦးတည်း ရှိပါတော့တယ်။

ဒါကြောင့် သူ့ကို အနာဂတ် တပ်ချုပ်လောင်းအဖြစ် ထင်ကြေးပေးလာကြတာ ဖြစ်ပါတယ်။

'' ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ ရာထူးတက်တဲ့လမ်းကြောင်းကိုကြည့်လိုက်ရင် စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ)မှူးတောင်မဖြစ်ဘဲ ညှိကွပ် ဖြစ်လာတယ်လို့ ပြောလို့ရတယ်'' လို့ စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။

တပ်ချုပ်မဖြစ်တဲ့ ညှိကွပ်တွေ

ဆယ်စုနှစ်တစ်ခုကြာအောင် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ်တစ်ခုကြာအောင် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း

ဗိုလ်ချုပ်ကြီးကျော်စွာလင်းမတိုင်ခင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး ၆ ဦးအထိရှိခဲ့ပြီး ပထမဆုံးတာဝန်ယူခဲ့တာက ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်ခဲ့ပြီး တပ်ချုပ်ဖြစ်လာမယ့်သူလို့ ရေပန်းစားခဲ့ပေမဲ့ နောက်ဆုံးအချိန်မှ ကပ်လွဲခဲ့သူဖြစ်ပါတယ်။

နဝတ/နအဖ အစိုးရနဲ့ တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ ညှိုနှိုင်းကွပ်ကဲရေးမှူး ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပဲ တပ်ချုပ်ဖြစ်လာပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်လက်ထက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ငါးဦးအထိ အပြောင်းအလဲဖြစ်ခဲ့ပြီး တစ်ယောက်မှ တပ်ချုပ်ဖြစ်မလာခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကတော့ တပ်ချုပ်ဖြစ်လာဖို့ မျှော်လင့်ချက်မရှိတော့ဘဲ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတစ်ဦးပဲ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်းက ၂၀၁၅ ရွေးကောက်ပွဲအတွက် အငြိမ်းစားပေးခံရပြီး လွှတ်တော်ထဲရောက်ခဲ့ရသလို လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကလည်း ရာထူးဆက်တက်မလာဘဲ အငြိမ်းစားယူခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူပြီးတဲ့နောက် အနာဂတ်တပ်ချုပ်အဖြစ်မျှော်မှန်းခံရသူ ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ညှိကွပ်ကနေ ဝန်ကြီးအဖြစ် အရန်အင်အားကိုရွှေ့ပြောင်းခံရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ညှိကွပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက လေးနှစ်ကြာပြီးနောက်မှာတော့ ညှိကွပ်ရာထူးကနေ အနားပေးခံလိုက်ရပါတယ်။

ဒီနေရာမှာ ဒုချုပ်တွေရဲ့အခန်းကဏ္ဍကို ထည့်ပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်အတွင်း မှာ ဒုချုပ်ကနေ တပ်ချုပ်ဖြစ်လာသူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ဦးတည်းပဲ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒုတိယလူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက အနှစ်နှစ်ဆယ်နီးပါး ဒုချုပ်လုပ်ခဲ့ပြီးမှ ၂၀၁၁ ခုနှစ်မှာ အငြိမ်းစားယူခဲ့ရပါတယ်။

လက်ရှိ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း တပ်ချုပ်ဖြစ်လာဖို့မရှိဘဲ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ လမ်းစဉ်ကို လိုက်သွားရလိမ့်မယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲအခင်းအကျင်း နဲ့ တပ်ချုပ်သစ်အလားအလာ

မာရဝိဇယ ရုပ်ပွားတော်ကို လာဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း(ဝဲ)

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, မာရဝိဇယ ရုပ်ပွားတော်ကို လာဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူတွေ့ရတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း(ဝဲ)

ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ သူ့ရဲ့စီနီယာတွေလိုမဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခင်းအကျင်းသွားတူနေတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်ချုပ်ရာထူးကို သမ္မတသက်တမ်း ၅ နှစ် နဲ့ ချိန်ညှိပြီး အငြိမ်းစားယူနိုင်မယ့် အပတ်စဉ်တွေကို ရွေးခဲ့တာလို့ သူ့ရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေက ပြောကြပါတယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် အသက် ၆၀ ပြည့်မယ့် စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဆင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရွေးချယ်ခဲ့တာလို့ သူတို့က ထောက်ပြပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်းက စစ်တက္ကသိုလ်အပတ်စဉ် (၂၀) ဆင်းဖြစ်တာကြောင့် စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ဆင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်ဖြစ်သွားချိန် သူက ညှိကွပ်ဖြစ်ခဲ့ပေမဲ့ ထိပ်ဆုံးနေရာအတွက် မျှော်လင့်ချက်နည်းခဲ့ပါတယ်။

တပ်ချုပ်ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားမယူတဲ့အတွက် တပ်ချုပ်ရာထူးနဲ့ လွဲခဲ့ရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ တပ်ချုပ်ရာထူးပေးချင်တဲ့အတွက် ညှိနှိုင်းကွပ်ကဲရေးမှူး ခန့်ခဲ့တာဖြစ်ပြီး အဲဒီ ရာထူးနေရာမှာ ၇ လဝန်းကျင်ပဲ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်မှာကျင်းပဖွယ်ရှိတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်ခဲ့ရင် လစ်လပ်သွားတဲ့တပ်ချုပ်နေရာကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဆက်ခံလိမ့်မယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြတာဖြစ်ပါတယ်။

''ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ဘာမှကံသေကံမ ပြောမရပါဘူး။ တပ်ချုပ်ရာထူးဆိုတာ နတ်ကြီးပါတယ်'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။