မြန်မာစစ်တပ် ဘာကြောင့် အားနည်းသွားသလဲ

နှစ်စဉ် ကာကွယ်ရေးဘတ်ဂျတ် အများဆုံးသုံးပြီး အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေကြောင့် မြန်မာစစ်တပ်ဟာ အင်အားကြီးတဲ့ စစ်တပ်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှုမြင်ခံရပါတယ်။
၁၀၂၇ စစ်ဆင်ရေးက ဒီရှုမြင်ချက်ကို စိန်ခေါ်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်စခန်းရာကျော်နဲ့ မြို့တချို့သိမ်းပိုက်ခံရပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ စွမ်းရည်အပေါ် မေးခွန်းထုတ်မှု နဲ့ ပြန်လည်ဆန်းစစ်မှုတွေ ရှိလာခဲ့ကြပါတယ်။
မြန်မာစစ်တပ်သမိုင်းမှာ မကြုံစဖူး စစ်စခန်းတွေ အလျှင်အမြန်လက်လွှတ်မှုရတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေလို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်တပ်ရဲ့ ဖွဲ့စည်းပုံ၊ တိုက်ခိုက်ရေးတပ်အင်အား၊ လက်ရုံးတပ်အင်အား နဲ့ စစ်ဆင်ရေးအခြေအနေတွေ အရင်နဲ့ အခု ဘယ်လို ကွာခြားသွားလဲဆိုတာတွေကို ကြည့်ကြရအောင်ပါ။
မြန်မာစစ်တပ် ဖွဲ့စည်းပုံ

မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုဟာ နေပြည်တော်မှာရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ အဓိက စီးဆင်းပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်ထဲက စစ်ရုံးလို့ခေါ်ကြတဲ့ စစ်တပ်ရဲ့ဌာနချုပ်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအပြင် ဦးစီးချုပ်ရုံးတွေ၊ အရာရှိချုပ်ရုံးတွေ၊စစ်ဆင်ရေး(အထူး)အဖွဲ့မှူးတွေ၊ လက်ရုံးတပ် နဲ့ ဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးတွေ နဲ့ ဖွဲ့စည်းထားပါတယ်။
တစ်နိုင်ငံလုံးမှာ တိုင်းစစ်ဌာနချုပ် ၁၄ ခု ဖွဲ့စည်းထားပြီး တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တိုင်းမှူးတွေက အုပ်ချုပ်ကွပ်ကဲပါတယ်။
စစ်တိုင်းတွေ နဲ့ ဝေးလံ ခေါင်ဖျားတဲ့ နေရာတွေကို ကွပ်ကဲဖို့ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(၆)ခု ရှိပါတယ်။
ဒီရုံးတွေအပြင် ခြေမြန်တပ်မဌာနချုပ် (၁၀) ခု နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခု (၂၀) ရှိနေပြီး စစ်တပ်ရဲ့ အဓိက တိုက်ခိုက်ရေးတပ်တွေ ဖြစ်ပါတယ်။


နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဌာနချုပ်တစ်ခုလက်အောက်မှာ ဗျူဟာသုံးခု ရှိပြီး တပ်ရင်း ၁၀ ခုအထိ ရှိပါတယ်။
တပ်ရင်းတစ်ရင်းမှာ သေနတ်ကိုင်တပ်ခွဲလို့ ခေါ်တဲ့ ရှေ့တန်းထွက်တဲ့တပ်ခွဲ နဲ့ ဌာနချုပ်တပ်ခွဲလို့ ခေါ်တဲ့ နောက်တန်းမှာနေတဲ့ တပ်ခွဲဆိုပြီး ခွဲခြားထားပါတယ်။
ခြေမြန်တပ်မဌာနချုပ်တွေ ကို ဦးဆောင်သူတွေ ကို တပ်မမှူး လို့ အတိုကောက်ခေါ်ကြပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဦးဆောင်သူတွေ ကိုတော့ စကခမှူး လို့ အတိုကောက်ခေါ်ကြပါတယ်။ တပ်မမှူး နဲ့ စကခမှူး ဟာ ဗိုလ်မှုးချုပ်အဆင့်တူတွေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အင်အားဟာ လျှို့ဝှက်ချက်တစ်ခု အဖြစ်ရှိနေခဲ့ပြီး တစ်သိန်းကနေ လေးသိန်းအထိ ခန့်မှန်းမှုတွေ အမျိုးမျိုးရှိခဲ့ပါတယ်။
မြန်မာစစ်တပ်အကြောင်း အစဉ်တစိုက်လေ့လာနေတဲ့ စစ်ရေးအကဲခတ် ဦးရဲမျိုးဟိန်းကတော့ စစ်တပ်ရဲ့ လက်ရှိလူအင်အားဟာ တစ်သိန်းခွဲခန့်သာရှိမယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ပြီးခဲ့တဲ့ မေလ ကဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။
အဲဒီတစ်သိန်းခွဲမှာ ၇၀,၀၀၀ ခန့်က တိုက်ခိုက်ရေးစစ်သားတွေ လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု နဲ့ ဝီဆင်စင်တာမှာ ဧည့်ပညာရှင်လုပ်နေသူ ဦးရဲမျိုးဟိန်းက သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်ဟာ ဒီအင်အားအတိုင်းအပြည့်အဝမရှိတော့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိခိုက်သေဆုံး၊ ထွက်ပြေးသူတွေနဲ့ ဘက်ပြောင်းသူ အနည်းဆုံး ၂၁,၀၀၀ ရှိတယ်လို့ ဦးရဲမျိုးဟိန်းက သူ့ဆောင်းပါးမှာ ခန့်မှန်းပါတယ်။
ဦးရဲမျိုးဟိန်း ရဲ့ သုံးသပ်မှုဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က ဖြစ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်းက အကျအဆုံး နဲ့ ထွက်ပြေးစာရင်းကိုပါ ထည့်တွက်ရင် မြန်မာစစ်တပ်ရဲ့ အင်အားက ပိုလျော့နည်းသွားမယ့် အခြေအနေဖြစ်ပါတယ်။
စစ်တပ် အားနည်းသွားတာ ဖုံးကွယ်မရ

ဓာတ်ပုံ ရင်းမြစ်, BPLA
နှစ်ပေါင်း ၇၀ ကျော် စစ်တိုက်လာတဲ့ မြန်မာစစ်တပ်ရဲ့အတိတ်သမိုင်းမှာ အရှေ့မြောက်စစ်ဒေသမှာ တိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ပြီးပါပြီ။
ဗမာပြည်ကွန်မြူနစ်ပါတီ လို ဗဟိုအစိုးရရဲ့ အာဏာစက်ကို စိန်ခေါ်တဲ့ အင်အားကြီးလက်နက်ကိုင်တပ်ကနေ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ပါ တိုက်ပွဲပေါင်းစုံ ဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်လောက် မှတ်တမ်းဆိုး မကြုံခဲ့ဖူးဘူး လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ သံချပ်ကားတွေကို မဟာမိတ်တပ်တွေက တက်မောင်းနေတဲ့ ရုပ်သံတွေ နဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေပေါ်မှာ ထိုင်ပြီး အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ အလွယ်တကူမြင်နေရပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒီလို ဓာတ်ပုံတွေကို လူထုအနေနဲ့ များများစားစား မြင်တွေ့ခွင့်မရခဲ့ကြပါဘူး။
မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ မြေပြင်တိုက်ပွဲမှာရော ဝါဒဖြန့်ချိရေးတိုက်ပွဲမှာပါ မြန်မာစစ်တပ်ကို အလဲထိုးနိုင်ခဲ့တယ် လို့ ၁၀၂၇ စစ်ဆင်ရေးကို အနီးကပ်စောင့်ကြည့်နေသူတွေက ပြောပါတယ်။
တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့ တပ်စခန်းတွေ ကို အချိန်နဲ့တပြေးညီ ရုပ်သံ နဲ့ ထုတ်လွှင့်မှုတွေက တခြားနေရာတွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုပါ စိတ်ဓာတ်ရေးရာ ထိုးနှက်တိုက်ခိုက်ပြီးသားဖြစ်သွားတယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။
‘’ကိုးကန့်တပ်က ထုတ်တဲ့ပုံတွေမှာ သတိထားမိရင်တွေ့လိမ့်မယ်။ စစ်တိုက်တဲ့အဖွဲ့က သပ်သပ်၊ စခန်းသိမ်းပြီးရင် ဓာတ်ပုံရိုက်တဲ့ အဖွဲ့က သပ်သပ်ကိုရှိတယ်။ စနစ်တကျ လုပ်ထားတာကို တွေ့ရတယ်’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်ဟာ မြန်မာစစ်တပ် အထူးအလေးထားတဲ့ စစ်ဆင်ရေးနယ်မြေ ဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တွေ အခြေစိုက်သလို ခြေမြန်တပ်မတွေလည်း ဝင်ရောက်နေတဲ့ နေရာဖြစ်ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ် နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တွေအောက်မှာ စုစုပေါင်း တပ်ရင်း စုစုပေါင်း ၅၀၀ ကနေ ၆၀၀ ကြားမှာ ရှိနေတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
အခုလိုရာနဲ့ချီတဲ့ တပ်ရင်းတွေ ရှိပေမယ့်လို့ တစ်နိုင်ငံလုံးကို တပ်တွေ ဖြန့်ခွဲထားရတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့ပေါ်နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ရွက်ရသလို တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းတွေကိုလည်း တပ်တွေစေလွှတ်ရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ထုတ်ပြောထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့ အကျိုးဆက်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပေါ်လာတဲ့အတွက် မြန်မာစစ်တပ်ဟာ ပြည်မမှာပါ စစ်မျက်နှာအသစ်တွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အရင်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပဲ တိုက်ပွဲဖြစ်နေတဲ့စစ်တပ်ဟာ ဗမာလက်နက်ကိုင်တပ်ဖွဲ့ များစွာနဲ့ပါ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေက မြန်မာပြည် ရဲ့ အရပ်လေးမျက်နှာမှာဖြစ်နေပြီး တစ်နိုင်ငံလုံးမှာ တိုက်ပွဲမဖြစ်တာဆိုလို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ ဧရာဝတီတိုင်းတည်ရှိတဲ့ အနောက်တောင် တိုင်းစစ်ဌာနချုပ် သုံးခုပဲ ရှိနေတာပါ။
တစ်နိုင်ငံလုံးကို တပ်တွေ ဖြန့်ခွဲထားပြီး စစ်ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ စစ်ပန်းနေပြီလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို အဓိကအားပြုနေရတာကလည်း မြေပြင်တပ်တွေရဲ့ စစ်ပန်းနေမှုကို ပေါ်လွင်စေပါတယ်။
ဒီအခွင့်အရေးကို အမိအရ အသုံးချသွားတာက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တပ်စခန်း နှစ်ရာကျော်ကို တစ်လကျော်အတွင်းမှာပဲ အလျှင်အမြန် သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါဟာ မြန်မာစစ်တပ်သမိုင်းမှာ မကြံခဲ့ဖူးတဲ့ မှတ်တမ်းဆိုးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ တိုက်ပွဲတွေတုန်းကတောင် အခုလို အလျှင်အမြန် ဆုံးရှုံးမှုတွေ နဲ့ မကြုံခဲ့ရဖူးပါဘူး။
ကိုးကန့်နယ်မြေထဲက နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မြို့တွေအပါအဝင် မြို့ပေါင်း ၅ မြို့ထက်မနည်း သိမ်းပိုက်ခံခဲ့ရပြီး ကွမ်းလုံဗျူဟာ၊ မုံးကိုးဗျူဟာ နဲ့ ကုန်းကြမ်းက အမှတ် (၁၂၅) ခြေလျင်တပ် လို နှစ်ပေါင်းများစွာ အထိုင်ချထားတဲ့ အရေးကြီးတဲ့ စစ်စခန်းကြီးတွေပါ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
TNLA နဲ့ တိုက်ပွဲတွေမှာဆိုရင်လည်း အရေးကြီးတဲ့ ဗျူဟာကုန်းတွေ ဆုံးရှုံးခဲ့ပြီးတဲ့နောက် မြို့ပေါင်း ၅ မြို့အထိ လက်လွှတ်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း စစ်တပ်ရဲ့ တပ်စခန်း နှစ်ရာကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
‘’စစ်တပ်က အခြေအနေဆိုးနေတယ်ဆိုတာ ဖုံးကွယ်လို့မရနိုင်ပါဘူး’’ လို့ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ပန်းနေတဲ့ ရှေ့တန်းတပ်တွေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
အာဏာမသိမ်းခင် ရှေ့ပိုင်းကာလတွေတုန်းက ရှေ့တန်းထွက်တဲ့ တပ်ရင်းတွေဟာ အများဆုံး ခြောက်လသာ နေရပြီး နောက်တန်းက တပ် နဲ့ အလဲအလှယ် လုပ်တဲ့အကြောင်း တပ်အရာရှိဟောင်းတွေက ပြောပါတယ်။
အာဏာသိမ်းပြီး နောက်မှာတော့ ရှေ့တန်းမှာ နှစ်နှစ်ကျော် ကြာတဲ့အထိ နေထိုင်ရတဲ့ တပ်တွေရှိပြီး နောက်တန်းပြန်မနားရတဲ့ အတွက် စိတ်ဓာတ်ကျဆင်းမှုတွေ ရှိလာတဲ့အကြောင်း တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
‘’အိမ်ထောင်သည်တွေက အိမ်ပိုပြန်ချင်ကြတယ်။ အရင်ကဆို ဒီလေးလပြီးရင် နောက်တန်းပြန်ရပြီကွာ၊ ဘာဖြစ်ဖြစ်ဆိုပြီး အားတင်း တိုက်ကြတာ၊ အခုကတော့ အရင်လိုမဟုတ်တော့ဘူး’’ လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအင်အား နဲ့ အမှန်တကယ်အင်အား ကြားမှာ ကွာဟမှုတွေကြီးလာတယ်လို့ စစ်ရေးအကဲခတ်တွေကရော အငြိမ်းစားတပ်အရာရှိတွေက ပြောပါတယ်။
၁၉၈၈ ခုနှစ်တုန်းက တပ်ရင်းတစ်ရင်းကို စစ်သည် ခုနှစ်ရာကျော်နဲ့ ဖွဲ့စည်းခဲ့ပေမဲ့ တဖြည်းဖြည်း နဲ့ အမှန်တကယ်ရှိတဲ့အင်အားက နည်းသည်ထက်နည်းလာခဲ့တယ်လို့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တပ်အရာရှိတွေက ပြောပါတယ်။
စစ်တပ် မှာ ခြေလျင်တပ်က ၂၁၇ တပ် နဲ့ ခြေမြန်တပ် ၃၀၅ တပ် ရှိလို့ မြေပြင်တပ်ရင်း ၅၂၂ ရင်း ရှိနေတယ် လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုက ဧည့်ပညာရှင် ဦးရဲမျိုးဟိန်းက တပ်တွင်းသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး စာရင်းပြုစုထားပါတယ်။
လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းမှာ စစ်အင်အား ၂၀၀ အောက်သာရှိပြီး အများစုက အင်အား ၁၅၀ အောက်သာ ရှိတယ်လို့ ဦးရဲမျိုးဟိန်း ရဲ့ စာရင်းမှာဖော်ပြပါတယ်။
ဒီကိန်းဂဏန်းအချက်အလက်အပေါ် မြန်မာစစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူ အရာရှိတချို့ကလည်း အတည်ပြုပါတယ်။
ဒါကြောင့် တိုက်ခိုက်ရေးတပ်တွေထဲမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ ခြေမြန်တပ်မှာတောင် အင်အား အကြီးအကျယ်ချို့တဲ့နေတယ်လို့ ဦးရဲမျိုးဟိန်းက သုံးသပ်ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ် အင်အားလျော့နည်းမှုကြောင့် လတ်တလောမှာ မြန်မာစစ်တပ်အနေနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်ရဖို့ ခက်ခဲနေဦးမယ် လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
‘’ဆုံးရှုံးသွားတဲ့ စခန်းတွေကို ပြန်တိုက်နိုင်ဖို့ဆိုရင် ထပ်ဆောင်းအင်အားဖြည့်တင်းပေးနိုင်မှရမယ်။ ဒီအင်အားနဲ့မှမနိုင်လို့ စခန်းကျသွားပါတယ်ဆိုမှ ထပ်ဆောင်းဖြည့်ပေးမှ ဒီစခန်းပြန်တိုက်လို့ရမှာပေါ့။’’ လို့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
အဲဒီလို ဖြည့်တင်းပေးဖို့က အရန်တပ်တွေ ထုတ်သုံးမရ ဖြစ်နေတာ က အဓိက ပြဿနာလို့ နောက်ထပ် တပ်အရာရှိတစ်ဦးက ပြောပါတယ်။
၂၀၀၉ ခုနှစ် လောက်ကိုင် တိုက်ပွဲတုန်းက မြန်မာစစ်တပ်ဟာ ကိုးကန့်ကို တပ်မ သုံးခုအထိ ပို့ခဲ့ပြီး ၃ ရက်အတွင်း စစ်ကိုအနိုင်တိုက်နိုင်ခဲ့တယ်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ကျခဲ့တဲ့ တပ်အရာရှိ တစ်ဦးက ပြောပါတယ်။
‘’အခုကတော့ တပ်မတွေကို မြေပြင်ကနေ မပို့နိုင်တော့တာ တွေ့ရတယ်။ လေယာဉ်ကနေ ပို့တဲ့ အင်အားထက်လည်း ရန်သူ့အင်အားက သာလွန်နေတယ်’’ လို့ အဲဒီ တပ်အရာရှိက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ ဖွင့်ဟဝန်ခံချက်

ဓာတ်ပုံ ရင်းမြစ်, cincds
အင်အားချို့တဲ့နေတဲ့ စစ်တပ်ရဲ့မြေပြင်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေကို အင်အားရော နည်းပညာပါ မယှဉ်နိုင်ခဲ့ပါဘူး။
ဒါကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့ပြီး Drop Bombတွေ နဲ့ရော သာလွန်အင်အားနဲ့ တိုက်ခိုက်တာပါ ခံခဲ့ရတယ်လို့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
တပ်မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအရ တချို့နေရာတွေကို စွန့်ခွာပေးခဲ့တယ်လို့ သူကပြောပါတယ်။
နယ်စပ်ဒေသဖြစ်တာကြောင့် တစ်ဖက်နိုင်ငံက အထင်အမြင်မလွဲမှားစေဖို့ ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ကလည်း တရုတ်နယ်စပ်က မြို့တွေကိုပဲ အဓိကထားသိမ်းပိုက်ခဲ့ပြီးမှ အတွင်းပိုင်းက မြို့တွေကို ချဲ့ထွင်တိုက်ခိုက်လာတာ တွေ့ရပါတယ်။
ချင်းရွှေဟော်၊ လောက်ကိုင်(ရန်လုံကျိုင်းဂိတ်)၊မုံးကိုး၊ကြူကုတ်၊ဖောင်းဆိုင် စတဲ့ နယ်စပ်မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ တပ်မမှူး နဲ့ ဗျူဟာမှူး တွေ သေဆုံးခဲ့ပြီး မြန်မာစစ်တပ် ဆယ်စုနှစ်ချီထိန်းချုပ်ထားတဲ့ ဗျူဟာကုန်းတွေ လက်လွှတ်ခဲ့ရပါတယ်။
ဒီလိုလက်လွှတ်ရတဲ့အခြေအနေမှာ မြောက်ပိုင်း မဟာမိတ်တွေဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက အဓိကကျခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသက တပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုမှာ ပြည်ပက Drone ပညာရှင်တွေအပါအဝင် စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော် နဲ့ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်အထိ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တပ်စခန်းတွေဟာ သမာရိုးကျ စစ်ပွဲတွေအတွက်ပဲ ပြင်ဆင်ခဲ့တဲ့ ပုံစံဖြစ် လို့ ဒရုန်း နဲ့ တိုက်ခိုက်ခံရတဲ့ ခေတ်သစ်စစ်ပွဲ အခင်းအကျင်းမှာ တပ်စခန်းတွေ အလျှင်အမြန်လက်လွှတ်ဆုံးရှုံးခဲ့တာလို့ တပ်အရာရှိဟောင်း တစ်ဦးက သုံးသပ်ပါတယ်။
‘’စစ်တပ်က လေတပ် နဲ့ ရေတပ်ကို ပဲ အားဖြည့်ခဲ့ပြီး ကြည်းတပ်(တိုက်ခိုက်ရေးတပ်တွေ)ကို တော့ အများကြီး အဆင့်မြှင့်ပေးဖို့ လိုနေသေးတယ်ဆိုတာကို ပြလိုက်တာပါပဲ’’ လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်းအလိုက် လက်နက်ချသူတွေရှိခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တွေဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အသက်သေဆုံးသည်အထိ ခုခံတိုက်ခိုက်ခဲ့သူတွေလည်း ရှိခဲ့ပြီး သူတို့ကို စစ်ကောင်စီက သူရဘွဲ့ နဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်တွေ ပေးခဲ့ပါတယ်။
မြန်မာစစ်တပ် ဘာဖြစ်သွားတာလဲ

ဓာတ်ပုံ ရင်းမြစ်, cincds
တပ်မမှူးတွေ တိုက်ပွဲတွင်းမှာသေဆုံးရတဲ့အပြင် လက်နက်တွေရော မြို့တွေပါ ဆုံးရှုံးလိုက်ရတဲ့အခြေအနေကို မြန်မာစစ်တပ်အနေနဲ့ မကြုံခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
စစ်တပ်ဟာ လတ်တလော ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အားကောင်းတဲ့ အင်စတီကျူးရှင်း တစ်ခုအဖြစ် ဆက်ရှိနေသေးတယ် လို့ အသိအမှတ်ပြုလက်ခံထား တဲ့ အကဲခတ်တွေရော တပ်အရာရှိဟောင်းတွေပါ ရှိနေဆဲပါ။
ဒါပေမဲ့ လက်နက်အင်အားနဲ့ ပစ်ခတ်စွမ်းအားပဲရှိပြီး လူအင်အားက လျော့နည်းလာနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
မြန်မာစစ်တပ်မှာ Su-30 လို ရုရှားထုတ် စတုတ္ထမျိုးဆက်လွန် လေယာဉ်တွေ ပိုင်ဆိုင်ထားပေမဲ့ လေကြောင်း တိုက်ခိုက်မှုက အကန့်အသတ်များစွာရှိတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
‘’စစ်ပွဲတစ်ပွဲမှာ မြေပြင်တပ်ကပဲ အဆုံးအဖြတ်ပေးတာပဲ။ သူက ၂၄ နာရီ စစ်ဆင်နိုင်တယ်’’ လို့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။
စစ်ပွဲတစ်ပွဲအောင်မြင်ဖို့အတွက် စိတ်ဓာတ်အင်အား၊ တိုက်ရေးခိုက်ရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ လက်နက်အင်အား နဲ့ အင်စတီကျူးရှင်အားကောင်းမှုတွေ လိုအပ်ပြီး မြန်မာစစ်တပ်မှာတော့ စိတ်ဓာတ်အင်အားလျှော့နည်းလာတာကို တွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
‘’အထူးသဖြင့် အာဏာသိမ်းထားလို့ လူထုထောက်ခံမှုမရှိတော့ စိတ်ဓာတ်အင်အားက အတော့်ကိုယိုင်နဲ့လာတာ’’ လို့ စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီ ရဲ့ လက်ရှိ အခြေအနေဟာ ဆုံးရှုံးသွားတဲ့ စခန်းတွေပြန်ရဖို့ထက် နောက်ထပ်စစ်စခန်းတွေ ထပ်မဆုံးရှုံးစေရေးဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေ က သုံးသပ်ကြပါတယ်။









