သုံးစွဲမှုလျော့ကျတယ်ဆိုတဲ့ စက်သုံးဆီချွေတာရေးစနစ်ကို ဆန်းစစ်ခြင်း

သီလဝါဆိပ်ကမ်းက စက်သုံးဆီသယ်ယာဥ်တွေ
ဓာတ်ပုံ ပုံစာ, သီလဝါဆိပ်ကမ်းက စက်သုံးဆီသယ်ယာဥ်တွေ
ဖတ်ရန်အချိန်: မိနစ် ၈

စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလိုက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးပြောတဲ့မိန့်ခွန်းမှာ လောင်စာဆီအတွက် နှစ်စဥ် အမေရိကန်ဒေါ်လာ ငါးဘီလျံဖိုး ဝယ်ယူသုံးစွဲနေရလို့ စက်သုံးဆီချွေတာရေးကို မဖြစ်မနေလုပ်မယ်လို့ ထည့်ပြောသွားပါတယ်။

သူသမ္မတ တာဝန်မယူခင်ရက်ပိုင်းကလည်း သူ့ရဲ့အရင်အုပ်ချုပ်ရေးအဖွဲ့ စစ်ကော်မရှင်ကနေ ဆီတင်သွင်း၊ ရောင်းချတာကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ထိန်းကျောင်းလိုက်လို့ "ဓာတ်ဆီ၊ ဒီဇယ် နေ့စဥ်သုံးစွဲမှု ဂါလံ ၁ သန်း ကျဆင်းကာ အမေရိကန် ဒေါ်လာ ၆ သန်း သက်သာသွားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အီရန်စစ်ပွဲကြောင့် စက်သုံးဆီအကျပ်ရိုက်လာချိန်မှာ မြန်မာမှာ ဒစ်ဂျစ်တယ်စနစ်သုံးပြီး ဓာတ်ဆီ၊ ဒီဇယ်ကို အကန့်အသတ်နဲ့ ရောင်းနေပါတယ်။ ဒီလို ပြောဆိုချက်တွေကြောင့် အရှေ့အလယ်ပိုင်းပြဿနာပြေလည်ပြီး ‌ရေနံစျေးကွက်ပုံမှန်ပြန်ဖြစ်ရင်တောင် မြန်မာမှာ လောင်စာဆီကို အကန့်အသတ်နဲ့ ဆက်ပြီး ရောင်းချမှာကို စိုးရိမ်နေကြပါတယ်။

ဒီတော့ အရင်စစ်ကော်မရှင်၊ လက်ရှိအရပ်ဘက်အသွင်ပြောင်းထားတဲ့ နေပြည်တော်အစိုးရရဲ့ လောင်စာဆီချွေတာရေးစနစ်တွေနဲ့ပြောဆိုချက်တွေက လူထုတွေရဲ့စက်သုံးဆီသုံးစွဲရမှုကိုဘယ်လိုထိခိုက်သက်ရောက်နေလဲ ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။

စက်သုံးဆီဆိုင်တွေကို လိုက်လံစစ်ဆေးနေတဲ့ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, MOE

ဓာတ်ပုံ ပုံစာ, စက်သုံးဆီဆိုင်တွေကို လိုက်လံစစ်ဆေးနေတဲ့ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ

အီရန်စစ်ပွဲစချိန်ကစလို့ မြန်မာမှာတော့ စုံ/မစနစ်၊ Barcode/QR စနစ်ဟောင်း၊ Barcode/QR စနစ်သစ်နဲ့ ယာဥ်ရဲ့အင်ဂျင်အမျိုးအစားပေါ် မူတည်ပြီး ဆီလီတာ တွက်ချက်ရောင်းချတဲ့စနစ်တွေကို မတ် ၇ ရက်ကနေ ဧပြီ ၃ ရက်အတွင်း ၄ မျိုး သတ်မှတ်ပြောင်းလဲခဲ့ပါတယ်။

တနိုင်ငံလုံးအတွက် စက်သုံးဆီဖြန့်ဖြူးရေးပင်မဖြစ်တဲ့ ရန်ကုန်မြို့မှာတောင် စက်သုံးဆီလိုသလောက်မရလို့ တန်းစီစောင့်ဆိုင်းရတဲ့ကားတန်းတွေရှိနေတာကို မျက်ကွယ်ပြုပြီး ''ဆီအခက်အခဲဖြေရှင်းရင်း လမ်းမှန်ပေါ် ရောက်လာပြီ'' လို့ နေပြည်တော်ရဲ့ ပြောဆိုချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

နေပြည်တော်ဘက်ကပြောတဲ့ လမ်းမှန်ဆိုတာက ဒစ်ဂျစ်တယ် နည်းပညာသုံးပြီး ကန့်သတ်ချက်တွေနဲ့ရောင်းချလို့ " ဓာတ်ဆီ၊ ဒီဇယ် နေ့စဥ်သုံးစွဲမှု ဂါလံ ၁ သန်း ကျဆင်းကာ အမေရိကန် ဒေါ်လာ ၆ သန်း သက်သာသွားတဲ့အခြေအနေ" ကို ဖြစ်ပါတယ်။

ဒီပြောဆိုမှု တဖက်ခြမ်းမှာ ထည့်တွက်မထားတဲ့အခြေအနေများစွာ ရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဓာတ်ဆီ၊ ဒီဇယ်ကို အဓိကအသုံးပြုလည်ပတ်နေရတဲ့ လုပ်ငန်းတချို့၊ မော်တော်ယာဥ်ပိုင်ရှင်တွေ၊ စက်သုံးဆီဆိုင်တွေမှာ မန်နေဂျာတချို့နဲ့ မေးမြန်းကြည့်တဲ့အခါမှာတော့ "လက်ရှိသတ်မှတ်ထားတဲ့ စက်သုံးဆီရောင်းချမှုစနစ်က ရေတိုအတွက်သာ ဖြစ်နိုင်တယ်" လို့ သဘောထားတူစွာအဖြေပေးကြပါတယ်။

နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနကတော့ စက်သုံးဆီသုံးစွဲမှု တစ်ရက် ဂါလံ ၁ သန်းနဲ့ လျော့ကျသွားရင် တစ်နှစ်အတွင်း ပြည်ပက ဂါလံတန်ချိန်သန်းချီ တင်သွင်းရတာလျော့သွားမယ်လို့ တွက်ချက်ထုတ်ပြန်ပါတယ်။ သူတို့အပြောအရ နေ့စဥ် ဆီဂါလံ ၃ ဒသမ ၅ သန်းသုံးရာနေ ၂ ဒသမ ၅ သန်းအထိ လျော့လာတယ်လို့ ဆိုပါတယ်။

နိုင်ငံတွင်းစက်သုံးဆီသုံးစွဲမှုကိုပြန်ကြည့်ရင် စင်္ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့ကနေ စုစုပေါင်းနှစ်စဥ် လောင်စာဆီတန်ချိန် ၅ သန်း တင်သွင်းနေရတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ပြည်တွင်းမှာ သုံးနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေရဲ့ ၉၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျန်တဲ့ ၃ ရာခိုင်နှုန်းအတွက်က ၂၀၂၅ ခုနှစ်ကမှ သန်လျင်၊ သံပရာကန်နဲ့ ချောက်ရေနံချက်စက်ရုံကနေ ထုတ်လာနိုင်တာဖြစ်ပါတယ်။ ဒီစက်ရုံတွေကထွက်တဲ့ RON 68 စက်သုံးဆီအမျိုးအစားကို ဆိုင်ကယ်တွေမှာပဲ သုံးနိုင်သေးတာပါ။

နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနရဲ့ တွက်ချက်ထုတ်ပြန်မှုအရ ပြည်တွင်းမှာ စက်သုံးဆီစနစ်တကျသုံးစွဲရင် ဂါလံတန်ချိန် ၂ သန်းဝန်းကျင်နဲ့ ညီမျှတဲ့အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ လောက် သက်သာမှာဖြစ်သလို အရန်ဆီတွေလည်း ထွက်လာမယ်ဆိုပြီး မူတည်တွက်ချက်တာတွေ့ရပါတယ်။

စနစ်သစ်နဲ့ စက်သုံးဆီဖြန့်ဖြူးပေးတာဟာ မော်တော်ယာဥ်လိုင်စင်မရှိတဲ့ ကားတွေ၊ ရွှေမှော်၊ ကျောက်စိမ်း၊ ရေနံမှော်စတဲ့နေရာတွေမှာ သုံးစွဲနေတဲ့ စက်သုံးဆီတွေကို ထိန်းချုပ်လိုက်နိုင်တယ်ဆိုတဲ့တုံ့ပြန်ပြောဆိုချက်တွေ ရှိပါတယ်။

ဒါပေမဲ့ ဒီလိုထိန်းချုပ်ကြောင့် နေ့စဥ်သုံးစွဲမှု ပမာဏလျော့ကျသွားတယ်လို့ ပြောနိုင်ပေမဲ့ စက်သုံး ဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ "နွေကျောင်းပိတ်ရက်ဖြစ်နေလို့ ကျောင်းကြိုပို့မှာသုံးနေတဲ့ပမာဏ၊ နွေစပါး ရိတ်၊ မိုးစပါး ထွန် ... ဒီလိုစိုက်ပျိုးရေးကဏ္ဍတွေကို ထည့်မတွက်ထားဘူး။ ဒါတွေက သုံးမယ့်ပမာဏတွေ မပေါ်လာသေးဘူး" လို့ နှိုင်းယှဥ်ရှင်းပြပါတယ်။

စိုက်ပျိုးရေးနိုင်ငံဖြစ်တာကြောင့် ဒီကဏ္ဍမှာ သုံးမယ့်စက်သုံးဆီမလုံလောက်ရင် လာမယ့်နှစ် တွေအတွက် စားနပ်ရိက္ခာ မလုံလောက်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

"မေလဆို နွေစပါးတွေ ရိတ်ပြီ။ ဘယ်ဆီဆိုင်ကတော့ဖြင့် တောင်သူတွေ ဝယ်နိုင်တဲ့ဆိုင်၊ ဘယ်လောက်ဖိုး ရမယ်ဆိုတာ မရှိဘူး။ အပြင်ဈေးက တစ်လီတာ ၁၂,၀၀၀-၁၅,၀၀၀ အထိစျေးတက်သွားတော့ စိုက်ပျိုးစရိတ်ပိုကုန်ပြီး သီးနှံဈေးကောင်းမရရင် အရှုံးပေါ်ပြီ" လို့ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့စည်းရုံးရေးမှူးက ပြောပါတယ်။ သူကိုယ်တိုင်လည်း မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိ ဆီတန်းစီးရင်း ဘီဘီစီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက စပါးနဲ့ တောင်ယာသီးနှံစိုက်ပျိုးသူတချို့ကလည်းစက်သုံးအခက်အခဲကြောင့် နွေစပါးရိတ်သိမ်းဖို့ကြန့်ကြာနေတာ၊ လယ်ဆက်မစိုက်ဘဲရပ်တန့်လိုက်တာ တွေရှိနေတယ်လို့ သိရပါတယ်။

"ဈေးကြီးပေးမဝယ်နိုင်လို့ ရေမသွင်းနိုင်တဲ့သူ မစိုက်နဲ့ပေါ့။ ဒါပဲရှိတာပဲ" လို့ ခင်ဦးမြို့နယ်က လယ်စိုက် သူတစ်ဦးက ပြောပါတယ်။

စပါးတစ်ဧကအတွက်ကျပ် ၁၅ သိန်းအထိကုန်ကျနိုင်ပေမဲ့ လက်ရှိစပါးဈေးအရ တင်း ၁၀၀ ကို ၁၂ သိန်း သာရရှိမယ်လို့ လယ်ယာစိုက်ပျိုးသူတွေက ပြောပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ စပါးအပြင် တခြားကောက်ပဲသီးနှံတောင်ယာစိုက်ပျိုးမှုတွေအတွက်လည်း စက်သုံးဆီလိုအပ်နေကြပါတယ်။

လယ်ယာသုံး စက်ကိရိယာတွေဖြစ်တဲ့ ထွန်စက်နဲ့ ရေတင်စက်တွေအတွက် စက်သုံးဆီ ဝယ်ယူဖို့ ''သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက် ပါရှိမှသာ'' ရောင်းချပေးဖို့ စက်သုံးဆီဆိုင်တွေကို ညွှန်ကြားထားပါတယ်။

ကျေးရွာ ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာရှိရင် ဆီ ၁ ဂါလံ ကနေ ၅ ဂါလံ အထိဝယ်ခွင့်ရပေမဲ့ စိုက်ပျိုးဧက၊ တစ်ရက်ထွန်ယက်နိုင်မှုနှုန်းနဲ့ အမှန်တကယ် လိုအပ်မယ့် ဆီပမာဏ(ဂါလန်)ဆိုပြီး ကန့်သတ်ထားတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုရောင်းချမှုကလည်း နေပြည်တော်အစိုးရ ထိန်းချုပ်တဲ့ဒေသတွေမှာသာဖြစ်ပြီး တော်လှန်ရေးနယ်မြေတွေထဲက လယ်ယာလုပ်ငန်းတွေအတွက် အခက်အခဲတွေ ရှိလာပါတယ်။

အမည်မဖော်ပြလိုတဲ့ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ '' တကယ့်လက်တွေ့မှာ စက်သုံးဆီအသုံးလျော့သွားတာမဟုတ်ပါဘူး။ အစိုးရကနေ ဆိုင်တွေကို တစ်ပတ် တစ်ကြိမ်ပေးနေကျခွဲတမ်းရဲ့ တစ်ဝက်ကိုသာ ထုတ်ပေးနေတာကြောင့်'' လို့ သူ့အမြင်ကို ပြောပါတယ်။

"အရှေ့အလယ်ပိုင်းပြဿနာဖြစ်ကတည်းက ဆီခွဲတမ်းက တဝက်ပဲ ပေးတော့တာ။ သုံးသူက အရင် အတိုင်းပဲ။ ခွဲတမ်းက အရင်ထက် တဝက်ပဲရလို့ လိုအပ်ချက်တွေ ဖြစ်ကုန်တာ။ လိုသလောက် မရလို့လည်း တန်းစီရတာပေါ့။ ထိုင်းမှာဆို မြန်မာကလို တန်းမစီရတာကို ကြည့်လေ" လို့ စက်သုံးဆီ လုပ်ငန်းလုပ်ကိုင်သူက တွက်ချက်ပြပါတယ်။

ဆီရဖို့အတွက် ရန်ကုန်အပါအဝင် ဒေသအများအပြားမှာ တစ်ရက်ကို အနည်းဆုံး ၃ နာရီကနေ ၅ နာရီ အထိ တန်းစီစောင့်ဆိုင်းရင်း အချိန်ကုန်နေကြရတာပါ။ ရန်ကုန်မြို့ခံတစ်ဦးက "လူတွေရဲ့ အချိန်က ဆီဆိုင်မှာပဲ ကုန်ဆုံးနေတာ" လို့ ဆိုပါတယ်။

တစ်နှစ်တာလုံး လက်ရှိကျင့်သုံးနေတဲ့ ဆီချွေတာရေးနည်းအတိုင်း ဆက်လက်လည်ပတ်ပုံနဲ့ တွက်ချက်ပြလာတဲ့ နေပြည်တော်ရဲ့အစီအမံကိုတော့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ရေရှည်မဖြစ်နိုင်အစီအမံလို့ ပြောပါတယ်။

"တစ်နေ့ ၁၀ လီတာလိုတာ ၅ လီတာပဲရရင် ကျန် ၅ လီတာစာ အလုပ်တွေ မရပ်တန့်ကုန်ဘူးလား။ တကမ္ဘာလုံးဖြစ်လို့ ခေတ္တခဏ ပြည်သူက လက်ခံပေမဲ့ အခိုက်အတန့်ပဲ ရမယ်။ ဒီတိုင်းဖြစ်နေဖို့တော့ မဖြစ်နိုင်ဘူး" လို့ ဆိုပါတယ်။

နေပြည်တော်က စက်သုံးဆီမှာ စီတန်းဆီဖြည့်နေတဲ့ ဆိုင်ကယ်တန်း ၂ တန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်သုံးဆီတင်သွင်းရောင်းမှုပုံစံ အပြောင်းအလဲကြောင့် နေ့စဥ် စက်သုံးဆီသုံးစွဲမှု ၃ ဒသမ ၅ သန်းကနေ ၂ ဒသမ ၅ သန်းကို လျော့ကျ

စက်သုံးဆီချွေတာရေးစနစ် ၄ ခုကို ပြန်ကြည့်ခြင်း

Barcode၊ QR စနစ်နဲ့ ရောင်းချတာကို စောင့်ကြည့်နေတဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Barcode၊ QR စနစ်နဲ့ ရောင်းချတာကို စောင့်ကြည့်နေတဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းတွေ

စစ်ကော်မရှင်အုပ်ချုပ်ရေးကာလမှာ ဆီချွေတာရေးနဲ့ပတ်သက်တဲ့ ပထမဆုံးအစီအမံက လစဥ်"မ"ရက်မှာ "မ"နံပါတ် ကိုယ်ပိုင်ယာဥ်တွေ သုံးပြီး "စုံ" ရက်မှာ "စုံ" နံပါတ် ကိုယ်ပိုင်ယာဥ်တွေသာ အသုံးပြုဖို့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အသက်ဝင်နေဆဲဖြစ်တဲ့ ဒီစနစ်ကို ဖျက်သိမ်းစေချင်ပြီလို့ ပြောနေကြပါတယ်။ "အရမ်းဒုက္ခရောက်တယ်။ စုံရက် မရက် မခွဲဘဲ ကားတွေအကုန်ထွက်ရချင်တာ"လို့ ရန်ကုန်မြို့က အိမ်စီးကားအသုံးပြုသူတစ်ဦးက ဆိုပါတယ်။

လျှပ်စစ်ကားနဲ့ Ebike (လျှပ်စစ်စက်ဘီး)၊ ဝန်ထမ်းကြိုပို့ယာဥ်၊ ကုန်စည်ဖြန့်ဖြူးရေးယာဥ်၊ လုပ်ငန်းသုံးယာဥ်နဲ့ ကျောင်း ကြို/ပို့ယာဥ်တွေမပါဘူးလို့ ကင်းလွတ်ခွင့်ပေးထားတာပါ။ ဒါကြောင့် ဆီခက်နေတဲ့ကာလမှာ ယာဥ်အသွားအလာနည်းသွားအောင် လုပ်ဆောင်တဲ့ ဒီအစီအမံကြောင့် EV ကားတွေသိန်းရာဂဏန်း ဈေးထောင်တက်တာနဲ့ EBike တွေ ပစ္စည်းပြတ်လပ်တဲ့အထိဖြစ်ခဲ့ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးအပိုင်းမှာ အားနည်းတာကြောင့် ကားအသုံးများတဲ့ရန်ကုန်နဲ့ ဆိုင် ကယ်အသုံးများတဲ့ နယ်ဘက်တွေမှာ သွားလာရေးအခက်အခဲဖြစ်ကုန်တယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တချို့က ပြောကြပါတယ်။

စုံ/မ စနစ်စတင်ပြီးနောက်ကားတွေမှာ Wheel Tax(ဘီးခွန်)ရဲ့ ဘားကုတ်၊ ဆိုင်ကယ်တွေမှာ QR ပေးပြီး တစ်ရက်ကို တစ်ကြိမ်သာ ဆီဖြည့်ခွင့်ကန့်သတ်လိုက်တာပါ။

"ဒီစနစ်မှာ ကြုံရတဲ့ပြဿနာကတော့ ဟွန်ဒါလို ကားတွေဆို လိုင်စင်တွေ ပွားထားကြတာများတယ်။ အိမ်က ညီမလေးဆို သူ့လိုင်စင် ပွားထားတဲ့ကားကနေ ဆီဖြည့်လိုက်ပြီးသားဖြစ်နေတာ ခဏခဏပဲ" လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီနောက်မှာ ဘားကုတ်၊ QR တွေကို အဆင့်မြှင့်တင်လိုက်ပြီး အင်ဂျင်ပါဝါအလိုက် ယာဥ်တွေအတွက် တစ်ပတ်တာ ဆီဝယ်ယူနိုင်တဲ့ပမာဏကို ကန့်သတ်ထုတ်ပြန်ထားပါတယ်။

အိမ်စီးကားတွေကို စက်စွမ်းအား ၂၀၀၀ စီစီအထိကို တစ်ပတ် ၃၅ လီတာ၊ ဆိုင်ကယ်တစ်စီးကို ၈ လီတာ စသဖြင့် ရောင်းချမယ့်စနစ် ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးအတွက် ကိုတာ သတ်မှတ်ပေးထားပေမဲ့ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍလိုအပ်ချက်အတွက် တိကျတဲ့ပမာဏ ထည့်တွက်စဥ်းစားထားတာ မရှိဘူးလို့ စက်သုံးဆီလုပ်ငန်းရှင်က ဘီဘီစီကို ပြောပါတယ်။

ဒီကဏ္ဍတွေအတွက် စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ပုံစံမှာဖြည့်စွက်ပြီး နီးစပ်ရာ အရောင်းဆိုင်တွေမှာ ဝယ်ယူဖို့သာ မတ် ၂၆ ရက်ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

"မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တောင်သူရဲ့ ဆီလိုအပ်ချက်ကို ဆီဆိုင်ကနေ ကူညီရောင်း ချပေးလိုက်ပါလို့ပဲ ပြောလို့ရတယ်။ ဒီအတွက် သီးသန့် ကိုတာဆိုင်မှာ မရှိတော့ ဆီဆိုင်တွေက ဗျာ များရတယ်ဆိုပေမဲ့ တကယ်နစ်နာတာက တောင်သူပေါ့" လို့သူက ဆိုပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ တက်စီ၊ သုံးဘီးနဲ့ ကုန်တင်ယာဥ်တွေကို ဆီပမာဏ တိုးပေးထားပြီး တစ်ပတ် ၃ ရက် ဆီဖြည့်ခွင့်ပေးထားတဲ့ ဒီစနစ်အပေါ်မှာ မသမာမှုတွေ လုပ်လာတာရှိတယ်ဆိုပြီး တစ်ပတ်အကြာမှာ စနစ်သစ်တစ်ခု ထပ်ထွက်လာပါတယ်။

စွမ်းအင်ဝန်ကြီးဌာနရဲ့ ဧပြီ ၂ ရက်ထုတ်ပြန်ချက်အရ တက္ကစီ(အငှားယာဥ်)၊ သုံးဘီးနဲ့ ကုန်တင်ယာဥ်တွေကို မောင်းနှင်ခဲ့တဲ့ခရီးအကွာအဝေးအပေါ် မူတည်ပြီးသာ ရောင်းချတော့မယ်လို့ ဖော်ပြပါတယ်။

ဆီရောင်းချတဲ့ပမာဏကန့်သတ်နေသလို တဖက်မှာလည်း ကမ္ဘာ့ရေနံဈေးတက်တဲ့အပေါ်မူတည်ပြီး ဓာတ်ဆီနဲ့ ဒီဇယ်ဈေးကလည်း ၄၅ ရက်အတွင်း စက်သုံးဆီစျေးက ၃ ဆခန့် တက်သွားတာပါ။

ဒါက ဆီဆိုင်ကြီးတွေမှာ တန်းစီဝယ်ယူရတဲ့ တရားဝင်ဈေးတွေဖြစ်ပြီး မှောင်ခိုဈေးကွက်မှာတော့ မြို့အလိုက် ဓာတ်ဆီတစ်လီတာ ကျပ် ၁၀,၀၀၀ ကနေ ၁၅၀၀၀ ကျပ်အထိ ဆီအမျိုးအစားအလိုက်စျေးမြင့် ပေးဝယ်နေရတယ်လို့ သုံးစွဲသူတွေဆီကနေ စုံစမ်းသိရပါတယ်။

ဘီဘီစီက မေးမြန်းထားတဲ့ ဓာတ်ဆီ၊ ဒီဇယ်အသုံးပြုလည်ပတ်နေရတဲ့ စက်မှုလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး၊ ကုန်စည်နဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကတော့ လုပ်ငန်းလိုအပ်ချက်အတိုင်း ဝယ်ယူလို့ မရတာကြောင့် မှောင်ခိုဈေးကွက်ကနေ ဈေးကြီးပေးဝယ်နေရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဆီမလုံလောက်မှုနဲ့ မှောင်ခိုဈေးကွက်အပေါ် မှီခိုရမှုတွေက နောက်ဆုံးအဆင့်ဖြစ်တဲ့ သုံးစွဲသူအပေါ်မှာ ဝန်ပိသွားစေတာဖြစ်ပါတယ်။

တဖက်မှာလည်း ဦးမင်း‌‌‌အောင်လှိုင်ရဲ့ ပြောကြားချက်က အနာဂတ်အတွက် ကြိုတင်ပြင်ဆင်တဲ့ မဟာဗျူဟာထက် လက်ရှိနိုင်ငံတွင်းရင်ဆိုင်နေရတဲ့ ဒေါ်လာပြတ်လပ်မှုကို တုံ့ပြန်တဲ့ အခြေအနေတရပ်လို့ ရှုမြင်ကြောင်း မူဝါဒရေးရာလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါက ဆီပုံမှန်ပြန်ရဖို့ မသေချာတဲ့အခြေအနေမှာ ရှားပါးမှုနဲ့ အသားကျအောင် ကြိုတင်ပြင်ဆင်ဖို့ကို သတိပေးလိုက်တာလို့ ဆိုကြပါတယ်။

ပိုတက်လာတဲ့ ဆီဖိုးကို ရောင်းကုန်အပေါ် ထပ်တိုး

အောင်မင်္ဂလာအဝေးပြေးကားဝင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောင်မင်္ဂလာအဝေးပြေးကားဝင်း (ပုံဟောင်း)​

နိုင်ငံခြားက တင်သွင်းနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ရာခိုင်နှုန်းအများစုကို အသုံးပြုနေတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာတော့ တိုက်ရိုက်သက်ရောက်မှုတွေကို ကြုံနေရပြီဖြစ်ပါတယ်။ ဆီဈေးတက်တာနဲ့ လိုအပ်သလောက် ဆီမရရှိတဲ့ ပြဿနာကို အဝေးပြေးယာဥ်လိုင်းပိုင်ရှင်တွေလည်း ကြုံနေရပါတယ်။

ဒါကြောင့် နေ့စဥ်ပြေးဆွဲနေကျ ယာဥ်အစီးရေထက် လျှော့ချပြေးဆွဲနေရတယ်လို့ အဝေးပြေးယာဥ်လိုင်းပိုင် ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"ပုံမှန် ၅ စီးထွက်နေရင် ၂ စီး ကနေ ၃ စီးလောက်ပဲ ခရီးသည်နဲ့ ဆီအနေအထားကြည့် ဆွဲရတယ်" လို့ သူက ပြောပါတယ်။ ခရီးသည်တင်ယာဥ်ကြီးတွေကို ဆီကန့်သတ်ချက်မထားဘဲ ဆီဆိုင်မှာမှတ်တမ်းထားပြီး ဖြည့်ခွင့်ပေးတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ခရီးစဥ်အကွာအဝေးလိုအပ်ချက်အတိုင်း အပြည့်ဖြည့်ခွင့်မရဘူးလို့ ယာဥ်လိုင်းပိုင်ရှင်က ပြောပါတယ်။

"ရန်ကုန်-မန္တလေးကို လီတာ ၂၀၀ ကုန်ရင် ၁၆၀ ပဲရတယ်။ နည်းနည်းထပ်လိုနေလို့ တခြားဆိုင်ထပ်စီရင် ဝယ်ယူခွင့်မရတော့ပါဘူးလို့ပဲ စနစ်ထဲမှာ ဖြစ်နေတာ။ အပြင်ကနေ တစ်လီတာ ၉၀၀၀-၁၀၀၀၀ ပေးပြီး ထပ်ဖြည့်ရတယ်" လို့ သူကပြောပါတယ်။

ရန်ကုန်-မန္တလေးလို ခရီးဝေးပြေးဆွဲရဲ့ ယာဥ်မောင်းတွေကလည်း ဆီတန်းစီရတာကြောင့်အနားယူချိန် မရှိကြတော့ဘူးလို့ ဆိုပါတယ်။ ဆီမလုံလောက်တဲ့ရက်နဲ့ ခရီးသည်နည်းတဲ့ ခရီးစဥ်တွေကို ယာဥ်လိုင်းတွေဘက်က ရွှေ့ဆိုင်းရတာလည်း ရှိနေပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်ရေးယာဥ်တွေဘက်မှာလည်း စုံ/မ စနစ်မရှိလို့ နေ့စဥ်သွားလာခွင့်ရှိပေမဲ့ ခရီးစဥ်အတွက်လုံလောက်တဲ့ဆီပမာဏရတဲ့အထိ ဆီစုရတဲ့ပြဿနာကြုံနေရတာပါ။

"မြဝတီတက်ဖို့ဆို ဂါလံ ၅၀ လိုတဲ့ ကုန်တင်ကားကြီးတွေဆို သွားချင်တဲ့ခရီးအတွက်ဆီပြည့်ဖို့ ၁ ရက်ကနေ ၃ ရက်လောက် အချိန်ပေးစုရတယ်" လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဈေး တက်သွားတာကြောင့် ကုန်ချိန်ပိဿာအလိုက် ယူတဲ့ဈေးနှုန်းလည်း ပြောင်းလဲ သတ်မှတ်ထားတယ်လို့ မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူကပြောပါ တယ်။

"ကုန်တစ်ပိဿာကို အရင်က ၂,၀၀၀ ဆို အခု ၃,၀၀၀ မှကိုက်တယ်။ ဒီလိုတက်ပြန်တော့ ကုန်သည်တွေက ကုန်ကို အရင်လောက်မပို့ကြတော့ ကုန်စည်စီးဆင်းတာလည်းကျတာပေါ့" လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူကပြောပါတယ်။

ခရီးသည်တင်ယာဥ်တွေကလည်း ရန်ကုန်-မန္တလေးယာဥ်စီးခကို အရင်က ၃ သောင်း ကျပ်ကောက်ခံရာကနေ အခု ၅ သောင်းကျပ်ဝန်းကျင် တိုးမြှင့်ကောက်ခံသလို မန္တလေး-မူဆယ်ကား ခကလည်း မူလက ၂ သိန်းဝန်းကျင်ကောက်ရာကနေ အခု ၃ သိန်းခွဲအထိ တိုးသွားတာပါ။

"ဆီသုံးတာ လျော့လို့ နိုင်ငံခြားငွေသက်သာတဲ့အထိတော့ ကျွန်တော်လည်းနားမလည်ဘူး။ ဒါပေမဲ့ ကားမောင်းတယ်ဆိုတာက ဆီရနေမှဆိုတော့ ဆီဈေးတက်ရင် ကားခတက်မယ်။ ကားစီးတဲ့ပြည်သူပဲ ခံစားရတာ မဟုတ်ဘူးလား" လို့ ယာဥ်လိုင်းပိုင်ရှင်က ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးအပေါ် မူတည်ပြီး အထွေထွေကုန်ဈေးနှုန်းလည်း ရက်ပိုင်းအတွင်း သိသိသာသာ တက်သွားတယ်လို့ နေ့စဥ်အခြေခံစားသောက်ကုန်ဝယ်ယူနေရသူတွေက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးအပြင် စက်မှုလုပ်ငန်းဘက်မှာလည်း ဆီဈေးတက်တာကြောင့် ရောင်းကုန်တွေကို အတက်ဈေးနဲ့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ပလက်စတစ်စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

သူက ရေသန့်နဲ့ဆက်စပ်တဲ့ ပလက်စတစ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့စက်ရုံပိုင်ရှင်ဖြစ်ပါတယ်။

"ရေသန့်ဘူးအကြီး ထုတ်တဲ့စက်တွေက ဆိုလာစနစ်နဲ့ မနိုင်ဘူး။ သီးသန့်ထရန်စဖော်မာတောင်ထိုင်ထားရတာ။ ၂၄ နာရီလည်ရတဲ့လုပ်ငန်းဖြစ်လို့ မီးပျက်တဲ့အချိန်အတွက် မီးစက်ကူရတယ်။ အခုမီးစက်ဆီ ဖိုး တစ်ရက်ကို ၈ သိန်း ပိုထွက်တယ်" လို့ ပလက်စတစ်စက်ရုံလုပ်ငန်းရှင်ကပြောပါတယ်။

နွေရာသီက ပလတ်စတစ်ရေဘူးတွေ ပုံမှန်ကာလထက်ဝယ်ယူမှု ၁၀ ဆလောက်မြင့်တက်တဲ့ကာလဖြစ်တာကြောင့် ဝယ်လိုအားအပြည့်ရောင်းချနိုင်အောင် စက်သုံးဆီဆိုင်မှာမရရင် အပြင်ကနေ ဈေး၂ ဆ လောက်ပေးပြီး ဝယ်ယူကာ စက်လည်ပတ်နေရတာပါ။

"လုပ်ငန်းရှင်က ဆီဖိုး ပိုကုန်တာကို ရောင်းကုန်အပေါ် ထပ်တိုးလိုက်မှာပဲ။ ဘယ်သူမှာထိမလဲ နောက်ဆုံး သုံးစွဲတဲ့ဝယ်သူပဲ ထိတာပေ့ါ"လို့ သူကပြောပါတယ်။

နေပြည်တော်ဘက်ကတော့ စက်သုံးဆီသုံးစွဲမှု လျော့ကျသွားတယ်လို့ ပြောနေပေမယ့် အဲ့ဒီလျော့ကျမှုနောက်ကွယ်မှာ လူထုရဲ့ တကယ့်လိုအပ်ချက်တွေကို ကန့်သတ်ထားတာကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ ပိုများလာနေတယ်ဆိုတာကို ဘီဘီစီနဲ့ စကားပြောခဲ့သူတွေရဲ့ အသံတွေက ထင်ဟပ်ပြနေပါတယ်။