တာချီလိတ်မြို့မှာ အရပ်၀တ်ဟန်ဆောင်ပြီး လူငယ် ၂ ဦးကို ဖမ်းဆီးသူ ၃ ဦးအဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, ရှမ်းအရှေ့မဏ္ဍိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လူငယ်နှစ်ဦးကိုအရပ်၀တ် ၀တ်ထားတဲ့ စစ်သားယောင်ဆောင် ဖမ်းဆီးခဲ့တဲ့အမျိုးသား ၂ ဦး နဲ့ နောက်ထပ် အမျိုးသမီး ၁ ဦးကို ရဲက မနေ့တုန်းက ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ရဲက အခုဖမ်းဆီးလိုက်တဲ့အမျိုးသား ၂ ဦးဟာ အသက် ၂၅ နှစ်အရွယ် ကိုဇွဲညီညီခန့်နဲ့ အသက် ၃၂ နှစ်အရွယ် ကိုဉာဏ်လင်းထွန်းတို့ ဖြစ်ပါတယ်။
အဖမ်းခံရတဲ့အမျိုးသမီးကတော့ မသဲအိချိုဆိုသူဖြစ်ပြီး သူဟာ လူငယ် ၂ ဦးကို ဖမ်းဆီးမှုမှာ ပါ၀င်ကူညီခဲ့သူလို့ စွပ်စွဲခံရပါတယ်။
သူတို့ ၃ ဦးလိုက်လာတဲ့ကားကို ရဲနဲ့ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာအနီးတံတားမှာ စစ်ဆေးချိန် လက်ထပ်ခတ်ပြီး ကားနောက်ဖုံးထဲ တင်ဆောင်လာတဲ့ လူငယ် ၂ ဦးကို တွေ့ရာကနေ အခုဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကားနောက်ဖုံးမှာ တွေ့ခဲ့တဲ့လူငယ် ၂ ဦးကတော့ သူတို့ဟာ ရန်အောင်မြေ ရပ်ကွက်နဲ့ ပါဆတ်ရပ်ကွက်မှာ ညအချိန် လမ်းလျှောက်လာချိန် ကိုဇွဲညီညီခန့်နဲ့ ကိုဉာဏ်လင်းထွန်းတို့က အရပ်ဝတ် စစ်သားတွေဟန်ဆောင်ပြီး တာ၀န်အရ မေးမြန်းဖို့လိုဆိုကာ ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ရဲနဲ့နီးစပ်သူက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ် ၂ ဦးကတော့ ကိုဇွဲညီညီခန့်နဲ့ ကိုဉာဏ်လင်းထွန်းတို့ဟာ သူတို့ ၂ ဦးကို ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်က ဖမ်းဆီးခဲ့တာလို့ ထွက်ဆိုထားတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
အခုတော့ ဒီလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သူ ၃ ဦးကို ဟောင်လိတ်ရပ်ကွက်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့ကနေ ၃ လတကြိမ် စစ်မှုထမ်းအတွက် လူသစ် စုဆောင်းပေးရတာရှိပြီး လမ်းသွားလမ်းလာလူငယ်တချို့ ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
အခုလူငယ် နှစ်ဦးကို ဖမ်းဆီးတဲ့သူ ၃ ဦးကလည်း စစ်မှုထမ်းအတွက် လူသစ် စုဆောင်းပေးနေသူတွေလို့လည်း မြို့ခံတချို့က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား ထပ်မံ အတည်မပြုနိုင်ပါဘူး။


