၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းနဲ့ဘယ်လိုတိုက်ခိုက်လဲ

Federal Wings က ဒရုန်းလွှတ်တင်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Federal Wings

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေ သုံးလာနိုင်တာက စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်မလားဆိုတာ မေးခွန်းထုတ်ထားကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း အင်အားကြီးလှပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ကို ဖရိုဖရဲဖြစ်စေရတဲ့ အကြောင်းများစွာထဲက တစ်ခုကတော့ စစ်ဘက်သုံးအဖြစ် ပြောင်းလဲထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းတွေပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) က စစ်စခန်းပေါင်း ရာဂဏန်းကို ရက်ပိုင်းအတွင်း အလျှင်အမြန်လက်လွှတ်ဆုံးရှုံးရတာဟာ နှစ်ပေါင်း ၇၀ ကျော် စစ်တိုက်လာတဲ့ မြန်မာစစ်တပ်အတွက် မကြုံစဖူး ဖြစ်ပါတယ်။

‘’ဒရုန်းနဲ့ ဗုံးကြဲတာ မိုးရွာချနေသလိုပဲ’’ လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ကွပ်ကွဲမှုအောက်ကရှေ့တန်းစစ်မျက်နှာပြင်တစ်ခုကို ကွပ်ကဲခဲ့ရတဲ့ အရာရှိတစ်ဦးက မြောက်ပိုင်းမဟာမိတ်တွေရဲ့ ဒရုန်းစစ်ဆင်မှုအကြောင်း ဘီဘီစီ ကိုပြောပါတယ်။

ဒရုန်းစစ်ဆင်ရေးတစ်ခုအတွင်းမှာ ဗုံးသီးရာဂဏန်းအထိအောင် ဆက်တိုက်ကြဲချခံနေရတာက ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်စခန်းတွေ နဲ့ မြို့တချို့ကို လက်လွှတ်ခဲ့ရတဲ့အဓိကအချက်လို့ အဲဒီအရာရှိက ပြောပါတယ်။

ဒရုန်း နဲ့ ဗုံးမိုးရွာခြင်း

ရှမ်း/မြောက်မှာ အရေးကြီးတဲ့ ကွမ်းလုံဗျူဟာပါ သိမ်းပိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, the kokang

ဓာတ်ပုံ ပုံစာ, ရှမ်း/မြောက်မှာ အရေးကြီးတဲ့ ကွမ်းလုံဗျူဟာပါ သိမ်းပိုက်ခံရ

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ဟာ စခန်းကုန်းတစ်ခုကို ဝင်တိုက်တဲ့အခါ အနည်းဆုံး ဒရုန်းအစင်းရေ ၃၀ ကနေ ၄၀ ကြား အသုံးပြုခဲ့တဲ့အကြောင်း ရှေ့တန်းစစ်မျက်နှာပြင်ကို ကွပ်ကဲနေသူတွေထံက ဘီဘီစီက စုံစမ်းသိရပါတယ်။

‘’စခန်းကြီးရင်ကြီးသလို ဒရုန်းအစင်းရေလည်းပိုများတယ်’’ လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က တပ်အရာရှိတစ်ဦးကပြောပါတယ်။

စခန်းကုန်းတစ်ခုကို ဖျက်အားပြင်း ၆၀ မီလီမီတာ ဗုံးသီး အလုံး ၄၀ လောက် တပြိုင်နက်အကြဲချ ခံရတဲ့ ပုံစံမျိုးလို့ ရှေ့တန်းမှာ တိုက်ခိုက်ခံခဲ့ရသူတစ်ဦးက သူ့ရဲ့အတွေ့အကြုံကို ဥပမာပေးပါတယ်။

‘’ဒါက တသုတ်ပဲ ရှိသေးတာ၊ တသုတ်ပြီး တသုတ်ကြဲချတာ။ ဒီတော့ ခင်ဗျားပြေးမလား၊ အသေခံမလား။ ဒီနှစ်ခုထဲက တစ်ခုပဲရှိတယ်’’ လို့ စစ်ကောင်စီရဲ့ တပ်အရာရှိက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ က ထုတ်ပြန်တဲ့ ဓာတ်ပုံ နဲ့ ရုပ်သံမှတ်တမ်းတွေအရ သူတို့သိမ်းနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးဖို့အချိန်မရဘဲ စွန့်ခွာသွားကြတာကို တွေ့ရပါတယ်။

အရင်တုန်းက ဒီလိုပေါက်ကွဲအားကို အမြှောက်နဲ့ စိန်ပြောင်းသုံးပြီးတော့ပဲပစ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒရုန်းမှာ ချိတ်ဆွဲပြီး တိုက်ခိုက်ခံနေရတယ် လို့ မြန်မာစစ်တပ်က အရာရှိတစ်ဦးက ပြောပါတယ်။

‘’စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းရဲ့ ပိုးသတ်ဆေးပုံးနေရာမှာ ဗုံး ကို အစားထိုးလိုက်တာ’’ လို့ သူကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေ နဲ့ စစ်ကောင်စီတပ်တွေကြားမှာ ဒရုန်းစစ်ဆင်မှုနဲ့ပတ်သက်လို့ အားနည်းချက်အားသာချက်ကို အပြန်အလှန်အဖြေရှာရင်း ဗျူဟာခင်းခဲ့ကြပေမဲ့ စစ်ကောင်စီဘက်က သိသိသာသာ အရေးနိမ့်နေခဲ့တာပါ။

‘’အစပိုင်းကတော့ ဒရုန်းတက်လာတဲ့ဘက်ကို လက်နက်ကြီးနဲ့ပြန်ပစ်တာ သူတို့ဘက်က သေသွားတာတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့ကလည်တယ်။ နောက်ပိုင်းမှာ တစ်နေရာထဲမှာမနေတော့ဘဲ ကားတွေနဲ့ ရွေ့လျားစစ်ဆင်မှုကို ပြန်သုံးတယ်’’ လို့ တပ်အရာရှိက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေထံမှာ ဒရုန်းအစင်းရေအမြောက်အများ နဲ့ ဗုံးသီးတွေ ရှိနေတာကလည်း အားသာချက်တစ်ခုလို့ သူက ပြောပါတယ်။

‘’ဘယ်လောက်တောင် ဗုံးများများသုံးနိုင်လဲဆိုရင် ကျွန်တော်တို့ ခြံစည်းရိုးတွေမှာ ထောင်ထားတဲ့ မိုင်းကွင်းတွေကိုတောင် ဒရုန်းနဲ့ ပစ်ချပြီးပဲ ခွဲတာ။ အားလုံးရှင်းပြီဆိုမှ စခန်းတက်သိမ်းတာ’’ လို့ ရှမ်းမြောက်မှာတာဝန်ကျခဲ့တဲ့ စစ်ကောင်စီအရာရှိတစ်ဦးက ပြောပါတယ်။

ဘန်ကာတွေပါ မခံနိုင်ဘဲ ပြိုကျတာကိုကြည့်ရင် ဒရုန်းနဲ့ အဆက်မပြတ်ဗုံးကြဲချမှုကို ခန့်မှန်းနိုင်တယ် လို့ သူကပြောပါတယ်။

မုံးကိုးဗျူဟာ မှာ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးမှုကလည်း ဒရုန်းလက်ချက်မကင်းပါဘူး။

ဒရုန်းပစ်ခတ်မှုအတွင်း လက်နက်ခဲယမ်းဂိုထောင် ပေါက်ကွဲမှုကြောင့် တပ်မမှူး သေဆုံးခဲ့တာလို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကသတင်းအရင်းအမြစ်တွေကတော့ ဒရုန်းပစ်ခတ်မှုအတွင်း အဆောက်အဦပြိုကျပြီး သေဆုံးတာ လို့ပြောပါတယ်။

ဗိုလ်မှူးချုပ် အောင်ကျော်လွင် ဟာ မြန်မာစစ်တပ်ရဲ့ တပ်မမှူးအဆင့် တိုက်ခိုက်ရေးအရာရှိကြီးအယောက် ၃၀ ထဲက တစ်ယောက်ဖြစ်ပြီး ဒရုန်းတိုက်ခိုက်မှုအတွင်း ပထမဆုံးသေဆုံးတဲ့ တပ်မမှူးလည်း ဖြစ်လာပါတယ်။

စစ်တပ်ရဲ့ တပ်မမှူးတစ်ယောက်ထိုင်တဲ့ ဗျူဟာကုန်းလို စခန်းမှာ ဒရုန်းတွေကိုကာကွယ်နိုင်တဲ့ Jammer - ဒရုန်းကာကွယ်ရေးစနစ်တွေရှိမနေဘူးလားဆိုတဲ့ မေးခွန်းတွေလည်း စစ်တပ်အရာရှိဟောင်းတွေကြားမှာ ထွက်ပေါ်နေပါတယ်။

တရုတ်လုပ် ဒရုန်းတွေ

တော်လှန်ရေးအဖွဲ့တွေထဲမှာ ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ရင် လူသိများတဲ့ Federal Wings

ဓာတ်ပုံ ရင်းမြစ်, Federal Wings

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးအဖွဲ့တွေထဲမှာ ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ရင် လူသိများတဲ့ Federal Wings

ဒီမေးခွန်းကို နေပြည်တော်က စစ်ရုံးထဲမှာလည်း အဖြေရှာခဲ့ကြပြီး မြောက်ပိုင်းမဟာမိတ်တပ်တွေသုံးတဲ့ တရုတ်ထုတ်ဒရုန်းတချို့ဟာ စစ်ကောင်စီတပ်က အသုံးပြုနေတဲ့ ဒရုန်းကာကွယ်ရေးစနစ် Jammer တွေကို ကျော်နိုင်နေတယ် ဆိုတဲ့ အဖြေကိုသွားတွေ့ပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်သားလက်နက်ကိုင်တွေ လက်ထဲမှာ ဒီလိုနည်းပညာ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားပေမဲ့ ဒရုန်းနည်းပညာကို ဘယ်အဖွဲ့အစည်းက ထောက်ပံ့နေသလဲ ဆိုတာကို ထုတ်မပြောပါဘူး။

မြောက်ပိုင်းမဟာမိတ်တပ်တွေကို တရုတ်နယ်စပ်က တိုင်းရင်သားလက်နက်ကိုင်နယ်မြေတစ်ခုထဲမှာ ဒရုန်း သင်တန်းတွေပေးခဲ့ကြတဲ့သတင်းကိုတော့ အတိအကျရထားတယ်လို့ စစ်ရုံးက အရာရှိတစ်ဦးကပြောပေမဲ့ဘယ်သူကသင်တန်းပေးတယ်ဆိုတာကိုတော့ သူကထည့်မပြောပါဘူး။

MNDAA လက်ထဲမှာ တရုတ်ထုတ်ဒရုန်း အစင်းရာချီအထိရှိနေတယ် လို့ ခန့်မှန်းထားကြောင်း သူကပြောပါတယ်။

တရုတ်ထုတ်ဒရုန်းတွေကိစ္စဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုပါ ရောက်လာပြီး ကိုးကန့်တပ် MNDAA ဟာ တရုတ်ထုတ်ဒရုန်း အမြောက်အများ အသုံးပြုခဲ့တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောခဲ့ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့ ပစ်ချလို့ရခဲ့တဲ့ MNDAA ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ် ကုန်ထုတ်လုပ်ငန်းသုံးဒရုန်းတွေ လို့ ဘီဘီစီကို ပြောပါတယ်။

ဒရုန်းတွေကို MNDAA က ဘယ်လိုရနေလဲဆိုတဲ့အချက်ကိုတော့ စစ်ကောင်စီက နှုတ်ဆိတ်နေခဲ့ပြီးဒီဒရုန်းတွေဟာ စျေးကွက်ထဲမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တယ်လို့သာ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်တာတွေ တိုးလာနေတာဟာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်နိုင်ငံမှာ စက်တင်ဘာ လတုန်းက ကျင်းပတဲ့ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)မှာ ပြောခဲ့ပါသေးတယ်။

တရုတ်ထုတ်ဒရုန်းတွေကို ရုရှား-ယူကရိန်း စစ်ပွဲမှာလည်း နှစ်ဖက်စလုံးက ပမာဏ အတော်များများအသုံးပြုနေပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ ဒရုန်းတွေကို အသုံးပြုတာ မဆန်းတော့ပေမယ့် လက်ရှိ ယူကရိန်းနဲ့ ရုရှားစစ်ပွဲကတော့ အများဆုံး အသုံးပြုနေကြတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

အကြီးစားစစ်သုံးဒရုန်းတွေဟာ ဈေးပိုကြီးပြီး ပစ်မှတ်ထားပစ်ချရတာ လွယ်ကူနိုင်ပေမဲ့ ဈေးသက်သာပြီးအစားထိုးရလွယ်ကူတဲ့ ဒရုန်းအငယ်စားတွေကို နှစ်ဖက်စလုံးက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာဖြစ်ပါတယ်။

အရင်ကလို သမာရိုးကျစစ်ပွဲတွေမဟုတ်တော့လို့ နည်ပညာတပ်ဖွဲ့တွေဟာ ယူကရိန်းရှေ့တန်း စစ်မြေပြင်အထိ လိုက်လာကြပြီး ကာကွယ်ရေးစနစ် တွေကို ဖြတ်တောက် ကျော်လွှားနေကြပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က ဒရုန်းတင်ပို့မှုကို ကန့်သတ်မှုတွေလုပ်လိုက်လို့ ယူကရိန်းမှာ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။

တရုတ်အစိုးရက ဒရုန်းရောင်းချမှုကို စည်းမျဉ်းထုတ်ကန့်သတ်မှုတွေ လုပ်နေပေမဲ့ တရုတ်နိုင်ငံထဲမှာ ဒရုန်းထုတ်တဲ့ ကုမ္ပဏီအမြောက်အများရှိနေပြီး လုပ်ငန်းသုံးဒရုန်းတွေကို ခွင့်ပြုပေးနေရတဲ့အခြေအနေကြောင့် အလုံးစုံထိန်းချုပ်နိုင်မှုအပိုင်းမှာတော့ အကန့် အသတ်တွေရှိနေပါတယ်။

မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရော အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကပါ နည်းပညာအပြောင်းအလဲရဲ့လှိုင်းကို စီးနင်းရင်းမြန်မာစစ်တပ်ရဲ့ အင်အားသာလွန်မှုကို အန်တုနေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီအချက်ကို သတိပြုမိနေပေမဲ့ ပြင်ဆင်မှုကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုတာ ရှမ်းမြောက်တိုက်ပွဲတွေမှာ တပ်စခန်းတွေဆုံးရှုံးမှုက သက်သေပြနေပါတယ်။

အရပ်ဘက်သုံး မှ စစ်ဘက်သုံးသို့

 ဈေးသက်သာတဲ့ ဒရုန်းတွေကို ထိရောက်တဲ့လက်နက်အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Federal Wings

ဓာတ်ပုံ ပုံစာ, ဒရုန်းနည်းပညာကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်လှမ်းမီလာတဲ့ အခြေအနေမှာ ဈေးသက်သာတဲ့ ဒရုန်းတွေကို ထိရောက်တဲ့လက်နက်အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။

ဒရုန်းလို့ လူသိများတဲ့ မောင်းသူမဲ့လေယာဉ် - Unmanned aerial vehicle အသုံးပြုခွင့်ကို အစိုးရတွေအောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ က လက်ဝါးကြီးအုပ်ထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ဒါပေမယ့် စစ်ရေးမဟုတ်တဲ့ ရည်ရွယ်ချက်အတွက် ဒရုန်းတွေကို အသုံးပြုခွင့်ပေးလိုက်ပြီးနောက်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ သာမန်ပြည်သူတွေဟာ ဒရုန်းတွေကို အလွယ်တကူဝယ်ယူ ရရှိလာပါတယ်။

မြန်မာနိုင်ငံမှာ ဒရုန်း နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို နဲ့ ဓာတ်ပုံတွေ အများအပြားရှိနေပေမဲ့ ဒရုန်းကိုင်ဆောင်မှုဟာ အပြည့်အဝလွတ်လပ်ခွင့်ရှိတာတော့ မဟုတ်ပါဘူး။

မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင် ၂၀၂၀ နှစ်ဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် အေအေ ကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

မြန်မာစစ်တပ် ဟာ ပြည်တွင်းမှာ ဒရုန်းထုတ်နိုင်နေပြီလို့ အာဏာသိမ်းပြီးနောက်မှာပြုလုပ်တဲ့ လေတပ်နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီက ထုတ်ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေက ပြောင်းပြန် ပြန်ဖြစ်လာတာပါ။

စစ်တပ်ဟာ ဒရုန်းတိုက်ခိုက်မှုကို လက်ဝါးကြီးအုပ်ထားသူ မဟုတ်တော့ဘဲ ဒရုန်းတိုက်ခိုက်မှုကို အလူးအလဲခံရသူ ပြန်ဖြစ်သွားပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အလွှာစုံထဲ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေ ပါဝင်လာတာကလည်း ဒီအပြောင်းအလဲအတွက် အရေးပါနေတယ်လို့စစ်ရေးအကဲခတ်တွေကထောက်ပြပါတယ်။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဒရုန်းနည်းပညာကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်လှမ်းမီလာတဲ့ အခြေအနေမှာ ဈေးသက်သာတဲ့ ဒရုန်းတွေကို ဝယ်ယူလာနိုင်ခဲ့ကြပြီး ထိရောက်တဲ့လက်နက်အဖြစ်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။

‘’ဒရုန်းတွေကို ဝေးဝေးပျံနိုင်အောင်၊ ဗုံးသီးတွေ ပိုပြီးတော့ သယ်နိုင်အောင် တော်လှန်ရေးအဖွဲ့တွေက ပြုပြင်နိုင်တဲ့အနေအထားအထိရှိနေပါတယ်’’ လို့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းနည်းပညာကိုလေ့လာနေတဲ့ စစ်ရေးအကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သုံးနေတဲ့ ဒရုန်းအများစုဟာ တရုတ်လုပ်ဒရုန်းတွေဖြစ်ပြီး လူသုံးများတဲ့ ဝက်ဘ်ဆိုက်တွေကတစ်ဆင့် အလွယ်တကူ ဝယ်ယူလို့ရနေတယ်လို့ စင်္ကာပူ အခြေစိုက် အာဆီယံရေးရာ လေ့လာရေး စင်တာ ISEAS က သုတေသီ ကိုကြည်စင်က သူ့ရဲ့ ဒရုန်းဆောင်းပါး မှာ ထည့်ရေးခဲ့တာပါ။

‘’ဒီအရပ်ဘက်သုံး ဒရုန်းတွေကို ဘယ်ဖောက်သည်က လက်နက်အဖြစ်သုံးမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒရုန်းတွေကို စစ်ဘက်မှာ ဘယ်လိုသုံးမရမလဲဆိုတဲ့ နည်းလမ်းတွေကလည်း အွန်လိုင်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။’’ လို့ ကိုကြည်စင်က သူ့ဆောင်းပါး မှာ ရေးပါတယ်။

ဒရုန်းတွေကို စတင်အသုံးပြုတာက မြန်မာပြည်အလယ်ပိုင်း နဲ့ ကရင်ပြည်နယ်ထဲက တော်လှန်‌ရေးအဖွဲ့တွေဖြစ်ပြီး ထိထိရောက်ရောက်နဲ့ ပေါပေါများများ အသုံးပြုသွားတာက ၁၀၂၇ စစ်ဆင်ရေးက မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေထဲမှာ ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ရင် လူသိများတဲ့ Federal Wings က တာဝေးစစ်ဆင်ရေး နဲ့ ကင်းထောက်ဒရုန်း စမ်းသပ်ပျံသန်းမှုကို မှတ်တမ်းဗီဒီယိုတစ်ခုကို စက်တင်ဘာလထဲမှာ ထုတ်ပြခဲ့ပြီး သူတို့ရဲ့ တိုးတက်လာမှုကို ပြသခဲ့ပါတယ်။

သူတို့ထုတ်ပြခဲ့တဲ့ ဒရုန်းတွေဟာ နေ့ညရာသီမရွေးပျံသန်းနိုင်ပြီး စစ်ဆင်ရေးပုံစံအလိုက် အသုံးပြုမှုပုံစံကို ပြောင်းလဲစစ်ဆင်နိုင်စွမ်းရှိတယ်လို့ Federal Wings က ဆိုပါတယ်။

ဒီစီမံကိန်းကို ပြည်တွင်းပြည်ပက နည်းပညာရှင်တွေ ပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော်တာ တစ်နှစ်ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အခြေချတပ်စွဲနေတဲ့ မြ၀တီမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး နဲ့ ရဲစခန်းကို စက်တင်ဘာလ (၃) ရက် ညနေပိုင်းက Federal Wings ဒရုန်းတပ်ဖွဲ့က (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က (၅) ဦးသေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်မှာ အသုံးပြုနေတဲ့ ဒရုန်းအများစုက ထိုင်းနိုင်ငံဘက်က ဝင်ရောက်တာဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်းကို ပို့ဆောင်တဲ့ ဒရုန်းတွေကတော့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ရှည်လျားတဲ့ အတွက် စစ်ကောင်စီက ဖမ်းဆီး သိမ်းဆည်းတာကို မကြာခဏ ခံရပါတယ်။

Federal Wings

ဓာတ်ပုံ ရင်းမြစ်, Federal Wings

တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေ သုံးလာနိုင်တာက စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲကို အဆုံးအဖြတ်ပေးမလားဆိုတာကို စစ်ရေးအကဲခတ်တွေက မနှစ်ကတည်းက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

တရုတ်နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ ဒရုန်းတွေ နဲ့ ဗုံးသီးတွေကို ပေါပေါများများ နဲ ထိထိရောက်ရောက် အသုံးချခဲ့ပြီး အရှေ့မြောက်စစ်ဒေသရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲ ပြခဲ့ပါတယ်။

Federal Wings နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒရုန်းတပ်ဖွဲ့တွေက ပြည်သူလူထုနဲ့ ထည့်ဝင်လှူဒါန်းငွေကို အားပြုနေရပြီး ဒရုန်းစစ်ဆင်မှု နဲ့ စမ်းသပ်မှုတွေကို ရုပ်သံတွေ နဲ့ မကြာခဏထုတ်ပြလေ့ရှိပေမဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ ဒရုန်းနဲ့ပတ်သက်လို့ သိုသိုသိပ်သိပ်သာ နေနေကြပါတယ်။

ဒရုန်းစစ်ဆင်ရေး နဲ့ ပတ်သက်လို့ MNDAA ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း နဲ့ ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ပြန်မဖြေခဲ့ပါဘူး။

ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ ရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွေမှာတော့ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အကြောင်း ဖော်ပြလေ့ရှိပြီး တခါတရံ လေကြောင်းတိုက်ခိုက်မှုလို့တောင် သုံးနှုန်းတာတွေ့ရပါတယ်။

လောက်ကိုင်မြို့ထဲက ကာစီနိုလုပ်ငန်းရှင်တချို့ဟာ ငွေကြေးကြွယ်ဝကြလို့ သူတို့လုံခြုံရေးအတွက် ကျည်ကာကားတွေတောင် ဝယ်စီးကြပါတယ်။

အလားတူ သူတို့နေအိမ်နဲ့ ဟိုတယ်တွေမှာလည်း ဒရုန်းကာကွယ်ရေးစနစ် Jammer တွေကို တပ်ဆင်ထားပါတယ်။

‘’ကျွန်တော်တို့ Jammer တွေ လည်းသူတို့ ဒရုန်းတွေအကုန်လုံးကို မဖျက်ချနိုင်ဘူး။ ခုထိတော့ ဒရုန်းကို ထောက်လှမ်းရေးသဘောပဲ သုံးနေတာ တွေ့ရတယ်’’ လို့ လောက်ကိုင်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့အရေးကြီးတဲ့ တပ်စခန်းနေရာတွေမှာ ဒရုန်းကာကွယ်ရေးစနစ် Jammer တွေကို တပ်ဆင်ထားပေမဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာတော့ လုံလောက်တဲ့အခြေအနေ ဖြစ်မနေဘူးလို့ စစ်ကောင်စီဘက်က ဝန်ခံပါတယ်။

‘’ အရပ်ဘက်သုံးဒရုန်းတွေက စစ်ရေးရည်ရွယ်ချက်အတွက်မဟုတ်လို့ သူတို့ကိုတန်ပြန်ဖြတ်တောက်ဖို့ ပစ္စည်းက စျေးကွက်ထဲမှာ မမျှတနေပါဘူး။ ဒါပေမဲ့ အချိန်တစ်ခုပါပဲ။ ဒါကိုကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ’’ လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။