တိုက်ရိုက်ထုတ်လွှင့်မှု , ICJ စီရင်ချက်အပေါ် လုပ်သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေကို လုပ်ဆောင်မယ်လို့ ဦးမင်းအောင်လှိုင် ပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေနဲ့ အာဆီယံရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာမယ်လို့ ဦးမင်းအောင်လှိုင် က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကိုယ့်ပုံကို အေအိုင်နဲ့လိင်ပိုင်းဆိုင်ရာပုံဖော်ခြိမ်းခြောက်လာရင် ဘာလုပ်မလဲ

    သနပ်ခါးလူး၊ ဆံပင် ကျော်လယ်ခန့်နဲ့ မြန်မာ့အမျိုးသမီးပုံနဲ့ အွန်လိုင်းသားကောင်ဖြစ်ရပုံသရုပ်ဖော်ပုံဖြစ်ပါတယ်။ အဖြူ အနီ အနက်နဲ့အပြာရောင်တွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။

    "တယ်လီဂရမ် အကောင့်ထဲ မက်ဆေ့ရောက်လာလို့ ဝင်ကြည့်လိုက်တော့ မဖွယ်မရာလုပ်နေတဲ့ဗီဒီယို ဖြစ်နေတယ်၊ မျက်နှာက တည်ကြည့် ညီမလေးရဲ့မျက်နှာနဲ့လေ။ အကောင့်နာမည်ကလည်း ညီမလေးရဲ့နာမည်ပဲ"

    ညီမဝမ်းကွဲဖြစ်သူရဲ့မျက်နှာနဲ့ဖန်တီးထားတဲ့လိင်ဗီဒီယိုကို ရုတ်တရက်မြင်လိုက်ရတဲ့အတွေ့အကြုံအကြောင်း မတည်ကြည်က ပြန်ပြောပြတာပါ။

    "ဘာလို့ ဒီလိုဗီဒီယိုတွေ လာပို့တာလဲ၊ ဘယ်လိုဖြစ်တာလဲဆိုပြီး ညီမလေးကို ချက်ချင်းမေးလိုက်တော့ သူသုံးနေတဲ့အကောင့် မဟုတ်ဘူးတဲ့"

    အဲဒီဗီဒီယိုပို့လာတဲ့တယ်လီဂရမ်အကောင့်နာမည်က မတည်ကြည်ရဲ့ညီမဖြစ်သူ "ခွန်းဆင့်" ရဲ့နာမည်ကိုပဲ အသုံးပြုထားပါတယ်။

    "ခွန်းဆင့်" နာမည်နဲ့ တယ်လီဂရမ်အကောင့်အတုအပြင် Tiktok (တစ်တော့) အကောင့်အတုပါ ဖွင့်ထားတာကို မတည်ကြည် ထပ်တွေ့ခဲ့ရပါတယ်။ အဲဒီအကောင့်တွေမှာ Date Girl အဖြစ် ခေါ်နိုင်တယ်လို့ပါ ကြော်ငြာထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  2. ရန်ကုန်မှာ နိုင်ငံခြားငွေ တရားမဝင် ရောင်းချနေသူတချို့ ဖမ်းဆီးခံရ

    မရမ်းကုန်းမြို့နယ်က ဖမ်းဆီးခံရသူ ၂ ဦး
    ဓာတ်ပုံ ပုံစာ, မရမ်းကုန်းမြို့နယ်က ဖမ်းဆီးခံရသူ ၂ ဦး

    ရန်ကုန်မှာ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်လိုင်စင်မရှိဘဲ တရားမဝင် ရောင်းချနေသူ ၅ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရင်းမြစ်တချို့ဆီကနေ သိရသလို စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်လ်တွေကနေလည်း သတင်းရေးနေပါတယ်။

    နိုဝင်ဘာလအတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုတွေရှိလာချိန်မှာပဲ ပြည်တွင်းထဲက နိုင်ငံခြားငွေ ဟွန်ဒီဈေးကွက်လုပ်ကိုင်နေသူတွေကို ခပ်စိပ်စိပ်ဖမ်းဆီးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

    နိုင်ငံခြားငွေကို တရားမ၀င်လဲလှယ်ရောင်းချတယ်ဆိုတဲ့ လူ ၅ ဦးဟာ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်အတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။

    ဒီ‌လူ ၅ ဦးထဲ ၄ ဦးကိုတော့ ပန်းဘဲတန်း၊ မရမ်းကုန်း၊ ကျောက်တံတားမြို့နယ်နဲ့ ရန်ကုန်လေဆိပ် စတဲ့နေရာတွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    အဲဒီနောက် နို၀င်ဘာလ ၂၄ မှာ ရန်ကုန်လေဆိပ်မှာ နောက်ထပ် လူ ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ နိုင်ငံခြားငွေဖြစ်တဲ့အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တို့ကို လဲလှယ်ရောင်းချနေတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ထုတ်ပြန်လာတဲ့ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။

    ဖမ်းဆီးခံထားရတဲ့သူတွေကို သက်ဆိုင်ရာ မြို့မရဲစခန်းမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးအရေးယူမယ်လို့ သိရပါတယ်။

    တစ်ဖက်မှာလည်း နိုဝင်ဘာ ၂၆ ရက်မနက်ပိုင်းအထိ နိုင်ငံခြားငွေ ပြင်ပငွေလဲနှုန်းထားက ဆက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးဆက်ပြီး ကျဆင်းနေတာကို တွေ့ရပါတယ်။

    နို၀င်ဘာ ၂၆ ရက် ကျပ်ငွေ ပြင်ပငွေလဲနှုန်းအရ အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၅,၄၀၀၊ တရုတ်ယွမ်ငွေ ၁ ယွမ်ကို ကျပ် ၈၀၀ အထိ ဈေးပေါက်နေပါတယ်။

    ထိုင်းဘတ်ငွေ တစ်ဘတ်ကိုလည်း ငွေလဲနှုန်း ကျပ် ၁၆၀ အထိ စံချိန်တင် မြင့်တက်နေတာဖြစ်ပါတယ်။

  3. ICJ စီရင်ချက်နဲ့ပတ်သက်ပြီး လုပ်‌သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

    ဦးမင်းအောင်လှိုင်

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး တာဝန်သိနိုင်ငံတစ်ခုအနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောလာပါတယ်။

    ဒါပေမဲ့ လိုက်နာဖို့ မသင့်တဲ့အချက်တွေကိုတော့ လိုက်နာမှာမဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

    နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ သူက အဲဒီလိုပြောခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

    ဂမ်ဘီယာက အမှုစတင်တင်သွင်းခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ခုနစ်နှစ်တာကာလအတွင်း တရားရုံးလုပ်ငန်းစဉ်တွေမှာ အချက်အလက်၊ မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ တင်ပြကာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ICJ အမှုဟာ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့လည်း သူက ဆိုကာ ICJ ရဲ့ မဲခွဲဆုံးဖြတ်မှုလို့ သုံးနှုန်း‌ပြောဆိုထားပါတယ်။

    နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးအတွက် အဓိကတာဝန်ရှိတယ်လို့ ခံယူထားပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်ကိစ္စတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

    ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ခဲ့တဲ့ နောက်ဆုံးစီရင်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ အဲဒီလိုကျူးလွန်မှုတွေကို တားဆီးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ထပ်မဖြစ်စေရေး အာမခံဆောင်ရွက်ဖို့၊ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပြီး လျော်ကြေးပေးဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက် ချမှတ်ထားပါတယ်။

    ဒါ‌ပေမဲ့ ဘယ်အချက်တွေကို လိုက်ပါလုပ်ဆောင်မယ်ဆိုတာနဲ့ဘယ်အချက်ကို လိုက်နာမှာမဟုတ်တာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျမတွေ့ရပါဘူး။

    ဒါအပြင် အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ခံရပြီးနောက် အာဆီယံနဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ပြောထားတဲ့ ဦးမင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အဖွဲ့ရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာသွားမယ်လို့ ပြောခဲ့ပါတယ်။

    အာဆီယံပဋိညာဉ်နဲ့ မူဝါဒတွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူထားတာဖြစ်တဲ့အတွက် အသက်ဝင်နေသရွေ့ လိုက်နာရမှာဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ တည်ဆဲဥပဒေတွေကိုလည်း အပြန်အလှန် လေးစားဖို့လိုကြောင်း သူက ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ အာဆီယံက သူနဲ့ သူ့ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးကို အာဆီယံထိပ်သီး‌ေဆွေး‌နွေး‌ပွဲတွေကို တက်ရောက်ခွင့်ဆက်လက်ကန့်သတ်ကြောင်းပြောထားပါတယ်။

  4. မင်္ဂလာပါ။

    နို၀င်ဘာ ၂၆ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။