တရုတ်ကန့်သတ်ချက်ကြောင့် ယူကရိန်းမှာ ဒရုန်းပစ္စည်းပြတ်မှာစိုးရိမ်ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
မောင်းသူမဲ့လေယာဥ်ငယ်(ဒရုန်း)တွေဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာနှစ်ဖက်စလုံးက ပမာဏအတော်များများအသုံးပြုနေပြီး ယူကရိန်းဘက်မှာလည်း စစ်ပွဲအတွက် အတော်လေးကို သက်ရောက်မှုရှိထားပါတယ်။ ဒါပေမဲ့ ဒရုန်းတင်ပို့မှု ကန့်သတ်ချက်တွေလုပ်လိုက်တဲ့ တရုတ်ဘက်က အရွေ့ကြောင့် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေရရှိမှု ပြဿနာဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒရုန်းအများစုကို တရုတ်မှာ စီးပွားဖြစ်ထုတ်လုပ်ပြီး ဆိုင်တွေကနေတဆင့် ဝယ်ယူခဲ့ကြတာပါ။ ဒါပေမဲ့ တိုက်ပွဲမှာ အရေအတွက်တော်တော်များများဆုံးရှုံးထားတာကြောင့် ထောက်ပံ့လမ်းကြောင်း မပြတ်သွားဖို့က အရေးကြီးနေပါတယ်။
ဒါပေမဲ့ တရုတ်လုပ် ဒရုန်းတွေ အရေအတွက်လျော့ကျလာပြီး ယူကရိန်းနဲ့ ရုရှားမှာ ဒရုန်းအစိတ်အပိုင်းတွေရနိုင်တဲ့အရေအတွက်လည်း ကျလာနေတာကို တွေ့မြင်နေရပါတယ်။
လန်ဒန်အခြေစိုက် ပညာရှင်အဖွဲ့ Royal United Services Institute(Rusi) အဆိုအရဆိုရင် ယူကရိန်းဟာ တစ်လကို ဒရုန်းအစီးရေ ၁၀,၀၀၀ အထိဆုံးရှုံးနေပါတယ်။
စေတနာအလျောက်ကူညီပေးကြတဲ့အဖွဲ့အတော်များများဟာ ရလာတဲ့ရန်ပုံငွေတွေကို သုံးပြီး ယူကရိန်းစစ်တပ်အတွက် ထောက်ပို့ပစ္စည်းတွေကို ဖြည့်တင်းပေးနေကြသူတွေဖြစ်ပါတယ်။
စီးပွားဖြစ်အသုံးပြုဖို့ ထုတ်ထားတဲ့ ဒရုန်းတွေကို စစ်ဘက်ဆိုင်ရာနဲ့ကိုက်ညီအောင် ပြန်လည် ပြုပြင်အသုံးပြုနေကြပြီး တူရကီထုတ် Bayraktar ဒရုန်းတွေကို ယူကရိန်းကသုံးကာ ရုရှားကတော့ အီရန်ထုတ် Shaheds တွေကို သုံးပါတယ်။
တရုတ်အစိုးရက ချမှတ်လိုက်တဲ့ ကန့်သတ်ချက်တွေကတော့ စက်တင်ဘာလ ၁ ရက်ကတည်းက စတင်အသက်ဝင်နေပြီဖြစ်ပါတယ်။
အဲဒီကန့်သတ်ချက်တွေထဲမှာ ၄ ကီလိုဂရမ်ထက်လေးတဲ့ တာပိုဝေးဝေးပျံနိုင်တဲ့ဒရုန်းတွေ၊ နောက် ကင်မရာနဲ့ ရေဒီယိုလို ဒရုန်းဆက်စပ်ပစ္စည်းတွေ အကျုံးဝင်ပါတယ်။
အဲဒီလိုပစ္စည်းတွေထုတ်မယ့် တရုတ်လုပ်ငန်းတွေဟာ အခုတော့ ပို့ကုန်လိုင်စင်တွေ လျှောက်ကြရမှာဖြစ်သလို နောက်ဆုံး ဘယ်သူက ဝယ်ယူသုံးစွဲလဲဆိုတဲ့ထောက်ခံချက်ပါ ပေးရမှာဖြစ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ရှုတ်ချမှုမလုပ်ထားတဲ့ တရုတ်အစိုးရကတော့ စီးပွားဖြစ်အသုံးပြုတဲ့ တရုတ်ဒရုန်းတွေဟာ စစ်ဘက်အတွက်အသုံးမပြုရဘူးလို့ ပြောပါတယ်။
ယူကရိန်းစေတနာ့ဝန်ထမ်းတွေနဲ့ စစ်သားတွေကတော့ တရုတ်ရဲ့နောက်ဆုံး ကန့်သတ်ချက်တွေဟာ လက်ရှိမှာ ဒရုန်းတွေ ဝယ်ယူမှုအပိုင်းမှာ သက်ရောက်မှု အနည်းငယ်ပဲ ရှိသေးပြီး အထူးသဖြင့် တရုတ်ကုမ္ပဏီ DJI ထုတ် အပေါ့စား Mavics လို ဒရုန်းတွေအပေါ် သက်ရောက်မှုမရှိသေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ဒရုန်းဆက်စပ်ပစ္စည်းတွေရနိုင်တဲ့အပိုင်းမှာတော့ သက်ရောက်မှုရှိတယ်လို့ သူတို့က ပြောသလို နောင်မှာ ဒီအခြေအနေ ဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်။
‘‘လက်ရှိအထိ အပြောင်းအလဲကတော့ ဥရောပဂိုထောင်တွေမှာ ကျန်တဲ့ပစ္စည်းမှန်သမျှကို လိုက်ပြီး ဝယ်ယူနေရတာမျိုးတော့ရှိတယ်’’ လို့ ယူကရိန်းစစ်တပ်ကို ဒရုန်းတွေ ထောက်ပံ့ပေးတဲ့ ယူကရိန်း ပရဟိတအဖွဲ့တွေထဲက အကြီးဆုံးအဖွဲ့ဖြစ်တဲ့ Dignitas ခေါင်းတောင် Lyuba Shypovych က ပြောပါတယ်။
‘‘နောင်မှာ ဘာလုပ်ရမယ်ဆိုတာတော့ ကျွန်မတို့လည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး’’
သူစိုးရိမ်တာက အပူအောက်ရောင်ခြည်ပုံဖော်နဲ့ ကင်မရာလို အစိတ်အပိုင်းတွေ အလွယ်မရတော့မှာ ဖြစ်ပါတယ်။
‘‘နေ့ကာလတိုလာပြီး ညတာရှည်လာတော့ ဒါတွေက ကျွန်မတို့ စစ်တပ်ကို ထောက်ပို့ လုပ်ရတဲ့အပိုင်းမှာ လုံးဝသက်ရောက်မှုရှိတယ်။ ပြီးတော့ ကျွန်မတို့မှာ အပူအောက်ရောင်ခြည်ပုံဖော်တဲ့ ဒရုန်းတွေများများမရှိတော့ ဒါကပဲ စစ်ပွဲမှာ သက်ရောက်မှုရှိတယ်’’ လို့ သူကပြောပါတယ်။ ‘’ဒါက စင်ပေါ်မရှိတော့တဲ့ အပူအောက်ရောင်ခြည်သုံး ကင်မရာတွေနဲ့ အစိတ်အပိုင်းတွေ ပြတ်တောက်မှာကို စိုးရိမ်ရတယ်’’

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစိတ်အပိုင်းတွေ ရနိုင်တဲ့အခြေအနေဟာ ကိုယ်ပိုင်ဒရုန်းတွေကို တည်ဆောက်သူတွေ ဒါမှမဟုတ် ဝယ်ထားပြီးသားဒရုန်းတွေကို ပုံစံပြောင်း မွမ်းမံသူတွေအတွက်ဆို ပိုပြီးတော့တောင် အရေးကြီးပါတယ်။
‘‘သက်ရောက်မှုက ခံစားနေရပြီ။ တရုတ်ကနေ လိုင်စင်လိုလာပြီလို့ပြောလာတာက ယူကရိန်းအတွက် ဒရုန်းအစိတ်အပိုင်းတွေရဖို့ အကန့်အသတ်ဖြစ်သွားပြီ’’လို့ Oddr လို့ အများ သိကြခေါ်ကြတဲ့ Kastus Kalinouski တပ်ရင်းက အကြီးတန်း ဒရုန်းမောင်းသူတစ်ဦးက ပြောပါတယ်။
‘‘ဒါပေမဲ့ ကျွန်တော်တို့ ဒရုန်းတွေ အရင်တုန်းကလိုပဲ ပျံသန်းနိုင်အောင် တခြားဘာတွေနဲ့လုပ်နိုင်မလဲ ဆိုတာကိုလည်း ကျွန်တော်တို့ ကြည့်နေတယ်’’
ဒါဟာ ရုရှားစစ်တပ်အတွက်ရော၊ ယူကရိန်းစစ်တပ်အတွက်ပါ ဒရုန်းတွေ ကြိုဝယ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ ကြုံနေရတဲ့ နောက်ဆုံးပေါ် အကျပ်အတည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာမှာ ဒရုန်းတွေကို စီးပွားဖြစ် ထုတ်လုပ်နေတဲ့ DIJ ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းပေါ် ကျူးကျော်မှု စတင်ခဲ့ပြီးတဲ့နောက် ၂ လအကြာမှာပဲ အဲဒီ နှစ်နိုင်ငံစလုံးကို တိုက်ရိုက် ဒရုန်းရောင်းချမှု ရပ်ဆိုင်းခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်းက သူ့ရဲ့ဖြန့်ချိရေးလုပ်ငန်းတွေကိုလည်း DJI ထုတ်ကုန်တွေကို ရုရှားနဲ့ ယူကရိန်းက ဝယ်ယူသူတွေကို ရောင်းချတာကို ပိတ်ပင်ခဲ့ပါတယ်။
မစ္စ Shypovych ရဲ့ ပြောဆိုချက်အရဆိုရင် ဥရောပမှာ တရုတ်လုပ် ဒရုန်းတွေကို ဖြန့်ချိသူတွေဆီကနေ ရယူနိုင်တဲ့ပမာဏဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကနေ သြဂုတ်လအတွင်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
‘’ အလိုလိုနေရင်း ကျသွားတယ်လို့တော့ ကျွန်မ မထင်ဘူး။ ဥရောပနိုင်ငံတွေဆိုတာက ယူကရိန်းဒရုန်းတွေ တင်သွင်းနေတဲ့နိုင်ငံတွေလေ’’ လို့ သူက ပြောပါတယ်။
ဘီဘီစီက DIJ ကို ဆက်သွယ်ခဲ့ပေမဲ့ ဥရောပက ဖြန့်ချိရေးတွေဆီ ပေးပို့တဲ့ဒရုန်းအရေအတွက် အပြောင်းအလဲလုပ်မလုပ်ဆိုတာကိုတော့ DIJ ဘက်က တစုံတရာ အတည်ပြုပေးတာမရှိခဲ့ပါဘူး။
ဗြိတိန်မှာရှိတဲ့ DIJ ဖြန့်ချိရေးလုပ်ငန်း ၁၀ ခုကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဘယ်လုပ်ငန်းကမှ မှတ်ချက်တုံ့ပြန်တာမရှိခဲ့ပါဘူး။
နယူးယောက်တိုင်းသတင်းစာက စုံစမ်းဖော်ထုတ် သတင်းရေးသားချက်အရဆိုရင် တရုတ် ကုမ္ပဏီတွေဟာ ယူကရိန်းတွေဆီကို ဒရုန်းရောင်းချနှုန်းကို ပြီးခဲ့တဲ့လတွေအတွင်း လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သက်ရောက်မှုဒဏ် ခံရတာကတော့ ယူကရိန်းပဲ မဟုတ်ပါဘူး။
စက်တင်ဘာလ ၁ ရက်မှာ အသက်ဝင်တဲ့ ကန့်သတ်မှုတွေကို ရည်ညွှန်းပြီး ရုရှားသတင်းစာ Kommersant က ‘‘ဒရုန်းတင်ပို့မှုနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေ ချမှတ်လိုက်တဲ့ ကန့်သတ်ချက်တွေဟာ ရုရှားကို သူတို့ပို့နေတဲ့ပစ္စည်းတွေအတွက် ရှုပ်ထွေးမှု ကြီးမားသွားစေပြီး အပူအောက်ရောင်ခြည်သုံးကင်မရာလို တချို့အစိတ်အပိုင်းတွေ ပြတ်တောက်မှု ဦးတည်စေခဲ့တယ်’’ လို့ ရေးသားပါတယ်။
တိုက်ရိုက်ရောင်းချမှုမရှိတာကြောင့် ရုရှားက ဝယ်လက်တွေဟာ တရုတ်ဒရုန်းတွေကို ကာဇတ်စတန်လို နိုင်ငံတွေမှာ မကြာခဏသွားဝယ်ကြတယ်လို့ Kommersant က ရေးသားပါတယ်။
တရုတ်ရဲ့ကန့်သတ်ချက်ကြောင့် ရိုက်ခတ်မှုဒဏ်လျော့အောင် ယူကရိန်း ပရဟိတသမားတွေဟာ အနောက်နဲ့ ယူကရိန်းလို တခြားနိုင်ငံတွေမှာ တခြားရွေးချယ်စရာရှိမလားဆိုတာကို ကြည့်နေကြပါတယ်။
ဒရုန်းတွေ ဝယ်ယူရေးကူညီတဲ့ Anatoly Polkovnikov ကတော့ ဒရုန်းမော်တာတွေကို ထုတ်လုပ်ဖို့ ယူကရိန်းလုပ်ငန်းသစ်တစ်ခုက စတင်နေပြီလို့ပြောပါတယ်။
အနာဂတ်အတွက် အကောင်းမြင်တယ်လို့ သူကပြောပြီး ‘’ ပုံမှန်အခြေအနေဆိုရင်တော့ တရုတ်ရဲ့ ကန့်သတ်ချက်က ရိုက်ခတ်မှုရှိမယ်လို့ ကျွန်တော် မထင်ဘူး။ ရေရှည်မှာ ယူကရိန်းမှာလည်း ထုတ်လာနိုင်တယ်’’ လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲဟာ ဒရုန်းတွေကို ဒီလောက်အထိပမာဏများများနဲ့အသုံးပြုတဲ့ ပထမဆုံးလက်နက်ကိုင် ပဋိပက္ခဖြစ်ပြီး စစ်ပွဲဖြစ်နေတဲ့ နှစ်ဖက်စလုံးဟာ ဒရုန်းအသုံးပြုတာတွေ ဆက်ရှိနေဦးမယ့်အခြေအနေပါ။










