
ဓာတ်ပုံ ရင်းမြစ်, SB News
ဓာတ်ပုံ ပုံစာ, သြဂုတ် ၂၀ ရက်ညပိုင်းမှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ အလွတ်သဘောတွေ့ဆုံခဲ့တဲ့ နေပြည်တော် သမ္မတဦးမင်းအောင်လှိုင်ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံတယ်လို့ ဘယ်လာရုစ်ဘက်က သတင်းတွေကဖော်ပြပါတယ်။
ဒီနေ့မှာ ပြုလုပ်မယ့် တရားဝင်တွေ့ဆုံမှုမတိုင်ခင်မှာ အလွတ်သဘောတွေ့ဆုံခဲ့ကြတာပါ။ ဘယ်လာရုစ်ဘက်က သတင်းအရ ဒီနေ့တွေ့ဆုံမှုမှာ ၂၀၂၆-၂၀၂၈ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ အလားအလာတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။
စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်တာကို အဓိက ဆွေးနွေးမှာပါ။ မနေ့ညက တွေ့ဆုံချိန်မှာတော့ ဘယ်လာရုစ်သမ္မတက စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ခေါင်းဆောင်တွေအနေနဲ့ “တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ ဂိတ်တွေအားလုံး ဖွင့်ပေးဖို့” လိုတယ်လို့ ဦးမင်းအောင်လှိုင်ကို ပြောတယ်လို့ ဘယ်လာရုစ်သတင်းကဖော်ပြပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ မနေ့ကတက်ရောက်တဲ့ စီးပွားရေးဖိုရမ်မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၀ နီးပါး လိုက်ပါလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပြပါတယ်။
“မြန်မာကထုတ်ကုန်တွေလည်း ယူလာသလို မြန်မာကစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကလည်း ဘယ်လာရုစ်ထုတ်ကုန်တွေနဲ့ရင်းနှီးလာမှာပါ။ ဒီခရီးစဥ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်” လို့ ဦးမင်းအောင်လှိုင်ကပြောပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်တွေကို ဖြည့်တည်းပေးဖို့ ကတိပေးပါတယ်လို့လည်း နေပြည်တော်သမ္မတက ပြောပါတယ်။
ဦးမင်းအောင်လှိုင်က စီးပွားရေးဖိုရမ်မှာ မြန်မာနဲ့ဘယ်လာရုစ် ဆက်ဆံရေးဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့် ရောက်ရှိနေပြီလို့လည်း အမှာစကားထဲမှာ ထည့်ပြောပါတယ်။
မနေ့က ဘယ်လာရုစ်ကို ရောက်ချိန်မှာ ဦးမင်းအောင်လှိုင်က ဘယ်လာရုစ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘယ်လာရုစ်ဝန်ကြီးချုပ်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကတာဝန်ရှိသူ ဖြစ်တယ်လို့ လူကာရှန်ကိုက ဦးမင်းအောင်လှိုင်နဲ့တွေ့ချိန်မှာထည့်ပြောပါတယ်။
Grodno မြို့မှာရှိတဲ့ Grodno Azot ဓာတ်မြေဩဇာစက်ရုံကိုလည်း သွားခဲ့တဲ့ ဦးမင်းအောင်လှိုင်က ဒီစက်ရုံကိုသွားရောက်အပြီးမှာ နှစ်နိုင်ငံ အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးတွေ ရလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပါတယ်။