၉၉ တပ်မမှူး သေဆုံးမှု ဘာတွေထူးခြားလဲ

ဓာတ်ပုံ ရင်းမြစ်, the kokang
၁၀၂၇ စစ်ဆင်ရေး အတွင်းမုံးကိုးတိုက်ပွဲမှာအမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးခဲ့မှုဟာ စစ်ရေးအကဲခတ်တွေကြားထဲမှာ ပြောဆိုဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။
မြန်မာစစ်တပ် သမိုင်းမှာ တိုက်ပွဲအတွင်း တပ်မမှူးတစ်ယောက်သေဆုံးတာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ဗိုလ်မှူးချုပ် အောင်ကျော်လွင် ဖြစ်စဉ်ပါထည့်ပေါင်းမှ နှစ်ဦးပဲ ရှိသေးတယ်လို့ အငြိမ်းစားတပ်မတော်အရာရှိတွေက ပြောကြပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၄၁) ဆင်း ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးမှုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က ရာထူးကြီး သူတစ်ဦး ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး သေဆုံးပြီးတဲ့နောက် အရေးပါတဲ့ စစ်တပ်ဗျူဟာကုန်းကို MNDAA က သိမ်းပိုက်လိုက်နိုင်ပြီး မုံးကိုးမြို့မှာ ကိုးကန့်အလံ ဆက်လက်လွှင့်ထူလိုက်ပါတယ်။
တပ်မမှူးတစ်ဦးသေဆုံးတာ ဘာကြောင့်ပြောစရာဖြစ်သလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၀၈ ခုနှစ်က ဗိုလ်မှူးချုပ် ကောင်းမြတ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာသေဆုံးခဲ့ဖူးပေမဲ့ အခမ်းအနားတစ်ခုကအပြန်မှာ ခြုံခိုတိုက်ခိုက်ခံရတာသာ ဖြစ်တယ်လို့ အငြိမ်းစားတပ်အရာရှိတွေက ပြောကြပါတယ်။
ဗိုလ်မှူးချုပ် ကောင်းမြတ် ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်ပြီး သူ့ရဲ့နေရာကိုအစားဝင်ခဲ့တဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ညိုစောက လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဖြစ်ပါတယ်။
ဗိုလ်ချုပ်အေးကျော် တပ်မ(၆၆)တပ်မမှူးဖြစ်ခဲ့စဉ် ၁၉၉၀ ဝန်းကျင်တုန်းက ဘီးလင်းမြို့နယ်ထဲမှာ လက်နက်ကြီးစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့ပေမဲ့ သေဆုံးခဲ့ခြင်းမရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးမှုကတော့ ဒရုန်းနဲ့ ကြဲချတဲ့ ဗုံး လက်ချက်ကြောင့်လို့ ဘီဘီစီရဲ့ အရင်းအမြစ်တွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ စစ်တပ်ရဲ့ တပ်မမှူးတစ်ယောက်ထိုင်တဲ့ ဗျူဟာကုန်းလို စခန်းမှာ ဒရုန်းတွေကိုကာကွယ်နိုင်တဲ့ Jammer - ဒရုန်းကာကွယ်ရေးစနစ်တွေရှိမနေဘူးလားဆိုတဲ့ မေးခွန်းတွေလည်း စစ်တပ်အရာရှိဟောင်းတွေကြားမှာ ထွက်ပေါ်နေပါတယ်။
ဒရုန်းပစ်ခတ်မှုအတွင်း လက်နက်ခဲယမ်းဂိုထောင် ပေါက်ကွဲမှုကြောင့် တပ်မမှူး သေဆုံးခဲ့တာလို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပါတယ်။
ဗိုလ်မှုးချုပ်အဆင့် တပ်မမှူးရာထူးဟာ တိုင်းမှူးပြီးရင် အရေးပါတဲ့ ရာထူးတစ်ခု ဖြစ်ပြီး ဗိုလ်ချုပ်အဆင့်ရှိတဲ့တိုင်းမှူးအများစုဟာ တပ်မမှူးတာဝန်ကိုဖြတ်သန်းပြီးမှ ရာထူးတိုးမြှင့်ခန့်ထားခံကြရတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ဖွဲ့စည်းပုံမှာ တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ် ၁၀ ခု နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခု ၂၀ ရှိပါတယ်။ ဌာနချုပ်လက်အောက်မှာ ဗျူဟာသုံးခု ရှိပြီး တပ်ရင်း ၁၀ ခုအထိ ရှိပါတယ်။
ခြေမြန်တပ်မဌာနချုပ် ကိုဦးဆောင်သူတွေ ကို တပ်မမှူး လို့ အတိုကောက်ခေါ်ကြပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဦးဆောင်သူတွေ ကိုတော့ စကခမှူး လို့ အတိုကောက်ခေါ်ကြကာ ဗိုလ်မှုးချုပ်အဆင့်တူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်မှူးချုပ် အောင်ကျော်လွင် ဟာ တပ်မမှူးအဆင့် အရာရှိကြီး အယောက် ၃၀ ထဲက တစ်ယောက်ဖြစ်ပါတယ်။
‘’တပ်မမှူးဆိုတာ စစ်ဆင်ရေးအတွက်ပဲ အဓိက တာဝန်ပေးထားတဲ့လူတွေပေါ့။ သူတို့ကို ကက(ကြည်း)က တိုက်ရိုက်ကွပ်ကဲတယ်’’ လို့ အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးက ပြောပါတယ်။
တပ်မမှူးဟာ တိုက်ပွဲပြင်းထန်နေစဉ်အတွင်း လေကြောင်းပစ်ကူအတွက် စစ်ရုံးကို တိုက်ရိုက်အကူအညီတောင်းခံနိုင်ပါတယ်။
တပ်မမှူးတွေဟာ တိုင်းမှူးတွေရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိမနေဘဲ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကို ခွင့်ပြုချက်တောင်းခံပြီးမှသာ သီးခြားတာဝန်ပေးရလေ့ရှိတယ်လို့ သူကပြောပါတယ်။
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ဟာ မိထ္ထီလာမှာ အခြေစိုက်ပြီးနယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေးနဲ့ စစ်ကစားခြင်း စတဲ့ စစ်ရေးကဏ္ဍတွေကို တာဝန်ယူရပါတယ်။
တပ်မ(၉၉)ဟာ မုံးကိုးနဲ့ ရှမ်းပြည်နယ်ကို အရင်ကတည်းက စစ်ဆင်ရေးဝင်နေကျ တပ်ဖြစ်ပြီးမြန်မာစစ်ခေါင်းဆောင်တွေ အားကိုးအားထားပြုရတဲ့ နာမည်ကြီးတပ်မတစ်ခုဖြစ်ပါတယ်။
၂၀၂၁ အာဏာမသိမ်းခင်ကတည်းက မုံးကိုးနဲ့ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူပိတ်ဆို့ခံရမှု စာရင်းထဲမှာ ရှိနေတဲ့ တပ်မတစ်ခုလည်းဖြစ်ပါတယ်။
မုံးကိုး ကို MNDAA ထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, the kokang
“ဗျူဟာကုန်း” ဟာ မုံးကိုးကို အဓိကထိန်းချုပ်ထားတဲ့ စစ်ရေးအချက်အခြာနေရာဖြစ်ပြီး ဟောင်ဝစ်ဇာအမြောက်တွေ နဲ့ သံချပ်ကားပါရှိပါတယ်။
မုံးကိုးက ဗျူဟာကုန်းတွေကို နိုဝင်ဘာ ၅ ရက်မနက်ပိုင်းကတည်းက မဟာမိတ်တပ်တွေက ဒရုန်းနဲ့ အရင်ဗုံးကြဲပြီးမှ မြေပြင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
မုံးကိုးက တိုက်ပွဲတွေဟာ နာရီပေါင်းများစွာကြာအောင် ဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်တော်(အေအေ)နဲ့အတူ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ် လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ပါတယ်။
တပ်မမှူးကျပြီးတဲ့နောက် ဗျူဟာကုန်းကို MNDAA က ရရှိခဲ့ပြီး ဟောင်ဝစ်ဇာအမြောက်နှစ်လက်ကိုဖျက်ဆီးခဲ့ပြီး EE-9ဘီးအမျိုးအစား သံချပ်ကာ (၁)စီးကို သိမ်းယူခဲ့တဲ့အကြောင်း ရုပ်သံနဲ့တကွ ဖော်ပြလာပါတယ်။
အဲဒီနောက် မြို့တွင်းစစ်ဆင်ရေးတွေဆက်တိုက်ဝင်ပြီး နိုဝင်ဘာ ၈ ရက်မှာ မုံးကိုးတစ်မြို့လုံးကို ထိန်းချုပ်လိုက်နိုင်ပြီ လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောပါတယ်။
‘’မြို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်လိုက်ပြီ။ စစ်ကောင်စီတပ်တွေ ကို မရှိတော့ဘူး’’ လို့ လီကျားဝင်းက နိုဝင်ဘာ ၈ ရက်က ပြောပါတယ်။
မုံးကိုးဟာ ကိုးကန့်တပ် MNDAA ရဲ့ နောက်ဆုံးလှုပ်ရှားတဲ့ စစ်ရေးနယ်မြေဖြစ်ပြီး MNDAA ရဲ့ တပ်မဟာ(၁) နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
၂၀၁၆ ခုနှစ်က မြန်မာစစ်တပ် နဲ့ MNDAA ကြား မုံးကိုးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၂၀၁၆ အောက်တိုဘာ ၂၀ ရက်မှာ MNDAA က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်အလံလွှင့်ထူခဲ့ဖူးပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ပြန်လည်ထိုးစစ်ဆင်မှု နဲ့အတူ သိမ်းပိုက်ထားတဲ့စခန်းတွေကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မုံးကိုး ကို ပြန်ရအပြီးမှာတော့ ခုနစ်နှစ်အတွင်း ကိုးကန့်အလံကို ပြန်လွှင့်နိုင်ခဲ့ပြီလို့ MNDAA ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဗျူဟာကုန်း မှာ တပ်မမှူးသေဆုံးတဲ့ သတင်းနဲ့ပတ်သက်လို့ရော မုံးကိုးအခြေအနေကိုပါ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်မပြည့်ခင်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်အထိ ကိုးကန့်တပ်ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့တဲ့အပြင် တပ်မမှူးတစ်ဦးပါ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။








