၁၀ ရက်အတွင်း စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့နယ်မြေတိုးလာတဲ့ မြောက်ပိုင်းအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, The Kokang
၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပြင်းထန်လျက် ရှိရာမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို ဒီနေ့နဲ့မနေ့က ၂ ရက်အတွင်း ထပ်မံသိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိတယ်လို့ MNDAA ကိုးကန့်တပ်က ထုတ်ပြန် ပါတယ်။
ကိုးကန့်ခရိုင်ရှိ တုန်းရှမ်းဒေသက တပ်စခန်း ၁ ခုနဲ့ ရှမ်းဝမ်ဒေသက တပ်စခန်း ၂ ခုတို့ကို ထပ်မံသိမ်းယူခဲ့တာဖြစ်ပြီး ကွမ်လုံမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒီစခန်း ၃ ခုဟာ ကိုးကန့်ဘက်က အခုနောက်ဆုံး သိမ်းယူနိုင်တဲ့ စစ်ကောင်စီ စခန်းတွေ ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အတည်ပြုချက် မရသေးပေမဲ့ ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်နေ့တုန်းကတော့ ချင်းရွှေဟော်၊ဖောင်းဆိုင်နဲ့ ကြူကုတ်တို့ကို လက်လွှတ်လိုက်ရပြီလို့ စစ်ကောင်စီ ပြန်ကြားရေး တာ၀န်ခံက ၀န်ခံပြောကြားထားပါတယ်။
MNDAA ကိုးကန့်တပ်ဘက်ကတော့ စစ်ဆင်ရေး စတင်ချိန်ကနေ နိုဝင်ဘာ ၆ ရက် ညနေပိုင်းအထိ စစ်ကောင်စီ တပ်စခန်းအကြီးအသေး စုစုပေါင်းပေါင်း ၁၁၂ ခုကို သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီစခန်းကြီးဆီ စစ်ကူရောက်
အမှတ် ၁၆ ခြေ လျင်တပ်မဌာနချုပ်လို့ အများသိကြတဲ့ နေလဝန်းတံဆိပ်ပါ တဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း မြောက်ပိုင်း မဟာမိတ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက် ရှိပါတယ်။
လားရှိုးနဲ့ သိန္နီကြား၊ သိန္နီမြို့အနီး ရေပူဂိတ်နားမှာရှိတဲ့ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ဟာ ခြေလျင်၊ အမြောက်၊ ဆေးတပ် အပါအဝင် အခြေစိုက်တပ်ရင်းတွေနဲ့စုဖွဲ့ထားတဲ့ နေရာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့နေကစလို့ အဲဒီဌာနချုပ်အနီး တိုက်ခိုက်ခံရတဲ့ စခန်းငယ်တွေက စစ်ကောင်စီတပ်သားတွေကလည်း ဌာနချုပ်အတွင်း ပြန်လည်ဝင်ရောက်ပြီး တပ်ပေါင်းစုအဖွဲ့တွေကို ခုခံလျက် ရှိတယ်လို့ ဒေသခံတွေနဲ့ မဟာမိတ်အဖွဲ့တွေဘက်က ပြောပါတယ်ေ။
၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်ကြာရှိလာချိန်မှာ စစ်တပ်ဘက်က မြေပြင် စစ်ကူတချို့ အဲဒီဌာနချုပ်ကို ရောက်ရှိလာတယ်လို့ မဟာမိတ်အဖွဲ့တွေဘက်က အတည်ပြုပြောပါတယ်။
အဲဒီဌာနချုပ်ဘက်ကနေ တင့်ကားတွေ ထွက်လာတာရှိသလို တင့်ကားတွေ လက်နက်မျိုးစုံနဲ့ ပစ်တာရှိပြီး လေယာဥ်နဲ့ နေ့တိုင်းလိုလို မပြတ် ဗုံးကြဲတာတွေ ရှိတယ်၊ အဲဒီတပ်ခြံ၀န်းကြီးထဲ တပ်တွေ အများကြီးရှိတော့ လက်နက်မျိုးစုံနဲ့ ပစ်နေတာကို မဟာမိတ်အဖွဲ့တွေဘက်က ရဲဘော်တွေက ကြံ့ကြံ့ခံ တိုက်ခိုက်လျက် ရှိတယ်လို့ ၁၀၂၇ စစ်ဆင်ရေး မှာ ပူးပေါင်းတိုက်နေတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်ချိန်တည်းမှာ သိန္နီဘက်ကနေ ကိုးကန့်ဒေသဘက်ကို စစ်ကောင်စီတပ်အချို့က လေကြောင်းကနေ အင်အားဖြည့်တာ မျိုးက ဆက်ရှိနေသလို၊ မြေပြင်ကနေ ရောက်လာတဲ့စစ်ကြောင်းတချို့လည်း ရှိလာတယ်လို့ MNDAA က ဘီဘီစီကိုပြောပါတယ်။
ဒါပေမယ့် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ကိုးကန့်နယ်မြေအတွင်း စစ်ကောင်စီစခန်းတွေကို ပြင်းပြင်းထန် ထန်တိုက်ခိုက်နေပြီး မြို့တချို့နဲ့ စစ်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ကိုးကန့်အဖွဲ့ ပြောခွင့်ရသူ လီကျားဝင်းက ပြောပါတယ်။
လက်ရှိ မဟာမိတ်အဖွဲ့တွေ အနေနဲ့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင် တို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းထားနိုင်တဲ့ အခြေအနေမှာ ရှိပြီး သိန္ဒီ ၊ ကြူကုတ် ပန်ဆိုင်း၊ ကွမ်းလုံ ဘက်တွေမှာတော့ စစ်ကောင်စီ တပ်တွေ နေရာတချို့မှာ ဆက်ရှိနေသေးတယ်၊ ကွမ်းလုံမြို့ဆိုရင် မြို့ဘက်အခြမ်းက သူတို့ ထိန်းချုပ်မှု အောက်မှာ ရှိပြီး စစ်ကောင်စီ တပ်တွေ ရှိတဲ့ဘက်ကို စစ်ဆင်ရေး ဆက်လက် ဖော်ဆောင် နေတယ်လို့လည်း သူက မြေပြင် အခြေအနေကို ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။
နောက်ပြီး ကိုးကန့်ဒေသအထိကို ဦးတည်နိုင်တဲ့ လက်ရှိ လားရှိုးကို တက်နေတဲ့ စစ်ကြောင်း တချို့လည်း ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာ ဆက်ရှိနေပြီး အဲဒီစစ်ကြောင်းတွေနဲ့ မန္တလေးဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
နို၀င်ဘာ ၆ ရက် မနက် ၉ နာရီလောက်မှာ နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာနား၊ ဂုတ်ထိပ်တံတားအနီးမှာ စစ်ကောင်စီ တပ်တွေနဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်းတပ် TNLA ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ နောက်ပြီး နမ့်ခမ်းမြို့နယ် နေရာအနှံမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ TNLA က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လောက်ကိုင် အခြေအနေ
ကိုးကန့်တပ် MNDAA ရဲ့ စစ်ရေးရည်မှန်းချက်တစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့ကို သိမ်းဖို့အတွက် တိုက်ပွဲတွေရောက်မလာသေးပေမဲ့ စစ်ရိပ်စစ်ငွေ့တွေကြား မြို့ခံတွေ ကတော့ စိုးတထိတ်ထိတ်နေထိုင်နေကြရတယ်လို့ ပြောပါတယ်။
ပိတ်မိနေတဲ့ ရွေ့ပြောင်း လုပ်သားထောင်ချီရှိပြီး ၁၀၂၇ စစ်ဆင်ရေးစတဲ့နောက် အောက်တိုဘာ လကုန်ပိုင်းကစလို့ လောက်ကိုင်မြို့အပါအဝင် သိန္နီ၊ ချင်းရွှေဟော်၊ ကွတ်ခိုင်စတဲ့ မြို့တွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေက လုံးဝဆက်သွယ်လို့မရတော့ဘဲ ပြတ်တောက်နေပါတယ်။
လောက်ကိုင်မြို့မှာတော့ နိုင်ဝင်ဘာ ၅ ရက်နေ့အထိ တရုတ် ဖုန်းလိုင်းနဲ့ တရုတ်wifi အသုံးပြုလို့ ဆက်သွယ်လို့ရနေခဲ့ပေမဲ့ ဒီနေ့ ညနေပိုင်းမှာတော့ လုံးဝအဆက်အသွယ်မရတော့ဘူးလို့ ရှမ်းမြောက်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
လောက်ကိုင်မှာ ဆိုင်အများစုက ပိတ်ထားပြီး လူသွားလူလာလည်း မရှိသလောက်နည်းပါးနေသလို ဆန်အပါဝင် ကုန်စျေးနှုန်းတွေလည်းတက်နေပါတယ်။ ဒါကြောင့် ပိတ်မိနေတဲ့ ရွေ့ပြောင်း လုပ်သားအများစု နေရပ်ပြန်ချင်သလို စစ်ဘေးလွတ်ရာ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသထဲ သွားရောက်ချင်နေကြပါတယ်။
ဒါပေမဲ့ ဝ ဒေသထဲကို တရုတ်စကားနဲ့ ဒေသဆိုင်ရာ တိုင်းရင်သား စကားပြောတတ်မှ ဝင်ခွင့်ပြုပြီး ဗမာဆိုရင်ဝင်ခွင့်မပြုတဲ့အခြေအနေကို ရင်ဆိုင်နေရသလို လောက်ကိုင်ကနေ ချင်းရွှေဟော်ဘက် ထွက်ခွင့်ကို ကိုးကန့်တပ်ဖွဲ့က ပိတ်ထားပြီးမိုင်းတွေ ရှင်းပြီးမှ ထွက်ခွင့်ပြုမယ်ပြောကြာင်း ဒေသခံံက ပြောပါတယ်။
လောက်ကိုင်ကနေ မန္တလေးခရီးကို ပုံမှန် ကျပ်တစ်သိန်း ဝန်းကျင်သာပေးရပေမဲ့ လက်ရှိမှာ ကျပ်ငွေ ၁၀ သိန်းလောက်အထိ ပေးပြီး ကားလက်မှတ်၀ယ်နေရတဲ့ အထိ လက်မှတ်စျေးတွေမြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နှစ်ဖက်တပ်တွေအနေနဲ့ တိုက်ပွဲကြားပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ တိုက်ပွဲတွေယာယီရပ်နားပြီး ပိတ်ထားတဲ့ လမ်းကြောင်းတွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးစေချင်တယ်လို့ လောက်ကိုင်မြို့ထဲမှာ ပိတ်မိသူတွေကတောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စားနပ်ရိက္ခာ ပြတ်မှာ စိုးရိမ်ရ
အခုလို ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သိန္နီ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရပါတယ်။
အဓိကကျတဲ့ထောက်ပို့ရေး လမ်းကြောင်းဖြစ်တဲ့ လားရှိုးမြို့မှာ အဝင်အထွက် လမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ကုန်စျေးနှုန်း မြင့်တက်နေပါတယ်။
ဆိုင်အများစုက လက်ကျန်ကုန်စည်တွေကိုပဲ မနက်ပိုင်းကနေ ညနေ ၃ နာရီလောက်အထိ ဆိုင်ဖွင့်ရောင်းချပေးနေပြီး သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် မြို့ခံတွေဟာ တိုက်ပွဲကာလကြာရှည်ပြီး စားနပ်ရိက္ခာပြတ်တောက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
လက်ရှိမှာဆိုလည်း စက်သုံးဆီဆိုင်အတော်များများ ဆီပြတ်လို့ ပိတ်ထားကြရပြီး ဆီဆိုင်အနည်းအကျဥ်းကတော့ သိုလှောင်ထားတဲ့ လက်ကျန်ဆီကိုသာ ရောင်းချနေတယ် လို့ဒေသခံတွေကပြောပါတယ်။
စစ်တပ်ထိန်းချုပ်ထားပြီး တိုက်ပွဲတွေအတွက် ထောက်ပို့ လမ်းကြောင်းပေါ်မှာရှိနေတဲ့ လားရှိုးကိုတော့ မဟာမိတ်တွေလက်ထဲမကျအောင် စစ်တပ်က ထိန်းချုပ်နေပေမဲ့ စစ်ပွဲရှည်ကြာလာရင် စားနပ်ရိက္ခာ ပြတ်တောက်မယ့်အရေး စိတ်ပူနေရတယ်လို့ လားရှိုးဒေသခံတွေက ပြောပါတယ်။








