စစ်ဆင်‌ရေး ၁၀၂၇ - ရှမ်းပြည် မြောက်ပိုင်းက မဟာမိတ်စစ်ဆင်မှု

စစ်ဆင်‌ရေး ၁၀၂၇ မှာပါဝင်တဲ့ BPLA စစ်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, BPLA

ဓာတ်ပုံ ပုံစာ, စစ်ဆင်‌ရေး ၁၀၂၇ မှာပါဝင်တဲ့ BPLA စစ်ကြောင်း

သမိုင်းတလျှောက် တိုက်ပွဲကြီးတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် နောက်ထပ် တိုက်ပွဲအမည်တစ်ခု ထပ်တိုးလာပါတယ်။

အောက်တိုဘာ ၂၇ ရက် ကို အစွဲပြုပြီး စစ်ဆင်‌ရေး ၁၀၂၇ (Operation – 1027) လို့ အမည်ပေးထားတဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ တိုက်ခိုက်မှုဟာ လားရှိုးကနေ တရုတ်နယ်စပ်က ချင်းရွှေဟော် အထိ ဖြန့်ကြက် ထားပါတယ်။

အချိန်ယူပြင်ဆင်ခဲ့ပြီးမှ စစ်ကောင်စီပစ်မှတ် လေးနေရာထက်မနည်းကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ပွဲတွေမှာ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ တခြားမဟာမိတ်တပ်တွေပါ ပါဝင်ခဲ့ပါတယ်။

မနက် လေးနာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့ ကို မဟာမိတ်တပ်တွေ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်၊ လားရှိုးမြို့အထွက် တိုးဂိတ်၊ နမ့်ခမ်း က စခန်းကုန်း တို့ကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

မဟာဗျူဟာမြောက် စစ်ဆင်မှု

စစ်ကောင်စီပစ်မှတ် လေးနေရာထက်မနည်းကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်‌ရေး ၁၀၂၇
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပစ်မှတ် လေးနေရာထက်မနည်းကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်‌ရေး ၁၀၂၇

အောက်တိုဘာ ၂၇ ရက်မှာ စတင်တယ်လို့ ကြေညာခဲ့ပေမဲ့ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက တိုက်ပွဲတွေက အစပျိုးနေပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် TNLA ဟာ ပြင်ဦးလွင် နဲ့ နောင်ချိုကြားက မန္တလေး-လားရှိုး လမ်းမကြီးကို ထိန်းချုပ်ရာကစလို့ စစ်ကောင်စီ နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေရာဟာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကြား ထောက်ပံ့ပို့ဆောင်ရေး အဓိက လမ်းကြောင်းလည်း ဖြစ်ပါတယ်။

TNLA ဟာ မိုးကုတ် နဲ့ နမ့်ခမ်းမှာလည်း တိုက်ပွဲဖော်ဆောင်နေပြီး နမ့်ခမ်း ၁၃ မိုင်က အရပ်အခေါ် တာဝါတိုင်စခန်းကို ရရှိခဲ့တယ် လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တာအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

စစ်ဆင်ရေးအစိတ်အပိုင်းအနေနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က တိုက်ပွဲတွေမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA နဲ့ မန္တလေး PDF အဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း တအာင်းတပ် TNLA က ဘီဘီစီကို ပြောထားပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ ကိုးကန့်တပ် MNDAA ရဲ့ တပ်မဟာ ၂၁၁၊ ၅၁၁ နဲ့ ၆၁၁ တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နမ့်ခမ်း က ပစ်မှတ်တွေကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း မဟာမိတ်တပ်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကို အဓိက ထိန်းချုပ်ကွပ်ကဲတဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကို ထောက်ပံ့ပို့ဆောင်ပေးမယ့် လမ်းကြောင်းတွေမှာ တောင်ဘက်ကရော မြောက်ဘက်ကပါ မြောက်ပိုင်းမဟာမိတ်တပ်တွေက တိုက်ပွဲဖော်ဆောင်နေတာ ဖြစ်ပါတယ်။

လားရှိုးမြို့ပြင်က တပ်တွေ က လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် ပြန်ပစ်နေတာကို ကြားနေရတယ် လို့ လားရှိုးမြို့ခံတွေက ဘီဘီစီ ကိုပြောပါတယ်။

လားရှိုးတိုးဂိတ် ဒီမနက် တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လားရှိုးတိုးဂိတ် ဒီမနက် တိုက်ခိုက်ခံရ

လားရှိုးမြို့ပေါ်အထိ တိုက်ပွဲတွေ မရောက်သေးပေမဲ့ လားရှိုးလေယာဉ်ကွင်း ကို ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးလေဆိပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဘေးကပ်ရပ်မှာတည်ရှိပြီး ဒီကနေ့မနက်ကစလို့ စစ်ရဟတ်ယာဉ်တွေ ဆက်တိုက်ဆင်းသက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)က တရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို အောက်တိုဘာ ၂၇ ရက် စလို့ အရေးပေါ်ပိတ်လိုက်ပြီလို့ ကိုးကန့်တပ် (MNDAA) က ကြေညာပါတယ်။

သူတို့ဟာ စာရွက်ပေါ်မှာပဲ ထုတ်ပြန်ကြေညာတာမဟုတ်ဘဲ တရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုပေါ်မှာ တည်ရှိနေတဲ့ နမ့်ခမ်း နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်(ဖောင်ဆိပ်)စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချင်းရွှေဟော်မြို့ကို လည်း တောင်ဘက် နဲ့ မြောက်ဘက်ကပါ တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

ချင်းရွှေဟော်မြို့ကို ဝင်ရောက်စီးနင်းခဲ့

ဓာတ်ပုံ ရင်းမြစ်, the kokang

ဓာတ်ပုံ ပုံစာ, ချင်းရွှေဟော်မြို့ကို တောင်ဘက် နဲ့ မြောက်ဘက်ကပါ တပြိုင်နက် ဝင်ရောက်စီးနင်းခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းရွှေဟော် မြို့ဟာ တရုတ်နယ်စပ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ နမ့်တစ်မြို့တို့ နဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ထဲက ဟိုပန်မြို့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး အမြောက်တပ် နဲ့ ခြေလျင်/ခြေမြန်တပ် တွေ ရှိပါတယ်။

ချင်းရွှေဟော် နဲ့ ဝ တိုင်းကို နမ့်တိမ်ချောင်း နဲ့ နယ်နိမိတ်ခြားထားပြီး နမ့်တိမ်တံတားကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

ဒီမနက်တိုက်ပွဲတွေမှာတော့ နမ့်တိမ်တံတား(ဖောင်ဆိပ်တံတား) ကိုပါ မဟာမိတ်တပ်တွေက မိုင်းခွဲ ခဲ့ပြီး ဟိုပန်ဘက်က လာမယ့် စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုက်ပါတယ်။

ဒါပေမဲ့ ချင်းရွှေဟော် နဲ့ နယ်မြေထိစပ်နေတဲ့ ကွမ်းလုံမြို့မှာ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာ တပ်ထိုင်ထားပြီး မြောက်ဘက်မှာတော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ရော လေကြောင်းကပါ စစ်ကူပေးနေတဲ့အတွက် စစ်ကောင်စီရဲ့တန်ပြန်ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နိုင်တယ် လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီတိုက်ပွဲတွေကို အတည်ပြုပြီး မြို့ရွာလုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်နေပြီး ဆက်သွယ်ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြန်ပွင့်အောင် အင့်ဆင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

‘’ချင်းရွှေဟော်က နယ်စပ်လိုင်းပေါ်မှာ ရှိတဲ့မြို့ဖြစ်လို့ လုံခြုံရေး လုပ်ဆောင်ရတာ အကန့်အသတ်ရှိနေတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အရင် ကိုးကန့်တိုက်ပွဲတွေ နဲ့ ဘာကွာလဲ

စစ်ဆင်‌ရေး ၁၀၂၇ မှာပါဝင်တဲ့ BPLA စစ်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, BPLA

ဓာတ်ပုံ ပုံစာ, စစ်ဆင်‌ရေး ၁၀၂၇ မှာပါဝင်တဲ့ BPLA စစ်ကြောင်း

ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၈၉ ခုနှစ်မှာ ပုန်ကန်ခဲ့တဲ့ ကိုးကန့်တပ်ဟာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်မှာ အထူးဒေသ(၁)အဖြစ် ချင်းရွှေဟော်၊လောက်ကိုင် နဲ့ ကုန်းကြမ်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သူ့ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခိုင်းတဲ့ကိစ္စ အဆင်မပြေရာက ၂၀၀၉ ခုနှစ်မှာ ကိုးကန့်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီအချိန်ကစလို့ ကိုးကန့်ကို ထိန်းချုပ်လိုက်ပြီး ဦးဖုန်ကြားရှင် ရဲ့ ကိုးကန့်တပ် လောက်ကိုင်ကနေ ဆုတ်ခွာခဲ့ရပါတယ်။

နှစ်နဲ့ ချီအောင် လက်နက်လူသူစုဆောင်းပြင်ဆင်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ တကျော့ပြန် ကိုးကန့်တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေမှာ မြန်မာစစ်တပ်က လောက်ကိုင်ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အကျအဆုံးများစွာ ပေးဆပ်ခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၉ နဲ့ ၂၀၁၅ ကိုးကန့်တိုက်ပွဲတွေဟာ ချင်းရွှေဟော် အထိပဲ ရှိခဲ့ပြီး တရုတ် - မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကို မရောက်ခဲ့ပါဘူး။

စစ်ဆင်‌ရေး ၁၀၂၇ ကတော့ လားရှိုးကနေစလို့ တရုတ် - မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ပြည်ထောင်စုလမ်းမကိုပါ ပိတ်ပစ်ကြောင်း ကြေညာတဲ့အထိ ပြင်းထန်ပါတယ်။

ဒါ့အပြင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နဲ့ ချိတ်ဆက်ထားတဲ့ နမ့်တိမ် တံတားကို ဖောက်ခွဲမှုကလည်း အရင်တိုက်ပွဲတွေတုန်းက မရှိခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

နမ့်တိမ် တံတားကို ဖောက်ခွဲမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နဲ့ ချိတ်ဆက်ထားတဲ့ နမ့်တိမ် တံတားကို ဖောက်ခွဲမှု
နမ့်တိမ် တံတားကို ဖောက်ခွဲမှု

၂၀၁၅ ကိုးကန့်တိုက်ပွဲတုန်းက မြန်မာစစ်တပ်ဟာ ပြည်မက အားပေးထောက်ခံမှုကို ရခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးလိုက်လို့ အားပေးထောက်ခံမှုတွေ ကျဆင်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေသကာကွယ်ရေးတပ်တွေ နဲ့ စစ်မျက်နှာပေါင်း များစွာကို ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ အင်အားကလည်း လွန်ခဲ့တဲ့ ရှစ်နှစ်နဲ့ မတူဘဲ ကြီးထွားလာနေတာ ဖြစ်ပါတယ်။

စစ်ဆင်‌ရေး ၁၀၂၇ မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ MNDAA (၆၁၁) တိုင်းရင်းသား တပ်မဟာ က စစ်တပ်က အာဏာသိမ်းပြီးနောက် အသစ်ထပ်တိုးလာတဲ့ တပ်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒီတပ်မဟာမှာ ပြည်မက အာဏာသိမ်းမှုဆန့်ကျင်သူ ထောင်ဂဏန်းကျော် ပါဝင် ဖွဲ့စည်းထားတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

နောက်ထပ် မတူတာတစ်ခုက စစ်ဆင်‌ရေး ၁၀၂၇ မှာ ဒရုန်းတွေကို အားထား အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရှမ်းမြောက် တိုက်ပွဲတွေ ကို လေကြောင်းကပဲ အဓိက ထား တိုက်လိမ့်မယ် လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ ၂၀၁၅ တိုက်ပွဲတွေမှာ လေကြောင်းက တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံထဲကို လက်နက်ကျရောက် ခဲ့လို့ လေတပ်ရဲ့ဒုတိယအကြီးအကဲကို ရာထူးကဖယ်ရှားခဲ့ရတဲ့ သာဓက လည်း ရှိခဲ့ပါတယ်။

တရုတ်သဘောထား ဘယ်လိုရှိမလဲ

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်

ဓာတ်ပုံ ရင်းမြစ်, FOREIGN MINISTRY

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်

မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးကြေညာချက်မှာ ထူးခြားမှုတစ်ခုက ကိုးကန့်အထူးဒေသ (၁) အတွင်းက အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ (ကျားဖြန်) ကုမ္ပဏီတွေကို အမြစ်ဖြတ်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုလည်း ပါဝင်ပါတယ်။

ဒီအချက်က တရုတ်နိုင်ငံကို သဘောကျစေမယ့် မဟာဗျူဟာမြောက် ကြေညာချက်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီအကြောင်းပြချက်ဟာ အဓိပ္ပါယ်မရှိဘူး လို့ ဘီဘီစီကိုပြောပါတယ်။

အွန်လိုင်းလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံနဲ့ အတူ ပူးပေါင်းပြီး နှိမ်နင်းနေတယ် လို့ သူက ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံဘက်ကို အကြောင်းကြားထားတယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်ကလည်း တရုတ်နိုင်ငံကို ကြိုတင်အသိမပေးဘဲ တရုတ်နယ်စပ် နဲ့ တရုတ်မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်မှာ တိုက်ပွဲဖော်မှာမဟုတ်ဘူး လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ တရုတ်နယ်စပ်

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေကို အပစ်ရပ်ပြီး နှစ်ဘက်ဆွေးနွေးကြဖို့ ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြား တရုတ် နယ်စပ် က စစ်ကောင်စီတပ်စခန်းတစ်ခုကို ရဖို့ ကိုးကန့်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေကတော့ မရပ်တန့်သေးပါဘူး။

စစ်ကောင်စီက လေကြောင်း နဲ့ လက်နက်ကြီးတွေ ဆက်တိုက်အသုံးပြုပြီး နယ်မြေပြန်စိုးမိုးအောင်ဆောင်ရွက်နေတယ် လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

မဟာမိတ်တပ်တွေဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ် လို့ ထုတ်ပြန်ထားပါတယ်။