ယူကရိန်းက ရုရှားနဲ့ စစ်ပွဲမှာ ဒရုန်းတွေကို ဘယ်လို အသုံးချနေသလဲ

Photo 1. ရှေးရိုးစွဲ အဝေးပစ်အမြှောက်တွေကိုပါ ဒီဒရုန်းတွေရဲ့ တိုက်ရိုက်ရုပ်သံ အကူအညီနဲ့အတူ တိကျအောင် ပစ်ခတ်နိုင်

ဓာတ်ပုံ ရင်းမြစ်, DRONEUA

ဓာတ်ပုံ ပုံစာ, Photo 1. ရှေးရိုးစွဲ အဝေးပစ်အမြောက်တွေကိုပါ ဒီဒရုန်းတွေရဲ့ တိုက်ရိုက်ရုပ်သံ အကူအညီနဲ့အတူ တိကျအောင် ပစ်ခတ်နိုင်

ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ စစ်ပွဲမှာ ဒရုန်းတပ်ဖွဲ့ တည်ဆောက်ဖို့အတွက် ဒရုန်းအသေးစားတွေကို လှူဒါန်းကြဖို့ တိုက်တွန်းနေပြီး စစ်သုံး ဒရုန်း အစင်း ၂၀ဝ ဝယ်ယူဖို့ အတွက်လည်း အလှူငွေ တောင်းခံနေရာမှာ ဒါဇင်နဲ့ချီတဲ့ လူတွေဆီက ဒရုန်းအသေးစားတွေ လက်ခံရရှိနေပါတယ်။

ယူကရိန်းရော ရုရှားတို့ဟာ အခုလို အများသူငါသုံး ဒရုန်းအသေးစားတွေကိုလည်း စစ်ပွဲမှာ အသုံးပြုနေကြပြီး ဒါတွေကို တန်ပြန်တဲ့ နည်းဗျူဟာတွေကလည်း ပြောင်းလဲလာတယ်လို့ Royal United Service Institute ဆိုတဲ့ ယူကေအခြေစိုက် ကာကွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့က ဂျက်စတင် ဘရွန့်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ နှစ်ဖက်စလုံးဟာ အဲဒီ ဒရုန်းအသေးစားတွေကတဆင့် အချိန်နဲ့ တပြေးညီ ဖော်ပြတဲ့ ရန်သူ့ တည်နေရာ ပုံရိပ်တွေကို လျင်လျင်မြန်မြန် အသုံးချနိုင်ကြပြီး ပစ်မှတ်လမ်းကြောင်းအထိန်းမပါတဲ့ ရှေးရိုးစွဲ အဝေးပစ်အမြောက်တွေကိုပါ ဒီဒရုန်းတွေရဲ့ အကူအညီနဲ့အတူ တိကျအောင် ပစ်ခတ်နိုင်ကြတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အီလက်ထရွန်းနစ် စနစ်သုံး ဒရုန်းတန်ပြန်တဲ့ စနစ်တွေကလည်း ပိုမိုထိရောက်လာတာ တွေ့ရတယ်လို့ သူက ဆိုပြန်ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း ကုန်တိုက်ကို ရုရှား ဒုံးကျည်နဲ့ပစ်

ဒရုန်းတပ်ဖွဲ့ ဘယ်လိုဖွဲ့မှာလဲ

ယူကရိန်းက ဖွဲ့စည်းမယ့် ဒရုန်းတပ်ဖွဲ့ ဆိုတာဟာ ရှုပ်ထွေးနက်နဲတဲ့ စီမံကိန်းတခုဖြစ်ပြီး ဒရုန်းစုဆောင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ အစားထိုးရေးနဲ့ မောင်းနှင်သူ လေ့ကျင့်ရေး အစီအစဉ်တွေပါဝင်မယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ယူကရိန်းရဲ့ ဒုတိယစစ်ဦးစီးမှူး ဗိုလ်မှူး အိုလက်စီ နော့စကော့ဗ်ကလည်း ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းဖြစ်မယ်ဆိုရင် ကီလိုမီတာပေါင်း ၂၄၇၀ (၁၅၃၅ မိုင်) ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို တောက်လျောက် ထောက်လှမ်းနေနိုင်မှာ ဖြစ်ပြီး ရန်သူကိုလည်း ခေတ်မီနည်းပညာသုံးပြီး တန်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းရေးအတွက် ပထမစီမံချက်ကတော့ အဆင့်မြင့်ကင်မရာ၊ တည်နေရာပြ စနစ်နဲ့ မြေပုံဖော် ကိရိယာတွေပါဝင်တဲ့ မိုင် ၁၀ဝ လောက်အထိ ပျံသန်းနိုင်သော နည်းဗျူဟာမြောက် ဒရုန်းတွေကို ဝယ်ယူရေးဖြစ်တယ်လို့ ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာဝန်ကြီး မီခေလို ဖက်ဒိုရော့ဗ်က အီးမေးကတစ်ဆင့် ဘီဘီစီကို ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒရုန်းတပ်ဖွဲ့ရဲ့ လိုအပ်ချက်အရ ပန်ကာ လေးခု ပါဝင်လေ့ရှိတဲ့ အများသူငါသုံး ဒရုန်းတွေလည်း ဆက်လက် လိုအပ်နေသေးပြီး ဒါတွေကို အရေအတွက် ထောင်နဲ့ချီပြီး စုဆောင်းနိုင်ဖို့ ယူကရိန်းဘက်က မျှော်လင့်နေပါတယ်။

ယူကရိန်းစစ်တပ်အတွက် အသုံးဝင်နိုင်တဲ့ အနည်းဆုံး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဒရုန်းတွေကို အလှူခံရာမှာ ပိုလန်နဲ့ အမေရိကန်မှာ ရှိတဲ့ ကုန်လှောင်ရုံနှစ်ခုက လက်ခံနေတယ်လို့ ဆိုပါတယ်။

ယူကရိန်း ဒရုန်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ စီမံချက်ကို ဇူလိုင်လ ၈ ရက်နေ့ ကမှ စတင်ခဲ့တာ ဖြစ်ပေမယ့် စစ်သုံးဒရုန်းနှစ်စီးဝယ်နိုင်လောက်တဲ့ အလှူငွေ ပေါင် ၅.၇ သန်း ရရှိထားပြီး ဖြစ်သလို ဒါဇင်နဲ့ ချီတဲ့ ဒရုန်းအငယ်စားတွေကိုလည်း ရရှိပြီးဖြစ်တယ်လို့ မစ္စတာ ဖက်ဒိုရော့ဗ်က တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

ဒရုန်းဝယ်မရ နယ်မြေဖြစ်သွားခဲ့တဲ့ ယူကရိန်းနဲ့ ရုရှား

မစ္စတာ ဖက်ဒိုရော့ဗ်ရဲ့ အဆိုအရ အများသူငါသုံး ဒရုန်းတွေဟာ သူတို့ရဲ့ စစ်မြေပြင်မှာ အသုံးဝင်မှုကို သက်သေပြခဲ့ပြီးဖြစ်တယ်လို့ ဆိုပြီး ရုရှားကလည်း အလားတူ အသုံးချခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဖက်ဒိုရော့ဗ်ဟာ ဒီနှစ်အစောပိုင်းမှာ ဒရုန်းအသေးစား ရောင်းချတဲ့ ဈေးကွက်မှာ ဦးဆောင်နေတဲ့ DJI ကုမ္ပဏီကို ရုရှားကို မရောင်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အခုလို လှုံ့ဆော်ခဲ့ရာမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ DJI ကုမ္ပဏီက သူတို့ရဲ့ ဒရုန်းတွေကို ရုရှားမှာရော ယူကရိန်းမှာပါ ရောင်းချမှု ရပ်ဆိုင်းခဲ့ပါတယ်။

အခုလို DJI က ယူကရိန်းမှာပါ ဒရုန်း မရောင်းတော့တာကြောင့် ယူကရိန်းအတွက် ကုန်ကျစရိတ် ပိုကြီးသွားခဲ့ရပြီး ရုရှားကတော့ ဘယ်လာရုစ်နိုင်ငံကတဆင့် ဒီဒရုန်းတွေကို ဆက်ဝယ်လို့ ရနေခဲ့တယ်လို့ ယူကရိန်း ဒရုန်းကုမ္ပဏီ DroneUA ပူးတွဲ တည်ထောင်သူ ဗယ်လရီ လကိုဗန်ကို က ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ ကုမ္ပဏီဟာ ယူကရိန်းအစိုးရကို ဒရုန်းတွေနဲ့ စက်ရုပ်မောင်းတံ ဆိုင်ရာ ပစ္စည်းကို တင်သွင်းနေတာလည်း ဖြစ်ပါတယ်။

ယူကရိန်းဘက်က ရေဒီယို အဝေးထိန်းစနစ်နဲ့ ဒရုန်းတွေ စေလွှတ်ထိန်းချုပ်မယ့်အစား လမ်းကြောင်းထည့်ပြီးသား ဒရုန်းလွှတ်ဖို့ အကြံပေးမှုရှိ
ဓာတ်ပုံ ပုံစာ, ယူကရိန်းဘက်က ရေဒီယို အဝေးထိန်းစနစ်နဲ့ ဒရုန်းတွေ စေလွှတ်ထိန်းချုပ်မယ့်အစား လမ်းကြောင်းထည့်ပြီးသား ဒရုန်းလွှတ်ဖို့ အကြံပေးမှုရှိ

ဒရုန်းတန်ပြန်စနစ်တွေကို ဘယ်လိုချေဖျက်မလဲ

ယူကရိန်းအနေနဲ့ အများသူငါသုံး ဒရုန်းတွေရော စစ်သုံးဒရုန်းတွေပါ ရယူစုဆောင်း အသုံးပြုတဲ့နေရာမှာ ထိထိရောက်ရောက် လုပ်ဆောင်နေနိုင်ပြီး ရော့စတော့ဗ်က ရေနံသန့်စင် စက်ရုံကို ဒရုန်း အသေးစားသုံးပြီး အမြင့်ကနေ ဗုံးချတာမျိုး လုပ်နိုင်ခဲ့တာ တွေ့ရတယ်လို့ ယူကေအခြေစိုက် ကာကွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့က ဂျက်စတင် ဘရွန့်က ပြောပါတယ်။

ဒါပေမဲ့ ရုရှားဘက်က နည်းဗျူဟာတွေ ပြောင်းလဲလာတာကိုလည်း သတိထားရမှာဖြစ်ပြီး ဒွန်းဘတ်စ်ဒေသဘက်မှာ ရုရှားဟာ သူတို့ရဲ့ အီလက်ထရွန်းနစ် စစ်ဆင်ရေး ပစ္စည်းတွေကို တိုက်ပွဲမှာ အံဝင်အောင် အဓိကထား အသုံးပြုလာကြတာ တွေ့ရတယ်လို့ မစ္စတာ ဘရွန့်က ဆိုပါတယ်။

ဒီလို အခြေအနေမှာ ယူကရိန်းက ရေဒီယို အဝေးထိန်းစနစ်နဲ့ ဒရုန်းအငယ်စားကို လွှတ်လိုက်ပြီ ဆိုရင် ရုရှားဘက်က သူတို့ရဲ့ အီလက်ထရွန်းနစ် တန်ပြန်စနစ်တွေက ဖမ်းမိသွားပြီး အဲဒီ ဒရုန်းကို ထိန်းချုပ်လိုက်တာ၊ ချိတ်ဆက်မှု ဖြတ်တောက်လိုက်တာနဲ့ လာခဲ့တဲ့နေရာ ပြန်သွားအောင် လုပ်တာမျိုးတွေ ပြန်လုပ်နေတယ်လို့ ဆိုပါတယ်။

အခုလို အဖြစ်မျိုးက ရှောင်ရှားနိုင်ဖို့ဆိုရင် ဒရုန်းအငယ်စားတွေကို ပျံသန်းရမယ့် လမ်းကြောင်းတခါတည်း ပရိုဂရမ် ထည့်ပေးလိုက်ဖို့ လိုအပ်ပြီး ဒရုန်းပြန်ရောက်လာတဲ့အချိန်ကျမှ လှမ်းပစ်ရမယ့် ပစ်မှတ်တွေကို ရှာဖွေ သတ်မှတ်နိုင်မယ်လို့ မစ္စတာ ဘရွန့်က ဆိုပါတယ်။

ဒါပေမဲ့ အခုလို နည်းလမ်းမျိုးနဲ့ ဒရုန်းငယ်သုံးတာက ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ထောက်လှမ်းရာမှာတော့ အသုံးဝင်မှုနည်းမယ်လို့ ဆိုပါတယ်။

အခုလို အနေအထားမှာ ရုရှားရဲ့ အီလက်ထရွန်းနစ် တန်ပြန်စနစ်တွေကို ပစ်မှတ်ထားပြီး ဒရုန်းပေါ်က ကြဲချနိုင်တဲ့ ဗုံးဆံမျိုးတွေ ယူကရိန်းဘက်က လိုအပ်မယ်လို့ မစ္စတာ ဘရွန့်က ယူဆပါတယ်။

ဗီဒီယို ပုံစာ, ရုရှား ကျူးကျော်စစ် ရက်၁၀၀ ပြည့်

ဆလိုဗရန့်စ်က်မြို့ တိုက်ပွဲမှာ ဒရုန်းအသုံးပြုမှု ဘယ်လောက် အရေးပါမလဲ

ရုရှားနဲ့ ယူကရိန်းတို့ အဓိက တိုက်ပွဲကြီး နှစ်ခု တိုက်နေရတယ်လို့ ဆိုနိုင်ရာမှာ တစ်ပွဲက အဝေးပစ်အမြှောက် တိုက်ပွဲ ဆိုရင် နောက်တစ်ပွဲက နည်းပညာတိုက်ပွဲ ဖြစ်တယ်လို့ ယူကရိန်း ဒနီပရို တပ်ရင်း ၁ က တပ်သား ဒမီထရို ပေါ်ဗော်ချန်းစကီးက ဆိုပါတယ်။

ဒမီထရိုဟာ ဒုတိယတိုက်ပွဲဖြစ်တဲ့ နည်းပညာ တိုက်ပွဲမှာ ပါဝင်နေသူ ဖြစ်ပြီး တပ်သား ဆယ်ယောက်သာပါဝင်တဲ့ ဒရုန်းထောက်လှမ်းရေး တပ်စုတစ်ခုကို ဦးဆောင်သူလည်း ဖြစ်ပါတယ်။

သူတို့ တပ်စုကလေးဟာ တင့်ကားတစီး၊ အဝေးပစ် လက်နက်ကြီး သုံးလေးလက်၊ အဝေးပစ် မော်တာ အမြှောက်စခန်းနှစ်ခု နဲ့ ဗုံးဆံ ကြဲချမှု ငါးကြိမ် ခြောက်ကြိမ်လောက် လုပ်ပြီးပြီလို့ ဒမီထရိုက ဆိုပါတယ်။

ဒီတပ်စုကလေးဟာ ရုရှားက သိမ်းပိုက်ထားပြီ ဖြစ်တဲ့ လူဘစ်ဇ်နီနဲ့ ဆာဗရော့ဒါညက်စ်မြို့တွေမှာ တိုက်ပွဲဝင်ထားကြပြီး ဖြစ်သလို ဆလိုဗရန့်စ်က်မြို့ကိုလည်း ကာကွယ်ဖို့ အဆင့်ပြင်နေကြပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ ဒရုန်းတွေကို အသုံးပြုမှု မဆန်းတော့ပေမယ့် လက်ရှိ ယူကရိန်းနဲ့ ရုရှားစစ်ပွဲ အတိုင်းအတာလောက်တော့ မများခဲ့ဖူးဘူးလို့ ဆိုနိုင်ပါတယ်။

ရုရှားဘက်မှာ Orlan-10 အမျိုးအစားနဲ့ ယူကရိန်းဘက်မှာ တူရကီလုပ် Bayrakter တို့လို စစ်သုံး ဒရုန်းအကြီးစားတွေကိုသာမက အသေးစား အများသုံး ဒရုန်းတွေကိုလည်း နှစ်ဖက်စလုံးက ထောက်လှမ်းဖို့ရော၊ ဖောက်ခွဲရေး ပစ္စည်းတွေ တွဲပြီးတော့ပါ အသုံးပြုနေပါတယ်။

အဲဒီ အထဲက အကြီးစား စစ်သုံးဒရုန်းတွေဟာ ဈေးပိုကြီးပြီး ပစ်မှတ်ထား ပစ်ချရတာ လွယ်ကူနိုင်တဲ့အတွက် ဒါတွေနဲ့ ယှဉ်ရင် ဈေးသက်သာပြီး အစားထိုးရ လွယ်ကူတဲ့ ဒရုန်းအငယ်စားတွေကို နှစ်ဖက်စလုံးက ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

ဒရုန်းအငယ်စားတွေ အနေနဲ့ ဖောက်ခွဲရေးပစ္စည်း ၂၀ဝ ဂရမ်ကနေ ၅၀ဝ ဂရမ် အထိ သယ်ဆောင်နိုင်
ဓာတ်ပုံ ပုံစာ, ဒရုန်းအငယ်စားတွေ အနေနဲ့ ဖောက်ခွဲရေးပစ္စည်း ၂၀ဝ ဂရမ်ကနေ ၅၀ဝ ဂရမ် အထိ သယ်ဆောင်နိုင်

ဒရုန်းအငယ်စားတွေကို လက်တွေ့ အသုံးပြုမှုနဲ့ ရုရှားဘက်က တန်ပြန်မှုပုံစံ

ဒရုန်းအငယ်စားတွေ အနေနဲ့ ဖောက်ခွဲရေးပစ္စည်း ၂၀ဝ ဂရမ်ကနေ ၅၀ဝ ဂရမ် အထိ သယ်ဆောင်နိုင်ပြီး အလတ်စား ဒရုန်းတွေကတော့ ၈၀ဝ ဂရမ်လောက်အထိ တင်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဒမီထရိုတို့ တပ်စုအနေနဲ့ သူတို့ရဲ့ မူလစခန်းမှာ ဗုံးတွေနဲ့ တကွ အပေါ်က ချရင် ထိန်းကျောင်းနိုင်ဖို့ ဗုံးတပ်အမြီးတွေကို 3D ပရင်တာနဲ့ ပုံထုတ်တယ်လို့ ဆိုပါတယ်။

ရုရှားတို့ဟာ အစမှာ သူတို့ရဲ့ Aerospace ဆိုတဲ့ ဒရုန်းတန်ပြန် ထောက်လှမ်းတဲ့ စနစ်အရ ယူကရိန်းဘက်က ဒရုန်းနဲ့တကွ မောင်းနှင်သူရဲ့ တည်နေရာကိုပါ ပြန်လည် ထောက်လှမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ယူကရိန်းဘက်က အခုလို ထောက်လှမ်းတဲ့ စနစ်ကို ဘယ်လို ပိတ်ဆို့ရမလဲဆိုတာ ရှာနိုင်ခဲ့ပေမယ့် ရုရှားဘက်က ကိရိယာအမျိုးမျိုး အသုံးပြုပြီး ဒရုန်း ဆက်သွယ်ရေး အချိတ်အဆက်တွေ ပိတ်ဆို့မှုကြောင့် ဒမီထရိုတို့ရဲ့ ဒရုန်း ငါးခုလောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းနဲ့ ယှဉ်ရင် လူအင်အားရော၊ လက်နက်အင်အားပါ သာရုံမျှမက အီလက်ထရွန်းနစ်ရေးရာ စစ်ပွဲ ဆင်နွှဲရာမှာလည်း အတွေ့ အကြုံများတာကို တွေ့ရပြီး ယူကရိန်းရဲ့ စစ်ရေး ဆက်သွယ်တဲ့ စနစ်တွေကိုလည်း တန်ပြန်နှောက်ယှက် ပိတ်ဆို့နေတာကို တွေ့ရပါတယ်။

မစ္စတာ ဘရွန့်ရဲ့ RUSI သုတေသနအဖွဲ့ လတ်တလော အစီအရင်ခံစာအရ ဆိုရင်လည်း ရုရှားရဲ့ စစ်ရေး အီလက်ထရွန်းနစ် ကိရိယာတွေကြောင့် ယူကရိန်းဟာ ရုရှားရဲ့ အဝေးပစ်အမြောက်တပ်တွေကို ထိရောက်အောင် လျင်လျင်မြန်မြန် အမြစ်မဖြတ်နိုင်ပဲ ဖြစ်နေတယ်လို့ ဖော်ပြထားပြီး ပျမ်းမျှအားဖြင့် ယူကရိန်း ဒရုန်းတခုရဲ့ တိုက်ပွဲဝင် သက်တမ်းက ၇ ရက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်တပ်ကနေ အခုလို အတားအဆီးဖြစ်နေတာတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေပြီး အဲဒီအထဲမှာ အီလွန် မက်စ်ရဲ့ Space-X Starlink ဂြိုဟ်တုတွေက သုံးခွင့်ပေးတဲ့ လုံခြုံတဲ့ အင်တာနက်ကွန်ရက်ကို အသုံးပြုမှုလည်း အပါအဝင် ဖြစ်ပါတယ်။

ယူကရိန်းဘက်က ဒီကွန်ရက်ကို အသုံးပြုနိုင်ခြင်းအားဖြင့် ပင်မ အမိန့်ပေး စခန်းတွေအတွက် လုံခြုံတဲ့ အင်တာနက် ချိတ်ဆက်မှုရသလို ဒရုန်းတွေကနေ တိုက်ရိုက် ရုပ်သံ ဖမ်းယူတာနဲ့ ပစ်မှတ် အချက်အလက်တွေကိုလည်း လုံလုံခြုံခြုံ ရယူနိုင်မှာ ဖြစ်ပါတယ်။

ရုရှားဘက်က အီလက်ထရွန်းနစ် စစ်ရေးစစ်ရာမှာ အားသာမှု ရှိတယ် ဆိုပေမယ့်လည်း စစ်ရေးအမြင် တသီးတသန့် နဲ့ ကျဉ်းမြောင်းစွာ လုပ်ဆောင်တတ်တဲ့ ရုရှားတပ်သားတွေထက် ပြင်ပနည်းပညာ နောက်ခံရှိသူတွေ ရှိတဲ့ ယူကရိန်းဘက်က ဆန်းသစ်ကြံဆမှုအပိုင်းတော့ သာလွန်မယ်လို့ ဒမီထရိုက ပြောဆိုထားပါတယ်။