ယူကရိန်းစစ်ပွဲကြောင့် အိန္ဒိယက ရုရှားနဲ့ ကာကွယ်ရေးပိုင်း နီးစပ်မှု လျှော့ချမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး နောက်ပိုင်းမှာ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ ယခင်ကာလတာရှည်ကတည်းက ရှိနေတဲ့ ကာကွယ်ရေးကဏ္ဍ နီးစပ်မှုဟာ အများစောင့်ကြည့်စရာ သိသာတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။
အမေရိကန်ကို ပြီးခဲ့တဲ့ ဧပြီလက လာရောက်ခဲ့တဲ့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာမာလ စစ်သရာမန်ကတော့ အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ သူငယ်ချင်းကောင်း ဖြစ်လိုပါတယ်လို့ ပြောကြားထားခဲ့ပါတယ်။
ဒါပေမဲ့ အိန္ဒိယအနေနဲ့ အားနည်းမှာကိုတော့ မလိုလားဘဲ လုံခြုံရေးအတွက် စိတ်ချရအောင်တော့ လုပ်နေရမှာပဲ ဆိုပြီး အိန္ဒိယရဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေကို ရေရှည်အားထားနေရတဲ့ အခြေအနေကိုလည်း သူက ရည်ညွှန်း ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယက ရုရှားလက်နက်တွေကို ဘယ်လောက်အထိ မှီခိုနေရသလဲ
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ တခြားနိုင်ငံတွေက လက်နက်တွေ အဝယ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယဟာ ယခင် ဆိုဗီယက်ပြည်ထောင်စုရှိစဉ် ကာလကတည်းကလည်း နှစ်ပေါင်းများစွာ ကာကွယ်ရေးပိုင်းဆိုင်ရာ ကူးလူးဆက်ဆံမှု ရှိနေခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နဲ့ ပြိုင်ဘက်အနေအထား ရှိနေတာနဲ့တကွ တရုတ်နဲ့ပါ အပြိုင်အဆိုင် ဖြစ်လာနေရာမှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာလည်း ရုရှားနဲ့ အိန္ဒိယတို့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေခဲ့ပါတယ်။
၁၉၉၂ ခုနှစ်ကတည်းစပြီး အိန္ဒိယရဲ့ လက်နက်စုစုပေါင်း သုံးပုံ နှစ်ပုံလောက်အထိ ရုရှားလုပ် ပစ္စည်းတွေ ဖြစ်နေတယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ဆိုပါတယ်။
အမေရိကန်အခြေစိုက် စတင်မ်ဆင် သုတေသနအဖွဲ့ ကလည်း အိန္ဒိယရဲ့ အဓိကလက်နက်စနစ် ၈၅ ရာခိုင်နှုန်းလောက်အထိက ရုရှားပစ္စည်းတွေ ဖြစ်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဓိက လက်နက်စနစ် ဆိုရာမှာ တိုက်လေယာဉ်တွေ၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တင် သင်္ဘောတွေ၊ တင့်ကားတွေနဲ့ ဒုံးကျည်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
အိန္ဒိယက ရုရှားအပြင် တခြားကနေ လက်နက် တိုးဝယ်တာ ရှိသလား
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကစပြီး ရုရှားရဲ့ လက်နက်တွေကို မှီခိုနေမှု လျော့လာနေတာကို တွေ့ရပါတယ်။
အိန္ဒိယက လက်နက်တွေ တိုးချဲ့ ဝယ်ယူနေတဲ့ တခြားနိုင်ငံတွေကတော့ အဓိကအားဖြင့် ပြင်သစ်ဖြစ်ပြီး အစ္စရေးနဲ့ အမေရိကန်တို့ကနေလည်း ပိုမိုဝယ်ယူလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ယူကေနိုင်ငံက လက်နက်ဝယ်ယူမှုတွေလည်း ရှိလာပေမယ့် အထက်က ပြောခဲ့တဲ့ နိုင်ငံတွေဆီကလောက်တော့ မများပါဘူး။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ တွေ့ရှိချက်အရ ဆိုရင် အိန္ဒိယဟာ ၂၀၁၂ နောက်ပိုင်းကစပြီး ရုရှားဆီက နှစ်စဉ် လက်နက်ဝယ်ယူမှု ရာခိုင်နှုန်း ကျလာခဲ့တာကို တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယက ၂၀၁၂ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကနေ သိသိသာ လက်နက်ဝယ်ယူမှု တိုးလာခဲ့ပြီး ၂၀၁၄ အရောက် ရုရှားက လက်နက် ဝယ်ယူမှု ၅၀ ရာခိုင်နှုန်းအထိ ကျသွားခဲ့ချိန်မှာ အမေရိကန်နိုင်ငံကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးဝယ်ခဲ့တာကို တွေ့ရပါတယ်။
အိန္ဒိယရဲ့ အမေရိကန်က လက်နက်ဝယ်ယူမှုက အဲဒီနောက်ပိုင်း ပြန်ကျသွားခဲ့ပေမယ့် အစ္စရေးဆီက လက်နက်ဝယ်ယူမှုက ၂၀၁၇ လောက်အထိ တိုးတက်နေခဲ့တာကိုလည်း တွေ့ရပါတယ်။
ပြီခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယရဲ့ ရုရှားက လက်နက်ဝယ်ယူမှုက ၃၀ ရာခိုင်နှုန်းအထိ ကျသွားခဲ့ပြီး ပြင်သစ်ဆီက လက်နက်ဝယ်ယူမှုကတော့ ၅၀ ရာခိုင်နှုန်းအထိကို တိုးလာခဲ့ပါတယ်။
အိန္ဒိယရဲ့ နှစ်စဉ် လက်နက်ဝယ်ယူမှု စုစုပေါင်းကို ခြုံကြည့်မယ်ဆိုရင် ၂၀၁၇ မှာ ပြင်သစ်၊ အမေရိကန်နဲ့ အစ္စရေးတို့ဆီက လက်နက်ဝယ်ယူမှုရဲ့ နှစ်ဆလောက်အထိ ၂၀၂၁ မှာ တိုးသွားခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။
အိန္ဒိယက ဘယ်လို လက်နက်တွေ ဝယ်ယူနေတာလဲ
အိန္ဒိယနိုင်ငံဟာ ပြင်သစ်ကနေ Rafale တိုက်လေယာဉ်၊ Mirage တိုက်ပွဲဝင် လေယာဉ်နဲ့ Scorpene ရေငုပ်စစ်သင်္ဘောတွေ အဓိက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီကလည်း လက်ရှိ မေလဆန်းမှာပဲ ပြင်သစ်နိုင်ငံကို သွားရောက်ထားတာ ဖြစ်ပြီး အဆင့်မြင့် လက်နက်ပိုင်းဆိုင်ရာမှာပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လည်း သဘောတူကြောင်း နှစ်နိုင်ငံစလုံးက ကြေညာချက်ထုတ်ထားခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ အိန္ဒိယကို သွားရောက်ထားခဲ့ပြီး လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ပိုလုပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။
အထူးသဖြင့် အဆင့်မြင့် နောက်ဆုံးပေါ် တိုက်လေယာဉ် ဆိုင်ရာ နည်းပညာပိုင်းမှာ ပူးတွဲ လုပ်ဆောင်မှုတွေ လုပ်မယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။
အိန္ဒိယနဲ့ အစ္စရေးတို့ရဲ့ ကာကွယ်ရေးအပိုင်း ကူးလူးယှက်နွယ်မှုကို ကြည့်မယ် ဆိုရင်တော့ နည်းပညာမြင့် ကာကွယ်ရေးနဲ့ လုံခြုံရေးအပိုင်း ပစ္စည်းတွေကို အစ္စရေးဆီက အိန္ဒိယက ဝယ်ယူနေတာကို တွေ့ရပါတယ်။
အခုလို ဝယ်ယူနေတဲ့အထဲမှာ အဓိကအားဖြင့် မောင်းသူမဲ့ စစ်သုံးလေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ လေကြောင်းကာကွယ်ရေး သတိပေး စက်ပစ္စည်း စနစ်တွေ၊ ဒုံးခွင်းဒုံး လက်နက် စနစ်တွေနဲ့ ပစ်မှတ်တိကျအောင် ထိန်းကျောင်း ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ပါဝင်ပါတယ်။
အိန္ဒိယဟာ အမေရိကန်နဲ့လည်း လက်နက်ပိုင်းဆိုင်ရာ ဝယ်ယူမှု ပုံမှန်ရှိနေရာမှာ ၂၀၁၈ ကနေ ၂၀၁၉ ကာလအတွင်း နှစ်စဉ် လက်နက်ဝယ်ယူမှု ၂၀ ရာခိုင်နှုန်းလောက် အထိ တိုးခဲ့တာကို တွေ့ရပါတယ်။
အမေရိကန်ကတော့ အိန္ဒိယက အဓိက ကာကွယ်ရေးအပိုင်း ဝယ်ယူမှုတွေကတော့ တာဝေးပျံ ပင်လယ်ပြင် ကင်းလှည့် လေယာဉ်တွေ၊ C-130 စစ်သုံး ပို့ဆောင်ရေး လေယာဉ်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ မောင်းသူမဲ့ စစ်သုံးလေယာဉ်တွေ ဖြစ်ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရဂျနတ်ဆင်း ဆိုရင်လည်း ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာပဲ အမေရိကန်နိုင်ငံကို လာရောက်ထားပြီး အာကာသ လုံခြုံရေးနဲ့ ဆိုင်ဘာလုံခြုံရေးအပိုင်းမှာ ပိုမို နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်မယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
အိန္ဒိယက ရုရှားအပေါ် လက်နက်ပိုင်း မှီခိုရမှုကို ပြန်လည် သုံးသပ်နေသလား
လတ်တလောနှစ်တွေမှာ ဖြစ်ပေါ် ပြောင်းလဲခဲ့တဲ့ နိုင်ငံတကာ နိုင်ငံရေးအခြေအနေတွေအရလည်း ပြင်သစ်၊ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးက ပိုမို နီးစပ်လာခဲ့တာကို တွေ့ရပါတယ်။
ဒီလို နီးစပ်လာတယ် ဆိုပေမယ့်လည်း အိန္ဒိယဟာ နိုင်ငံတကာက ရုရှားက ယူကရိန်းကျူးကျော်မှုအတွက် ရှုတ်ချနေတဲ့အထဲမှာ မပါဝင်သေးဘဲ ဘယ်ဘက်ကိုမှ မရပ်တည်လိုတဲ့ သဘောကို ပြသနေတာ တွေ့ရပါတယ်။
အိန္ဒိယက အခုလို သဘောထားရှိတယ် ဆိုပေမယ့်လည်း ရုရှားအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှုတွေ ရှိလာတာကြောင့် အိန္ဒိယအနေနဲ့ ရုရှားနဲ့ ကာကွယ်ရေး နီးစပ်မှုကို လျှော့ချဖို့ မဖြစ်မနေ ရွေးချယ်ရတော့မယ်လို့ စစ်ရေး သုတေသီတချို့က သုံးသပ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ရုရှားကနေ S-400 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ် ဝယ်ယူခဲ့ရာမှာ ရုရှားက တစ်စိတ်တစ်ပိုင်းပဲ ပေးပို့ထားရသေးပြီး လက်ရှိအနေအထားမှာ အိန္ဒိယက ဒီလက်နက်စနစ် အပြည့်အစုံ ရရှိရေးအတွက် အခက်အခဲ ရှိလာနိုင်တယ်လို့ စတင်မ်ဆင် အဖွဲ့က ကာကွယ်ရေးနဲ့ လုံခြုံရေး သုတေသီ စမီးယား လယ်ဝန်နီက ဆိုပါတယ်။
ရုရှားဟာ အိန္ဒိယနဲ့ စာချုပ် သဘောတူထားတဲ့အတိုင်း S-400 ဒုံးကျည်စနစ်ကို အပြည့်အဝ လွွှဲပြောင်းဖို့ မလုပ်နိုင်တဲ့ အနေအထား ရှိကြောင်း ခိုင်ခိုင်မာမာ ယူဆစရာ ရှိတယ်လို့လည်း မစ္စတာ လယ်ဝန်နီက ဆိုပါတယ်။
ရုရှားအနေနဲ့ လက်ရှိ ယူကရိန်းကို တိုက်ခိုက်ရမှုမှာ ရှိထားတဲ့ လက်နက် အပိုပစ္စည်းတွေကို ထုတ်သုံးပြီး ဖြည့်ဆည်းရမှာ ဖြစ်တဲ့အတွက် လက်ရှိ ယူကရိန်းမှာရုရှားက ဆုံးရှုံးမှုတွေ ကြုံနေရတဲ့ အခြေအနေမှာ အိန္ဒိယက သဘောတူထားတဲ့အတိုင်း လက်နက် မပေးနိုင်လောက်ဘူးလို့ ယူဆတာဖြစ်ကြောင်း သူက ဆိုပါတယ်။
အိန္ဒိယက မူဝါဒ ချမှတ်သူတွေ အနေနဲ့လည်း ရုရှားရဲ့ လက်ရှိစစ်မြေပြင်မှာ သူတို့ရဲ့ စစ်လက်နက်နဲ့ ကျည်ဆံ၊ အမြောက်ဆံ အသုံးပြုမှု ဆိုင်ရာ ပြဿနာတွေ ရှိနေတာကိုလည်း မှတ်တမ်းတင်နေမှာဖြစ်တယ်လို့ သူက ထပ်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယက ရုရှားလက်နက်ကို လုံးဝ မမှီခိုတော့တဲ့အထိ ဖြစ်နိုင်မလား
အိန္ဒိယက ရုရှားဆီက လက်နက်ဝယ်ယူမှု လျော့လာတယ် ဆိုပေမယ့်လည်း ရုရှားလက်နက်ကို လုံးဝမမှီခိုပဲ နေနိုင်တဲ့ အခြေအနေတော့ လက်ရှိ အနေအထားအရ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာလမှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အစီအရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အိန္ဒိယစစ်တပ်ဟာ ရေရှည် မဟုတ်ပေမဲ့ ရေတိုနဲ့ ကြားကာလ စပ်ကြား အခြေအနေမှာ အိန္ဒိယစစ်တပ်ဟာ ရုရှားစစ်လက်နက်ပစ္စည်းတွေ မရှိဘဲ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်ခြေ မရှိတဲ့အတွက် ရုရှားကာကွယ်ရေးပစ္စည်းတွေကို ဆက်လက် မှီခိုနေရဦးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားက လက်နက်တွေကို ရောင်းချနေတဲ့ ဈေးနှုန်းကလည်း အိန္ဒိယကို ဆွဲဆောင်နေတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့လည်း အဲဒီ အစီအရင်ခံစာက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီအခြေစိုက် Aviation and Defence Universe ရဲ့ အယ်ဒီတာ ဆန်ဂိတာ ဆာဇီးနား ကတော့ ရုရှားလက်နက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ အိန္ဒိယစစ်တပ်က ရုရှားဆီကပဲ လက်နက်ဆက်လက် ဝယ်ယူနေရဦးမှာပဲ ဖြစ်တဲ့အပြင် ဒီလို နှစ်ဖက် ဆက်စပ်နေမှုက ကာလတာရှည် မပြောင်းမလဲ ရှိလာတာကလည်း တစ်ကြောင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာ အိန္ဒိယစစ်တပ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်တဲ့ လက်နက်ကဏ္ဍကိုလည်း အဆင့်မြှင့်ဖို့ ဆန္ဒရှိနေပြီး တချို့အခြေအနေတွေမှာ တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ထုတ်လုပ်လိုတဲ့ ဆန္ဒလည်း ရှိနေတယ်လို့ လည်း သူက ဆိုပါတယ်။
ဥပမာအနေနဲ့ အိန္ဒိယဟာ ရုရှားနဲ့ ပူးပေါင်းပြီး အသံထက်မြန်တဲ့နှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ဘရားမို့စ် ဒုံးကျည်တွေကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
မစ္စ ဆာဇီးနားရဲ့ အဆိုအရ အခုလို ကိုယ်ပိုင် ထုတ်လုပ်တဲ့ အပိုင်းမှာ “အိန္ဒိယ လက်နက်များ ပြည်တွင်းထုတ်ရေး” လို စီမံချက် ခေါင်းစဉ်အောက်ကနေ တခြားနိုင်ငံတွေက နောက်ဆုံးပေါ် နည်းပညာတွေကို ဝယ်ယူ အသုံးပြုတာလည်း ပြုလုပ်နိုင်ပြီး သူတို့ လိုအပ်ချက်နဲ့ ကိုက်ညီရင် ဒါမှမဟုတ် တန်ဖိုး အသင့်အတင့်ဆုံး ဖြစ်မယ်ဆိုရင် ရုရှားကပဲ ဖြစ်ဖြစ် ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် အိန္ဒိယက ဝယ်ယူနေဦးမှာဖြစ်တယ်လို့ မစ္စ ဆာဇီးနားက မှတ်ချက်ပေးခဲ့ပါတယ်။










