အိန္ဒိယ - တရုတ် နယ်စပ်အငြင်းပွားမှု နောက်ကြောင်းအကျဉ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟိမဝန္တာဒေသအတွင်းက အိန္ဒိယနဲ့တရုတ်တို့ အငြင်းပွားနေတဲ့နယ်စပ်မှာ စစ်ရေးအရ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကနေ လူအသေအဆုံးတွေရှိလာတဲ့ အထိ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဘာတွေဖြစ်နေကြလဲ၊ နောက်ကြောင်းကဘာလဲ ဆိုတာ အကျဉ်းသိရအောင် ဒီမှာဖတ်လို့ရပါတယ်။
ရန်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲ
ဇွန် ၁၅ တနင်္လာနေ့ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွင်း အနည်းဆုံး အိန္ဒိယစစ်သား အယောက်၂၀ အသတ်ခံခဲ့ရပါတယ်။ နှစ်နိုင်ငံကြားအငြင်းပွားနေတဲ့ လာဒါ့ခ်ဒေသအတွင်းက ဂယ်ဝမ်တောင်ကြားမှာ ဒီအဖြစ်ဖြစ်ခဲ့တာပါ။
တရုတ်တို့က အိန္ဒိယစစ်သားတွေဟာ နယ်စပ်ကို နှစ်ကြိမ်ကျော်လာခဲ့တယ်၊ "တရုတ်တွေကို ရန်စတယ်၊ တိုက်ခိုက်တယ်" လို့ စွပ်စွဲပါတယ်။
သေနတ်နဲ့ ပစ်ခတ်တာမျိုးတွေ မရှိခဲ့ဘူးလို့ နှစ်ဖက်စလုံးက အခိုင်အမာပြောပါတယ်။ ရန်သတ် တိုက်ခိုက်ပွဲတွေက လက်ဗလာချည်းသက်သက်နဲ့ တိုက်ခိုက်တာလည်း ပါသလို၊ သံတုတ်တွေ၊ ကျောက်ခဲတွေနဲ့ ချကြတာလည်းပါတယ်လို့ အိန္ဒိယအရာရှိတွေက ဖြစ်ပျက်ပုံကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်ဘက်မှာလည်း အထိအခိုက်အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပါတယ်၊ ဒါပေမဲ့ တရားဝင်အတည်ပြုချက်မရသေးပါဘူး။
နောက်ပိုင်းမှာတော့ "တင်းမာနေတဲ့အခြေအနေကို လျော့ကျသွားအောင်ထိန်းဖို့" နှစ်နိုင်ငံက စစ်ရေးအရာရှိတွေတွေ့ဆုံခဲ့ကြတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။
ဘာလို့ သူတို့တိုက်ခိုက်ကြတာလဲ
မြင့်မားတဲ့တောင်တန်းဒေသမှာရှိပြီး လူသူနေထိုင်မှု မရှိသလောက်ဖြစ်တဲ့ အဲဒီဒေသကို ဒီ စစ်ရေး ဆူပါ ပါဝါနိုင်ငံ ကြီး နှစ်နိုင်ငံက သူပိုင် ငါပိုင် ငြင်းခုံနေကြတာ ဆယ်စုနှစ်များစွာရှိလာပါပြီ။
မိုင်ပေါင်း ၂၁၀၀ ရှည်တဲ့ နယ်စပ်တလျောက်မှာ နှစ်ဖက်တပ်တွေ ထိပ်တိုက်ဆိုင်နေကြတဲ့ စခန်းနေရာတွေ အများအပြားရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းက လာဒါ့ခ်ဒေသအတွင်း နှစ်နိုင်ငံကြား ခြားထားတဲ့ ထိန်းချုပ်နယ်ခြားစည်း (Line of Actual Control) တလျှောက်မှာ အိန္ဒိယက လမ်းသစ်တခုဖောက်လုပ်တဲ့ နောက်ပိုင်း အခုထိပ်တိုက်တွေ့တာ ဖြစ်လာတာပါ။
အိန္ဒိယတို့ အဲဒီလိုလုပ်တာက အဲဒီဒေသမှာ သူပိုင်တယ်လို့ သတ်မှတ်ထားတဲ့နယ်အတွင်း သူတို့တပ်တွေချထားသလို၊ အခြေခံအဆောက်အဦတွေ အရင်ကတည်းက အများအပြားတည်ဆောက်ထားတဲ့ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။
ဒါနဲ့ နှစ်ဖက်တပ်တွေဟာ ပိုနီးကပ်စွာနေရာချထားလာသလို၊ ရန်သတ်တိုက်ခိုက်ပွဲဖြစ်ဖို့ အန္တရာယ်တွေလည်း ပိုများလာခဲ့ပါတယ်။
ဒီအဖြစ်က ဘာလို့ အရေးကြီးတာလဲ
ဒီ ဧရိယာဟာ သေနင်္ဂဗျူဟာအရ၊ စီးပွားရေးအရ၊ စစ်ရေးအရ အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံလုံးက မြင်ထားပါတယ်။
တဖက်ကမှ အဖြေတစုံတရာမရှာဘူးဆိုရင် မတိုးသာမဆုတ်သာ ဆိုင်နေကြတဲ့ဒီအခြေအနေကနေ ဒေသတွင်းမှာ မတည်ငြိမ်တာတွေဖြစ်လာမယ့် ဆိုးကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။
အသက်တွေဆုံးတာတွေပါလာတော့ ပြိုင်ဆိုင်တာက ပိုပြင်းလာမှာပါ၊ အိန္ဒိယနဲ့ တရုတ်အကြား နယ်စပ်ထိပ်တိုက်တွေ့မှုတွေမှာ ၄၅ နှစ်အတွင်း ဒါပထမဆုံး လူသေဆုံးတာတွေဖြစ်လာတာလို့ မှတ်ယူနိုင်ပါတယ်။
၁၉၆၂ တုန်းကပဲ သူတို့ နှစ်ဖက် စစ်တခါဖြစ်ခဲ့ပါတယ်၊ အိန္ဒိယဘက်က အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
ဒီအဖြစ်က ဘယ်လို အန္တရာယ်မျိုးဖြစ်လာနိုင်လဲ
တင်းမာမှုတွေလျော့ကျအောင်လုပ်ကြတာ မအောင်မမြင်ဖြစ်လာရင်တော့ အန္တရာယ်က သိပ်ကိုများနိုင်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း အိန္ဒိယနဲ့တရုတ်က စစ်ဗိုလ်ချုပ်တွေ ဒီနယ်စပ်ရန်ပွဲအရေးကို ဖြေရှင်းဖို့ရည်ရွယ်ပြီး စကားပြောနေကြပါတယ်။
ဒါပေမဲ့ အရင်တုန်းကလည်း အဲဒီလို ပြန်ရင်ကြားစေ့ဖို့ ကြိုးစားချက်တွေက ဘယ်မှမရောက်ဘဲ ရပ်သွားခဲ့တာပါ။

ဗိုလ်ချုပ်တွေရဲ့ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ရင် ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံတွေလည်းဖြစ်၊ နျူကလီးယားလက်နက်တွေလည်း ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေလည်းဖြစ်တဲ့ စင်ပြိုင်နိုင်ငံကြီး နှစ်နိုင်ငံကြား တင်းမာတာတွေ ပိုတိုးလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
တနင်္လာနေ့က ရန်သတ်တိုက်ခိုက်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယ မြောက်ပိုင်းတိုင်းက တပ်မှူးဟောင်းတယောက်ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဒီအက်စ် ဟူဒါက "ဒီအဖြစ်အပျက်က သိပ်ကို၊ သိပ်ကို အရေးကြီးပါတယ်၊ ဆွေးနွေးပြောကြတာတွေ ဘာတွေဖြစ်လာခဲ့ပါစေ၊ ဒီအဖြစ်က အဲဒါတွေအားလုံးကို ဖျက်ဆီးလိုက်ပြီ" လို့ မှတ်ချက်ချပါတယ်။








