နိုင်ငံတကာက ပိတ်ဆို့နေချိန်မှာ အိန္ဒိယက ရုရှားဆီက ဘာ့ကြောင့် ရေနံတွေ ထပ်ဝယ်နေသလဲ

အမေရိကန်နဲ့ တရုတ်တို့ ပြီးရင် အိန္ဒိယနိုင်ငံဟာ ရေနံအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နဲ့ တရုတ်တို့ ပြီးရင် အိန္ဒိယနိုင်ငံဟာ ရေနံအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်

အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်တာခံနေရတဲ့ ရုရှားအစိုးရဟာ သူတို့ ရေနံဆက်လက်တင်ပို့ရောင်းချနိုင်ဖို့အတွက် ဈေးကွက်သစ်တွေ ရှာနေတာကို တွေ့ရပါတယ်။ဒီလို အခြေအနေကို အခွင့်ကောင်းယူပြီး ဈေးလျှော့ပေးထားတဲ့ ရုရှား ရေနံတွေကို ပိုမိုတိုးချဲ့ ဝယ်ယူနေတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။

အိန္ဒိယက အခုလို ရုရှားဆီက ရေနံတွေ သွင်းနေတဲ့ပုံစံက လက်ရှိ ရုရှားကို စီးပွားရေးပိတ်ဆို့ မှုတွေနဲ့ ငြိစွန်းမှုမရှိဘူးလို့ အမေရိကန်က ပြောဆိုထားပေမယ့် အခုလို လုပ်တာဟာ ရုရှားကို ထောက်ပံ့တာ ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

ရုရှားကို ထောက်ပံ့တယ်ဆိုတာဟာလည်း ရုရှားရဲ့ လက်ရှိ ယူကရိန်းကျူးကျော်စစ်ကို ထောက်ပံ့တာဖြစ်နေပြီး ဆိုးကျိုးရလဒ်ကြီးမားတာလည်း သိသာနေတယ်လို့ အမေရိကန်က ပြောဆိုထားပါတယ်။

အိန္ဒိယဟာ သူတို့အတွက် လိုအပ်တဲ့ ရေနံကို အဓိက အားဖြင့် အရှေ့အလယ်ပိုင်းဒေသက တင်သွင်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယဟာ သူတို့အတွက် လိုအပ်တဲ့ ရေနံကို အဓိက အားဖြင့် အရှေ့အလယ်ပိုင်းဒေသက တင်သွင်းနေ

ဘယ်နိုင်ငံတွေကနေ အိန္ဒိယက ရေနံဝယ်နေသလဲ

အမေရိကန်နဲ့ တရုတ်တို့ ပြီးရင် အိန္ဒိယနိုင်ငံဟာ ရေနံအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွင်း နှစ်စဉ်အသုံးပြုတဲ့ ရေနံစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီး ၈၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယဟာ ရုရှားဆီကနေ ရေနံစည်ပေါင်း ၁၂ သန်း ဝယ်ယူခဲ့တာကို တွေ့ရပြီး အဲဒီပမာဏကတော့ သူတို့တင်သွင်းနေတဲ့ ရေနံ စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။

အိန္ဒိယဟာ သူတို့အတွက် လိုအပ်တဲ့ ရေနံကို အဓိက အားဖြင့် အရှေ့အလယ်ပိုင်းဒေသက တင်သွင်းနေတာ ဖြစ်ပါတယ်။

အိန္ဒိယက အများဆုံး ရေနံ တင်သွင်းတဲ့ နိုင်ငံကတော့ အီရတ်နိုင်ငံဖြစ်ပြီး ၂၀၂၁ ဧပြီလ ကနေ ၂၀၂၂ ဇန်နဝါရီ အတွင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော် တန်ဖိုး ရှိတဲ့ ရေနံတွေ ဝယ်ယူခဲ့တယ်လို့ အိန္ဒိယ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယက ဒုတိယနဲ့ တတိယ အများဆုံး ရေနံတင်သွင်းနေတဲ့ နိုင်ငံတွေကလည်း အရှေ့အလယ်ပိုင်းကပဲ ဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများနိုင်ငံ ယူအေအီး တို့ ဖြစ်ပြီး အများဆုံးတင်သွင်းတဲ့ ၁၀ နိုင်ငံထဲမှာ ကူဝိတ်နဲ့ အိုမန်တို့လည်း ပါဝင်ပါတယ်။

အိန္ဒိယဟာ အမေရိကန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေဆီကလည်း သိသိသာသာ ရေနံအမြောက်အမြား တင်သွင်းခဲ့ပြီး ၂၀၂၁ ဧပြီလ ကနေ ၂၀၂၂ ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံ နီးပါးနဲ့ ၇ ဘီလီယံ နီးပါး အသီးသီး တန်ဖိုးရှိတဲ့ ရေနံတွေကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရုရှားကနေ အိန္ဒိယက လက်ရှိ ၂၀၂၂ ပထမ နှစ်လ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်း ရေနံ တင်သွင်းမှု လုံးဝမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ နဲ့ လက်ရှိ ဧပြီလ အတွက် ရုရှားရေနံ ဝယ်ယူဖို့ စာချုပ်ချုပ်တဲ့ ပမာဏက ရေနံစည် ၆ သန်းဖိုးလောက်အထိ ရှိနေပြီလို့ Kpler စားသုံးကုန် လေ့လာရေး အုပ်စုအဖွဲ့ ရဲ့ အစီအရင်ခံစာ အရ သိရပါတယ်။

အိန္ဒိယအစိုးရက သူတို့ ရုရှားကနေ ရေနံတွေ တိုးပြီး ဝယ်ယူဖြစ်ရင်တောင် သူတို့ နှစ်စဉ် ဝယ်ယူနေကျ ရေနံ တပုံးစာ ထဲက တကယ့်ကို တစက် လောက်ပဲ ပမာဏရှိမယ့် ရေနံ ဝယ်ယူတာမျိုးနဲ့သာ ကိုက်ညီမယ်လို့ ပြောကြားထားပါတယ်။

ရုရှားရဲ့ ယူရယ် ရေနံဈေး ကျသွားမှုက ဘယ်လို သက်ရောက်မှု ရှိနေသလဲ

ယူရယ် ရေနံ ဆိုတာကတော့ ရုရှားက တင်ပို့လေ့ရှိတဲ့ ရေနံစိမ်း အမျိုးအစားတခုဖြစ်ပြီး ရုရှားရဲ့ ယူရယ်နဲ့ ဘော်လဂါဒေသက ရေနံအလေးနဲ့ ဆိုက်ဘေးရီးယား အနောက်ပိုင်းဒေသကလာတဲ့ ရေနံ အပေါ့ ရောထားတဲ့ ရေနံစိမ်းကို ခေါ်တွင်တာ ဖြစ်ပါတယ်။

ရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ သူတို့ရဲ့ ယူရယ် ရေနံစိမ်း ဝယ်ယူမယ့်သူ နည်းသွားတာနဲ့ အတူ တန်ဖိုးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

Kpler က လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ မက်စမစ်ရဲ့ အဆိုအရ အိန္ဒိယက ဘယ်လောက်အထိ ရေနံတွေ ဈေးပေါပေါနဲ့ ပိုရသွားသလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့် ကမ္ဘာ့ရေနံ ယေဘုယျဈေးနှုန်း သတ်မှတ်ရာမှာ သုံးလေ့ရှိတဲ့ ရေနံပေါ့ ဘရန့် ရေနံစိမ်းဈေးနဲ့ ရုရှား ယူရယ် ရေနံစိမ်းဈေးတို့ရဲ့ ကွာဟချက်က ရေနံတစည်ကို အမေရိကန်ဒေါ်လာ ၃၀ လောက်အထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။

ယခင်က ဆိုရင်တော့ အဲဒီ ဘရန့် ရေနံနဲ့ ယူရယ် ရေနံ တို့ရဲ့ ဈေးနှုန်းက တတိမ်းမယိမ်းလောက်သာ ရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လမှာတော့ အဲဒီ ရေနံနှစ်မျိုး ဈေးနှုန်းကွာဟမှုက စံချိန်တင်တဲ့အထိ ဖြစ်သွားခဲ့ပြီး ဒီကာလမှာ တရုတ်နဲ့ အိန္ဒိယတို့က အတော်များများ ဈေးလျော့ပြီး ဝယ်ယူလိုက်ကြနိုင်တယ်လို့လည်း မက်စမစ်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း စစ်ပွဲ အပေါ် မော်စကိုရဲ့ တုံ့ပြန်မှု

ရုရှားကို စီးပွားရေးပိတ်ဆို့ မှုတွေအပေါ် ဘယ်လို ရိုက်ခတ်မှု ရှိနိုင်သလဲ

ရုရှားဘဏ်တွေကို စီးပွားရေးပိတ်ဆို့ မှုတွေ လုပ်နေတဲ့အတွက် ရေနံဈေးကျတယ်ဆိုပေမယ့် ဝယ်ယူဖို့ အခက်အခဲတွေလည်း ရှိနေရာမှာ လက်ရှိ အိန္ဒိယရဲ့ ရေနံစိမ်းသန့်စင်တဲ့ ကုမ္ပဏီတွေက ရုရှားဆီက ရေနံတွေ လျှော့ဈေးနဲ့ များများဝယ်ယူနိုင်ဖို့ အတွက် ငွေအရင်းအမြစ်အသစ်တွေကိုပါ အပူတပြင်းရှာဖွေနေကြပါတယ်။

အခုလို နှစ်ဖက် ငွေချေတဲ့ အခက်အခဲက အမှန်တကယ်မှာ ရုရှားဘက်ကလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဘလွန်းဘာ့ဂ်က ဘဏ္ဍာရေး အကြံပေးတွေရဲ့ သုံးသပ်ချက်အရ အိန္ဒိယကနေ ရုရှားကို ကုန်ပစ္စည်းတွေ တင်ပို့နေသူတွေ အနေနဲ့လည်း ရုရှားဆီက ပေးချေငွေ ရဖို့ စောင့်နေရပြီး စောင့်နေရတဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၅၀ဝ လောက်ရှိမယ်လို့ ဆိုပါတယ်။

အိန္ဒိယက အခုလို ရုရှားဘက်က ပေးချေငွေ ရဖို့အတွက် စဉ်းစားနေတဲ့ လမ်းကြောင်းတခုကတော့ ယူရို ဒါမှမဟုတ် အမေရိကန်ဒေါ်လာနဲ့ ရယူမယ့်အစား ရုရှားသုံး ရူဘယ်ငွေနဲ့ လက်ခံဖို့ ဖြစ်ပြီး ရုရှားဘက်ကလည်း အလားတူ သူတို့ဆီက ရေနံ ဝယ်ယူချင်တဲ့သူတွေကို သူတို့ ရူဘယ်ငွေနဲ့ပဲ ဝယ်ယူဖို့ သတ်မှတ်ချက် ထုတ်ထားပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း ရုရှား စစ်ပွဲနဲ့ စားနပ်ရိက္ခာ ရှားပါးမှု

အိန္ဒိယက ဘယ်အရင်းအမြစ်တွေကနေ ရေနံတွေ ထပ်ဝယ်နိုင်သေးလဲ

Refinitiv ဆိုတဲ့ သုတေသန အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး အမေရိကန်နိုင်ငံကနေလည်း ရေနံတွေ တိုးချဲ့ဝယ်ယူနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း သုတေသီတွေရဲ့ အဆိုအရ ဒီလို အခြေအနေက ရေရှည်မှာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ အမေရိကန်နိုင်ငံဟာ ရေနံအမြောက်အမြား ကိုယ်တိင် ထုတ်လုပ်နိုင်တဲ့ကြားက ပြည်ပက တင်သွင်းရတာလည်း ရှိတဲ့အတွက် ပြည်တွင်းထုတ် ရေနံကို ပြည်ပမရောင်းပဲ ပြည်တွင်းမှာပဲ ပြန်သုံးဖို့ စီစဉ်နေတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။

အိန္ဒိယဟာ အီရန်ဆီကလည်း ရေနံတွေ ပြန်လည် စတင်ဝယ်ယူနိုင်ခြေရှိပြီး ကုန်ပစ္စည်းနဲ့ ရေနံ လဲလှယ်တဲ့ ပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

အီရန်ဟာ အိန္ဒိယရဲ့ ဒုတိယအများဆုံး ရေနံတင်သွင်းတဲ့ နိုင်ငံဖြစ်ခဲ့ဖူးပြီး အီရန်နဲ့ နိုင်ငံတကာ နျူးကလီးယား သဘောတူညီချက် အဆင်မပြေမှုကြောင့် စီးပွားရေး ဒဏ်ခတ်မှုတွေ ရှိခဲ့ရာကနေ အီရန်က ရေနံမဝယ်ယူတော့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေ ဖြစ်လာဖို့အတွက်ကတော့ အိန္ဒိယနဲ့ အီရန် သဘောတူချက် ယူနိုင်ရုံနဲ့ မလုံလောက်သေးပဲ နိုင်ငံတကာနဲ့ အီရန်တို့ ဆွေးနွေးသဘောတူနိုင်မှု အပေါ်မှာလည်း မူတည်နေပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသာမက ဝန်ကြီးချုပ်ကပါ လာရောက်တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသာမက ဝန်ကြီးချုပ်ကပါ လာရောက်တွေ့ဆုံခဲ့

ရုရှားနဲ့ အိန္ဒိယ လတ်တလော ဆက်ဆံရေး အခြေအနေ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အိန္ဒိယကို ရောက်ရှိလာခဲ့ပြီး ယူကရိန်းအရေးမှာ တဖက်သတ် အမြင်နဲ့ မရှုမြင်တဲ့ အိန္ဒိယကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်လို့ ရှုတ်ချတဲ့ ကုလသမဂ္ဂ ထုတ်ပြန်ချက် မဲခွဲမှုမှာ အိန္ဒိယက မဲမပေးပဲ နေခဲ့တာ ဖြစ်ပါတယ်။

ရုရှားဆီက လက်နက်တွေကို အဓိက ဝယ်ယူနေတဲ့ တနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ အနောက်နိုင်ငံတွေက ရုရှားကို ဖိအားပေးဖို့ တိုက်တွန်းချက်တွေကိုလည်း လက်ခံ စဉ်းစားပေးနေရပြီး ယူကရိန်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ရုရှားကိုတော့ တိုက်ရိုက်မဝေဖန်ခဲ့့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ မှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ပြဿနာ ဖြစ်ပြီး လူသေဆုံးတဲ့အထိ ဖြစ်ထားတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ် လက်နက်ချင်း ယှဉ်နိုင်ဖို့ ရုရှားဆီက ဝယ်ယူနေတဲ့ လက်နက်တွေကို အားကိုးရတဲ့ အခြေအနေလည်း ရှိပါတယ်။

အိန္ဒိယရဲ့ ပြည်ပက လက်နက်ဝယ်ယူမှု ၇၀ ရာခိုင်နှုန်းကို ရုရှားဆီကနေ ဝယ်ယူနေတာလည်း ဖြစ်ပါတယ်။