အီရန်မှာ အယာတိုလာ ခါမေနီရဲ့သံမဏိအာဏာချုပ်ကိုင်မှု အဆုံးသတ်

၂၀၂၄ ဓာတ်ပုံမှာ မျက်မှန်တပ်တဲ့အနေအထားနဲ့မြင်တွေ့ရတဲ့ အရာတိုလာ အလီ ခါမေနီ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    • ရေးသားသူ, ဆမ် ဝုဒ်ဟောက်စ်
  • ဖတ်ရန်အချိန်: မိနစ် ၁၅

အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှု ပထမနေ့မှာပဲ အီရန်ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီ သေဆုံးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။

ဒီရာထူးကို အနှစ် ၃၀ နီးပါးယူထားခဲ့တဲ့ ခါမေနီဟာ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ရာထူးကို အရှည်ကြာဆုံးယူခဲ့သူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ သေဆုံးကြောင်းကို အီရန်နိုင်ငံပိုင် ရုပ်သံက နောက်ပိုင်းမှာ အတည်ပြုပါတယ်။

အီရန်မှာ ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးပြီးကတည်းက အထွတ်အထိပ်ခေါင်းဆောင်နေရာကို ယူခဲ့သူ ၂ ဦးပဲရှိခဲ့ပါတယ်။

နိုင်ငံထဲ အမြင့်ဆုံးအာဏာရှိတဲ့ရုံးကို ထိုင်ရသူဖြစ်ပြီး အထွတ်အထိပ် ဘာသာရေးခေါင်းဆောင်ဟာ နိုင်ငံ့ဦးသျှောင်ဖြစ်သလို အထူးတပ်လို့သိကြတဲ့ တော်လှန်ရေးအစောင့်တပ်အပါအဝင် လက်နက်ကိုင်တပ်တွေရဲ့ ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ပါတယ်။

နိုင်ငံ့ဖွဲ့စည်းပုံအရ အာဏာခွဲဝေမှုတွေကို အဆင့်ဆင့်ထားရှိထားတာကြောင့် ခါမေနီဟာ အာဏာရှင်တစ်ဦး မဟုတ်ပေမဲ့ ပြည်သူ့မူဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ နောက်ပြီး ပြည်သူ့ဝန်ထမ်း ရွေးချယ်တဲ့နေရာမှာ ဗီတိုအာဏာသုံးပြီး ပယ်ချခွင့်ကို ရရှိထားပါတယ်။

အီရန်က လူငယ်တွေဟာ ခါမေနီ တစ်ယောက် အာဏာမယူထားတဲ့ဘဝမျိုးကို တစ်ခါမှ မဖြတ်သန်းကြဖူးပါဘူး။

ခါမေနီရဲ့ လှုပ်ရှားမှု မှန်သမျှကို နိုင်ငံပိုင်ရုပ်သံဌာနက မပြတ်သတင်းဖော်ပြပါတယ်။ သူ့ပုံတွေကို အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဆိုင်းဘုတ်ကြီးကြီးတွေအဖြစ်မြင်နိုင်သလို ဆိုင်တိုင်းမှာလည်း သူ့ပုံကို တွေ့နိုင်ပါတယ်။

ပြည်ပကို ထွက်တဲ့အခါ လူလုံးထွက်ပြ ထင်ပေါ်တာက အီရန်သမ္မတ အဆက်ဆက်ပါ။ ဒါပေမဲ့ ပြည်တွင်းမှာ ကြိုးကိုင်နေသူက ခါမေနီဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီး သေဆုံးရတဲ့ ခါမေနီ ဖြစ်ရပ်ဟာ အီရန်နိုင်ငံထဲမှာအပြင် ဒေသတွင်းမှာပါ မရေရာမှု အနာဂတ်နိမိတ်တွေ ပြေးနေပါတယ်။

အယာတိုလာ အလီ ခါမေနီရဲ့ ပုံပူ ပန်းချီကားကို ကိုင်ပြီး ကင်မရာကို စိုက်ကြည့်နေတဲ့ အီရန် အမျိုးသမီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံ့အထွတ်အထိပ်ခေါင်းဆောင် နောက်တစ်ယောက်မရှိနိုင်ဘူးလို့ အီရန်နိုင်ငံသား အများစု မှတ်ယူကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အလီ ခါမေနီကို အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း မာရှ်ဟတ်မြို့မှာ ၁၉၃၉ ခုနှစ်မှာမွေးဖွားပါတယ်။

ဘာသာရေးမိသားစုကနေ မွေးဖွားလာတဲ့ ကလေး ၈ ဦးမှာ ခါမေနီက ဒုတိယမြောက် သားကြီး ဖြစ်ပါတယ်။ သူ့ ဖခင်က အီရန်မှာ အားကောင်းတဲ့ ရှီအာ အစ္စလာမ်ဘာသာမှာ အလယ်အလတ်တန်းအဆင့် ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။

ခါမေနီတစ်ယောက် သူ့ ငယ်ဘဝ ဖြတ်သန်းမှုကို ''ပေါင်မုန့်နဲ့ စပျစ်ခြောက်ပဲ''စားလေ့ရှိခဲ့တယ်လို့ဆိုပြီး ပြန်ပြန် ပုံဖော်ပြောလေ့ရှိပါတယ်။

သူ့ပညာရေးဟာလည်း ကိုရမ်ကျမ်းစာကိုလေ့လာမှုက စိုးမိုးပြီး အသက် ၁၁ နှစ်အရွယ်မှာတင် ဘာသာရေးဆရာလုပ်ဖို့ သူ အဆင့်မီပါပြီ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘာသာရေးခေါင်းဆောင် အများစုလိုပဲ သူ့ စွမ်းဆောင်မှုတွေဟာ လောကုတ္တရာထက် လောကီ နိုင်ငံရေးကိုပဲ ပိုအလေးသာတာကို တွေ့ရပါတယ်။

အာဝဇ္ဇန်းရွှင်ရွှင်ပြောတတ် ဆိုတတ်သူဖြစ်တာကြောင့် ခါမေနီဟာ နောက်ပိုင်းမှာ အစ္စလာမ္မစ်တော်လှန်ရေးနဲ့အတူ ဖြုတ်ချခံလိုက်ရတဲ့ အီရန်ရှား ဘုရင်စနစ်ကို ဝေဖန်သူဖြစ်လာပါတယ်။

သူဟာ မြေအောက်မှာ မထင်မရှားနေရတာ ဒါမှမဟုတ် ထောင်နှုတ်ခမ်း နင်းခဲ့ရတာတွေ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပါတယ်။ ရှားဘုရင်ရဲ့သက်တော်စောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးတာ ၆ ကြိမ်ခံရသလို နှိပ်စက်ခံရ၊ ပြည်ပထွက်ပြေးတိမ်းရှောင်ရတာတွေလည်း ရှိခဲ့ပါတယ်။

၁၉၇၉ အီရန်တော်လှန်ရေးအပြီး တီဟီရန်မြို့မှာ ဝတ်ပြုနေတဲ့ ခါမေနီ

ဓာတ်ပုံ ရင်းမြစ်, Gamma-Rapho via Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၇၉ အီရန်တော်လှန်ရေးအပြီး တီဟီရန်မြို့မှာ ဝတ်ပြုနေတဲ့ ခါမေနီ

အစ္စလာမ္မစ် တော်လှန်ရေးအပြီးမှာ သူ့ ခေါင်းဆောင် အယာတိုလာ ရုဟိုလာ ခိုမေနီဟာ သူ့ကို မြို့တော် တီဟီရန်မှာ သောကြာနေ့ ဝတ်ပြုခေါင်းဆောင်အဖြစ် ခန့်ပါတယ်။

အပတ်တိုင်းမှာ သူ့ရဲ့နိုင်ငံရေးဟောပြောချက်တွေကို နိုင်ငံတလွှားကို ထုတ်လွှင့်ပါတယ်။ ဒီဟောပြောချက်တွေကပဲ ခါမေနီကို နိုင်ငံ့ခေါင်းဆောင်သစ် ဖြစ်လာဖို့ တစ်စိတ်တစ်ဒေသ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

တော်လှန်ရေးအပြီး လပိုင်းတွေမှာ ခိုမေနီကို သစ္စာခံတဲ့ တက္ကသိုလ်ကျောင်းသား စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်သံရုံးထဲ ချင်းနင်းဝင်ရောက်ခဲ့ပါတယ်။ သံတမန်ဒါဇင်ချီနဲ့ သံရုံး ဝန်ထမ်းတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပါတယ်။

ခါမေနီအပါအဝင် အီရန်တော်လှန်ရေးခေါင်းဆောင်တွေဟာ အဲဒီကျောင်းသားတွေကို ထောက်ခံ ပါတယ်။ ဖြုတ်ချခံ ရှားဘုရင်ကို ခိုလှုံခွင့်ပေးတဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားတွေက အခုလို ပြုလုပ်ခဲ့တာပါ။

အဲဒီလို ဓားစာခံအဖြစ် ဖမ်းဆီးမှုဟာ ရက်ပေါင်း ၄၄၄ ရက်အထိ ကြာခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာလည်း သမ္မတ ကာတာ အစိုးရအဖွဲ့အတွက် ပျက်ရာပျက်ကြောင်းဖြစ်ခဲ့ပြီး အီရန်အတွက်ဆိုရင်လည်း တော်လှန်ရေးကို ပုံဖော်ဖို့ အနောက်ဆန့်ကျင်ရေးနဲ့ အမေရိကန်ဆန့်ကျင်ရေးလမ်းပေါ်ကို ရောက်စေခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့်ပဲ အီရန်အတွက် ဆယ်စုနှစ်ချီ နိုင်ငံတကာရဲ့ဖယ်ကျဉ်မှု အစပျိုး ဖြစ်စေခဲ့ပါတယ်။

အမေရိကန်သံရုံးကို ဝိုင်းခဲ့တဲ့ စစ်သွေးကြွ အီရန် ဖမ်းဆီးသူတွေက အမေရိကန်ဓားစာခံတွေကို ဝိုင်းထား

ဓာတ်ပုံ ရင်းမြစ်, Bettmann via Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်သံရုံးကို ဝိုင်းခဲ့တဲ့ စစ်သွေးကြွ အီရန် ဖမ်းဆီးသူတွေက အမေရိကန်ဓားစာခံတွေကို ဝိုင်းထား

အဲဒီအကျပ်အတည်း ဖြစ်ပြီး မကြာခင်မှာ ခါမေနီ တစ်ယောက် သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းမှုကနေ ကံသီလေး လွတ်ခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ ဆန့်ကျင်ရေးအုပ်စုတစ်စုက တိပ်ခွေအသံဖမ်းစက်ထဲမှာ ဗုံးထောင်ပါတယ်။ အဲဒီဗုံးဟာ ခါမေနီ ဟောပြောနေတုန်းမှာ ပေါက်ကွဲပါတယ်။

ခါမေနီတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ အဆုတ်ပြန်ကောင်းဖို့ လနဲ့ချီကြာခဲ့သလို ညာဘက်လက်ကိုလည်း ဘဝတစ်လျှောက် မသုံးနိုင်တော့ပါဘူး။

အဲဒီနှစ်နောင်းပိုင်းမှာတော့ အီရန်သမ္မတ မိုဟာမက် အလီ ရာဂျိုင် လုပ်ကြံခံရပါတယ်။ ဒါကြောင့်ပဲ ခါမေနီဟာ နိုင်ငံ့ဦးသျှောင်ရာထူးအတွက် ရွေးကောက်ပွဲကနေ အောင်နိုင်ဖို့ အဆင်သင့်စေခဲ့ပါတယ်။

တဖက်မှာလည်း ခိုမေနီက ရွေးကောက်ပွဲမှာ ဘယ်သူပြိုင်လို့ရ မရ ဆုံးဖြတ်နေသူဖြစ်ပြန်တော့ ရလဒ်ဟာ သံသယဖြစ်စရာမရှိခဲ့ပါဘူး။ မဲစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းနဲ့ ခါမေနီ မဲနိုင်ပါတယ်။

သူ့ရဲ့ သမ္မတကျမ်းကျိန်မိန့်ခွန်းဟာ သမ္မတလေသံဟန်ပါခဲ့ပါတယ်။ ''လစ်ဘရယ်ဝါဒနဲ့ အမေရိကန်သြဇာလွှမ်း လက်ဝဲယိမ်းတွေ၊ ဖောက်ပြန်ရေး'' ဆိုတဲ့စကားတွေကို သူ သုံးနှုန်းပြီး ရှုတ်ချ ခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုကနေ အသက်ဘေးလွတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Ayatollah Khamenei

ဓာတ်ပုံ ပုံစာ, ၁၉၈၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုကနေ အသက်ဘေးလွတ်ခဲ့

သမ္မတ ဖြစ်ချိန်မှာတော့ စစ်ပွဲကာလခေါင်းဆောင်ဖြစ်ဖို့ရာ အချိန်နဲ့လည်း ကိုက်နေပြန်ပါတယ်။

အဲဒီမတိုင်ခင် လပိုင်းတုန်းက အီရန်ဟာ အိမ်နီးချင်း အီရတ်ရဲ့ ကျူးကျော်မှုကို ခံထားရပါတယ်။ အီရတ်သမ္မတ ဆက်ဒမ် ဟူစိန်ဟာ ခိုမေနီရဲ့ အစ္စလာမ္မစ်တော်လှန်ရေး အားကောင်းပြီး ပြည်ပကို ပျံ့ကာ သူ့ အုပ်စိုးမှုကို ထိပါးမှာကို စိုးရိမ်ခဲ့ပါတယ်။

သွေးတွေမြေကျခဲ့တဲ့ သူအပြိုင် ကိုယ်အပြိုင်တိုက်ခဲ့တဲ့ ဒီစစ်ပွဲဟာ ၈ နှစ်ကြာခဲ့ပြီး နှစ်ဖက်စလုံးမှာလည်း လူ သိန်းနဲ့ချီ သေကြေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ခါမေနီဟာ ရှေ့တန်းမှာ လနဲ့ချီကြာအောင် နေခဲ့ပါတယ်။ အဲဒီအချိန် စစ်ပွဲမှာ သူသိခဲ့ ဆုံခဲ့တဲ့ စစ်သားတွေ၊ တပ်မှူးတွေဟာ တိုက်ပွဲထဲ သေဆုံးခဲ့ပါတယ်။

၁၉၈၀ အီရန် - အီရတ်စစ်ပွဲအတွင်းမှာ အဘာဒန်မြို့မှာ လက်နက်ကြီး ပစ်နေတဲ့ အဖြူအမည်းဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၀ မှာ အီရတ်စစ်သားတွေဟာ အီရန်ကို ကျူးကျော်ခဲ့

အီရန်နိုင်ငံနယ်စပ်က ကျေးရွာတွေကို အီရတ်စစ်တပ်က ဓာတုလက်နက်တွေ သုံးပြီး မြို့တော် တီဟီရန်အပါအဝင် ခပ်လှမ်းလှမ်းက မြို့ကြီးတွေကိုတော့ ဒုံးကျည်တွေနဲ့ ပစ်ပါတယ်။

အီရန်ဘက်ကလည်း ရှေ့တန်းမှာ အီရတ်ကို ထိုးဖောက်နိုင်အောင် စိတ်အားထက်သန်နေတဲ့ လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့ လူသူအင်အားကို သုံးပါတယ်။ တချို့ဆို အသက်တောင်မပြည့်သေးပါဘူး။ ဒီတော့ လူထိခိုက်သေဆုံးမှုကလည်း ကြီးမားပါတယ်။

ဒီစစ်ပွဲဟာ ဆက်ဒမ် ဟူစိန်ရဲ့ကျူးကျော်မှုကို ကျောထောက်နောက်ခံပြုတဲ့ အမေရိကန်နဲ့ အနောက်ကမ္ဘာအပေါ် ခါမေနီရဲ့ မယုံကြည်မှု ဒဏ်ရာ ပိုနက်ရှိုင်းစေပါတယ်။

၁၉၈၉ ခုနှစ်မှာတော့ အထွတ်အထိပ်ခေါင်းဆောင် ခိုမေနီ အသက် ၈၉ နှစ်မှာ သေဆုံးတဲ့အခါ ဘာသာရေးခေါင်းဆောင် ၉၀ နီးပါးနဲ့ဖွဲ့စည်းထားတဲ့ Assembly of Experts လို့ခေါ်တဲ့ အဖွဲ့က ခါမေနီကို ဆက်ခံဖို့ ရွေးချယ်ပါတယ်။

ဘာသာရေးနယ်ပယ်မှာ စံတင်လောက်တဲ့အောင်မြင်မှုကြီးကြီးမားမားမရှိသူလို့ အမြင်ခံရပေမဲ့ ခါမေနီတစ်ယောက် ရွေးချယ်ခံရပြီး အထွတ်အထိပ်ခေါင်းဆောင်ဖြစ်လာပါတယ်။

''ကျွန်ုပ်ဟာ မပြည့်စုံမှုတွေ၊ အမှားအယွင်းတွေ ရှိတဲ့ သာမန်ညောင်ည လူပုဂ္ဂိုလ်တစ်ယောက်ပါ'' လို့ သူက ဘာသာရေးခေါင်းဆောင်ရာထူးကို ယူတဲ့ပထမဆုံး မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

''ဒါပေမဲ့ တာဝန်ကို ကျွန်တော့် ပခုံးထက် တင်လိုက်ပြီဖြစ်လို့ ဒီတာဝန်ကြီးကို စွမ်းနိုင်သမျှ ထမ်းဖို့ ဘုရားသခင်ကို ယုံကြည်ချက်နဲ့အတူ ကြိုးပမ်းသွားပါမယ်''

၁၉၈၆ ခုနှစ်မှာ မိန့်ခွန်းပြောနေတဲ့ အယာတိုလာ ခိုမေနီ၊ လက်တစ်ဖက်ကို လက်သီးဆုပ်ပြီး အပေါ်ကို ဆန့်တန်းထား

ဓာတ်ပုံ ရင်းမြစ်, Hulton Archive via Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၉ ခုနှစ်မှာ အယာတိုလာ ခိုမေနီ ကွယ်လွန်တဲ့အခါ ခါမေနီဟာ အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်ဖြစ်လာပါတယ်

ဘာသာရေးအရ ဒိတ်ဒိတ်ကြဲဖြစ်မနေတာနဲ့ သူ့ရှေ့က ခေါင်းဆောင် ခိုမေနီရဲ့ လူကြိုက်များမှုတွေကြားမှာ အထွတ်အထိပ် ဘာသာရေးခေါင်းဆောင်သစ်ဟာ သူ့ရဲ့အာဏာပါဝါတည်ဆောက်မှုကို သတိကြီးကြီးလှမ်းပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်းမှာ ခါမေနီဟာ အီရန်ရဲ့အလွှာအသီးသီးမှာ သစ္စာတော်ခံ ကွန်ရက်တွေကို ဖော်ပါတယ်။ အဲဒီထဲမှာ လွှတ်တော်၊ တရားရေး၊ ရဲ၊ မီဒီယာနဲ့ ဘာသာရေးဆရာတွေဘက်လည်း ပါ၀င်ပါတယ်။

ဝါရှင်တန်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေး စွမ်းပကားမြှင့်တင်ရေးဆိုင်ရာ ကာနေဂီ အဖွဲ့က ဧည့်သုတေသီ ခါရမ် ဆတ်ဂျတ်ပူရ်ရဲ့အပြောအရဆိုရင် အထွတ်အထိပ်ဘာသာရေးခေါင်းဆောင်ရဲ့ ပါဝါဟာ ''သဘောထားတင်းမာသူ သာသာရေးဆရာတွေနဲ့ ခေတ်နဲ့အညီ တက်လာတဲ့ တော်လှန်ရေးအစောင့်တပ်တွေကြားမှာ စေးကပ်နေအောင် လုပ်ပြီး'' တည်ဆောက်ထားပါ။

ခါမေနီဟာ နိုင်ငံရေးဖိနှိပ်မှုတွေကို ထောက်ခံပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကို တရားလက်လွှတ်ဖမ်းဆီးတာတွေလုပ်ပြီး ပြည်တွင်း ပုဂ္ဂိုလ်ရေးတံဆိပ်ကို တည်ဆောက်ပါတယ်။

သူဟာ ပြည်ပကို သွားတာ တွေ့ရခဲ့ပါတယ်။ သူ့အချိန် အများစုကို တီဟီရန်မြို့လယ်က အိမ်ခြံဝင်းထဲမှာ ဇနီးသည်၊ ကလေး ၆ ယောက်၊ မြေးတွေနဲ့အတူ ကုန်ဆုံးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အယာတိုလာ ခါမေနီဟာ အာဏာအုတ်မြစ်တွယ်စေဖို့ ဘာသာရေးထက် အီရန်နဲ့ လုံခြုံရေးနဲ့ စစ်ရေးအဆင့်အပေါ်

ဓာတ်ပုံ ရင်းမြစ်, Hulton Archive via Getty Images

ဓာတ်ပုံ ပုံစာ, အယာတိုလာ ခါမေနီဟာ အာဏာအုတ်မြစ်တွယ်စေဖို့ ဘာသာရေးထက် အီရန်နဲ့ လုံခြုံရေးနဲ့ စစ်ရေးအဆင့်အပေါ်

ပြည်တွင်းမှာတော့ ဖိနှိပ်မှုတွေကို သူလုပ်ပါတယ်။

၁၉၉၉ ခုနှစ်မှာ ကျောင်းသားတွေ ဆန္ဒပြပွဲ ခဏပဲ ခံပြီး နှိမ်နင်းတာခံရပါတယ်။

အဲဒီနောက် ၁၀ နှစ်အကြာမှာ သမ္မတ ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် တော်လှန်ရေးတစ်ကြော့ပြန်ပေါ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ရိုက်နှက်တာတွေနဲ့ အဆုံးသတ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ လောင်စာဆီစျေးတက်လို့ လူတွေ လမ်းပေါ် တက်ပါတယ်။ ခါမေနီဟာ တရားမဝင် လူစုလူဝေးတာတွေနဲ့ ချီတက်တာတွေ မလုပ်နိုင်အောင် အင်တာနက်ကို ရက်ပေါင်းများစွာ ပိတ်ခဲ့ပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းအဖွဲ့(Amnesty International) အဖွဲ့ရဲ့ ပြောစကားအရဆိုရင် ရဲတပ်ဖွဲ့ဟာ စက်သေနတ်တွေနဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရှေ့က ခေါင်းဆောင်ဟောင်း ကန့်သတ်ခဲ့တဲ့ အမျိုးသမီးတွေ ပညာသင်ခွင့် အဟန့်အတားကိုတော့ ခါမေနီ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသား အမျိုးသမီး တန်းတူညီမျှမှု အခွင့်အရေးကိုတော့ ခါမေနီက ယုံကြည်သူ မဟုတ်ပါဘူး။

ခေါင်းဆောင်ခြုံပဝါ မလွှမ်းဖို့ ဆန့်ကျင်ရေး လှုပ်ရှားတဲ့အမျိုးသမီးတွေ ဖမ်းဆီးခံရ၊ နှိပ်စက်ခံရပြီး တိုက်ပိတ်ခံရပါတယ်။ အဲဒီလှုပ်ရှားမှုကို ထောက်ခံတဲ့သူတွေလည်း ပစ်မှတ်ထားခံရပါတယ်။ လူ့အခွင့်အရေး ရှေ့နေတစ်ယောက်ဆိုရင် ထောင်ဒဏ် ၃၈ နှစ်၊ ကြိမ်ဒဏ် ၁၄၈ ချက် ရိုက်နှက် ချမှတ်ခံရတယ်။

၂၀၂၂ ခုနှစ်မှာတော့ ခေါင်းဆောင်ခြုံပုဝါကို သင့်တင့်အောင် မခြုံဘူးလို့ စွပ်စွဲခံရမှုနဲ့ အသက် ၂၂ နှစ်အရွယ် မာရှာ အမီနီ တစ်ယောက် ရဲ ထိန်းသိမ်းခံရပြီး သေဆုံးခဲ့အပြီးမှာ အစ္စလာမ္မစ်တော်လှန်ရေးအတွက်အကြီးမားဆုံး စိမ်ခေါ်မှုတွေထဲက တစ်ခုကို ကြုံခဲ့ရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မာရှာ အမီနီသေဆုံးမှုကို ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၅၅၀ သေဆုံးပြီး နောက်ထပ် ၂ သောင်းကျော် ထိန်းသိမ်းခံရတယ်လို့ ပြောပါတယ်။

၂၀၂၄ ဓာတ်ပုံထဲ မြင်ရတဲ့ အယာတိုလာ ခါမေနီ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဓာတ်ပုံထဲ မြင်ရတဲ့ အယာတိုလာ ခါမေနီ

ပြည်ပမှာတော့ ခါမေနီဟာ ဖယ်ကျဉ်ခံနိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေတာလို့ အမြင်ခံရပါတယ်။ အမေရိကန်မှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုဖြစ်အပြီး သမ္မတ ဂျော့ ဒဗလူဘုရှ်ဟာ အီရန်ကို အီရတ်နဲ့ မြောက်ကိုရီးယားတို့နဲ့အတူ တွဲပြီး ''မိစ္ဆာဝန်ရိုးတန်း'' ဆိုတဲ့အထဲကို ထည့်ခဲ့ပါတယ်။

အီရန်ဟာ လက်ဘနွန်က ရှီအာ လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာကို အစ္စရေးနဲ့ဖြစ်တဲ့ပဋိပက္ခမှာ ခါမေနီ ကိုယ်စား တိုက်ပေးတဲ့အဖွဲ့သဖွယ် အသုံးချပါတယ်။

သူ့ ဟိတ်လုံးဟန်လုံးဖြစ်တဲ့ ''အမေရိကန် သေကြရမယ်''လို့ဆိုပြီး လူထုကို ပြောပေမဲ့ သူ့ နိုင်ငံခြားရေးမူဝါဒကိုတော့ အမေရိကန်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိပ်တိုက်မတွေ့တာမျိုးဖြစ်အောင် ပညာသားပါပါသုံးပါတယ်။

အဲဒီထဲ အကြီးမားဆုံး ပွတ်တိုက်မှုကို ပြပါဆိုရင်တော့ နျူကလီးယား လက်နက်တွေအရေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်တုန်းက ခါမေနီဟာ ဒီလက်နက်တွေဟာ အစ္စလာမ့်နည်းဟန်မကျသလို ဒီလက်နက်တွေ စမ်းသပ်တာကိုလည်း တားမြစ်မိန့်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ခါမေနီ လက်ထပ်မှာ အီရန်ဟာ နျူကလီးယားလက်နက်ပိုင်အောင် တိတ်တိတ်လေး ကြိုးပမ်းနေတယ်လို့ အစ္စရေးနဲ့ အနောက်ကမ္ဘာတို့ ယူဆပါတယ်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တစ်ချိန်တုန်းက ကမ္ဘာ့ထိပ်တန်းရေနံ တင်ပို့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တဲ့ အီရန်ဟာ ဆင်းရဲချွတ်ခြုံကျသွားပါတယ်။ အလုပ်လက်မဲ့နှုန်းမြင့်လာတာနဲ့အတူ နိုင်ငံထဲ မကျေနပ်မှုတွေလည်း ပျံ့နှံ့လာပါတယ်။

ခါမေနီဟာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို မဆန့်ကျင်ခဲ့ပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ချခံရမှု အပြန်အလှန်အနေနဲ့ အီရန်ရဲ့နျူကလီးယားလုပ်ငန်းဆောင်တာတွေ ကန့်သတ်ခံရတဲ့သဘောတူညီချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ဒါကို ဆက်လက် ကိုင်ဆွဲထားမလားဆိုတာကို သံသယရှိကြောင်း သဘောထားကို သူပြခဲ့ပါတယ်။

၂၀၂၆ ခုနှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေတဲ့ အီရန်အုပ်စိုးသူကို ထောက်ခံကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေတဲ့ အီရန်အုပ်စိုးသူကို ထောက်ခံကြသူတွေ

၂၀၁၈ ခုနှစ်မှာတော့ ထရမ့်ဟာ ဒီနျူကလီးယားသဘောတူညီချက်ကို ပယ်ဖျက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်ချကာ အစားထိုးသဘောတူညီချက်တစ်ခုရဖို့ ညှိနှိုင်းပါတယ်။

အဲဒီနောက် ၂ နှစ်အကြာမှာ သမ္မတ ထရမ့်ဟာ ခါမေနီနဲ့ နီးစပ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်က ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမန်နီကို လုပ်ကြံဖို့ အမိန့်ပေးပါတယ်။ လက်တုံ့ပြန်မယ်လို့ ခါမေနီက ကြွေးကြော်ပြီး တရုတ်၊ ရုရှားတို့နဲ့ ပိုနီးကပ်ဖို့ လုပ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လမှာတော့ အစ္စရေးတပ်ဖွဲ့တွေက အီရန်ရဲ့နျူကလီးယားအစီအစဉ်၊ ပဲ့ထိန်းဒုံးကျည်စနစ်နဲ့ ထိပ်တန်း စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ပါတယ်။ အီရန်ဘက်ကလည်း အစ္စရေးမြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ပြန်ပစ်ပါတယ်။

အဲဒီထဲ အမေရိကန် ပါဝင်လာခဲ့ပြီး အီရန်ရဲ့နျူကလီးယားအဆောက်အအုံ ပင်မ ၃ ခုကို လေကြောင်းကနေ ဗုံးကြဲပါတယ်။ ခါမေနီဘက်ကလည်း လက်နက်ချမှာမဟုတ်ဘူးလို့ ကြွေးကြော်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်းများစွာအတွင်း သူ အားနည်းကြောင်းကို ပေါ် လွင်စေခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီမှာတော့ ခါမေနီဦးဆောင်တဲ့ အီရန်အုပ်စိုးသူတွေဟာ နိုင်ငံ့စီးပွားရေးအခြေအနေကို ဆန္ဒပြမှုလှိုင်း ရိုက်ခတ်ခံရပါတယ်။ ရက်ရက်စက်စက်နှိမ်နင်းပြီး တုံ့ပြန်ခဲ့တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အပြောအရဆိုရင် ဆန္ဒပြသူ အနည်းဆုံး ၆,၄၈၈ ဦးသေဆုံးပြီး နောက်ထပ် လူပေါင်း ၅၃,၀၀၀ ထိန်းသိမ်းခံရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းသီတင်းပတ်တွေမှာ ထရမ့်က အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့စစ်ရေးဖြန့်ကြက်မှုကို တိုးလုပ်ပြီး အီရန်ကိုလည်း နျူကလီးယားအစီအစဉ်အတွက် အပေးအယူ အသစ်လုပ်ပြီး နျူကလီးယားရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ ခြိမ်းခြောက်ပြောပါတယ်။

ဒါပေမဲ့ ခါမေနီဟာ ယူရေနီယံသန့်စင်မှုလုပ်တာတွေကို စွန့်မသွားပါဘူး။

''ဒီတစ်ခေါက် စစ်ဖြစ်ရင်တော့ ဒေသတွင်းစစ်ဖြစ်မယ်ဆိုတာကို အမေရိကန်တွေဘက်က သိထားရမယ်'' လို့ သူက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကုန်ပိုင်းမှာ သတိပေးပါတယ်။

ခါမေနီဟာ အီရန်မှာ အာဏာအလွှာအသီးသီးအတွက် ချုပ်ကိုင်မှု မြဲမြဲထားရှိသူဖြစ်ပါတယ်။

တစ်ခါတလေမှာ သေးသေးမွှားမွှားကိစ္စရပ်တွေအပေါ် ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ရှေးရိုးစွဲတွေကြား ဆူညံငြင်းခုန်တဲ့အခါ သူ့ကိုယ်သူ နိုင်ငံရေးရင့်သန်သူအဖြစ် အပေါ်စီးကနေ မြင်တတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ ဆူညံရုံလောက်အထိပဲ ခါမေနီ ခွင့်ပြုပါတယ်။ အဲဒီထက်ပိုလာတာမျိုးကို သူ အရောက်မခံပါဘူး။

အီရန်မှာ လူတွေရဲ့ဘဝတွေဟာ သူ ချမှတ်ထားခဲ့တဲ့ဥပဒေတွေအောက်မှာ ဝပ်နေရပါတယ်။ သူ့နေရာဘယ်သူဆက်ဆံမလဲဆိုတာ အတပ်ပြောနိုင်သူ ခပ်ရှားရှားပါ။ ဒါကြောင့်လည်း ဘယ်လိုအပြောင်းအလဲတွေလာမလဲဆိုတာ မသိနိုင်ကြသေးပါဘူး။