အီရန်ရဲ့ မြေအောက် နျူကလီးယား ဘန်ကာကို ဖောက်နိုင်တဲ့ အမေရိကန်လက်နက်

A demonstration test launch of the B-2 Spirit, known as the stealth bomber, dropping a Massive Ordnance Penetrator (MOP) bomb

ဓာတ်ပုံ ရင်းမြစ်, US Air Force

ဓာတ်ပုံ ပုံစာ, ဖောက်ထွင်း အားပြင်းတဲ့ GBU-57A/B ဗုံး (မော့) ကို သယ်နိုင် ပစ်နိုင်တဲ့ လေယာဥ် US B-2 Spirit - ဘီတူး စပိရစ်

လူးဝစ်စ် ဘာရုချို

ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်

မြေအောက်မှာဆောက်လုပ်ထားတဲ့ အီရန် နျူကလီးယာစိမံကိန်းနေရာတွေကို ပစ်ခတ်နိုင်တဲ့ လက်နက်တွေထဲ အခုအချိန်ထိ အသုံးမပြုသေးတဲ့ လက်နက် တမျိုးရှိနေပါတယ်။

ဒါက အစ္စရေးမှာလည်း မရှိသေးပါဘူး။ ဒီလက်နက်က နျူကလီးယားလက်နက်မဟုတ်တဲ့ လက်နက်တွေထဲမှာ "ဘန်ကာ ဖောက်ခွဲရေး" နဲ့ ပတ်သက်လို့ အကြီးဆုံးဗုံးဖြစ်ပြီး အမေရိကန်ဆီမှာပဲ ရှိပါတယ်။

ဒီလက်နက်ကို ဂျီဘီယူ - ၅၇ အေ/ဘီ (GBU-57A/B) ဘန်ကာဖောက် ဖျက်အားပြင်း လက်နက် - မော့ (Massive Ordnance Penetrator - MOP) လို့ ခေါ်ပါတယ်။

ရည်မှန်းချက် အတိအကျ ထိမှန်အောင် လမ်းညွှန်ထိန်းကျောင်းနိုင်ပြီး အလေးချိန် ပေါင် ၃၀,၀၀၀ (ကီလိုဂရမ် ၁၃,၆၀၀) ရှိတဲ့ ဗုံးဟာ တောင်ကုန်း တလုံးရဲ့ အတွင်းမှာ ဆောက်ထားတဲ့ အီရန်တို့ရဲ့ နျူကလီးယား လောင်စာ သန့်စင်ရုံ ဖော်ဒို စီမံကိန်းနေရာ (Fordo complex) ကို တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိနိုင်ပါတယ်။

အခုပြောနေတဲ့ မော့ (MOP) လက်နက်ကို အခုထိ အမေရိကန်က အစ္စရေးကို မပေးသေးပါဘူး။

ဒီလက်နက်က ဘယ်လိုလဲ၊ စိန်ခေါ်ချက်တွေကကော ဘာတွေရှိလဲ။ သုံးနိုင်ခြေရှိလား။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် အစိုးရရဲ့ အဆိုအရ GBU-57A/B (မော့) ဗုံးဟာ "မြေအောက် အနက်မှာ ဆောက်ထားတဲ့ အရာတွေဖြစ်စေ၊ အလွန်ခိုင်မာတဲ့ ဘန်ကာတွေ၊ တူးမြောင်းတွေ ဖြစ်စေ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း" ရှိတယ်လို့ သိရပါတယ်။

ဒီဗုံးက အရှည် ၆ မီတာရှိပြီး မြေအောက်အနက် အထူ ပေ ၂၀၀ (၆၁ မီတာ) ကို ထိုးဖောက်သွားနိုင်ကာ အဲဒီနောက်မှ ဖောက်ခွဲ တိုက်ခိုက်နိုင်ပါတယ်။ အဲဒီနောက် ဗုံးတွေကို ဆက်တိုက်ချနိုင်သလို အဲဒီလို ချလိုက်ခြင်းအားဖြင့် ဗုံးတွေဆက်တိုက် ပေါက်ကွဲကာ မြေအောက်နက်နက်ထိ ရောက်သွားနိုင်ပါတယ်။

တိုက်ပွဲတွေမှာ တခါမှ မသုံးရသေးတဲ့ ဒီ မော့ လက်နက်ကို ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး နယူးမက္ကဆီကို ပြည်နယ်အတွင်းက အမေရိကန် စစ်လက်နက်စမ်းသပ်ရေး ဧရိယာ တခုဖြစ်တဲ့ သဲဖြူ မစ်ဇိုင်း စမ်းသပ်ကွင်း (White Sands Missile Range) မှာ စမ်းသပ်ခဲ့ပါတယ်။

"ဗုံးအားလုံးရဲ့ မိခင်" လို့ တင်စားခေါ်ဝေါ်ကြပြီး ပေါင် ၂၁,၆၀၀ အလေးချိန်ရှိတဲ့ Massive Ordnance Air Blast (MOAB) ဗုံးထက် ဒီဗုံးက ဖျက်ဆီးအား ပြင်းထန်ပါတယ်၊ MOAB ဗုံးကိုတော့ ၂၀၁၇ က အာဖဂန်နစ္စတန် တိုက်ပွဲတွေ အတွင်းမှာ အသုံးပြုဖူးပါတယ်။

"အမေရိကန် လေတပ်က MOAB ဗုံးလောက် ကြီးပြီး ပိုပြင်းတဲ့ ဗုံးမျိုးရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အထဲက ယမ်းတွေနဲ့ လိုက်ဖက်အောင် အခွံ သတ္တုက သိပ်ကိုမာကျောဖို့ လိုပါတယ်။

အဲဒီတော့ GBU-57A/B မော့ ဖြစ်လာတာပါ" လို့ ယူကေနိုင်ငံ ဘရက်ဖို့ဒ် တက္ကသိုလ်က ငြိမ်းချမ်းရေး ဘာသာရပ် စစ်လက်နက်ရေးရာ ဂုဏ်ထူးဆောင်ပါမောက္ခ ပေါလ် ရော်ဂျာက ပြောပါတယ်။

မော့ ကို သယ်နိုင်တဲ့ လေယာဥ်က ရေဒါဖမ်းမမိအောင်ပျံနိုင်တဲ့ ဗုံးကြဲလေယာဥ်လို့လည်း အသိများကြတဲ့ US B-2 Spirit လေယာဥ်ပါ။ ဒီလေယာဥ်ကို ဘီ တူး (B-2) လေယာဥ်လို့လည်း ခေါ်ကြပြီး ကမ္ဘာမှာ အဆင့်မြင့် လေယာဥ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတခုဖြစ်တဲ့ နေ့ာသရော့ ဂရမ်မန်း (Northrop Grumman) က ထုတ်လုပ်ပါတယ်။

ထုတ်လုပ်တဲ့ ကုမ္ပဏီဘက်က အဆိုအရ ဘီတူး လေယာဥ်ဟာ ဗုံး အလေးချိန် ပေါင် ၄၀,၀၀၀ ကို သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် လေတပ်ကတာ့ ဘီတူး ဟာ ဘန်ကာ ဖျက် GBU-57A/B ဗုံး ၂ လုံး - ဆိုလိုတာက ဗုံးအလေးချိန် ပေါင် ၆၀,၀၀၀ ကို သယ်နိုင်ကြောင်း အောင်အောင်မြင်မြင် စမ်းသပ်ထားပြီးပြီလို့ ပြောပါတယ်။

အဝေးပျံသန်းနိုင်တဲ့ ဘီတူး လေယာဥ်ဟာ မိုင် ၇,၀၀၀ (ကီလိုမီတာ ၁၁,၀၀၀) ကို လောင်စာဆီ ထပ်ဖြည့်စရာ မလိုဘဲ ပျံသန်းနိုင်ကာ၊ ပျံသန်းစဥ် လောင်စာဆီ ထပ်ဖြည့်ပေးရင် မိုင်ပေါင်း ၁၁,၅၀၀ (ကီလိုမီတာ ၁၈,၅၀၀) အထိ ပျံသန်းနိုင်တဲ့အတွက် ကမ္ဘာမှာရှိတဲ့ နေရာတိုင်း နီးပါးလောက်ထိကို နာရီပိုင်းအတွင်း ပျံသန်းနိုင်တယ်လို့ နေ့ာသရော့ ဂရမ်မန်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခေတ်မီလေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ရှိတဲ့ အီရန်လို ရန်သူမျိုးကို မော့သုံးပြီး တိုက်ခိုက်မယ် ဆိုရင် ဘီတူးလေယာဥ်နဲ့ တွဲပြီး တခြားလေယာဥ်တွေပါ ပါဝင်ဖို့ လိုနိုင်တယ်လို့ ပါမောက္ခ ရော်ဂျာက ပြောပါတယ်။

ဥပမာအားဖြင့် အက်ဖ် - ၂၂ (F-22) လို ရေဒါရှောင်နိုင်တဲ့ လေယာဥ်တွေကို ပူးတွဲသုံးပြီး ရန်သူရဲ့ ကာကွယ်ရေးကို နှိပ်ကွပ်မယ်၊ နောက် ဒရုန်းနဲ့ အပျက်အဆီးတွေကို ထောက်လှမ်းကြည့်မယ်၊ အဲဒီနောက်မှ ဘယ်လို တိုက်ခိုက်မှုမျိုး ထပ်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်မယ် စသဖြင့် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။

အမေရိကန်ဆီမှာ မော့ ဗုံးက အကန့်အသတ်နဲ့ပဲ ရှိတာလို့ သူက ခန့်မှန်းပါတယ်။

"သူတို့ဆီမှာ အသင့်တိုက်ပွဲဝင်နိုင်အောင် ရှိနိုင်တဲ့ မော့ ဗုံးက ၁၀ လုံးလောက်၊ အလွန်ဆုံး အလုံး ၂၀ လောက်ပဲ ရှိမှာပါ" လို့ သူက ပြောပါတယ်။

US military personnel managing a Massive Ordnance Penetrator (MOP) bomb positioned atop a truck

ဓာတ်ပုံ ရင်းမြစ်, Whiteman Air Force Base

ဓာတ်ပုံ ပုံစာ, မော့ ဗုံးက မြေအောက်အနက် ပေ ၂၀၀ အထိ ထိုးဝင်ကာ ဖောက်ခွဲပစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သတ်မှတ်ထားကြ

အီရန်ကို တိုက်ခိုက်ဖို့ မော့ဗုံးကို သုံးနိုင်လား

ဖော်ဒိုက အီရန်မှာ နာတန်ဇ် ပြီးရင် ဒုတိယ နျူကလီးယားစက်ရုံစီမံကိန်းပါ။

တီဟီရန်မြို့ အနောက်တောင်ဘက် မိုင် ၆၀ လောက်မှာ ရှိတဲ့ ကွမ် (Qom) မြို့နားက တောင်ကုန်း တလုံးရဲ့ အတွင်းပိုင်းမှာ ဒီစီမံကိန်းကို တည်ဆောက်ထားတာပါ။ ၂၀၀၆ လောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၉ လောက်ကတည်းက စတင်လည်ပတ်ခဲ့သလို အဲဒီနှစ်မှာပဲ အီရန်အစိုးရက ဒီစီမံကိန်းနေရာရှိနေပြီလို့ ကြေညာခဲ့ပါတယ်။

မြေသားနဲ့ ကျောက်တုံးကျောက်သား အထူ ပေ ၂၆၀ (မီတာ ၈၀) အောက်မှာ ဒီစက်ရုံကို တည်ဆောက်ထားတာဖြစ်ပြီး အီရန်နဲ့ ရုရှားနိုင်ငံထုတ် လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ အကာ အကွယ်ပေးထားပါတယ်။

၂၀၂၃ မတ်လမှာ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (International Atomic Energy Agency - IAEA) က အဲဒီ စက်ရုံနေရာကနေ ၈၃.၇% အထိ သန့်စင်ပြီးသား ယူရေနီယံကို ဆန်းစစ် တွေ့ရှိထားပါတယ်၊ ဒီလောက် သန့်စင်မှုရှိတဲ့ ယူရေနီယံဟာ နျူကလီးယားလက်နက် ထုတ်နိုင်စွမ်း နီးပါးအဆင့်ထိ ရှိလာနေပါပြီ။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အီရန်ကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သူ့အဆို အရ "အစ္စရေးရဲ့ တည်ရှိမှုကို အကြီးအမား ခြိမ်းခြောက်နေတဲ့" အီရန်ရဲ့ မစ်ဇိုင်းနဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်ဆီးပစ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဖော်ဒိုကို တိုက်ခိုက်ဖို့က ဒီရည်မှန်းချက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

"ဒီစစ်ဆင်ရေးကြီး တခုလုံးက ဖော်ဒိုကို ဖျက်သိမ်းပစ်မှ ပြီးပြည့်စုံမှာပါ" လို့ အမေရိကန်နိုင်ငံ ဆိုင်ရာ အစ္စရေး သံအမတ် ယက်ချီရယ် လိတ်တာက ဖောက်စ် သတင်းဌာနကို ဇွန်လ ၁၃ ရက်နေ့က ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးဆီမှာ မော့ လက်နက်မရှိသလို၊ အမေရိကန်ကလည်း သူကိုယ်တိုင် ဝင်မပတ်သက်ဘဲ ဒီလက်နက်ကို သုံးခွင့်မပေးပါဘူးလို့ ပါမောက္ခ ရော်ဂျာက ပြောပါတယ်။

"အစ္စရေးကို ဒီလက်နက်ကိုပေးသုံးပြီး တိုက်ခိုက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အစ္စရေးမှာလည်း ဒီလောက် ဖောက်ထွင်းအားကောင်းတဲ့ လက်နက်မျိုး မရှိပါဘူး။"

အမေရိကန်က ဒီလက်နက်ကို သုံးမယ်ဆိုတာကလည်း ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်မှာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။

"ထရမ့်က အစ္စရေးကို အစွမ်းကုန် ကူညီပါမယ်ဆိုတော့မှ ဖြစ်လာနိုင်မယ့် ကိစ္စပါ" လို့ ပါမောက္ခ ရော်ဂျာက ဆိုပါတယ်။

ကနေဒါမှာ ဂျီ ဆဲဗင်း အစည်းအဝေးကျင်းပစဥ်တုန်းက ဝါရှင်တန်က ဒီအရေးမှာ စစ်ရေးနဲ့ ပါဝင်ပတ်သက်မှာလား ဆိုတဲ့ အမေးကို မစ္စတာ ထရမ့်က "ကျွန်တော် ဒီအကြောင်းကို မပြောချင်ပါဘူး" လို့ ဖြေခဲ့ပါတယ်။

မကြာသေးခင်က အေဘီစီရဲ့ မေးမြန်းခန်းမှာ ဖော်ဒိုကို တိုက်ခိုက်ရင် အမေရိကန်က ပါဝင်မှာလားလို့ သံအမတ် လိတ်တာကို မေးခဲ့ကြပါသေးတယ်။ မစ္စတာ လိတ်တာက အစ္စရေးဟာ အမေရိကန်ကို ကာကွယ်ရေးအတွက်ပဲ အကူအညီတောင်းတာလို့ ဖြေခဲ့ပါတယ်။

"ကျွန်တော်တို့မှာ တခြား လုပ်နိုင်စရာနည်းတွေ ရှိပါတယ်။ ဒီနည်းတွေက ဖော်ဒိုကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်" လို့သူက ဖြေပါတယ်။

"မိုးပေါ်ပျံတက်ပြီး ဗုံးကြဲမှ မဟုတ်ပါဘူး၊ တခြားနည်းတွေ ရှိပါတယ်။"

အီရန်က သူတို့ နျူကလီးယား အစီအစဥ်ဟာ လက်နက်အတွက်မဟုတ် ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ အမြဲပြောခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လုပ်ခဲ့တဲ့ IAEA အုပ်ချုပ်ရေးမှူး ၃၅ ယောက် အစည်းအဝေးကနေ အီရန်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ လိုက်နာရမှာတွေကို ချိုးဖောက်နေတယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အီရန် အစ္စရေး ပဋိပက္ခ အမေရိကန် ဝင်တိုက်ခိုက်နိုင်လား
US President Donald Trump attends a meeting with G7 leaders at the G7 Leaders' Summit on June 16, 2025, in Kananaskis, Alberta. Dressed in a navy suit, red tie, and a US pin, he sits at the table with his hands crossed

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝါရှင်တန်က ဒီအရေးမှာ စစ်ရေးနဲ့ ပါဝင်ပတ်သက်မှာလား ဆိုတဲ့ အမေးကို မစ္စတာ ထရမ့်က "ကျွန်တော် ဒီအကြောင်းကို မပြောချင်ပါဘူး" လို့ ဖြေခဲ့

တကယ့်အပြောင်းအလဲကို ဆောင်ကျဉ်းနိုင်လား

အီရန် နျူကလီးယားဆိုင်ရာ နေရာတွေကို အစ္စရေးက မကြာသေးခင်က တိုက်ခိုက်ခဲ့ပေမဲ့လည်း ပါမောက္ခ ရော်ဂျာက "မြေအောက်အနက်မှာ တွင်းတူးပြီး မြှုပ်ထားတဲ့ အီရန် နျူကလီးယားအဆောက်အအုံတွေကို အစ္စရေးက အောင်မြင်အောင် ဖျက်ဆီးနိုင်ဖို့က" သိပ် မဖြစ်နိုင်တဲ့ အကြောင်း ပြောပါတယ်။

"မော့လို ဟာနဲ့ မှ ရနိုင်မှာဖြစ်ပြီး အဲဒါကို သူတို့ဘာသာ သူတို့ ဆောင်ရွက်လို့ မရပါဘူး။"

အမေရိကန်အခြေစိုက် လက်နက်ထိန်းချုပ်ရေး အဖွဲ့က နျူကလီးယားလက်နက် မပြန့်ပွားရေး ဒါရိုက်တာ ကယ်ဆီ ဒက်ဗန်ပေါ့က "ဖော်ဒို ဆက်ပြီး လည်ပတ်နိုင်သရွေ့ အီရန်က နျူကလီးယား မပြန့်ပွားရေးကို အန္တရာယ်ပေးနေဦးမှာပါ၊ အဲဒီနေရာမှာ လက်နက်ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ယူရေနီယံ သန့်စင်တာကိုလုပ်ပြီး သန့်စင်ပြီး အဲဒီ ယူရေနီယံတွေကို ထုတ်ဖော် မကြေညာထားတဲ့ နေရာတခုဆီကို လွှဲပေးလိုက်မှာပါ။"

ဒါပေမဲ့ အီရန်တို့ရဲ့ နျူကလီးယားနေရာတွေက မြေပြင်ကနေ ဘယ်လောက်နက်ရှိုင်းတဲ့နေရာမှာ ရှိတယ်ဆိုတာ အတိအကျ သိထားတာ မဟုတ်တော့ မော့ကို သုံးပြီ ဆိုရင်တောင် အောင်မြင်မှုရဖို့က ကျိန်းသေ မဟုတ်ပါဘူးလို့ ပါမောက္ခ ရော်ဂျာက ပြောပါတယ်။

"အီရန်ရဲ့ နျူကလီးယားနေရာတွေကို ဖျက်ဆီးနိုင်ဖို့က လက်ရှိကာလမှာ တခြားလက်နက်တွေထက်စာရင် ဒီလက်နက်က ဖျက်နိုင်စွမ်းအားအရ အကောင်းဆုံးပါ၊ ဒါပေမဲ့ ဒီလက်နက်နဲ့ ရမရ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။"