အီရန်က ဟော်မုစ် ရေလက်ကြားကို ပိတ်လိုက်ရင် ဘာတွေ ဖြစ်လာနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Stocktrek / Getty Images
- ရေးသားသူ, ဘီဘီစီ ပါရှားဘာသာ ဌာန နဲ့ ဘီဘီစီ သတင်းခန်း သတင်းထောက်များ
အစ္စရေးနဲ့ အီရန်ကြား မစ်ဇိုင်းတွေ အပြန်အလှန်ပစ်နေကြတဲ့နောက် ကမ္ဘာ့ ရေနံ ကုန်သွယ်ရေးလမ်းကြောင်းမှာ ချုပ်ကိုင်ခံရမယ့် အန္တရာယ် အများဆုံးရှိရာ နေရာ - ဟော်မုစ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ပစ်နိုင်လား ဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုတွေ ထွက်ပေါ် လာပါတယ်။
ကမ္ဘာ့ရေနံစိမ်းအားလုံးရဲ့ ၅ ပုံ ၁ ပုံက အဲဒီရေလက်ကြားကနေ ဖြတ်သန်းသွားနေတာဖြစ်ပြီး ဒီရေလက်ကြားက အကျဥ်းဆုံးနေရာမှာဆိုရင် ၄၀ ကီလိုမီတာသာ ကျယ်တာပါ။
အီရန် ရေတပ် ဗိုလ်ချုပ်ကြီးရဲ့ အဆိုအရ အီရန်ဟာ ဒီရေလက်ကြားကို ပိတ်ပစ်ဖို့ စဥ်းစားနိုင်တယ်လို့ သိရပါတယ်။
ဗြိတိန်ရဲ့ ထောက်လှမ်းရေး အေဂျင်စီ အမ်အိုင် ၆ (MI6) ရဲ့ အကြီးအကဲဟောင်း ဆာ အဲလက်စ် ရမ်းဂါးက သူတွက်ဆထားတဲ့ အဆိုးဆုံး ဖြစ်နိုင်ခြေတွေထဲမှာ ဒီရေလက်ကြားကို ပိတ်ပစ်လိုက်တာ ပါဝင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
"ဒီရေလက်ကြားကို ပိတ်လိုက်ရင် ရေနံစျေးတွေကို သက်ရောက်မှု ရှိသွားပြီး စီးပွားရေးပိုင်းမှာ အလွန်ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင် ရနိုင်တယ်။"

ဓာတ်ပုံ ရင်းမြစ်, Atta Kenare / Getty Images
ဟော်မုစ်ရေလက်ကြားကနေ ဖြတ်သွားရတဲ့ ရေနံက ဘယ်လောက် ရှိလဲ
အမေရိကန် စွမ်းအင် သတင်းအချက်အလက်ဌာန (US Energy Information Administration -EIA) က ဟော်မုစ် ရေလက်ကြားမှာ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း တနေ့ကို ရေနံစိမ်း စည်ပေါင်း သန်း ၂၀ လောက် ဖြတ်သန်းသွားတယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနှုန်းဟာ တနှစ်ကို ဒီရေကြောင်းလမ်းက ပို့တဲ့ ရေနံတန်ဖိုး ဒေါ်လာ ၆၀၀ ဘီလျံ နီးပါးနဲ့ ညီမျှပါတယ်။
ဒီရေလက်ကြားပိတ်ဆို့ခံရပြီဆိုရင် ကမ္ဘာ့ရေနံကုန်သွယ်မှု လမ်းကြောင်းကို ထိခိုက်မှာဖြစ်ပြီး ကုန်စျေးနှုန်းတွေ တက်လာတော့မှာပါ။
ဒါပေမဲ့ ဒါထက်ပိုတဲ့ ဆိုးကျိုးဆက်က အစ္စရေး - အီရန် ပဋိပက္ခ အရှိန်မြင့်လာမှာလို့ သုံးသပ်သူတွေက သတိပေးပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေက ရေနံတင်သွင်းမှုကို မှီခိုနေရတဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေကို ဒီပဋိပက္ခထဲ ဆွဲသွင်းတာမျိုး ဖြစ်လာနိုင်လို့ပါ။
ဟော်မုစ် ရေလက်ကြားက ဘယ်လောက် ကျဉ်းလဲ

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟော်မုစ် ရေလက်ကြားက အီရန်နဲ့ အိုမန်ကြားမှာ ရှိပါတယ်။ ရေလက်ကြား ဝင်လမ်း ထွက်လမ်း အကျယ်တွေက ၅၀ ကီလိုမီတာ လောက်ကျယ်ပြီး ရေလက်ကြားရဲ့ အကျဉ်းဆုံးအပိုင်းမှာ ဆိုရင် ၄၀ ကီလိုမီတာလောက်သာ ရှိပါတယ်။
ဒါပေမဲ့ ရေလက်ကြားရဲ့ အလယ် ရေကြောင်းက သင်္ဘောကြီးတွေ သွားနိုင်တဲ့အထိ နက်ပါတယ်။
ရေကြောင်းလမ်းညွှန် အခြေပြဇယားထဲမှာ စိတ်ချရတဲ့ အဝင်လမ်းကြောင်း၊ အထွက်လမ်းကြောင်းတွေကို ပြထားပြီး အဲဒီ ၂ ခုကြားမှာ ကြားခံဇုန် တခုရှိပါတယ်၊ ဒါတွေက အထူးသဖြင့် ကြီးမားတဲ့ ရေနံတင် သင်္ဘောကြီးတွေအတွက် လမ်းညွှန်ထားတာဖြစ်ပါတယ်။ ဒီရေလက်ကြားမှာ သင်္ဘောကြီးတွေ သွားနိုင်တဲ့ ရေကြောင်းလမ်းက ၁၀ ကီလိုမီတာလောက်သာ ကျယ်ဝန်းတာပါ။
ရေနံတင်သင်္ဘောကြီးတွေဟာ ပါရှားပင်လယ်ကွေ့ ကို ဖြတ်သွားရင် အီရန်နဲ့ အာရပ်နိုင်ငံတွေကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ တွမ့် ကျွန်းစုတွေအနားက ဖြတ်သွားရတယ်။
စစ်ရေးဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စဉ်းစားကြရင် ကုန်သွယ် ရေလမ်းကြောင်းကို ဖြတ်တောက် နှောင့်ယှက်မယ့်နည်းကို သုံးဖို့များပါလိမ့်မယ်။ ၁၉၈၀ ကနေ ၁၉၈၈ အထိ ဖြစ်ခဲ့တဲ့ အီရန် - အီရတ် စစ်ပွဲမှာလည်း ဒါမျိုးဖြစ်ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Gallo Images via Getty Images
ကာကွယ်ရေး မူဝါဒ တခုလား
အီရန်တို့အဖို့ ဟော်မုစ်ရေလက်ကြားကို ပိတ်ဆို့တာက နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတာမျိုးလို "ဟန့်တားနိုင်တဲ့ စွမ်းအား" ကို ရရှိထားတာလို့ သုံးသပ်သူတွေက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်ရဲ့ နျူကလီးယားအစီအစဥ်ကို စစ်ရေးအရ အသုံးချတဲ့အဆင့်အထိ မရောက်အောင် ကာလရှည်ကြာ ဆန့်ကျင်နေသလို အီရန်အနေနဲ့ သူ့ရဲ့ ပထဝီရေးရာ ဗျူဟာမြောက်နေရာကို အသုံးချပြီး ကမ္ဘာ့ရေနံ ထောက်ပို့မှုအပေါ် ချုပ်ကိုင်လိုက်မှာမျိုးကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပါဝါကြီးတဲ့ နိုင်ငံတွေက ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။
အီရန်ဟာ ရေလက်ကြားကို ယာယီပိတ်လိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ကြိမ်ဖန်များစွာ ခန့်မှန်း ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အီရန်တို့ အဲဒီလို လုပ်လာမယ်ဆိုရင် အမေရိကန်နဲ့ သူ့မဟာမိတ်တွေက စစ်ရေးနည်းလမ်းသုံးပြီး ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်သွားအောင် ခပ်မြန်မြန် ပြန်လုပ်လိမ့်မယ်လို့ အများက ယုံကြည်နေကြပါတယ်။
ဟော်မုစ် ရေလက်ကြားကို အီရန်က ပိတ်နိုင်ခြေ ဘယ်လောက် ရှိလဲ

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
အမေရိကန် အောက်လွှတ်တော် သုတေသနဌာနက အီရန်ဟာ တဖြည်းဖြည်းချင်းလုပ်တဲ့ နည်းနာကို အသုံးပြုနိုင်ကြောင်း ၂၀၁၂ က ထုတ်တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာရေးပါတယ်။ အဲဒီ အဆင့်တွေကတော့ -
- ဟော်မုစ်ရေလက်ကြားကို ရေကြောင်းသွားလာခွင့်အတွက် ပိတ်လိုက်ပြီလို့ ကြေညာတာပါ၊ ဒါပေမဲ့ အဲဒီအဆင့်မှာ တကယ်လို့ သူတို့ ပိတ်ထားတာကို ချိုးဖောက်တယ်ဆိုရင် ဘာလုပ်မယ်ဆိုတာမျိုး တိတိပပ ပြောထားတာမျိုး မထည့်သွင်းသေးပါဘူး။
- ဖြတ်သွားတဲ့ သင်္ဘောကို စစ်ဆေးမယ်၊ သိမ်းဆည်းမယ်လို့ ကြေညာတာ။
- သင်္ဘောတွေကို သတိပေး ပစ်ခတ်မှု လုပ်တာ။
- တချို့သင်္ဘောတွေကို စစ်အင်အားသုံးပြီး ပစ်မှတ်ထားတိုက်ခိုက်တာ။
- အဲဒီရေလက်ကြားနဲ့ ပါရှား ပင်လယ်ကွေ့မှာ ရေမြှုပ်ဗုံးတွေ ထောင်တာ။
- ရေငုပ်သင်္ဘောတွေ၊ မစ်ဇိုင်းတွေကို အသုံးပြုပြီး ကုန်သွယ် သင်္ဘောတွေ စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အီရန် - အီရတ် စစ်ပွဲကာလအတွင်း ရေနံတင် သင်္ဘောတွေကို တိုက်ခိုက်ဖို့ အီရန်က ဆစ်ခ်ဝမ်း (Silkworm) ဒုံးကျည်တွေ နေရာချထားခဲ့သလို ပင်လယ်ကွေ့ရေပြင်ထဲမှာ ရေမြှုပ်ဗုံးတွေ ချထားခဲ့ပါတယ်။
ရေမြှုပ်မိုင်း တလုံးက အမေရိကန်ရဲ့ USS Samuel B Roberts စစ်သင်္ဘောကို ထိခိုက်ခဲ့ပြီးတဲ့နောက် အမေရိကန်က အီရန်ကို စစ်ရေးနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဟော်မုစ်ရေလက်ကြားကို အဲဒီတုန်းက အီရန်တို့ အကုန်အပြည့်အဝ မပိတ်ဆို့နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပင်လယ်ရေကြောင်းသွားလာတဲ့ သင်္ဘောတွေ အာမခံကြေး သိသိသာသာ မြင့်တက်သွားတာ၊ ပင်လယ်ကွေ့ ထွက်ပေါက်မှာ ကုန်သွယ် သင်္ဘောတွေ ကျပ်ညပ်နေလို့ ခရီးထောက်ပြီး ကုန်ကျစားရိတ် ထောင်တက်သွားတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Norbert Schiller via Getty Images
အီရန်ရဲ့ စစ်ရေး စွမ်းဆောင်နိုင်ရည်
အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် အကြီးအကဲ ဗိုလ်မှူးချုပ် ဟူစိန် ဆယ်လာမီ တယောက် အဲဒီလို တိုက်ခိုက် သတ်ဖြတ် မခံရခင် ၂ ရက် အလိုမှာ ဟော်မုစ်ရေလက်ကြားမှာ တပ်စွဲထားတဲ့ ရေတပ်ဖွဲ့ဆီကို လာခဲ့ပါသေးတယ်။
ပါရှား ပင်လယ်ကွေ့နဲ့ ပတ်ပတ်လည် ဧရိယာတွေဟာ အီရန်နိုင်ငံအတွအတွက် အရေးအပါဆုံး ကာကွယ်ရေး ဇုန်တွေဖြစ်ကြောင်း သူပြောခဲ့ပါတယ်။
အထူးသဖြင့် ၃ မိနစ်အတွင်း ၁၀ ကီလိုမီတာ သွားနိုင်ပြီး မစ်ဇိုင်း တပ်ဆင်ထားတဲ့ အမြန် မော်တော်ရေယာဥ်တွေကို သူက အလေးထား ထောက်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
ဗိုလ်မှူးချုပ် ဆယ်လာမီက ဒီ မစ်ဇိုင်းတပ် အမြန်မော်တော် စက်လှေတွေဟာ တိုက်သင်္ဘောတွေကို အလျင်အမြန်တိုက်ခိုက်နိုင်တဲ့အတွက် ခုခံကာကွယ်တဲ့ စစ်ဆင်ရေးမှာ နေရာချရမယ်လို့ ဆိုခဲ့ပါတယ်။ ရေမြှုပ်မိုင်းတွေကလည်း "ရေတပ် စစ်ပွဲမှာ အဆုံးအဖြတ်အကျဆုံး လက်နက်တွေထဲက တခု" လို့ လည်း သူက ပြောခဲ့ပါတယ်။
ရေတပ် ဒရုန်းတွေကလည်း "ကွာဝေးတဲ့ နေရာတွေကို တိုက်ခိုက်နိုင်သလို၊ စစ်ဆင်ရေး အမျိုးအစား အလိုက် စွမ်းဆောင်ရည်ကို ချဲ့ထွင်သွားနိုင်တယ်" လို့ ဆယ်လာမီက ပြောပါတယ်။
သုံးသပ်သူတွေက ဘာတွေ မှန်းဆ နေကြလဲ
အီရန်အနေနဲ့ တလ တလ ဒီရေလက်ကြားက ဖြတ်သန်းနေတဲ့ သင်္ဘောပေါင်း ၃,၀၀၀ လောက်ကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် အဓိက နည်းလမ်းတခုကတော့ အမြန် စက်ရေယာဥ်တွေနဲ့ ရေငုပ်သင်္ဘောတွေကို သုံးပြီး ရေမြှုပ်မိုင်းတွေ ချတဲ့ နည်းပါပဲလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
အီရန်ရဲ့ ပုံမှန်ရေတပ်နဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ရဲ့ ရေတပ်တို့က နိုင်ငံခြား စစ်သင်္ဘောတွေနဲ့ ကုန်သွယ် သင်္ဘောတွေကို တိုက်ခိုက်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ သူတို့ရဲ့ စစ်သင်္ဘောကြီးတွေကိုတော့ အစ္စရေးနဲ့ အမေရိကန်စစ်တပ်က လွယ်လွယ်ကူကူနဲ့ လေကြောင်းကနေ တိုက်ခိုက်နိုင်မှာပါ။
အီရန်ရဲ့ အမြန်မော်တော် ရေယာဥ်တွေက သင်္ဘောတွေဖျက်နိုင်တဲ့ မစ်ဇိုင်းတွေ တပ်ဆင်နိုင်သလို အီရန်မှာ သင်္ဘောတွေသာ မက၊ ရေအောက် နိမ့်နိမ့်မှာ သွားတဲ့ ဆီမီး ရေငုပ်သင်္ဘောတွေ၊ ရေအောက်ကနေ သွားတဲ့ ရေငုပ်သင်္ဘောတွေလည်း ရှိပါတယ်။
ဂြိုဟ်တုက ပုံတွေကို အသုံးပြုပြီး ကုန်သွယ်ရေကြောင်း စောင့်ကြည့်တဲ့ ဝက်ဆိုက်တွေအရ အီရန်တောင်ပိုင်းက ရေပိုင်နက်စည်း အနားမှာ အီရန် စစ်သင်္ဘောတွေ လှုပ်ရှားသွားလာနေကြောင်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟော်မုစ်ရေလက်ကြားကို ပိတ်လိုက်ရင် ဘယ်နိုင်ငံတွေက ထိခိုက်အခံရဆုံး ဖြစ်မလဲ
အချက်အလက်တွေကို စိစစ်သုံးသပ်တဲ့ Vortexa ကုမ္ပဏီက သုတေသနအရ ဒေသတွင်းနိုင်ငံတွေထဲ ဆော်ဒီ အာရေးဗျနိုင်ငံက ဟော်မုစ် ရေလက်ကြားကနေ ရေနံစိမ်း တင်ပို့မှု အများဆုံးဖြစ်ပြီး တနေ့ကို ရေနံစိမ်းစည် ၆ သန်း လောက် တင်ပို့ပါတယ်။
ဒီလမ်းကြောင်းကနေ ရေနံတင်ပို့မှု အများဆုံး နိုင်ငံတွေထဲ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကလည်း ပါဝင်ပါတယ်။
၂၀၂၂ အတွင်း အာရှနိုင်ငံတွေအတွက် တင်သွင်းသယ်သယ်ယူတဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့အရည် ၈၂% က ဒီရေလက်ကြားကို ဖြတ်သွားတာလို့ EIA က ခန့်မှန်းပါတယ်။
အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို အစ္စရေးက မစ်ဇိုင်းတွေနဲ့ မတိုက်ခိုက်ခင် ၃ ရက် အလို ၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မှာ အီရန် အစိုးရ သတင်းဌာန IRNA က တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို ပြောတဲ့ သူ့နိုင်ငံရဲ့ ရေနံ တင်သွင်းမှု ၆၀% က ဟော်မုစ်ရေလက်ကြားကို ဖြတ်လာတာလို့ ဆိုတဲ့ စကားကို ကိုးကားပြီး ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်ဟာ ဒီရေလက်ကြားကို ဖြတ်ပြီး တနေ့ကို ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့အရည် စည်ပေါင်း ၇၀၀,၀၀၀ တင်သွင်းကာ ဒီပမာဏက သူတို့ရဲ့ ရေနံ တင်သွင်းမှုအားလုံးရဲ့ ၁၁% ရှိသသလို သူတို့ နိုင်ငံ ဓာတ်ဆီ သုံးစွဲမှု ပမာဏရဲ့ ၃% ရှိပါတယ်။
ဒီရေလက်ကြားကို သုံးပြီး ဥရောပ တခုလုံးက ရေနံတင်သွင်းမှုက တနေ့ကို စည်ပေါင်း ၁ သန်း လောက်ရှိပါတယ်။
ဒီအချက်အလက်တွေအရ ဟော်မုစ် ပိတ်သွားရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတို့ထက်စာရင် အာရပ်နဲ့ အာရှနိုင်ငံတွေက ပိုပြီး ထိခိုက်ပါလိမ့်မယ်။ အမေရိကန်နဲ့ ဥရောပတို့က အခု ပဋိပက္ခမှာ နိုင်ငံရေးအရ အစ္စရေးနဲ့ မဟာမိတ်ပါ။
အာရှနိုင်ငံ အများအပြားကလည်း အီရန်နဲ့ ကောင်းမွန်တဲ့၊ တချို့ဆိုရင် နီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားကြတာပါ။
တရုတ် လွှမ်းမိုးမှု

ဓာတ်ပုံ ရင်းမြစ်, CFOTO / Future Publishing via Getty Images
ဟော်မုစ် ရေလက်ကြားကို ဖြတ်ပြီးလာတဲ့ ရေနံကို အသုံးစွဲဆုံး နိုင်ငံတွေထဲ တရုတ်က တနိုင်ငံပါ။ အမေရိကန် ဆန်ရှင်နဲ့ မိနေတဲ့ အီရန်ဟာ တရုတ်ကို ရေနံရောင်းရာမှာ စျေးကွက်ပေါက်စျေးထက် လျှော့ရောင်းပေးပြီး အီရန်ရဲ့ ရေနံ အတော်များများကို တရုတ်က ဝယ်နေတာပါ၊ ဒီနည်းနဲ့ အီရန်လည်း အတော် သက်သာရာ ရပါတယ်။
အီရန် ရေနံရဲ့ အဓိက ဖောက်သည်တယောက်ဖြစ်နေတဲ့ ဘေဂျင်းဟာ ရေနံစျေးတက်လာမှာမျိုး၊ ကုန်သွယ်ရေလမ်းကြောင်း ပိတ်ဆို့သွားမှာမျိုးကို လိုချင်မှာ မဟုတ်ပါဘူး။ ဒီ ရေနံ စင်္ကြန်လမ်းကြောင်း ပိတ်သွားမှာကို ကာကွယ်ဖို့အတွက် တရုတ်ဟာ သံတမန်ရေးကို အပြည့်အဝ အသုံးပြုမှာပါ။
စွမ်းအင် အတိုင်ပင်ခံ အဖွဲ့ ဖြစ်တဲ့ Outlook Advisors က အန်နက်စ် အယ်ဂျာဟီက ဟော်မုစ် ရေလက်ကြားကို ပိတ်လိုက်ရင် အီရန်ရဲ့ ရန်သူတွေထက် အီရန်ရဲ့ မဟာမိတ်တွေကို ပိုပြီး အထိနာစေလိမ့်မယ်လို့ CNBC သတင်းဌာနကို ပြောပါတယ်။
"(အီရန်တို့) သူတို့က သူတို့ အရင်ထိခိုက်မှာကို မလိုချင်ကြပါဘူး။"

ဓာတ်ပုံ ရင်းမြစ်, Chip Hires via Getty Images
ပိတ်ထားရင် တခြားလမ်းကြောင်း ရှိမလား
ဟော်မုစ်ရေလက်ကြားကို ပိတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက နှစ်နဲ့ချီပြီး အမြဲရှိနေတာကြောင့် ပင်လယ်ကွေ့က ရေနံတင်ပို့တဲ့ နိုင်ငံတွေဟာ တခြား အစားထိုး လမ်းကြောင်းတခုကို ရှာဖွေထားပါတယ်။
EIA ရဲ့ အစီရင်ခံစာတခုအရ ဆော်ဒီအာရေဗျနိုင်ငံဟာ ကီလိုမီတာ ၁,၂၀၀ ရှည်လျားပြီး တနေ့ကို ရေနံစိမ်းစည်ပေါင်း ၅ သန်း ပို့ဆောင်နိုင်မယ့် အရှေ့ - အနောက် ရေနံပိုက်လိုင်းကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။
၂၀၁၉ မှာလည်း ဆော်ဒီက သဘာဝဓာတ်ငွေ့သယ်ယူတဲ့ ပိုက်လိုင်းတခုကို ရေနံစိမ်းပို့တဲ့ ပိုက်လိုင်းအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။
ယူအေအီးနိုင်ငံဟာ သူ့ရဲ့ကုန်းတွင်း ရေနံမြေတွေကနေ အိုမန် ပင်လယ်ကွေ့က ဖူဂျေရာ ဆိပ်ကမ်းကို ရောက်အောင် ပိုက်လိုင်းနဲ့ ဆက်ထားပြီး တနေ့ကို ရေနံစိမ်းစည် ၁.၅ သန်း ပို့နိုင်ပါတယ်။
၂၀၂၁ ဇူလိုင်လမှာ အီရန်က ဂိုရာ - ဂျက်စ် ပိုက်လိုင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ရေနံစိမ်းကို အိုမန် ပင်လယ်ကွေ့ကို ပို့ဖို့ ရည်ရွယ်ပါတယ်။ ဒီပိုက်လိုင်းက တနေ့ကို ရေနံစည် ၃၅၀,၀၀၀ သယ်ပို့နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အီရန်က ဒီပိုက်လိုင်းက စမသုံးသေးပါဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။
ဟော်မုစ် ရေလက်ကြား လမ်းကြောင်း အစားထိုးတဲ့နည်းလမ်းတွေကနေ စုစုပေါင်း ရေနံ စည်ပေါင်း ၃.၅ သန်း သယ်ယူနိုင်မယ်လို့ EIA က ခန့်မှန်းထားပြီး ဒီပမာဏဟာ ရေလက်ကြားကနေ ဖြတ်သယ်နေတဲ့ ရေနံ ပမာဏစုစုပေါင်းရဲ့ ၁၅% နီးပါးခန့် ရှိပါတယ်။














