အီရန်နျူအခြေခံအဆောက်အဦတွေကို အစ္စရေးတိုက်၊ အီရန်ကလည်း အစ္စရေးကို ဒရုန်းတွေနဲ့ ပြန်တိုက်

အဟီရန်က ရေနံသိုလှောင်ရုံ ဇွန်လ ၁၅ ရက်မနက်အစောပိုင်းမှာ မီးလောင်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တဟီရန်က ရေနံသိုလှောင်ရုံ ဇွန်လ ၁၅ ရက်မနက်အစောပိုင်းမှာ မီးလောင်နေတဲ့ မြင်ကွင်း

အီရန်နဲ့ အစ္စရေးကြား တင်းမာမှု နောက်ဆုံးအခြေအနေအရဆိုရင် အီရန်ရော အစ္စရေးပါ ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်တာတွေ ဖြစ်ထားပါတယ်။

အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ ရေနံဆိုင်ရာအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တယ်လို့ပြောသလို အီရန်ကလည်း ‌ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ အစ္စရေးကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်ထားပါတယ်။

အစ္စရေး ကာကွယ်ရေးတပ် (IDF) ကတော့ အီရန်နိုင်ငံ၊ တဟီရန်မြို့က အီရန်ကာကွယ်ရေးဝန်ကြီးဌာနအပြင် နျူကလီးယားအခြေခံ အဆောက်အဦတွေနဲ့ဆက်နွှယ်တဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဒေသစံတော်ချိန် ဇွန်လ ၁၅ ရက် မနက်မှာ လေကြောင်းတိုက်ခိုက်ထားတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အီရန်ကလည်း အစ္စရေးကို ဒရုန်းတွေသုံးတဲ့ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ထပ်လုပ်ထားတယ်လို့ နိုင်ငံပိုင် ရုပ်သံကနေ ကြေညာပါတယ်။ အစ္စရေးနိုင်ငံအလယ်ပိုင်းမှာလည်း ကြီးမားတဲ့ပေါက်ကွဲသံကြီးတွေကြားနေရပါတယ်။

အီရန်ရေနံဝန်ကြီးဌာနကတော့ တဟီရန်မြို့က ရှာရန်ရေနံသိုလှောင်ရုံနဲ့ လောင်စာကန်တို့ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ပစ်မှတ်ဖြစ်ခဲ့ပြီး အခုတော့ အခြေအနေကို ထိန်းနိုင်ပြီလို့ ဆိုပါတယ်။

ဘီဘီစီက အတည်ပြုထားနိုင်တဲ့ ရုပ်သံတစ်ခုမှာဆိုရင်လည်း အီရန်ကနေ ဒုံးကျည်တွေ အတွဲလိုက်ပစ်ခတ်မှု ထွက်ပေါ် လာပြီးတဲ့နောက် အစ္စရေးက ဟိုင်ဖာ ရေနံသန့်စင်စက်ရုံအနီးမှာ မီးလောင်နေတာကို ပြသနေပါတယ်။

အဲဒီမတိုင်ခင် အစောပိုင်းတုန်းကတော့ အီရန် နိုင်ငံပိုင် ရုပ်သံက ဟိုင်ဖာနဲ့ တဲလ်အဗီမြို့တွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည် ၁၀၀ ကျော် ပစ်လွှတ်ခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။

အစ္စရေးအရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ ဂါလီလီ အနောက်ပိုင်းမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီး တစ်ဦးအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် တိုက်ခိုက်မှုတွေ တိုးလုပ်မယ် -အီရန်

အစ္စရေးနိုင်ငံထဲ မကျခင် ဂါဇာကမ်းမြောင်အပေါ်ကနေ ဖြတ်ပျံသွားတဲ့ အီရန်ရဲ့ ဒုံးကျည်တွေကို ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စရေးနိုင်ငံထဲ မကျခင် ဂါဇာကမ်းမြောင်အပေါ်ကနေ ဖြတ်ပျံသွားတဲ့ အီရန်ရဲ့ ဒုံးကျည်တွေကို ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အီရန်တော်လှန်ရေး အစောင့်တပ်(IRGC) က ကြေညာချက် တစ်ရပ်ထုတ်လာပါတယ်။

'လေယာဉ်ဆီ ထုတ်လုပ်ရေးနဲ့ စွမ်းအင် ထောက်ပံ့မှုဆိုင်ရာ စင်တာတွေနဲ့ ပတ်သက်တဲ့နေရာတွေ'' ကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ IRGC က ပြောပါတယ်။

အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်ဆိုရင် အီရန်ရဲ့ တိုက်ခိုက်မှုတွေကိုလည်း တိုးလုပ်သွားမယ်လို့ IRGC က ပြောပါတယ်။

အီရန်ကို တိုက်ခိုက်ဖို့လာတဲ့ ပဲ့ထိန််း ဒုံးကျည် ၃ စင်း၊ ဒရုန်း ၁၀ စင်း၊ အသေးစား ဖျက်အားပြင်း ဒရုန်း ဒါဇင်ချီကို ခြေရာခံ ဖျက်ချခဲ့တယ်လို့လည်း အီရန်ရဲ့ IRGC တပ်က ပြောထားပါတယ်။

အီရန်ရဲ့ IRGC တပ်အကြောင်းကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဘက်ယမ်မှာ ပြုလုပ်နေတဲ့ ကယ်ဆယ်ရေးရုပ်သံ

ဗီဒီယို ပုံစာ, WATCH: Aftermath of strike on Israel's Bat Yam

တဲလ်အဗီမြို့လယ်က ဘက်ယမ်မြို့မှာ အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

အဲဒီမှာ အဆောက်အဦတစ်လုံးဟာ ဒုံးကျည် တည့်တည့်မှန်သွားပုံရပါတယ်။ အပျက်အစီးတွေကြားထဲကနေ ထိခိုက်သူတွေကို ကယ်ဖို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာကြ ဖွေကြလုပ်နေတာကိုလည်းတွေ့ရပါတယ်။

အစ္စရေးအပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ (MDA) ကတော့ အခုတစ်ကြော့ တိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၃ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၀၀ နီးပါး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

အစ္စရေးက နောက်ထပ် လေကြာင်းတိုက်တိုက်တွေလုပ်၊ ဒရုန်းတွေကို ပစ်ချ - IDF

အစ္စရေးပိုင်နက်ထဲ ဝင်လာတဲ့ အီရန်ရဲ့ဒုံးကျည်တွေကို အစ္စရေးရဲ့ သံကွန်ခြာ ဒုံးကျည်စနစ်က ဇွန်လ ၁၅ ရက်မှာ ကြားဖြတ်ဟန့်တားတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးပိုင်နက်ထဲ ဝင်လာတဲ့ အီရန်ရဲ့ဒုံးကျည်တွေကို အစ္စရေးရဲ့ သံကွန်ခြာ ဒုံးကျည်စနစ်က ဇွန်လ ၁၅ ရက်မှာ ကြားဖြတ်ဟန့်တားတဲ့ မြင်ကွင်း

အီရန်နိုင်ငံထဲ အစ္စရေးလေတပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အသစ်တွေကို အီရန်နိုင်ငံထဲမှာ ပြုလုပ်ခဲ့ပြီးပြီလို့ အစ္စရေး ကာကွယ်ရေးတပ် (IDF) က သူတို့ရဲ့ တယ်လီဂရမ်မှာ ပို့စ်တင် ကြေညာပါတယ်။

အီရန်နိုင်ငံအနောက်ပိုင်းက ''ဒုံးကျည်ပစ်လွှတ်ရာမှာနဲ့ သိုလှောင်ရာမှာအသုံးပြုတဲ့နေရာတွေကို'' လေကြောင်းတိုက်ခိုက်မှု အသစ်တွေ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီပို့စ်နဲ့ အတူ လေကြောင်းတိုက်ခိုက်မှု ရုပ်သံတစ်ခုကိုလည်း ထည့်ဖော်ပြပေမဲ့ ဒီရုပ်သံနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအတောအတွင်းမှာပဲ အစ္စရေးပိုင်နက်ထဲကို ပစ်လာတဲ့ ဒရုန်း ၇ စင်းကို ပစ်ချခဲ့တယ်လို့ IDF က ဆိုပါတယ်။

အဲဒီဒရုန်းတွေကို အစ္စရေး လေတပ်နဲ့ ရေတပ်က ကြားဖြတ် ပစ်ချခဲ့တာလို့လည်း ပြောပါတယ်။

ဒရုန်းတစ်စင်းကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ဆိုတဲ့ IDF က ထုတ်ပြန်တဲ့ ရုပ်သံမှာဆိုရင်လည်း ကောင်းကင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာကို ပြပါတယ်။

အီရန် စစ်ရေးပစ်မှတ်တွေနား နေထိုင်သူတွေ ရွှေ့ပြောင်းကြဖို့ အစ္စရေး IDF ပြော

အီရန်မြို့တော် တဟီရန်မှာရှိတဲ့ စစ်ဘက် ပစ်မှတ်တွေအနီးမှာ မနေကြဖို့ မြို့ခံတွေကို ပါရှန်း ဘာသာနဲ့ သတိပေးချက် ပေးပို့နေပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ ဆက်နွှယ်တဲ့နေရာတွေကို တိုက်ခိုက်မှာဖြစ်လို့ လူထုအနေနဲ့ အဲဒီနေရာတွေကနေ ထွက်ခွာ ရွှေ့ပြောင်းဖို့ သတိပေးတာလို့ ဆိုပါတယ်။

'' အီရန်အာဏာရှင်ဟာ တဟီရန်မြို့ကို ဘေရွတ်မြို့လိုလုပ်ပြီး သူ့ အာဏာစက်တည်မြဲရေးအတွက် တဟီရန်မြို့ခံတွေကို ဓားစာခံ လုပ်နေတယ်'' ဆိုပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးခတ်ဇ်က ကြေညာချက်ထုတ်ပါတယ်။

လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်ကတော့ တဟီရန်မြို့ခံတွေကို နေရာပြောင်းရွှေ့ဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးရဲ့ အခုကြေညာချက်ဟာ လူထု ရွှေ့ပြောင်းတဲ့အခြေအနေနဲ့ တဟီရန်ဘက်ကို ဖိအားပေးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

''တဟီရန်မှာ မနေကြနဲ့ဆိုတာနဲ့ ကောက်ခါ ငင်ခါ ထ ထွက်သွားလို့ မရဘူး'' - အီရန်နိုင်ငံသားတွေရဲ့ တုံ့ပြန်သံ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂွန်ချင် ဟာဘီဘီဘာဇက်

ဘီဘီစီ ပါရှားဘာသာဌာန

အစ္စရေး IDF က ရွှေ့ပြောင်းအမိန့်ထုတ်တာနဲ့ ပတ်သက်ပြီး တဟီရန်မြို့ခံတွေရဲ့ အသံကိုလည်း ကျွန်မ ကြားလာရပါတယ်။

'' ဟုတ်တယ်။ အဲဒီကြေညာချက်ကို မြင်ပြီးပြီ'' လို့ စစ်ဘက်နေရာတွေနဲ့ အနီးနားမှာမနေကြဖို့ အီရန်နိုင်ငံသားတွေကို အစ္စရေး IDF က ထုတ်တဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ကျွန်မနဲ့သိတဲ့လူတစ်ဦးက ပြောပြတာပါ။

''ဘယ်နေရာက စစ်တပ်နေရာလဲ၊ ဘယ်နေရာက အရပ်သားနေရာလဲဆိုတာ သာမန် အရပ်သားက ဘယ်လိုသိနိုင်မှာလဲ'' လို့ သူက မေးခွန်းပြန်ထုတ်ပါတယ်။ ကျွန်မ စကားလိုက်ပြောကြည့်ထားတဲ့ အီရန်နိုင်ငံထဲက လူတွေထဲ စိုးရိမ်စိတ်အကြီးဆုံးဖြစ်နေကြသူတွေက တဟီရန်မြို့ခံ တွေဖြစ်ပါတယ်။

''တဟီရန်ကနေ ဒီအတိုင်း ထွက်သွားလို့ မရဘူးလေ။ ဝေးဝေးလံလံ မသွားနိုင်တဲ့ သက်ကြီးရွယ်အို မိဘတွေက ရှိနေတာ။ သွားဆိုရင်လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ စားဖို့အတွက် အလုပ်လုပ်ဖို့က ရှိသေးတယ်။ ဘာများတတ်နိုင်မှာလဲ'' လို့ တဟီရန်မြို့ခံ တစ်ဦးက ကျွန်မကိုပြောပါတယ်။

အီရန်မှာ အာဏာပိုင်တွေက နိုင်ငံဟာ စစ်ဖြစ်နေပြီလို့ ထပ်ချည်းတလဲလဲ ပြောနေကြပေမဲ့ စီးပွားရေး လုပ်ငန်းတွေကိုတော့ ပိတ်ဖို့ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

အီရန်ယိမ်းသူတွေကတော့ အစ္စရေးရဲ့ သတိပေးချက်ဟာ ''အသံပဲ မြည်ပြီး အဆန်မပါတဲ့ သင်္ကြန်အမြောက်'' လို့ အွန်လိုင်းပေါ် တက်ရေးကြပါတယ်။ တချို့ကဆိုရင် အစ္စရေး IDF ရဲ့ ထုတ်ပြန်ချက်ကို တန်ပြန်ထုတ်တဲ့အနေနဲ့ ကြေညာချက်တစ်ခုကို ဟီဘရူးဘာသာနဲ့ ပြန်ဖန်တီးပြီး အွန်လိုင်းပေါ် တင်ကြပါတယ်။ အဲဒီကြေညာချက်အတုမှာဆိုရင် ''အသက်ဘေးကင်းဖို့'' ''သိမ်းပိုက်ခံနယ်မြေတွေထဲက ထွက်ကြပါ'' လို့ ထည့်ရေးထားပါတယ်။

အစ္စရေး တိုက်ခိုက်မှုကို အီရန်နိုင်ငံပိုင်ရုပ်သံမှာ မပြောသလောက်နည်း

အစ္စရေးကို တိုက်ခိုက်မှုအကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံရဲ့ သတင်းဖော်ပြချက်

ဓာတ်ပုံ ရင်းမြစ်, IRINN

ဓာတ်ပုံ ပုံစာ, အစ္စရေးကို တိုက်ခိုက်မှုအကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံရဲ့ သတင်းဖော်ပြချက်

ဆာရာ ဂျာလာလီ (BBC Monitoring)

အီရန်နိုင်ငံပိုင်ရုပ်သံမှာတော့ ဇွန်လ ၁၅ ရက် မနက်အစောပိုင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်က အစ္စရေးကို တိုက်ခိုက်မှုတွေကို အသားပေး ကြေညာပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်ခံရမှုကိုတော့ အနည်းအကျဉ်းသာ ပြောသွားတာတွေ့ရပါတယ်။

မနက်ခင်းသတင်းကို နိုင်ငံပိုင်ရုပ်သံကနေ ကြေညာရာမှာတော့ အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြစ်တဲ့ ''သံကွန်ခြာ '' ကို ဖျက်ဆီးလိုက်ပြီလို့ တရှည်တလျား သတင်း ဖော်ပြပေမဲ့ အီရန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုအကြောင်းပြောပေမဲ့ ခပ်တိုတိုပဲ ကြေညာသွားတာတွေ့ရပါတယ်။ ထိခိုက် သေဆုံးသူ အရေအတွက်နဲ့ ပျက်စီး ဆုံးရှုံးမှုပမာဏလည်း မပြောသွားပါဘူး။

အီရန်မှာ မီဒီယာလွတ်လပ်မှုနည်းပါးပြီး နိုင်ငံတော်ဟာ အစ္စရေး တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့တဲ့ ပျက်စီးမှု အတိုင်းအဆကို လျှော့ပြောလိုပုံ ရပါတယ်။

ဆိုးသထက် ဆိုးလာတဲ့ အီရန် - အစ္စရေးဆက်ဆံရေး

အခုတစ်ကြိမ် ပေါ် လာတဲ့ အီရန်နဲ့ အစ္စရေးကြားက စစ်ရေးတင်းမာမှုဟာ ရုတ်ချည်း ဖြစ်လာတဲ့ အံ့သြစရာကိစ္စတော့ မဟုတ်ပါဘူး။

ဒေသတွင်း အင်အားကြီးနိုင်ငံ နှစ်နိုင်ငံစလုံးဟာ နောက်ကွယ်မှာ ကြိတ်ပြီး စစ်ဖြစ်နေကြတာ ၁ နှစ်နီးပါးတောင်ရှိနေပါတယ်။ တစ်ဖက်ရဲ့အကျိုးစီးပွားတဲ့ဆိုင်တဲ့နေရာတွေကို တစ်ဖက်က တိုက်ခိုက်တာမျိုးပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးက ဝန်ခံကြတာမျိုးတော့ မရှိပါဘူး။

ဒါပေမဲ့ ဂါဇာမှာ စစ်ပွဲဖြစ်ကစတည်းက ဒီတိုက်ခိုက်မှုတွေ တိုးလို့ဖြစ်လာပါတယ်။ အစ္စရေးဟာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်ကို ပြီးခဲ့တဲ့လတုန်းက သတ်ခဲ့ပြီး ဒီလမှာလည်း ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်ကို သတ်ခဲ့ပါတယ်။ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာ နှစ်ဖွဲ့စလုံးဟာ ဒေသတွင်းမှာ အီရန်ရဲ့ အနီးကပ်ဆုံး ခြေပွားလက်ပွားတွေဖြစ်ကြပါတယ်။

အီရန်ဘက်ကတော့ အောက်တိုဘာလမှာ အစ္စရေးကို ဒုံးကျည် ၁၈၀ နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အများစုဟာ ဖျက်ချခံခဲ့ရပါတယ်။

အစ္စရေးဘက်ကလည်း သူ့ရဲ့သူ့ဟန် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြန်တုံ့ပြန်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရေးပါ နွှယ်လာပါတယ်။

အစ္စရေးကတော့ သူ့ နိုင်ငံရပ်တည်ရေးအတွက် အီရန်ဟာ ဖြစ်တည်ဆဲ ခြိမ်းခြောက်မှုလို့ ထပ်ချည်းတလဲလဲ ပြောပြီး အီရန်က ဘာသာရေးခေါင်းဆောင်ကတော့ အစ္စရေးကို ''ကင်ဆာအကျိတ်'' လို့ဆိုပြီး ရည်ညွှန်းခိုင်းနှိုင်းပြောပါတယ်။

အီရန်အနေနဲ့ နျူကလီးယားလက်နက်တွေကို ထုတ်ဖို့ ကြိုးစားမှာကို အစ္စရေးဘက်က စိတ်ပူတာပါ။ လက်ရှိ စစ်ဆင်ရေးမှာလည်း အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အဦနေရာတွေ အပါအဝင် စစ်ဘက်သုံးနေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အီရန် ကတော့ နျူကလီးယား လက်နက်တွေ မထုတ်နေဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဒီအပြောကို အနောက်နိုင်ငံအများစုက မျက်စိမှိတ် ယုံကြတာမျိုးတော့ မရှိသေးပါဘူး။ ကြာသပတေးနေ့တုန်းကတော့ ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က အီရန်ဟာ သူ့ရဲ့ နျူကလီးယားဖျက်သိမ်းရေး ကတိကဝတ်တွေကို ချိုးဖောက်နေတယ်ဆိုပြီး ပြောပါတယ်။

တကယ်ဆို အမေရိကန်နဲ့ အီရန်တို့ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စဖို့ ရှိနေတာပါ။ ဒါပေမဲ့ အခုတော့ အိုမန်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးမယ့် ဒီဆွေးနွေးပွဲလည်း ပျက်သွားခဲ့ပါပြီ။

အစ္စရေးနဲ့ အီရန် အပြန်အလှန် တိုက်ခိုက်မှု နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ စုစည်း ဖော်ပြသွားမှာဖြစ်လို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

အီရန် -အစ္စရေး အပြန်အလှန်တိုက်ခိုက်မှု စတင်ချိန်သိရမျှကို ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို အောက်ပါလင့်ခ်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။