မဟာမိတ်တွေကို အရှက်ရစေခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို လောင်းကြေးထပ် လက်တုံ့ပြန်တဲ့ အီရန်ရဲ့ တိုက်ခိုက်မှု

ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ (ဒုတိယမြောက်ညာဘက်) ကို အီရန်က အစ္စရေးကို တိုက်မယ့် ဒုံးကျည် ပစ်ခတ်မှုတွေအတွက် အမိန့်ပေးခန်းထဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Iranian state television

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ (ဒုတိယမြောက်ညာဘက်) ကို အီရန်က အစ္စရေးကို တိုက်မယ့် ဒုံးကျည် ပစ်ခတ်မှုတွေအတွက် အမိန့်ပေးခန်းထဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်
    • ရေးသားသူ, ဂျီယာဂိုလ်
    • ရာထူးတာဝန်, ကမ္ဘာ့ရေးရာသတင်းထောက် (ဘီဘီစီကမ္ဘာတလွှား)

၂၀၂၄ အောက်တိုဘာ ၂ ရက်ညက အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံး ၂၀၀ ခန့် ပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှုအပြီး အီရန်မီဒီယာတွေမှာ ရုပ်သံဗီဒီယိုတခု ထွက်ပေါ်လာပါတယ်။ အဲဒီရုပ်သံထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဟူစိန်ဆာလာမီ ဦးဆောင်တဲ့ စစ်အရာရှိတွေဟာ ကွပ်ကဲရေးအခန်းတစ်ခုထဲက ဆိုင်းဘုတ်ကြီးရှေ့မှာ ရပ်နေပြီး တယ်လီဖုန်းကတဆင့် အဲဒီတိုက်ခိုက်မှုကိုလုပ်ဖို့ အမိန့်ပေးခဲ့တာတွေ့ရပါတယ်။

အဲဒီဆိုင်းဘုတ်ကြီးမှာ လူ ၃ ဦးပုံရှိနေပါတယ်။ ပုံထဲမှာပါသူတွေက အီရန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ အသတ်ခံခဲ့ရတဲ့ ဟားမတ်စ်ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ ၊ ဘေရွတ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ချိန်အတွင်း သေဆုံးခဲ့ရ သူ ၂ ဦးဖြစ်တဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဆာရာလာနဲ့ အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ရဲ့ ပြည်ပစစ်ဆင်ရေးများ လုပ်ဆောင်တဲ့ Quds တပ်ဖွဲ့ ရဲ့ တိုက်ခိုက်ရေး ဒုတပ်မှူး အဘာ့စ် နီလ်ဖိုရူရှန် တို့ဖြစ်ပါတယ်။

IRGC ရဲ့ ထုတ်ပြောချက်အရဆိုရင် အစ္စရေးနိုင်ငံကို ၁၂ မိနစ် အတွင်းရောက်နိုင်တဲ့ Fattah လို့ခေါ်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးလေတပ်စခန်းသုံးခု၊ မော့ဆက်ထောက်လှမ်းရေးဌာနချုပ် အပါအဝင် ပစ်မှတ်တွေကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးဘက်ကတော့ “အစ္စရေးနှင့် အမေရိကန် ကာကွယ်ရေးညွန့်ပေါင်းအဖွဲ့တို့က ဦးဆောင်တဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အီရန်ရဲ့ ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ပြောပြီးအစ္စရေးအလယ်ပိုင်းနဲ့ တောင်ပိုင်း မှာ သာ အနည်းငယ်ထိခိုက်ခဲ့တယ်လို့ တုံ့ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီး သိပ်မကြာခင်မှာပဲ အီရန်နိုင်ငံ၊ တီဟီရန်ရဲ့ ပါလက်စတိုင်းစကွဲ အဆောက်အဦနံရံမှာ မစ်ဆိုင်းဒုံးတွေ က အစ္စရေးနဲ့ ဂျူးတွေကို ဆက်နွှယ်ပြီး သိတဲ့ ဒေးဗစ်ကြယ်ကြီးတစ်ခုဆီကို ဝိုင်းတိုက်ခိုက်နေတဲ့ သရုပ်ဖော်ထားပါတယ်။ အဲဒီမှာ ဇီယွန်ဝါဒအဆုံးသတ်ဖို့ အစပြုလာပြီဆိုတဲ့ နဖူးစည်းစာတန်းကြီးတခုပေါ်ထွက်လာပါတယ်။

အစ္စရေးနဲ့ ဂျူးတွေကို ဆက်နွှယ်ပြီး သိတဲ့ ဒေးဗစ်ကြယ်ကြီးတစ်ခုဆီကို ဝိုင်းတိုက်ခိုက်နေတဲ့ သရုပ်ဖော်ထားတဲ့ တီဟီရန်စကွဲက ပုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wana/Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေးနဲ့ ဂျူးတွေကို ဆက်နွှယ်ပြီး သိတဲ့ ဒေးဗစ်ကြယ်ကြီးတစ်ခုဆီကို ဝိုင်းတိုက်ခိုက်နေတဲ့ သရုပ်ဖော်ထားတဲ့ တီဟီရန်စကွဲက ပုံဖြစ်ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရပြီးနောက်မှာ အီရန်ဟာ အလောသုံးဆယ် တုံ့ပြန်တာမျိုး မလုပ်ခဲ့ဘူးဆိုတာ ပြသချင်ခဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ ဒီလို မတုံ့ပြန်ဘဲ နေမှုဟာ အစ္စရေးက အီရန်ရဲ့ အနီးကပ်ဆုံးနဲ့ ကာလရှည် ဒေသတွင်း မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကို သောကြာနေ့တုန်းက လေကြောင်းတိုက်ခိုက်ချိန်မှာ ဟာဆန်နာဆာရာလာနဲ့ အဘာ့စ် နီလ်ဖိုရူရှန် တို့ ထပ်ပြီးသေဆုံးခဲ့မှုဖြစ်ခဲ့အပြီးမှာတော့ အရှက်ရစရာအကြောင်းခံဖြစ်လာပါတယ်။

အီရန်ရဲ့ လက်နက်တွေ၊ သင်ကြားလေ့ကျင့်ရေးနဲ့ ရန်ပုံငွေဟာ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ကို အင်အားအရှိဆုံး လက်နက်ကိုင်တပ်ဖွဲ့အဖြစ်ရော၊ နိုင်ငံရေးအစုအဖွဲ့တစ်ခုအဖြစ်ပါ ပြောင်းလဲသွားဖို့မှာ အခရာကျတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

IRGC ဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ ဟစ်ဇ်ဘိုလာအဖွဲ့ စပြီးထူထောင်ကတည်းက ကူညီခဲ့တာပါ။ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ယီမင်၊ အီရတ်၊ ဆီးရီးယားမှာရှိတဲ့တခြား ရှီယာ လက်နက်ကိုင်တွေ ဖွဲ့စည်းဖို့၊ လက်နက်တပ်ဆင်ဖို့နဲ့ ငွေကြေးထောက်ပံ့ဖို့ အီရန်အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အီရန်ပြည်သူအတော်များများရဲ့ မျက်စိရှေ့မှာပဲ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေ ပျက်ပြယ်သွားခဲ့ပြီလို့ အကဲခတ်တွေက ပြောထားပါတယ်။

ဒီလမတိုင်ခင် အီရန်ခေါင်းဆောင်တွေတွက်ဆခဲ့တာက ဂါဇာမှာ အစ္စရေးဟာ ဟားမတ်စ်တို့နဲ့ စစ်ပွဲဆင်နွှဲနေတာကြောင့် တဖက်က ဟစ်ဇ်ဘိုလာရဲ့ တိုက်ခိုက်မှုတွေကလည်း အစ္စရေးစစ်တပ်ကို ဆုတ်ယုတ်စေနိုင်မယ်ဆိုတာပါ။

ဟစ်ဇ်ဘိုလာမှာရှိနေတဲ့ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ လက်နက်အစုလိုက်ဟာ အစ္စရေးဘက်က အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးခွင်းဒုံးစက်ရုံတွေကို တိုက်ရိုက်တိုက်ခိုက်တာကိုလည်း ဟန့်တားနိုင်မယ်လို့ ယူဆတဲ့အတွက်လည်း အီရန်ခေါင်းဆောင်တွေက ဟစ်ဇ်ဘိုလာအပေါ် အားထားပါတယ်။

မကြာသေးခင်က မှ အီရန်ရဲ့ သမ္မတသစ်ဖြစ်လာတဲ့ မာဆုပဇာရှကီယန်း ကတော့ အစ္စရေးဟာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ အီရန်ကို ဒေသတွင်းစစ်ပွဲဖြစ်အောင်ဖန်တီးသူအဖြစ်ပုံဖော်နေတယ်လို့ စွပ်စွဲပါတယ်။

"ကျွန်တော်တို့လည်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ဒါပေမဲ့ တီဟီရန်မှာ ဟာနီယာကို လုပ်ကြံသတ်ဖြတ်ခဲ့တာက အစ္စရေးပဲ" လို့ ကာတာနိုင်ငံကို သွားရောက်ချိန်မှာ ပြောခဲ့ကြောင်း အီရန်သတင်းတွေမှာ ဖော်ပြပါတယ်။

"ကျွန်တော်တို့ ဘက်က တုံ့ပြန်တာမလုပ်ဘူးဆိုရင် ဂါဇာမှာ တစ်ပတ်အတွင်း ငြိမ်းချမ်းရေးရလိမ့်မယ်လို့ ဥရောပနဲ့ အမေရိကန်တို့က ပြောနေတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် စောင့်ဆိုင်းခဲ့ပေမယ့် သူတို့က သတ်ဖြတ်မှုတွေ တိုးလုပ်နေခဲ့တယ်။"

သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီများ

အီရန်နိုင်ငံက သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ အများအပြားက အစ္စရေးအပေါ် နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုမရှိသလောက်ဖြစ်တဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့ပါတယ်။

အစ္စရေးက ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် ဟာနီယာကိုသတ်ဖြတ်မှုအတွက် လက်စားချေတုံ့ပြန်မှုကို အီရန်ဘက်က ရပ်တန့်ခဲ့တဲ့ဆုံးဖြတ်ချက်ကပဲ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုကို လက်ဘနွန်ရှိ အီရန်ရဲ့ အကျိုးစီးပွားတွေနဲ့ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ တွန်းအားပေးခဲ့တာလို့ ရှေးရိုးစွဲအများအပြားက အီရန်ရဲ့ နိုင်ငံ့ဥသျှောင် အယာတိုလာ ခါမေနီနဲ့ RGC တို့က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံကနေ ဝေဖန်ကြပါတယ်။

အင်္ဂါနေ့က ဒုံးကျည်တိုက်ခိုက်မှုအပြီးမှာ အီရန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဘာကီရီက တော့ “စိတ်ရှည်သည်းခံမှု” အချိန်ကုန်ဆုံးသွားပြီလို့ ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ဘက်က အစ္စရေးရဲ့ စစ်ဘက်နှင့် ထောက်လှမ်းရေးနေရာတွေကို ပစ်မှတ်ထားပြီး စီးပွားရေးနဲ့ စက်မှုဇုန်တွေကို တိုက်ခိုက်တာကို ရှောင်ရှားပါတယ်'' လို့ သူကပြောပြီး “ဒါပေမယ့် အစ္စရေးက လက်တုံ့ပြန်လာရင်တော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက ပိုပြင်းထန်လာလိမ့်မယ်။”

ဒီဒုံးကျည် တိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်လိုက်မှုတွေကို ကြုံရပြီးတဲ့နောက်မှာ အသံတိတ်နေကြတာဟာ အားနည်းပြီး ထိခိုက်လွယ်တဲ့ခေါင်းဆောင်တွေအဖြစ် လူထုက ရှုမြင်မှာကို စိုးရိမ်နေကြတဲ့ အီရန်ခေါင်းဆောင်တွေရဲ့ စိုးရိမ်ချက်ကိုလည်း ထင်ဟပ်ပါတယ်။

သူတို့ဟာ အားနည်းချိနဲ့တယ်လို့ ပြည်တွင်းမှာ မဟုတ်ဘဲ ဟစ်ဇ်ဘိုလာနဲ့ ဟားမတ်စ် ပါဝင်တဲ့ “တော်လှန် ဝင်ရိုးစွန်းများ” လို့ ခေါ်တဲ့ ဒေသတွင်းမဟာမိတ်တွေက မြင်သွားမှာကိုလည်း အီရန်ခေါင်းဆောင်တွေ စိုးရိမ်ကြတာပါ။

‘‘နည်းပေါင်းစုံသုံးတဲ့ လျှို့ဝှက်စစ်ပွဲ’’

အီရန်နဲ့ အစ္စရေးဟာ ‘’စစ်ရှိမှ ငြိမ်းချမ်းမယ်'’ ဆိုတဲ့ မူဝါဒကို လိုက်နာတဲ့အနေနဲ့ နည်းလမ်းပေါင်းစုံသုံးတဲ့ လျှို့ဝှက်စစ်ပွဲ လက်နက်ကိုင် ပဋိပက္ခ နောက်ကို လိုက်နေတာ ဆယ်စုနှစ်တွေကြာ မြင့်နေပြီဖြစ်ပါတယ်။ အခုတော့ ဒီ ပိုနေမြဲ ကြားနေမြဲ အခြေအနေဟာ အဆုံးသတ်မယ့်အခြေအနေပုံ ပေါ်နေပါတယ်။

အစ္စရေးကတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ယတိပြတ်ပြောထားပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကတော့ ‘’အီရန်ဟာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲဒီအတွက် ပြန်ပေးဆပ်ရမယ်’’ လို့ သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်ကနေ ဗျူဟာနဲ့ လေသံအပြောင်းအလဲဖြစ်လာတဲ့ အရိပ်အယောင်တွေလည်း ရှိနေပါတယ်။

ဧပြီလတုန်းကတော့ သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကနေ အစ္စရေးကို ဒရုန်းနဲ့ ဒုံးကျည် အစင်း ၃၀၀ ထဲက အများစုကို အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေက အစ္စရေးတို့က ဖျက်ချခဲ့ရအပြီးမှာ အလျင်စလိုမတုံ့ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွက် တုံ့ပြန်တဲ့အနေနဲ့ ပစ်လွှတ်တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ IRGC ထိပ်ပိုင်းတပ်မှူးတွေ သေဆုံးခဲ့ပါတယ်။ အစ္စရေးဟာ အမေရိကန်ရဲ့တောင်းဆိုချက်ကို အလေးထားကြောင်း ပြခဲ့ပြီး အီရန်နိုင်ငံအလယ်ပိုင်းက အီရန်လေကြောင်းကာကွယ်ရေး စခန်းတစ်ခုကို ဒုံးကျည်နဲ့ ပစ်ခတ် တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ ဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က အီရန်တိုက်ခိုက်မှုအတွက် ‘’ကြီးလေးတဲ့အကျိုးဆက်တွေ’’ ရှိလာမယ်လို့ သတိပေးပြီး အမေရိကန်ဟာ ‘’အဲဒီအတွက် အစ္စရေးနဲ့အတူ’’ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

အစ္စရေးဟာ အီရန်ကို ‘’လာမယ့်ရက်ပိုင်းအတွင်း’’ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ဆိုပြီး အစ္စရေးမီဒီယာတွေက အစ္စရေးအရာရှိတွေကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့မှာ သတင်းဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ အီရန်အတွက် အရေးပါတဲ့ ‌ရေနံထုတ်လုပ်မှုပိုင်းဆိုင်ရာအ‌ဆောက်အအုံတွေလို ဗျူဟာမြောက်နေရာတွေ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

အရာရှိကတော့ အစ္စရေးကို ပြန်ပြီးတိုက်မယ်လို့ ခြိမ်းခြောက်တယ်ဆိုရင်တော့ ပြန်အတိုက်ခံရမယ့်နေရာတွေဟာ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေ ဖြစ်မယ်လို့ ပြောပါတယ်။

အီရန်အကြီးတန်းအရာရှိတွေကတော့ ဟာနီယာ၊ နာဆာရာလာနဲ့ နီဖော်ရိုရှန် အသတ်ခံရမှုအတွက် လက်တုံ့ပြန်ဖို့

နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာချီကတော့ ဆွစ်ဇာလန်သံရုံးကနေတဆင့် အမေရိကန်သံရုံးကို သတင်းစကားတစ်ခုပါးခဲ့ပြီး ‘’ကြားဝင်စွက်ဖက်တာမလုပ်ဖို့’’ သတိပေးခဲ့တယ်လို့ ပြောပါတယ်။

သူ သတိထားပြောခဲ့တာကတော့ ‘’အစ္စရေးကို ကူညီတဲ့ ဘယ် တတိယနိုင်ငံမဆို ဒါမှဟုတ် နောက် လေကြောင်းပိုင်နက်ကို သုံးခွင့်ပေးတဲ့ ဘယ်နိုင်ငံမဆို အီရန်ကို ဆန့်ကျင်တဲ့နိုင်ငံအဖြစ် တရားဝင် မှတ်ယူသွားမယ်’’ လို့ ဆိုပါတယ်။

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ တပ်ဖွဲ့ဝင် လေးသောင်းနီးပါးကို ဖြန့်ကြက်ချထားပြီး အီရတ်နဲ့ ဆီးရီးယားမှာလည်း ဖြန့်ကြက်ထားပါတယ်။ ဒီတပ်ဖွဲ့တွေဟာ အဲဒီနှစ်နိုင်ငံစလုံးက အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ရှီယာ စစ်သွေးကြွတွေကို ခြိမ်းခြောက်နိုင်ပါတယ်။

အီရန်ဟာ အခုတော့ လောင်းကြေးထပ်ပြီး အစ္စရေးကို တုံ့ပြန်မှုအတွက် ဖြစ်လာနိုင်ခြေတွေကို လက်ခံရဖို့ ရှိနိုင်သလို သူ အလောင်းအစားလုပ်မှုအတွက် အရာထင်နိုင်ဖို့ မျှော်လင့် နေပါတယ်။