အစ္စရေးကို တိုက်တဲ့ အစီအစဉ် အီရန် ထောက်ပံ့ခဲ့သလား

ဂါဇာဘက်ကနေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက်မှာ အစ္စရေးထဲက Ashkelon မြို့မှာ ကားများ မီးလောင်ပျက်စီးမှု မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စရေး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အီရန်ဟာ အောင်ပွဲခံ၊ ချီးကျူးမှုတွေ လုပ်ခဲ့ပေမဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထား

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စရေး အများအပြား သေဆုံးခဲ့ရပြီးနောက် ဒီတိုက်ခိုက်ခံရမှုမှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်နေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီလို တိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ တစ်ပတ်မှာ အီရန်က မီးစိမ်းပြခဲ့တယ်လို့ အမည်မဖော်တဲ့ ဟားမတ်စ် လက်နက်ကိုင်တွေနဲ့ လက်ဘနွန် ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို ကိုးကားပြီး ဝေါစထရိဂျာနယ်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဝါရှင်တန်က အမေရိကန် ကာကွယ်ရေး အရာရှိကြီး တစ်ဦးကတော့ ဒီတိုက်ခိုက်မှုတွေမှာ အီရန် ပါဝင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို အတည်ပြုဖို့ "အခုအခါမှာ သတင်းမရသေးဘူး "လို့ ပြောပါတယ်။

ဒီသတင်းမှန်ခဲ့မယ်ဆိုရင်တော့ အမုန်းမီးပိုမို တောက်လောင်သွားနိုင်ပါတယ်။ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အီရန် ပါဝင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ရင် ဒေသတွင်း ပဋိပက္ခမှာ ထိပ်တိုက် ရင်ဆိုင်မှုအဖြစ် ပိုမို ကျယ်ပြန့်သွားနိုင်ပါတယ်။

အစ္စရေး တိုက်ခိုက်ခံရမှုကို အီရန် ခေါင်းဆောင်တွေက အောင်ပွဲခံ၊ ချီးကျူးမှုတွေ လုပ်ခဲ့ပေမဲ့လည်း ပါဝင်ပတ်သက်မှု မရှိကြောင်း ချက်ချင်း ငြင်းဆိုခဲ့ကြပါတယ်။

အီရန် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံရေး အကြောင်းပြချက်တွေသာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောပါတယ်။

တခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို အီရန်က ဝင်ရောက်ခြယ်လှယ်တာမရှိဘူး ဆိုပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ထပ်လောင်းပြောဆိုပါတယ်။

ဒါပေမဲ့လည်း ဒီလို ပြောဆိုချက်တွေဟာ အီရန် မပါဝင်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။

ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသာ ဂါဇီ ဟာမက်က ဘီဘီစီကို ပြောကြားခဲ့ရာမှာ တိုက်ခိုက်ဖို့ အတွက် အီရန်က ထောက်ခံမှုပေးခဲ့တယ်လို့ ဆိုပါတယ်။

"ဂျေရုဆလင်နဲ့ ပါလက်စတိုင်း လွတ်လပ်တဲ့အထိ ပါလက်စတိုင်း တိုက်ခိုက်ရေး သမားတွေနဲ့ အတူရပ်တည်ကြောင်း အီရန်က ကတိပေးထားခဲ့တယ်" လို့ ဆိုပါတယ်။

အမေရိကန် ဘက်ကတော့ တိုက်ခိုက်မှုမှာ အီရန် ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူး ဆိုပြီး ပြောဆိုပါတယ်။

ဒါပေမဲ့လည်း ဟားမတ်စ် နဲ့ အီရန်ကြားမှာ သေချာပေါက် ကာလရှည်ကြာ ဆက်ဆံရေး ရှိထားတယ် ဆိုတာကို သိထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။

အန်တိုနီ ဘလင်ကင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုမှာ အီရန် ပါဝင်ခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ပြော

ဟားမတ်စ် ရဲ့ အဓိက ထောက်ပံ့သူ အီရန်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟားမတ်စ်ကို အဓိက ထောက်ပံ့သူတွေထဲက တစ်ခုအဖြစ် အီရန်ဟာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပါတယ်။ ငွေကြေးထောက်ပံ့မှုအပြင် ဒုံးကျည်အပါအဝင် လက်နက် အမြောက်အများကို ထောက်ပံ့ပေးခဲ့ပါတယ်။

ဂါဇာထဲ ပို့နေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ဖို့ အစ္စရေးဟာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး ဆူဒန်၊ ယီမင် နဲ့ ပင်လယ်နီထဲသွားနေတဲ့ သင်္ဘောတွေ အပြင် အာရပ် သဲကန္တာရထဲမှာ လှည့်လည်သွားလာနေတဲ့ ဘီဒိုနင်း မှောင်ခိုသမားတွေပါ လက်နက်လမ်းကြောင်းထဲ ပါဝင်နေတာဖြစ်ပါတယ်။

အစ္စရေးရဲ့ အဓိက ရန်သူတော်ကြီး အီရန်ဟာ ဂျူးနိုင်ငံ ထိခိုက်စေဖို့အတွက် အကြောင်းရှိ ပါတယ်။

အီရန်ပါဝင်နေတယ်ဆိုတာကို သိပ်ပြီးစဉ်းစားနေစရာတောင် မလိုဘူးလို့ ဟိန်း တိုမာ ဆိုတဲ့ မော့ဆက် ထောက်လှမ်းရေး အေဂျင်စီရဲ့ အကြီးတန်း အရာရှိဟောင်း တစ်ယောက်က ဘီဘီစီကို ပြောကြားပါတယ်။

အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယား တို့အကြားမှာ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို အီရန်က တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုကို အီရန်က အမိန့်ပေး ညွှန်ကြားခဲ့တယ် ဆိုတဲ့ အကြံပြုချက်တွေကိုတော့ ယုံကြည်ဖို့ ခက်ခဲတယ်လို့ မစ္စတာ တိုမာက ပြောပါတယ်။

ဟားမတ်စ် ကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့တဲ့ နံပါတ် ၁ နိုင်ငံဟာ အီရန်ဖြစ်နေတာ မှန်ပါတယ်။ ဆီးရီးယား အပြင် အီရန်ထဲမှာပါ ဟားမတ်စ်တွေကို သင်တန်းပေးနေတယ် ဆိုတဲ့ သတင်းအချက်အလက်တွေလည်း ရထားပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဟားမတ်စ် တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေကို အစ္စရေးဘက်က စောင့်ကြည့်နေခဲ့တာပါ။

ဆာလား အယ်လ် အာရိုယူရီ (စစ်ဘက်ခေါင်းဆောင်) လို ဟားမတ်စ် ခေါင်းဆောင်တွေ လက်ဘနွန်နဲ့ အီရန်ကို သွားပြီး အစည်းအဝေးလုပ်နေတာတွေ၊ အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမီနီနဲ့ တွေ့ဆုံတာတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဒီလိုတွေ့ဆုံရုံနဲ့ တိုက်ခိုက်မှုကို အမိန့်ပေးတယ်ဆိုတဲ့ အချက်က မလုံလောက်ဘူး လို့ မစ္စတာ တိုမာက ပြောပါတယ်။

ဟားမတ်စ် အဖွဲ့ဟာ အစ္စရေးအတွက် ပြည်တွင်း ပဋိပက္ခ အဖြစ်ပြောင်းလဲလာတယ်လို့ သူက ဆိုပါတယ်။

အီရန် ဟာ စစ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကို ဆက်လုပ်နေတယ် ဆိုပေမဲ့လည်း ဒီတိုက်ခိုက်မှု လုပ်ဆောင်ဖို့ ဟားမတ်စ် ခေါင်းဆောင်တွေက ၇၅ ရာခိုင်နှုန်းလောက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံရတယ်လို့ သူက ယူဆပါတယ်။

ဂါဇာကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို အစ္စရေးရဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်က ပစ်ချခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာ ကမ်းမြောင် ဒေသဘက်ကနေ အစ္စရေးကို ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်နေ

တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ဟားမတ်စ် ချမှတ်

ရက်ဇ် ဇမ့် ဆိုတဲ့ တဲလ်အဗီ တက္ကသိုလ်က အီရန်အရေးကျွမ်းကျင်သူကလည်း ဒီအချက်ကို သဘောတူပါတယ်။

ဒါဟာ ပါလက်စတိုင်းတွေရဲ့ ဇာတ်လမ်းဆိုပြီး လူမှုကွန်ရက်မှာ သူက ရေးသားပါတယ်။

ဝေါစရိ ဂျာနယ်ရဲ့ အဆိုအရ တိုက်ခိုက်မှုလုပ်ဖို့ အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က ဘေရွတ်မြို့မှာ လုပ်တဲ့ အစည်းအဝေးမှာ အီရန်ဘက်က မီးစိမ်းပြခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့က လုပ်ခဲ့တဲ့ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ကနေ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုလုပ်ဖို့ အတွက် အီရန်ရဲ့ အစ္စလာမစ် တော်လှန်ရေး တပ်ဖွဲ့က အရာရှိတွေဟာ ဟားမတ်စ် အဖွဲ့ဝင်တွေနဲ့ အတူတူ သြဂုတ်လမှာကလည်းက လက်တွဲ လုပ်ဆောင်ခဲ့တယ် ဆိုပြီး အမည်မဖော်လိုတဲ့ ဟားမက်စ် နဲ့ ဟဇ်ဘိုလာ အဖွဲ့ဝင်တွေက ဝေါစထရိ ဂျာနယ်ကို ပြောဆိုခဲ့ကြတာပါ။

တိုက်ခိုက်မှု ဗီဒီယိုတွေကို ကြည့်ခြင်းအားဖြင့် ဂါဇာ ကမ်းမြောင်ဒေသမှာ အရင်က ဖြစ်ခဲ့တဲ့ ဟားမတ်စ် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေထက် ပိုပြီး စနစ်တကျ စီစဉ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ကားတွေ အပြင် ဂလိုက်ဒါတွေကို သုံးပြီး ပူးပေါင်း စစ်ဆင်တာကို ကြည့်ရင် တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူတွေဟာ ယူကရိန်း စစ်ပွဲလို ပေါင်းစပ် စစ်ဆင်ရေးကို နမူနာ ယူခဲ့ကြတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

ဒီလို ထောက်လှမ်းရေး အချက်အလက်တွေရှိပေမဲ့လည်း တိုက်ခိုက်မှုလုပ်ဖို့ ဆုံးဖြတ်ချက်ကို လက်ရှိ အကြောင်းတရားတွေ အပြင် ပါလက်စတိုင်း အကျိုးစီးပွားနဲ့ ပကတိအခြေအနေတွေ ကြားကနေ ဟားမတ်စ်အဖွဲ့ကသာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အီရန် အထောက်အပံ့တွေကို ဟားမတ်စ် အသုံးပြုခဲ့သလား ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ အသေအချာပဲလို့ ပြောရမှာပါ။ တိုက်ခိုက်မှုမှာ အီရန်ရဲ့ အကျိုးပါလား ဆိုရင်လည်း ဟုတ်ပါတယ်လို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ အီရန်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့သလား ဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ဖြေရမှာပါလို့ သူက ပြောပါတယ်။

ဟားမတ်စ် အဖွဲ့ဟာ အထူးတပ်ဖွဲ့ကို နှစ်အတန်ကြာ ကတည်းက ဖွဲ့စည်းထားခဲ့တယ်လို့ မော့ဆက် အရာရှိဟောင်း ဟိန်း တိုမာ က ပြောပါတယ်။

အရင်ကထက် တိုက်ခိုက်မှုတွေ ပိုကောင်းလာတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

အစ္စရေး တာဝန်ရှိသူတွေဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်လက် စောင့်ကြည့်နေကြပြီး အီရန်ရဲ့ ပါဝင်ပတ်သက်မှု ပိုသိသာလာမလားဆိုတာကိုလည်း အဖြေရှာနေကြပါပြီ။

အီရန်ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ လက်ဘနွန် ဟဇ်ဘိုလာ အဖွဲ့ကလည်း အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်တောင်ကုန်း ဒေသမှာ အသေးစား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ လက်ဘနွန်ထဲက စစ်ရေးပစ်မှတ်တွေကို အစ္စရေးတို့က ရဟတ်ယာဉ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

တကယ်လို့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေက ဒီအဖွဲ့အစည်းကို ခြိမ်းခြောက်မှု ရှိလာမယ်ဆိုရင်တော့ အရှေ့အလယ်ပိုင်းမှာ အီရန်အနေနဲ့ လက်နက် ထောက်ပံ့မှုတွေအစား တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ အခြေအနေ ပြောင်းလဲလာနိုင်တယ်ဆိုပြီး အီရန် အရေး လေ့လာစောင့်ကြည်သူ ရက်ဇ် ဇမ့် က သုံးသပ်ထားပါတယ်။

အီရန်ဟာ အစ္စရေးနဲ့ ပဋိပက္ခ အဖြစ် ထိပ်တိုက် ရင်ဆိုင်ဖို့ မဖြစ်နိုင်

ကေဗန် ဟူစီနီ၊ ဘီဘီစီ ပါရှန်း

ဂျေရုဆလင် လွတ်မြောက်ရေးအတွက် လုပ်ဆောင်မယ်ဆိုပြီး အီရန်တို့က ဝါဒဖြန့် ကြွေးကြော်နေခဲ့တာပါ။ ၂၀၁၅ ခုနှစ်တုန်းက အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမီနီက နောင် ၂၅ နှစ်မှာ အစ္စရေး ဆိုတာ မရှိစေရဘူး ဆိုတဲ့ ကြွေးကြော်ချက်ကို မြို့အနှံ့မှာချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။ တီဟီရန်မှာ ရှိတဲ့ ပါလက်စတိုင်း ရင်ပြင်မှာလည်း အီရန် ဘာသာရေး ခေါင်းဆောင်ရဲ့ အစ္စရေး ကျဆုံးခြင်းဆိုတဲ့ ဟောကိန်းတွေနဲ့ သက်သေပြနေပါတယ်။

အစ္စရေး အပေါ်မှာ ရန်လိုတဲ့ တရားဝင် အပြုအမူတွေရှိနေပေမဲ့လည်း ဒါတွေဟာ အဆန်မပါတဲ့ အချည်းနှီး ခြိမ်းခြောက်မှုတွေ အဖြစ် ကာလာရှည်ကြာ ရှုမြင်ခဲ့ကြပါတယ်။

ပထဝီမြေပြင် ကြားခံ အခက်အခဲ ရှိနေတဲ့ အချက်၊ အစ္စရေးရဲ့ စစ်ရေး စွမ်းရည်နဲ့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ရှိနေတဲ့ အချက်တွေကြောင့် စစ်ပွဲကြီး ဖြစ်လာဖို့ မရှိနိုင်ပါဘူး။

ပဋိပက္ခ ပြင်းထန်လာနိုင်သလားဆိုရင်တော့ ပြည်တွင်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန် အစိုးရဟာ အလွန် အန္တရာယ်များတဲ့ ပဋိပက္ခထဲကို ခုန်ဆင်း သလို ဖြစ်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ အီရန် ပြည်တွင်းရေး အခြေအနေကြောင့် အာဏာရှင် အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် မနှစ်သက်မှုတွေရှိနေတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်။

ဒီလို အဖြစ်အပျက်တွေကြောင့် ပါလက်စတိုင်းလို မဟာမိတ်တွေကို ထောက်ပံ့ဖို့ အီရန် အစိုးရမှာ အကန့်အသတ်တွေ ရှိနေနိုင်ပါတယ်။

မြေပုံ