ကန့်ကွက်အော်ဟစ်သံတွေနဲ့ ၁ နာရီ၊ ၄၇ မိနစ်ကြာ ထရမ့်ရဲ့နိုင်ငံ့အခြေပြမိန့်ခွန်း

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, အန်နာ ဖာဂိုင်း
- ရာထူးတာဝန်, ဝါရှင်တန်
- ဖတ်ရန်အချိန်: မိနစ် ၁၁
နိုင်ငံ့သမိုင်းတစ်လျှောက် အချိန်အကြာဆုံး နိုင်ငံအခြေပြမိန့်ခွန်းကို သမ္မတ ဒေါ်နယ်ထရမ့် တစ်ယောက် အမေရိကန်လွှတ်တော်မှာ ပြောသွားပါတယ်။ ဒီမိန့်ခွန်းထဲ အောင်နိုင်သူ တစ်ယောက်လို၊ တစ်ခါတလေမှာ တိုက်ပွဲဝင်နေသူတစ်ယောက်လို ပြောသွားတဲ့အချိန်ရှိခဲ့သလို သူ့ပါတီ ရီပတ်ဘလီကန်က အမတ်တွေရဲ့လုပ်ဆောင်ချက်ကို ချီးကျူးတာ၊ နောင် သူ ဘာဆက်လုပ်သွားဖို့ရှိတယ်ဆိုတာတွေကိုလည်း ပြောသွားပါတယ်။
သူ ဒုတိယအကြိမ် တာဝန်ထမ်းတဲ့သမ္မတသက်တမ်း တစ်နှစ်ပြည့်အဖြစ်ပြောတဲ့ ဒီမိန့်ခွန်းကို ကွန်ဂရက်လွှတ်တော်အမတ်တွေ၊ သူ့အစိုးရအဖွဲ့ဝင်တွေ၊ တရားရုံးချုပ်တရားသူကြီးတွေ၊ သူ့ မိသားစုအပြင် ဧည့်သည်တော်တွေလည်း တက်နားထောင်ခဲ့ကြပါတယ်။
အီရန်မှာ တင်းမာမှုဖြစ်နေချိန်၊ သမ္မတထရမ့် အခွန်တိုးကောက်တာကို နိုင်ငံ့တရားရုံးချုပ်က ကန့်သတ်လိုက်ပြီးချိန်၊ ကုန်ကျစရိတ်ကြီးနေလို့ အမေရိကန်လူထုကြား နေရေးစားရေး ပူပင်နေကြချိန်မှာ သမ္မတထရမ့်တစ်ယောက် လွှတ်တော်မှာ အခြေပြမိန့်ခွန်း တက်ပြောရတာပါ။
သန်းဆယ်ချီတဲ့အမေရိကန် လူထု စောင့်ကြည့်ခဲ့တဲ့အပြင် အမြင်မတူလို့ သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့ လွှတ်တော်ရှေ့မှောက်မှာ သမ္မတ ထရမ့် ပြောခဲ့တဲ့ ၁ နာရီ ၄၇ မိနစ်ကြာ မိန့်ခွန်းက ထူးခြားချက်တွေကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
၁. ခုံတဝက်လွတ်နေတဲ့ တရားရုံးချုပ်တရားသူကြီးတွေကိစ္စ အားလုံးအာရုံစိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတရဲ့နိုင်ငံတော် အခြေပြမိန့်ခွန်းကို တရားရုံးချုပ် တရားသူကြီးတွေ တက်ရောက် နားထောင်ကြပါတယ်။ ဒါဟာ ကမ္ဘာတလွှား အခွန်တိုးကောက်တဲ့ထရမ့်ဆုံးဖြတ်ချက်ကို ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့တရားသူကြီးတွေကို ထရမ့်တစ်ယောက် ဝေဖန်ပြောဆိုအပြီးတဲ့နောက်ပိုင်း သူနဲ့ တရားသူကြီးတွေ လူမြင်ကွင်းမှာ ပထမဆုံး တွေ့ဆုံကြတာဖြစ်ပါတယ်။
ပုံမှန်ဆို သမ္မတ ပြောလေ့ရှိတဲ့ နိုင်ငံအခြေပြမိန့်ခွန်းကို တရားရုံးချုပ် တရားသူကြီးတွေ လူစုံတက်စုံ တက်ရောက်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက် သမ္မတထရမ့်ရဲ့ နိုင်ငံအခြေပြ မိန့်ခွန်းကိုတော့ တရားသူကြီး ၉ ဦးထဲက ၄ ဦးပဲ တက်ရောက်ကြပါတယ်။ တရားသူကြီးချုပ် ဂျင် ရောဘတ်စ်၊ တရားသူကြီး အေမီ ကိုနီ ဘာရက်၊ အလီနာ ဂါဂန်နဲ့ ဘရက် ကဗနော့ တို့ တက်ရောက်ကြတာပါ။
ထရမ့်တစ်ယောက် လွှတ်တော်ခန်းမထဲ ဝင်လာတဲ့အခါ အမတ်အဖုံဖုံကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီးတဲ့နောက် ရှေ့ဆုံးတန်းက တရားသူကြီးတွေဆီရောက်ပါတယ်။ စင်မြင့်ထက်ဆီ မတက်ခင်မှာ ထရမ့်ဟာ ထုံစံအရ တရားသူကြီးချုပ် ရောဘတ်စ်ကို လက်ဆွဲနှုတ်ဆက်ရပါတယ်။ ဒါပေမဲ့ နှစ်ဦးစလုံး ဖက်လှဲတကင်း မရှိလှပါဘူး။ တရားသူကြီးချုပ် ရောဘတ်စ်အပါအဝင် တရားသူကြီး ၆ ဦးက သူ့ရဲ့အခွန်တိုးကောက်မှုတွေကို ဆန့်ကျင်တဲ့အမိန့်ကို ဆုံးဖြတ်ခဲ့တာအတွက် ထရမ့် တစ်ယောက် တုံ့ပြန်ခဲ့ပြီးဖြစ်တာကြောင့် အခြေအနေ အနည်မထိုင်ကြသေးတဲ့ပုံပါ။
နောက်တော့ ထရမ့်ဟာ သူ့ရဲ့ အခွန်တိုးကောက်တဲ့မူဝါဒအကြောင်းကို မိန့်ခွန်းထဲ ပြောတဲ့အခါမှာ ထရမ့်တစ်ယောက် တရားသူကြီးတွေကို ပြစ်တင်ဝေဖန်ပါတယ်။ ဒီတစ်ကြိမ်တော့ အရင့်အရင် သူပြောတုန်းကလို ပြင်းပြင်းထန်ထန်တော့ မပြောပါဘူး။ ဒီအချိန်မှာ ခန်းမထဲက ကင်မရာဟာ သူ့ရဲ့ ပထမတစ်ခေါက် သမ္မတ သက်တမ်းမှာ အဆိုပြုခံခဲ့ရသူ တရားသူကြီး အေမီ ကိုနီ ဘက်နက်ကို ရိုက်ပြပါတယ်။ သူဟာ ထရမ့်ရဲ့အခွန်တိုးကောက်တဲ့ကိစ္စကို ကန့်ကွက်ကြောင်း မဲပေးခဲ့သူလည်းဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့်တစ်ယောက် သူအခွန်တိုးကောက်တာကို တရားရုံးချုပ်က ကန့်ကွက်တဲ့ကိစ္စဟာ ''စိတ်ပျက်စရာကောင်း'' ပြီး ''အကြောင်းမလှ'' ခဲ့ဘူးလို့ လွှတ်တော်ခန်းမရှေ့ သူ့တည့်တည့်က ရှေ့တန်းမှာ ထိုင်နေတဲ့ တရားသူကြီးတွေဘက်ကို စိုက်ကြည့်ပြီး ပြောနေချိန်မှာ တရားသူကြီး အေမီ ကိုနီ ဘတ်နက်တစ်ယောက် သူ့အပြောကို လိုက်မခံစားတဲ့ပုံ မျက်နှာပေးဖြစ်နေပါတယ်။
ထရမ့်က သူ့ရဲ့ ကုန်သွယ်ခွန် မူဝါဒ ဆက်ပြီးအကောင်အထည်ဖော်နိုင်အောင် တခြားဥပဒေဘက်ကိုလည်း ထည့်တွက်ကြည့်မယ်လို့ ပြောပါတယ်။ အဲဒီကုန်သွယ်ခွန်မူဝါဒထဲမှာ မကြာသေးခင်တုန်းကမှ သူထပ်ကြေညာတဲ့ ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်း ကိစ္စလည်း ပါဝင်ပါတယ်။
အဲဒီအခွန်နှုန်းထားသစ်ဟာ ဘယ်တုန်းကမှ အသုံးမပြုခဲ့ဖူးတဲ့ ပုဒ်မ ၁၂၂ အရ သမ္မတ ထရမ့် လက်မှတ်ထိုးလိုက်တဲ့အမိန့်ဖြစ်ပါတယ်။ ဒီပုဒ်မဟာ သမ္မတကို အခွန် ၁၅ ရာခိုင်နှုန်း ကောက်ယူခွင့် ရက်ပေါင်း ၁၅၀ အထိကြာအောင် လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမေရိကန် လွှတ်တော်က ဝင်ပါနိုင်ခြေရှိပါတယ်။
ထရမ့်ကတော့ ''လွှတ်တော်ဘက်က ပါဝင်ဖို့ရာ လိုအပ်မှာမဟုတ်ဘူး'' လို့ သူ့ မိန့်ခွန်းထဲထည့်ပြောပါတယ်။ ပြီးတော့ အခွန်ဟာ ဝင်ငွေခွန်နေရာမှာ အစားထိုးမှာလို့လည်း သူက ပြောပါတယ်။
၂ - လွှတ်တော်ခန်းမထဲ ဒီမိုကရက် အမတ်တွေရဲ့ ထပ်မံ ကန့်ကွက်သံ

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
သမ္မတ ထရမ့် တစ်ယောက် လွှတ်တော်ခန်းမထဲ နိုင်ငံအခြေပြမိန့်ခွန်းပြောတဲ့အခါ အတိုက်အခံပါတီအမတ်တွေဘက်က ကန့်ကွက်ဆန္ဒပြခံရတာ တစ်ကြိမ်မကတော့ပါဘူး။
ဒီမိုကရက်ပါတီဘက်က ခေါင်းဆောင်ပိုင်းတွေအပါအဝင် လွှတ်တော်အမတ်တွေဟာ ထရမ့်ရဲ့ မိန့်ခွန်းကို တက်နားမထောင်ကြသလို သမ္မတနဲ့ သူလုပ်မယ့်အစီအစဉ်တွေကို ကန့်ကွက်ကြောင်း ပြဖို့ လူစုစုဖြစ်ခဲ့ပါတယ်။
လွှတ်တော်ခန်းမထဲမှာတော့ ကင်မရာနဲ့ရိုက်ထားတဲ့ ဘယ်မြင်ကွင်းကိုပဲ ကြည့်ကြည့် တစ်ဖက်ခြမ်းမှာ ဒီမိုကရက်အမတ်တွေ ထိုင်ရမယ့်ခုံတွေမှာ လူလွတ်နေတာကို ထင်းထင်းကြီး မြင်ရပါတယ်။
ခန်းမထဲ ရောက်နှင့်နေပြီးသား ဒီမိုကရက်အချို့ကလည်း သမ္မတကို သူတို့နည်း သူတို့ဟန်နဲ့ ဆန္ဒ ပြခဲ့ကြပါတယ်။
တက္ကဆက်ပြည်နယ် လွှတ်တော်အမတ် အယ်လ် ဂရင်းဆိုရင် သမ္မတ ထရမ့် မိန့်ခွန်းမပြောခင်လေးမှာပဲ လွှတ်တော်ခန်းမထဲကနေ လုံခြုံရေးရဲ့ခေါ်ထုတ်တာ ခံခဲ့ရပါတယ်။ ထရမ့်တစ်ယောက် လွှတ်တော်ခန်းမထဲ ဝင်လာချိန်မှာ ဂရင်းက ''လူမည်းတွေဟာ လူဝံတွေ မဟုတ်ဘူး'' ဆိုတဲ့ အဖြူရောင်ပေါ် အမည်းရောင်စာလုံးနဲ့ရေးထားတဲ့ စာတန်းကို ကိုင်ပြီး ဆန္ဒဖော်ထုတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီစာတန်းဟာ သမ္မတထရမ့်တစ်ယောက် သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ တင်ပြီး မကြာခင်မှာပဲ ပြန်ဖျက်သွားတဲ့ လူမျိုးရေးခွဲခြားမှု ရုပ်သံကို ရည်ညွှန်းပုံရပါတယ်။ အဲဒီရုပ်သံထဲမှာ သမ္မတ ဟောင်း ဘားရတ် အိုဘားနဲ့ သူ့ဇနီး သမ္မတဟောင်းကတော် မီရှဲ အိုဘားမားတို့ကို လူဝံတွေအဖြစ် ပြထားတာဖြစ်ပါတယ်။
ဒီစာတန်းနဲ့ လွှတ်တော်အမတ်တွေက သူ့ကို ပြန်လည် အော်ဟစ်တာတွေကြောင့် သူဟာ လွှတ်တော်ခန်းမထဲကနေ ခေါ်ထုတ်ခံရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ထရမ့် မိန့်ခွန်းပြောတုန်းကလည်း သူဟာ ထရမ့်ကို အော်ဟစ်ပြောဆိုခဲ့တာတွေကြောင့် ခန်းမထဲကနေ ခေါ်ထုတ်ခံရဖူးပါတယ်။
မင်နီဆိုတာပြည်နယ်က ဒီမိုကရက် လွှတ်တော်အမတ် အီလ်ဟန် အိုမာကလည်း မင်နီဆိုတာက ဆိုမာလီ- အမေရိကန် အသိုက်အဝန်းမှာဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လိမ်လည်မှုစွပ်စွဲချက်ကို ရည်ညွှန်းပြောတဲ့အပြောမျိုးကို ထရမ့် ပြောတဲ့အခါ အော်ပြီး ကန့်ကွက်ပြောဆိုခဲ့ပါတယ်။
ထရမ့်က သူ့ဘက်ကို လှည့်စကားပြောချိန်မှာ သူက ''ဒါ အလိမ်အညာစကားပဲ။ ရှင်က လူလိမ်'' လို့ အော်ပြောခဲ့ပါတယ်။
သူဟာ မီရှီဂန်ပြည်နယ်က ဒီမိုကရက်အမျိုးသမီး လွှတ်တော်အမတ် ရာရှီဒါ တာလိနဲ့အတူ ထိုင်နေတာဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ သမ္မတထရမ့်ရဲ့ မိန့်ခွန်းတလျှောက်မှာ ထရမ့်ကို ကန့်ကွက် အော်ပြောခဲ့ကြပါတယ်။
၃- 'U-S-A, U-S-A' ဆိုပြီး မျိုးချစ်စိတ်ပြတဲ့သံပြိုင်ကြွေးကြော်မှု

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အမေရိကန် အမျိုးသားဟော်ကီအဖွဲ့ဟာ အောက်လွှတ်တော် ခန်းမထဲကို ရုပ်ရှင်ပြကွက်တစ်ခုလိုပဲ ဝင်လာကြပါတယ်။ သမ္မတထရမ့် မိန့်ခွန်းပြောကြားနေတာကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ သတင်းသမားတွေ သတင်းယူနေတဲ့ လွှတ်တော်ခန်းမထိုင်ခုံတွေရှိရာ အမြင့်ပိုင်းကနေ ခန်းမထဲ ဝင်လာတာပါ။
သူတို့ ဝင်လာချင်းချင်းမှာပဲ ဧည့်ပရိသတ်က လက်ခုပ်လက်ဝါးတီးပြီး U-S-A လို့ ကြွေးကြော် အားပေးကြပါတယ်။
အမေရိကန်အမျိုးသား ဟော်ကီအသင်းဟာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ အချိန်ပို ကစားပြီး ရွှေဆုရခဲ့တာပါ။
ခန်းမအထက်ကို မော်ကြည့်ရင်း သမ္မတ ထရမ့်က ဒီအသင်းရဲ့အောင်မြင်မှုကို ချီးကျူးပါတယ်။ အသင်းခေါင်းဆောင်ကိုလည်း အရပ်သားတွေကို ပေးတဲ့အမြင့်ဆုံးဂုဏ်ပြုဆု Presidential Medal of Freedom ပေးမယ်လို့ ကြေညာပါတယ်။
တနင်္ဂနွေနေ့တုန်းကတော့ ဒီအသင်းဟာ သူတို့ရဲ့အောင်မြင်မှုကို အဝတ်လဲနားနေခန်းထဲမှာ FBI ညွှန်ကြားရေးမှု ကတ်ရှ် ပတ်တဲလ်နဲ့အတူ အောင်ပွဲခံပါတယ်။ အဲဒီတုန်းက ပတ်တဲလ်က ထရမ့်ကို ဖုန်းစပီကာနဲ့စကားပြောပြီး အသင်းကို ဂုဏ်ပြုစကားပြောစေခဲ့ပါတယ်။
သမ္မတရဲ့မိန့်ခွန်းထဲမှာ ဟော်ကီအသင်းကို ဝါရှင်တန်ကို လာဖို့နဲ့ သူ့ရဲ့နိုင်ငံအခြေပြမိန့်ခွန်းပြောပွဲကို ဖိတ်ကြားတာကိုလည်း ထည့်ပြောပါတယ်။ အဲဒီနောက် ထရမ့်ဟာ အခုတော့ အငြင်းပွားစရာဖြစ်နေတဲ့မှတ်ချက်စကားတစ်ခွန်းကို ပြောပါတယ်။ ''ဒါနဲ့ပြောရဦးမယ်၊ ကျွန်တော်တို့ အမျိုးသမီးအသင်းကိုလည်း ခေါ်ဦးမှာ။ ခင်ဗျားတို့ အဲဒါကို သိလား''
သမ္မတက သူသာ အမျိုးသမီးအသင်းကို မဖိတ်ကြားဘူးဆိုရင် ''ကျွန်တော့်ကို ရာထူးကနေ ဆင်းပေးဖို့ စွပ်စွဲပြစ်တင်တာမျိုး လုပ်ချင်လုပ်နေမှာ'' လို့ ပြောပါတယ်။
ဒီမှတ်ချက်စကားဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ ဒါကိုလည်း ထရမ့်က သတိထားမိပြီး ရွှေတံဆိပ်ဆုရတဲ့အမေရိကန် အမျိုးသမီးဟော်ကီအသင်းကို သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ မကြာခင်မှာပဲ အမျိုးသမီးအသင်းကိုလည်း ဖိတ်ကြားထားလို့ အိမ်ဖြူတော်ကို လာဖို့ရှိတယ်လို့ သူက ပြောပါတယ်။
ထရမ့်ရဲ့ မိန့်ခွန်းတလျှောက်လုံးမှာ နေရာယူထားတာက မျိုးချစ်ဝါဒဖြစ်ပါတယ်။ အခုနွေမှာ နိုင်ငံတည်ထောင်မှု နှစ်ပေါင်း ၂၅၀ ပြည့်အခမ်းအနားကို ကျင်းပဖို့ရှိတယ်လို့လည်း သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို နိုင်ငံထဲက ကွဲပြားမှုတွေရှိနေတယ်ဆိုတာကို ပြသဖို့ သူ သုံးပါတယ်။
သူ့မိန့်ခွန်းတစ်နေရာမှာ သူက ပရိသတ်ထဲကို မေးပါတယ်။ သူ့အပြောကို သဘောတူရင် အားလုံး မတ်တပ်ရပ်ပါလို့လည်း သူက ပြောပါတယ်။ ''အမေရိကန်အစိုးရတစ်ရပ်အနေနဲ့ ပထမဆုံး လုပ်ရမယ့် တာဝန်က အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ပါ။ ပြည်ပကနေ ဝင်လာတဲ့တရားမဝင်နိုင်ငံခြားသားတွေကို ကာကွယ်ဖို့ မဟုတ်ပါဘူး''
အဲဒီအချိန်မှာ ခန်းမထဲက ကင်မရာတွေအားလုံးဟာ မတ်တပ်ရပ်ပြီး သြဘာပေးကြတဲ့ ရီပတ်ဘလီကန်အမတ်တွေကို ရိုက်ကူးပြပါတယ်။ ဒီအချိန်မှာ အခန်းတွင်း တစ်ဖက်ခြမ်းမှာတော့ မလှုပ်မယှက် ထိုင်နေကြပါတယ်။
ထရမ့်ဟာ သူ့အစိုးရရဲ့လုပ်ဆောင်ချက်တွေနဲ့ မူဝါဒပိုင်အောင်မြင်မှုတွေကို မိန့်ခွန်းထဲ တစ်ခုချင်း ၀ံ့ဝံ့ကြွားကြွား ပြောတဲ့အခါတိုင်းမှာ ဒီမိုကရက်အမတ်တွေဘက်က မတ်တပ်ရပ်တာ အားပေးထောက်ခံတာ လက်ခုပ်တီးတာမျိုးမရှိတာကို ထရမ့်က အကြိမ်ကြိမ် အမှတ်ရနေပါတယ်။
''ဒီလူတွေ ရူးနေကြပြီဗျ။ ကျွန်တော်ပြောမယ်။ ဒီလူတွေ စိတ်မမှတ်ကြဘူး'' လို့ သူက မိန့်ခွန်းတစ်နေရာမှာ ဒီမိုကရက်တွေကို ရည်ညွှန်းပြောဆိုသွားပါတယ်။











