အမေရိကန်နိုင်ငံတည်ထောင်ဖို့ သမိုင်းတစ်လျှောက် ဝယ်ခဲ့တဲ့နယ်မြေများ

အမေရိကန် အလံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဂွီလာမို ဒီ အိုလ်မို
    • ရာထူးတာဝန်, ဘီဘီစီ မွန်ဒို
  • ဖတ်ရန်အချိန်: မိနစ် ၁၃

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အာတိတ်ဒေသက ဒိန်းမတ်ပိုင် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်တဲ့ ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ စောင့်ကြည့်နေချိန်မှာပဲ မြေတွေဝယ်ပြီး နယ်မြေချဲ့ထွင်ခဲ့တဲ့ အမေရိကန်ရဲ့ သမိုင်းကြောင်းကို သမိုင်းပညာရှင်တွေက ပြန်သုံးသပ်လာပါတယ်။

"အတိတ်တုန်းကလည်း ဂရင်းလန်းလိုပဲ၊ အမေရိကန်အစိုးရက ဒီနယ်မြေတွေကို တခြားအင်အားကြီးနိုင်ငံတွေလက်ထဲ ရောက်မသွားခင် သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ အကြောင်းပြခဲ့ဖူးပါတယ်" လို့ မစ်ဆိုရီတက္ကသိုလ်က သမိုင်းပညာရှင် ဂျေး ဆက်စတန်က ပြောပါတယ်။

ထရမ့်က လုံခြုံရေးအရ အမေရိကန်အနေနဲ့ ဂရင်းလန်းကို "ပိုင်ဆိုင်" ဖို့ လိုအပ်တယ်လို့ အခိုင်အမာ ပြောဆိုနေပြီး တစ်ချိန်က "အင်အားသုံး" လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ "ချက်ချင်း ညှိနှိုင်းမှုတွေ" လုပ်ဆောင်ချင်ပြီး "အင်အားသုံးမှာ မဟုတ်ဘူး" လို့ ပြောနေပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုအတွင်း အမေရိကန်နိုင်ငံက နယ်နိမိတ်တွေ တိုးချဲ့ခဲ့တဲ့ အထင်ရှားဆုံး မြေယာဝယ်ယူမှုတချို့ကို ဖော်ပြပါမယ်။

အမေရိကန်ဝယ်ယူခဲ့တဲ့နယ်မြေများ မြေပုံ

လူဝီစီယားနား ဝယ်ယူမှု (၁၈၀၃)

၁၈၀၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံဆီကနေ လူဝီစီယားနား နယ်မြေကို ဝယ်ဖို့ သမ္မတ သောမတ်စ် ဂျက်ဖာဆင်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်အတွက် အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။

စတုရန်းကီလိုမီတာ ၂,၀၀၀,၀၀၀ ကျော် ကျယ်ဝန်းတဲ့ လူဝီစီယားနား ဝယ်ယူမှုဟာ နိုင်ငံသစ်အတွက် ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပြီး ကုန်းမြေ အင်အားကြီးနိုင်ငံအဖြစ် နယ်မြေချဲ့ထွင် ပြောင်းလဲလာစေခဲ့ပါတယ်။

လူဝီစီယားနား ကိုလိုနီနယ်မြေဟာ မြောက်အမေရိကမှာရှိတဲ့ ပြင်သစ်ရဲ့အကြီးဆုံးနယ်မြေဖြစ်ခဲ့ပါတယ်။

၁၈၀၃ မှာ ပြင်သစ်ဆီက ဝယ်ယူခဲ့တဲ့ လူဝီစီးယားနား နယ်မြေ အကျယ်အဝန်းကို ဖော်ပြထားတဲ့ အမေရိကန်ပြည်ထောင်စု မြေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈၀၃ မှာ ပြင်သစ်ဆီက လူဝီစီးယားနား နယ်မြေကို ဝယ်ယူခဲ့တာဟာ နုပျိုသေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အဓိက နယ်မြေချဲ့ထွင်မှု ဖြစ်ခဲ့ပါတယ်

ဒါပေမဲ့ ပြင်သစ်ထိန်းချုပ်ထားတဲ့ စိန့်ဒိုမင်းဂူကျွန်း (အခု ဟေတီလို့ သိကြတဲ့)မှာ ကျေးကျွန်တော်လှန်ရေးတွေ ထပ်တလဲလဲ ဖြစ်တာနဲ့ ဗြိတိန်နဲ့ စစ်ဖြစ်နိုင်တဲ့ အန္တရာယ်တွေကြောင့် ပြင်သစ်ခေါင်းဆောင် နပိုလီယံ ဘိုနာပတ်က အမေရိကန်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၁၈၀၃ ခုနှစ်မှာ ပြင်သစ်ဆီက လူဝီစီယားနားကို ဝယ်ယူတာဟာ နုပျိုသေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အဓိကနယ်မြေချဲ့ထွင်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်က လူဝီစီယားနားဟာ အခုခေတ် ပြည်နယ်ထက် အများကြီး ပိုကျယ်ပါတယ်။ မစ္စစ္စပီမြစ်နဲ့ ရော့ကီးတောင်တန်းကြားမှာ ရှိတဲ့ လက်ရှိ ပြည်နယ် ၁၅ ခုလောက် ပါပါတယ်။

ဒီမြေကို ပိုင်ဆိုင်ဖို့က ဂျက်ဖာဆင်ရဲ့အနောက်ဘက် နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်အတွက် အဓိကသော့ချက် ဖြစ်ခဲ့ပြီး အဲဒါက အမေရိကန်ရဲ့အနာဂတ်လို့ သူက ယုံကြည်ခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်အစိုးရတို့ဟာ ၁၈၀၃ နိုဝင်ဘာလမှာ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အမေရိကန်က လူဝီစီယားနားအတွက် ဒေါ်လာ ၁၅ သန်း ပေးချေခဲ့ပြီး ဒါဟာ ဒီနေ့ခေတ် တန်ဖိုး ဒေါ်လာ သန်း ၄၀၀ ကျော်နဲ့ ညီမျှပါတယ်။

ဒီလိုကြီးမားတဲ့နယ်မြေ ရယူမှုကြောင့် နိုင်ငံရဲ့အရွယ်အစား နှစ်ဆနီးပါး ကြီးသွားခဲ့ပါတယ်။

မက္ကဆီကို နယ်မြေစွန့်လွှတ်မှု (၁၈၄၈)

၁၈၄၀ ပြည့်လွန်နှစ်တွေမှာတော့ အမေရိကန်ပြည်သူ အများစုက ပစိဖိတ်ကမ်းခြေအထိ အနောက်ဘက်ကို နယ်မြေချဲ့ထွင်ဖို့က သူတို့ရဲ့ "ဘုရားပေးတဲ့ ကံကြမ္မာ"လို့ ယုံကြည်လာကြပါတယ်။

ဒါကို နောက်ဆုံးမှာ မက္ကဆီကိုနိုင်ငံက ပေးဆပ်လိုက်ရပါတယ်။

အမေရိကန်အလံ အရောင်တွေအတိုင်း ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည် ဗိုက်ရွှဲရွှဲ အမျိုးသားကြီးတစ်ယောက်ကို အပ်ချုပ်သမားတစ်ယောက်က ကိုယ်တိုင်းတိုင်းနေတာကို ပြထားတဲ့ အဲဒီခေတ်က သတင်းစာထဲမှာ ပါခဲ့တဲ့ ကာတွန်းတစ်ခု။
အိုးကြီးတွေနဲ့ ဇွန်းတွေကို ကိုင်ဆောင်ထားတဲ့ တခြားအမျိုးသားသုံးယောက် အခန်းထဲကို ဝင်လာကြပါတယ်။ အဲဒီအိုးတွေထဲက တစ်လုံးမှာ "နယ်မြေချဲ့ထွင်မှု ဆန့်ကျင်ရေး မူဝါဒ" လို့ ရေးထားတဲ့ စာတန်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမိုင်းတစ်လျှောက် စစ်ပွဲတွေနဲ့ နယ်မြေသိမ်းမှုတွေက အန်ကယ်ဆမ်ကို ပိုဖွံ့ဖြိုးတောင့်တင်းလာစေပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် နယ်နိမိတ် ချဲ့ထွင်ရေးကို ပြင်းပြင်းထန်ထန် ထောက်ခံသူတစ်ဦးကတော့ သမ္မတ ဂျိမ်းစ် ကေ ပုခ်ပါ။

၁၈၃၆ ခုနှစ်မှာ မက္ကဆီကိုဆီက လွတ်လပ်ရေးရခဲ့တဲ့ တက္ကဆက်ကို ထိန်းချုပ်ဖို့ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုကို သူက ဆက်ခံခဲ့ရပါတယ်။ ဒါကို ၁၈၄၅ ခုနှစ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဆက်ခံခဲ့ရတာပါ။

အမေရိကန်က ၁၈၄၅ ခုနှစ်မှာ တက္ကဆက်ကို သိမ်းပိုက်ခဲ့ပြီး အမေရိကန် ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်တစ်နှစ်မှာ အမေရိကန်နဲ့ မက္ကဆီကိုတပ်တွေကြား ထိပ်တိုက်တွေ့မှု ဖြစ်ပြီးနောက် လွှတ်တော်က မက္ကဆီကိုအပေါ် စစ်ကြေညာဖို့ အတည်ပြုခဲ့ပေမဲ့ ပဋိပက္ခရဲ့အကြောင်းရင်းတွေကတော့ ပိုနက်ရှိုင်းပါတယ်။

"အဲဒီတုန်းက မက္ကဆီကိုကပိုင်ပြီး အမေရိကမှာ စီးပွားရေးအရ အတက်ကြွဆုံး နယ်မြေတစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးယားကို အမေရိကန်က စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီမှာ အာရှနဲ့ ကုန်သွယ်ဖို့အတွက် အင်မတန်အရေးပါတဲ့ ရေနက်ဆိပ်ကမ်းတွေ ရှိနေလို့ပါ" လို့ သမိုင်းပညာရှင် ဂျေး ဆက်စတန်ရဲ့အဆိုအရ သိရပါတယ်။

ဒါပေမဲ့ ဘယ်မက္ကဆီကို အစိုးရကမှ ကယ်လီဖိုးနီးယားကို ရောင်းဖို့ သဘောတူမှာ မဟုတ်သလို ရောင်းရင်လည်း အာဏာဆက်တည်မြဲဖို့ မမျှော်လင့်နိုင်ဘူးလို့ ဆက်စတန်က ရှင်းပြပါတယ်။

အထိနာသွားတဲ့ မက္ကဆီကိုတပ်ဖွဲ့တွေကို အမေရိကန်တပ်တွေကက အသာစီး ထိုးစစ်ဆင်နေတာကို ပြထားတဲ့ အဲဒီခေတ် သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈၄၈ မှာ မက္ကဆီကိုနဲ့ ဖြစ်ပွားတဲ့စစ်ပွဲမှာ အနိုင်ရခဲ့တာက အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ တောင်ဘက်အိမ်နီးချင်းနိုင်ငံကို ထိခိုက်နစ်နာစေပြီး နယ်မြေချဲ့ထွင်ခွင့် ရခဲ့ပါတယ်

ဒါပေမဲ့ ၁၈၄၈ မှာ မက္ကဆီကိုနဲ့ ဖြစ်တဲ့စစ်ပွဲမှာ အနိုင်ရခဲ့တာက အမေရိကန်ကို တောင်ဘက် အိမ်နီးချင်းနိုင်ငံရဲ့နယ်မြေတွေကို ချဲ့ထွင်နိုင်စေခဲ့ပါတယ်။

အမေရိကန်တွေ စစ်နိုင်ပြီးနောက် နိုင်ငံနှစ်ခုဟာ ၁၈၄၈ မှာ ဂွါဒီလူးပေး ဟီဒါလ်ဂို စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

အမေရိကန်ဟာ နယ်မြေအတွက် ဒေါ်လာ ၁၅ သန်း ပေးချေခဲ့ရပြီး အဲဒါဟာ ဒီနေ့ခေတ် တန်ဖိုးနဲ့ ဒေါ်လာ ၆၁၅ သန်းလောက် ရှိပါတယ်။

အဲဒီနယ်မြေထဲမှာ လက်ရှိ ကယ်လီဖိုးနီးယား၊ နီဗားဒါးနဲ့ ယူးတား ပြည်နယ်တွေအပြင် အရီဇိုးနား၊ ကော်လိုရာဒို၊ နယူးမက္ကဆီကိုနဲ့ ဝိုင်ယိုးမင်း ပြည်နယ်တွေရဲ့ နယ်မြေတချို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဆက်စတန် ထောက်ပြသလိုပဲ မက္ကဆီကိုဘက်က စစ်သာမရှုံးခဲ့ရင် မြေကို ရောင်းချင်မှာ မဟုတ်ပါဘူး။

"ဒါဟာ သေနတ်ထောက်ပြီး ရောင်းခိုင်းတာပါပဲ" လို့ သူက ပြောပါတယ်။

အချုပ်အားဖြင့် မက္ကဆီကိုဟာ စစ်မဖြစ်ခင်က ပိုင်ခဲ့တဲ့ နယ်မြေ ထက်ဝက်ကျော်ကို လွှဲပြောင်းပေးခဲ့ရပြီး အမေရိကန်ကတော့ စတုရန်းကီလိုမီတာ ၁,၃၆၀,၀၀၀ နီးပါး ရသွားခဲ့ပါတယ်။

လာ မီစီယာ ရောင်းချမှု (၁၈၅၃)

၁၈၄၈ မှာ မက္ကဆီကို-အမေရိကန် စစ်ပွဲ ပြီးသွားပေမဲ့ နိုင်ငံနှစ်ခုကြား တင်းမာမှုတွေက ဆက်ရှိနေခဲ့ပါတယ်။

၁၈၅၄ မှာ အပြီးသတ်ခဲ့တဲ့ သဘောတူညီချက်အရ အစိုးရနှစ်ခုဟာ နောက်ပိုင်းမှာ အရီဇိုးနားနဲ့ နယူးမက္ကဆီကိုရဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် တောင်ဘက်က မက္ကဆီကို နယ်မြေကျဉ်းလေးကို ရောင်းဖို့ သဘောတူခဲ့ကြပါတယ်။

မက္ကဆီကိုမှာ 'ဗန်တာ ဒီ လာ မီစီယာ' လို့ သိကြပြီး အမေရိကန်မှာ 'ဂတ်စဒင် ဝယ်ယူမှု' လို့ သိကြတဲ့ ဒီသဘောတူညီချက်ဟာ တစ်နည်းအားဖြင့် အမေရိကန်က တိုက်ကြီးတွေကို ဖြတ်သန်းမယ့် ရထားလမ်း ဖောက်လုပ်ချင်တာကြောင့်ဖြစ်ပြီး တစ်ဖက်မှာတော့ မက္ကဆီကိုအစိုးရ ရင်ဆိုင်နေရတဲ့ စီးပွားရေး အခက်အခဲတွေကြောင့် ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ စတုရန်းကီလိုမီတာ ၇၆,၉၀၀ နီးပါးရှိတဲ့ မြေအတွက် ဒေါ်လာ ၁၀ သန်း ပေးချေခဲ့ရပါတယ်။ ဒါဟာ ဒီနေ့ခေတ် ဒေါ်လာ ၄၂၁ သန်း နီးပါး တန်ဖိုးရှိပါတယ်။

အဲဒါက လက်ရှိ အမေရိကန်ရဲ့ တောင်ဘက် နယ်နိမိတ် ဖြစ်လာခဲ့ပါတယ်။

ရုရှားဆီက အလာစကာကို ဝယ်ယူမှု (၁၈၆၇)

၁၈၆၇ မှာ ရုရှားအင်ပါယာဆီကနေ အလှမ်းဝေးတဲ့ အာတိတ်နယ်မြေ အလက်စကားကို ဝယ်ယူဖို့ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဆီးဝပ်ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို လူအများစုက နားမလည်နိုင်ခဲ့ကြပါဘူး။

အလာစကာဟာ မြောက်အမေရိကကို ဗြိတိန်တွေ ဝင်ရောက်စွက်ဖက်တာကို တားဆီးပေးနိုင်မှာဖြစ်သလို၊ အမေရိကန်အတွက် ပစိဖိတ်သမုဒ္ဒရာထဲက ကြွယ်ဝတဲ့ ငါးဖမ်းကွက်တွေကို ရစေမှာ ဖြစ်တာကြောင့် မဟာဗျူဟာမြောက် တန်ဖိုးရှိတယ်လို့ ဆီးဝပ်က ယုံကြည်ခဲ့ပါတယ်။

ရုရှားကတော့ အုပ်ချုပ်ရစရိတ်ကြီးပြီး အဲဒီအချိန်က အဓိကပြိုင်ဘက်ဖြစ်တဲ့ ယူကေရဲ့ တိုက်ခိုက် ခံရနိုင်ခြေရှိတဲ့ တန်ဖိုးနည်းတဲ့ နယ်မြေတစ်ခုကို ဖယ်ရှားလိုက်ရတယ်လို့ ယူဆခဲ့ပါတယ်။

စက်ခေါင်းပေါ်မှာ အလက်စကား လို့ ရေးထားတဲ့ အနက်နဲ့ အဝါရောင် ရထားတစ်စင်းဟာ ပင်လယ်လို့ ယူဆရတဲ့ နေရာရဲ့ ဘေးမှာ ရှိနေပါတယ်။ တခြားတစ်ဖက်မှာတော့ တောင်တန်းတစ်ခုကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Al Drago / Getty

ဓာတ်ပုံ ပုံစာ, အခုအခါမှာ ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်ဖို့ ကြိုးပမ်းနေသလိုပဲ အမေရိကန်ပြည်ထောင်စုဟာ အရင်တုန်းက အလာစကာနယ်မြေကို ဝယ်ပြီး အာတိတ်ဒေသနယ်မြေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အခု ထရမ့်က ဂရင်းလန်းအရေး ကြိုးစားနေသလိုပဲ၊ အမေရိကန်ဟာ အလာစကာနဲ့အတူ အာတိတ်နယ်မြေကို ရယူနိုင်ခဲ့ပါတယ်။

ဆီးဝပ်က စတုရန်းကီလိုမီတာ ၁,၅၅၄,၀၀၀ ရှိတဲ့ မြေကို ရုရှားဆီကနေ ဒေါ်လာ ၇.၂ သန်း (ဒီနေ့ခေတ် ဒေါ်လာ ၁၅၈ သန်းခန့်) နဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရခဲ့ချိန်မှာ အမေရိကန်ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ မကြိုဆိုခဲ့ကြပါဘူး။

သူ့ရဲ့ ပြိုင်ဘက်တွေက "ဆီးဝပ်ရဲ့ မိုက်မဲမှု" လို့ အမည်တပ်ခဲ့ကြတဲ့ ဒီသဘောတူညီချက်ဟာ အမေရိကန်က အသုံးမဝင်တဲ့မြေကို ဝယ်လိုက်တယ်လို့ တချို့က ယုံကြည်ကြတာကြောင့် အတော်လေး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ဝေဖန်မှုတွေ ရှိပေမဲ့လည်း လွှတ်တော်က ဝယ်ယူရေး သဘောတူညီချက်ကို အတည်ပြုခဲ့ပြီး အလာစကာဟာ အမေရိကန်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၉ ခုနှစ်အထိတော့ ပြည်နယ်တစ်ခု ဖြစ်မလာသေးပါဘူး။

နောက်ဆုံးမှာတော့ ရွှေနဲ့ ရေနံသိုက်ကြီးတွေ ရှာဖွေတွေ့ရှိမှုကြောင့် အလာစကာမှာ ဆီးဝပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အကျိုးအမြတ် ဖြစ်ထွန်းခဲ့ပြီး စစ်အေးတိုက်ပွဲအတွင်း စစ်ရေးအရလည်း အရေးပါတဲ့ ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အလက်စကား နယ်မြေကို ဝယ်ယူဖို့ လက်မှတ်ရေးထိုးနေတာကို ပြသထားတဲ့ အဲဒီခေတ် သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈၆၇ မှာ ရုရှားဆီက အလာစကာနယ်မြေကို ဝယ်ဖို့ လက်မှတ်ရေးထိုးခဲ့တာဟာ အမေရိကန်ပြည်ထောင်စုအတွင်း ဝေဖန်မှု အများကြီးကို ပေါ်ထွက်စေခဲ့ပါတယ်

ဗာဂျင်းကျွန်းစုများကို ဝယ်ယူမှု(၁၉၁၇)

အမေရိကန်က နောက်ဆုံးအကြိမ် နယ်မြေဝယ်ယူခဲ့တာကတော့ ဒိန်းမတ်နိုင်ငံဆီက ဖြစ်ပါတယ်။

အဲဒီအချိန်က ဒိန်းမတ်အနောက်အင်ဒီကျွန်းစုလို့ သိကြတဲ့ ကာရစ်ဘီယံပင်လယ်ထဲက ကျွန်းစုတွေကို ၁၉ ရာစု အလယ်လောက်ကတည်းက အမေရိကန် မဟာဗျူဟာသမားတွေက လိုချင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝီလျံ ဆီးဝပ်ကပဲ ဒီနယ်မြေကို ငြိမ်းချမ်းစွာ နယ်မြေချဲ့ထွင်ရေး အစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် မြင်ခဲ့တာပါ။

နုခ်မြို့ မှာ ပြုလုပ်တဲ့ ထရမ့်ရဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ဂရင်းလန်းအလံတွေနဲ့ ‘ဂရင်းလန်းဟာ ရောင်းရန်မဟုတ်ပါ’ လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာတန်းကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Sean Gallup/Getty

ဓာတ်ပုံ ပုံစာ, ဂရင်းလန်းကျွန်းသားတွေက သူတို့ဟာ အမေရိကန် နယ်မြေ ချဲ့ထွင်မှုရဲ့ ဝယ်ယူမှုတစ်ခု မဖြစ်လိုကြဘူးလို့ စစ်တမ်းတွေမှာ ဖြေကြပါတယ်။

ဂရင်းလန်းက လူတွေကတော့ အမေရိကန်ရဲ့ နယ်မြေချဲ့ထွင်မှုအတွက် ဝယ်ယူစရာအဖြစ် အသုံးချမခံချင်ဘူးလို့ စစ်တမ်းတွေမှာ ပြောထားပါတယ်။

လက်ရှိ အမေရိကန် ဗာဂျင်းကျွန်းစုရဲ့ အဓိကကျွန်း သုံးကျွန်းထဲက တစ်ခုဖြစ်တဲ့ စိန့်သောမတ်စ်ပေါ်က ဆိပ်ကမ်းဟာ အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကာရစ်ဘီယံဒေသကို ထိန်းချုပ်ဖို့ အကောင်းဆုံး အခြေစိုက်စခန်းအဖြစ် အဲဒီဆိပ်ကမ်းကို ရှုမြင်ခဲ့ကြလို့ ဖြစ်ပါတယ်။

အဲဒီအချိန်လောက်မှာပဲ ဒိန်းမတ်ဟာ ကျွန်းတွေအပေါ် စိတ်ဝင်စားမှု လျော့လာခဲ့ပါတယ်။

အရင်ကတော့ အဲဒီမြေပေါ်မှာ ဥရောပကုန်သည်တွေ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ခေါ်လာတဲ့ အာဖရိကက ကျွန်တွေကို အသုံးချပြီး သကြားစိုက်ခင်းကြီးတွေကို စိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့သကြားဈေးနှုန်းတွေ ကျဆင်းလာတာနဲ့အမျှ ဒိန်းမတ်တွေဟာ အဲဒီစိုက်ခင်းတွေကို ဆက်ထိန်းထားဖို့ စိတ်မထက်သန်တော့ပါဘူး။

၁၈၆၇ မှာ နိုင်ငံနှစ်ခုဟာ ကျွန်းနှစ်ကျွန်းကို ဒေါ်လာ ၇.၅ သန်း (ဒီနေ့ခေတ် ဒေါ်လာ ၁၆၄ သန်း ဝန်းကျင်) နဲ့ ရောင်းဖို့ ကနဦး သဘောတူညီချက် ရခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်လွှတ်တော်က အတည်ပြု မပေးတာကြောင့် အဲဒီသဘောတူညီချက် အထမမြောက်ခဲ့ပါဘူး။

ယူအက်စ် ဗားဂျင်းကျွန်းစုက လူသူကင်းတဲ့ ကမ်းခြေတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂရင်းလန်းကျွန်းနဲ့ မတူတာကတော့၊ ဒိန်းမတ်ဟာ ဗာဂျင်းကျွန်းတွေကို အမေရိကန်ကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။

ပထမကမ္ဘာစစ် ဖြစ်ပွားလာတာနဲ့ ဂျာမနီ ရေငုပ်သင်္ဘောတွေက အမေရိကန်သင်္ဘောတွေကို ခြိမ်းခြောက်လာတာကြောင့် အမေရိကန်ရဲ့ စိတ်ဝင်စားမှု တစ်ကျော့ပြန်လာခဲ့ပါတယ်။ ဂျာမနီက ဒိန်းမတ်ကို ကျူးကျော်ပြီး မဟာဗျူဟာကျတဲ့ စိန့်သောမတ်စ် ဆိပ်ကမ်းအပါအဝင် ကျွန်းတွေကို ထိန်းချုပ်သွားမှာကို အမေရိကန်က စိုးရိမ်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်အရ သမ္မတ ဝုဒရိုး ဝီလ်ဆင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒိန်းမတ်ကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ အကယ်၍ နယ်မြေကို မရောင်းဘူးဆိုရင်၊ တခြားသူတွေ သိမ်းပိုက်သွားမှာကို ကာကွယ်ဖို့အတွက် အမေရိကန်က ကျွန်းတွေကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ် နိုင်ငံတကာ လေ့လာရေး အင်စတီကျုက အကြီးတန်း သုတေသီ အက်စထရစ် အန်ဒါဆင်ကတော့ အမေရိကန် ဗာဂျင်းကျွန်းစုတွေနဲ့ ဖြစ်ပျက်ခဲ့တာတွေဟာ ဒီနေ့ခေတ် အခြေအနေတွေနဲ့ တူနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

"အခု ဂရင်းလန်းနဲ့ ပတ်သက်ပြီး ကြားနေရတာတွေဟာ အရင်က အသံတွေကို ပြန်ကြားနေရသလိုပါပဲ။ ဘာလို့လဲဆိုတော့ အမေရိကန်က ပြောခဲ့တာက 'အမေရိကန်ကို ရောင်းရင်ရောင်း၊ မရောင်းရင် ကျူးကျော်ရမလား' ဆိုတာမျိုး ဖြစ်နေလို့ပါ" လို့ အန်ဒါဆင်က ပြောပါတယ်။

၁၉၁၇ မှာ နှစ်ဖက်စလုံး သဘောတူညီမှု ရခဲ့ပြီး ကာရစ်ဘီယံကျွန်းတွေကို အမေရိကန်ကို ဒေါ်လာ ၂၅ သန်း (ဒီနေ့ခေတ် ဒေါ်လာ ၆၃၀ သန်းခန့်) နဲ့ ရောင်းခဲ့ပါတယ်။

အဲဒီသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အမေရိကန်ဟာ ဒိန်းမတ်က "ဂရင်းလန်းတစ်ကျွန်းလုံးအပေါ် နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေ ချဲ့ထွင်တာ" ကို ကန့်ကွက်မှာ မဟုတ်ဘူးလို့လည်း သဘောတူခဲ့ပါတယ်။