ဂရင်းလန်းကို ထရမ့်က ဘယ်လို "ရယူ" နိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘန်း ဒက်ဘတ်စ်မန်း ဂျူနီယာ၊ နစ်ခ် ဘိတ်ခ် နဲ့ ကေလာ အက်ပ်စတိန်း
ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ရယူဖို့ ဆန္ဒရှိနေပြီး အိမ်ဖြူတော်ကလည်း အင်အားသုံးတာ အပါအဝင် လုပ်နိုင်တဲ့ရွေးချယ်စရာနည်းလမ်း အားလုံးကို အဆင်သင့်လုပ်ထားတယ်လို့ အတည်ပြုထားပါတယ်။
စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး လုပ်ဆောင်နိုင်စရာ နည်းလမ်း မှန်သမျှကို စဥ်းစာနေချိန်မှာပဲ ဒါက နေတိုး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို တခြားနေတိုးအဖွဲ့ဝင်နိုင်ငံက တိုက်ခိုက်တာမျိုး ဖြစ်သွားနိုင်တာမို့ ဒီအရေးကတဆင့် နေတိုးမဟာမိတ်ဖြစ်မှု အကျပ်ဆိုက် သွားနိုင်သလို နေတိုးအဖွဲ့ ပြိုကွဲချုပ်ငြိမ်းသွားတာမျိုးအထိ ဖြစ်သွားနိုင်တာပါ။
ထရမ့်က ဂရင်းလန်းမှာ "ရုရှားနဲ့ တရုတ် သင်္ဘောတွေက နေရာနဲ့အမျှ ပြည့်နေတာပဲ" လို့ အထောက်အထားပြစရာမရှိဘဲ ပြောနေရင်း ဂရင်းလန်းဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အချက်အချာကျတယ်လို့ ထပ်ခါ ထပ်ခါ ဆိုနေပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ဒိန်းမတ်တို့က ကျွမ်းကျင်သူတွေရဲ့အကူအညီကို ကျွန်တော်တို့ ရယူပြီး အမေရိကန်သမ္မတအနေနဲ့ ဘယ်နည်းကို စဥ်းစားနေသလဲဆိုတာအပြင် အဲဒီနည်းလမ်းတွေက ဖြစ်နိုင်ခြေရှိရဲ့လားဆိုတာကို ဆန်းစစ်ထားပါတယ်။
စစ်ရေး ဆောင်ရွက်ချက်
ဂရင်းလန်းကို လျှပ်တပြက်ဆိုသလို ရုတ်တရက် အမြန်ဝင်တိုက်မယ့်စစ်ဆင်ရေးက လွယ်ကူနိုင်တယ်လို့ တွက်နိုင်ပေမယ့် အဆုံးအရှုံးကြီးသွားတာလည်း ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူတွေက ပြောပါတယ်။
ဒီကျွန်းက ဧရိယာကျယ်ပြန့်ပေမယ့် လူဦးရေက ၅၈,၀၀၀ ခန့်သာရှိပြီး အဲဒီလူဦးရေရဲ့ ၃ ပုံ ၁ ပုံက ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ရှိတဲ့ မြို့တော် နုခ်မှာပါ။ ကျန်တဲ့ လူတွေက ကျွန်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ နေထိုင်ကြပါတယ်။
ဂရင်းလန်းအနေနဲ့ ကိုယ်ပိုင် စစ်တပ်မရှိပါဘူး။ သူ့ကာကွယ်ရေးအတွက် ဒိန်းမတ်က တာဝန်ယူထားတယ်ဆိုပေမဲ့ ဒီလို ကျယ်ပြန့်လှတဲ့ဧရိယာကို အကာအကွယ် ပေးနိုင်ဖို့ လုံလောက်တဲ့ လေကြောင်း၊ ရေကြောင်း ကာကွယ်ရေး အင်အားက မရှိပါဘူး။
ကျယ်ပြန့်လှတဲ့ ဧရိယာကို ဒိန်းမတ်ရဲ့ အထူးတပ်ဖွဲ့က ခွေးနဲ့ ဆွဲတဲ့ စွပ်ဖားတွေ အကူအညီနဲ့ ကင်းလှည့်နေတာပါ။ အဲဒီတပ်ဖွဲ့ကို ဆီရီရပ်စ် ကင်းလှည့်အဖွဲ့ (Sirius Patrol) လို့ ခေါ်ပါတယ်။
ဒါပေမဲ့ ဒိန်းမတ်ဟာ ဂရင်းလန်း အပါအဝင် အာတိတ်နဲ့ မြောက် အတ္တလန္တိတ် ဒေသဆိုင်ရာ လုံခြုံရေးအတွက် မနှစ်ကစပြီး လုံခြုံရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ထားပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်ဟာ ဂရင်းလန်းရဲ့ အနောက်မြောက်ဘက်စွန်းနေရာက ပစ်တပ်ဖစ် အခြေချ စခန်းနေရာမှာ စစ်တပ်တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကျော်ကို အမြဲတမ်း နေရာချပြီးသားဖြစ်တာမို့ ကျွန်းက ကျယ်ပြန့်ပြီး လူဦးရေနည်းတာ၊ စစ်တပ်မရှိတာတွေရယ်ကြောင့် အမေရိကန်အဖို့ ပစ်မှတ်ထားလို့ ရနေပြီလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။
ပစ်တပ်ဖစ် စခန်းဟာ နောင်လုပ်လာနိုင်တဲ့ စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့အရာတွေကို ကြိုတင် စီစဥ်ပြင်ဆင်နိုင်စရာ နေရာလို့လည်း မှတ်ယူနိုင်ပါတယ်။
ဒီစခန်းက ဒုတိယကမ္ဘာ စစ်အတွင်း နာဇီတို့ ဒိန်းမတ်ကို သိမ်းပိုက်ထားစဥ်မှာ စစ်ရေးနဲ့ ရေဒီယို စခန်းတွေအဖြစ် အမေရိကန်တို့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီကာလကတည်းက ပေါ်ထွန်း ဖြစ်တည်နေတဲ့စခန်းပါ။
Risk Intelligence က အလုပ်အမှုဆောင် အရာရှိချုပ်လည်းဖြစ်၊ ဒိန်းမတ်လုံခြုံရေးဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ ဟန်းစ် တီတို ဟန်ဆန်က ဂရင်းလန်းမှာ အမေရိကန်တို့ ဘယ်လို လှုပ်ရှားဆောင်ရွက် လာနိုင်သလဲဆိုတာကို ကောက်ကြောင်းဆွဲပြပါတယ်။
သူ့အဆိုအရ အလာစကားပြည်နယ် အခြေစိုက် လေကြောင်းချီ တပ်မ ၁၁ မှာ လေထီးတပ်တွေ၊ ရဟတ်ယာဥ်သုံး စစ်ဆင်ရေးတပ်တွေရှိပြီး တခြား လေတပ်နဲ့ ရေတပ် အင်အားတွေရဲ့ အကူ အညီနဲ့အတူ ဒီတပ်တွေက ကျူးကျော်ဝင်တိုက်မယ် ဆိုရင် "အခြေခံ စွမ်းဆောင်နိုင်မှု" ကို ပေးနိုင်တယ်လို့ ဟန်ဆန်က ဆိုပါတယ်။
ဗြိတိန် အရန်တပ် အရာရှိလည်းဖြစ် Sibylline လုံခြုံရေးဆိုင်ရာအဖွဲ့ကို ဦးဆောင်သူလည်းဖြစ်တဲ့ ဂျတ်စတင် ခရမ့်ကလည်း ဟန်ဆန်ရဲ့ သုံးသပ်ချက်နဲ့ ဆင်တူပါတယ်။
"အမေရိကန်က ရေတပ်အင်အား အလွန်ကြီးမားပြီး များပြားလှတဲ့ အင်အားတွေကို နေရာရွှေ့နိုင်တယ်"၊ ထို့အတူ "အဲဒီက လူဦးရေကို ထိန်းချုပ်ဖို့ လုံလောက်တဲ့အင်အားကို လေကြာင်းကနေ လွယ်လွယ်ကူကူ ပို့ပေးနိုင်တယ်" လို့ သူက ပြောပါတယ်။
"ခက်ခဲနိုင်တဲ့ အန္တရာယ် ရှိသေးတယ်ဆိုပေမယ့် ဘာမှ သွေးထွက်သံယို မရှိပဲနဲ့တောင် လုပ်သွားနိုင်တယ်။"
ဒါပေမဲ့ အမေရိကန်က အရာရှိဟောင်းတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ဆန်းစစ်သူတွေကတော့ စစ်ဆင်ရေးတခုကနေ အမေရိကန် - ဥရောပ မဟာမိတ်ဖြစ်မှုအပေါ် သက်ရောက်နိုင်မှုက သိပ်ကို ကြီးမားနိုင်တာကြောင့် စစ်ရေးအရ လုပ်ဆောင်မှုတွေ ဖြစ်နိုင်ဖို့ ခဲယဥ်းကြောင်း ပြောပါတယ်။
မရိမ်းတပ် အရာရှိဟောင်း၊ စီအိုင်အေ အရာရှိဟောင်း၊ ကာကွယ်ရေး လက်ထောက် ဝန်ကြီးဟောင်း ဖြစ်သူ မစ်ခ် မူရွိုင်က ''ဒါတွေက နိုင်ငံတကာ ဥပဒေတွေကို လုံးဝ ဆန့်ကျင်တာမျိုးဖြစ်တယ်၊ သူတို့က အမေရိကန်ကို အန္တရာယ်ပေးတာလည်း မဟုတ်တဲ့အပြင် သူတို့က မဟာမိတ်တွေဖြစ်တယ်" လို့ ပြောပါတယ်။
အိမ်ဖြူတော်က စစ်ပြုဖို့ လုပ်ချင်ရင်တောင် လွှတ်တော်အမတ်တွေက ကန့်သတ် တားဆီးနိုင်တယ်လို့လည်း သူက ပြောပါတယ်။
"နေတိုး မဟာမိတ်အဖွဲ့ကို ဖျက်ဆီးဖို့အတွက် ကွန်ဂရက်က ထောက်ခံလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။"
ဂရင်းလန်းကို ဝယ်ယူခြင်း
အမေရိကန်က ငွေထုပ်ကြီးကြီး ရှိပါတယ်။ ဒါပေမယ့် နုခ်ကရော ကိုပင်ဟေဂင်ကပါ ဂရင်းလန်း သည် ရောင်းရန် မဟုတ်လို့ ပြောပြီးသားပါ။
အမေရိကန် လွှတ်တော်အမတ် တယောက်နဲ့ ဒီအရောင်း အဝယ် ဆွေးနွေးသူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး စီဘီအက်စ် သတင်းဌာန (ဘီဘီစီရဲ့အမေရိကန်ဆိုင်ရာ မိတ်ဖက်သတင်းဌာန) က နိုင်ငံခြားရေး ဝန်ကြီး မာကို ရုဘီယိုက အစိုးရအနေနဲ့ အကြိုက်ဆုံးက (ဂရင်းလန်းကို) ဝယ်ယူတဲ့ နည်းလမ်းသာ ဖြစ်ကြောင်း ကွန်ဂရက် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ကြောင်း သတင်းပို့ထားပါတယ်။ ဒါဆိုရင် သူ့အဆိုက အိမ်ဖြူတော်က ပြောနေတဲ့ လေသံတွေနဲ့ အတော်လေး ကွာခြားပါတယ်။
တကယ်လို့ ဂရင်းလန်းကို ရောင်းချင်ပါတယ်လို့ ဆိုဦး၊ ဝယ်နိုင်ဖို့က သိပ်ရှုပ်ထွေးပါတယ်။
ဝယ်ဖို့လိုတဲ့ငွေအတွက် ကွန်ဂရက်က အတည်ပြုချက်ရဖို့ လိုသလို ဂရင်းလန်းကို ရယူတဲ့ သဘောတူစာချုပ်ကို အတည်ပြုနိုင်ဖို့က ဆီးနိတ် အထက်လွှတ်တော် အမတ် ၃ ပုံ ၂ ပုံ ဆီက ထောက်ခံချက် ရယူဖို့ လိုပါတယ်။ ဆီးနိတ်က အဲဒီလိုအတည်ပြုချက် ရယူနိုင်ဖို့က ခက်ခဲလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီ အရောင်းအဝယ်ကိစ္စမှာ ဥရောပသမဂ္ဂကလည်း သဘောတူညီဖို့ လိုအပ်ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်က ဂရင်းလန်း၊ ကွန်ဂရက်စတဲ့ ဘက်တွေနဲ့ မတိုင်ပင်ဘဲ ဂရင်းလန်းကို သူဝယ်နိုင်ကြောင်း ပြောနေပေမယ့် အဲဒီလို သူလုပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။
ကိုလံဘီယာတက္ကသိုလ်က နိုင်ငံတကာဥပဒေပညာရှင် တစ်ယောက်ဖြစ်တဲ့ ပါမောက္ခ မိုနီကာ ဟာကာမီက ဒိန်းမတ်၊ အမေရိကန်၊ ဂရင်းလန်းတို့ အားလုံးသဘောတူတဲ့နယ်မြေလွှဲပြောင်းရေး ဆိုတာမျိုး "အခြေအနေတခုကို စဉ်းစားကောင်း စဉ်းစားလာနိုင်တယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ ဒီလို လုပ်ဆောင်မှုက နိုင်ငံတကာ ဥပဒေတွေနဲ့ အညီဖြစ်ရမယ်၊ ဥပမာ - စာချုပ်မှာ ဂရင်းလန်းသားတွေ အတွက် သူတို့ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် သူတို့ ကိုယ်တိုင်ပါဝင်နိုင်ခွင့်ကို ထည့်သွင်းထားတာမျိုးပေါ့" လို့ မစ္စ ဟာကာမီက ဖြည့်စွက်ပြောပါတယ်။
ဒီကျွန်းက ဘယ်လောက် ပေးရမလဲ ဆိုတာ မသိနိုင်ကြသေးပါဘူး။ "အမေရိကန်သာ ပထမဦးစားပေး" လို့ ကမ်ပိန်းလုပ်ခဲ့တဲ့ ထရမ့်အဖို့ ဒါကလည်း အခက်ကြုံစရာ အရေး တခုပါ။
ရေခဲဖုံးနေတဲ့ ကျွန်းတခုအတွက် အမေရိကန် ပြည်သူတွေရဲ့ အခွန်ငွေပေါင်း ဘီလျံပေါင်းများစွာ သို့မဟုတ် ထရီလျံနဲ့ ချီတဲ့အထိ ပေးရနိုင်တဲ့ ဒီကျွန်းဝယ်ယူမှုက သူ့ရဲ့ မာဂါ (MAGA - Make American Great Again) အခြေခံ စခန်းကြီးကို ဆိုးဆိုးဝါးဝါး ထိခိုက်သွားနိုင်ပါတယ်။
ဒါပေမဲ့ ဒီကျွန်းကို အောင်အောင်မြင်မြင် မ၀ယ်နိုင်ဘူးဆိုရင် ထရမ့်က စစ်ရေး နည်းလမ်းကို ပို ရွေးလာနိုင်ခြေလည်း ရှိသွားနိုင်တယ်လို့ ခရမ့်က မြင်ပါတယ်၊ အထူးသဖြင့် ဗင်နီဇွဲလားက နိကိုလပ်စ် မာဒူရိုကို ဖမ်းတဲ့ စစ်ဆင်ရေးအောင်မြင်မှုကြောင့် အမေရိကန်အစိုးရက စစ်ရေးနည်းကို ပိုလိုလား သွားနိုင်ပါတယ်လို့ သူက ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ထရမ့်ဟာ "ဂရင်းလန်းကို ရနိုင်ဖို့ စဉ်းစားလေ့လာတဲ့ အမေရိကန်သမ္မတတွေထဲ ပထမဆုံး သမ္မတ မဟုတ်ဘူး" လို့ ပြောပါတယ်။
သမ္မတ ဟယ်ရီ ထရူးမင်းက ၁၉၄၆ မှာ ဒီကျွန်းကို ဝယ်ဖို့ အတွက် ဒိန်းမတ်ကို အဲဒီ အချိန်က ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ ရွှေတွေ ပေးဖို့ ကြိုးစားခဲ့ကြောင်း သူက ပြန်ထောက်ပြပါတယ်။
ဂရင်းလန်းသားတွေ သဘောတူလာအောင် ဆွဲဆောင်ခြင်း
လူထူစစ်တမ်းတွေအရ ဂရင်းလန်းသားတွေထဲမှာ အများစုက ဒိန်းမတ်ဆီက လွတ်မြောက်ချင်ကြပါတယ်။
ဒါပေမဲ့ သူတို့ဟာ ဂရင်းလန်းကို အမေရိကန်ရဲ့ အစိတ်အပိုင်းလည်း အဖြစ်မခံနိုင်ကြပါဘူး။
သို့သော်ငြားလည်း အမေရိကန် အနေနဲ့ ရေတို ဘဏ္ဍာရေး အထောက်အပံ့ မက်လုံးတွေပေးတာ ဒါမှမဟုတ် အနာဂတ် စီးပွားရေး အကျိုးစီးပွားတွေနဲ့ ပြသတာ စတဲ့ နည်းတွေနဲ့ ဂရင်းလန်းသားတို့ သဘောကျ လက်ခံလာနိုင်အောင် လုပ်နိုင်ပါတယ်။
အခုတောင် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ဂရင်းလန်းရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်လေ့လာနေပြီး အမေရိကန် အစိုးရရဲ့ရည်မှန်းချက်ကို ထောက်ခံမယ့် ဂရင်းလန်းသား အကျော်အမော်တွေကို လိုက်ရှာနေကြပြီဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက သတင်းပို့နေပါတယ်။
ဝါရှင်တန် ဒီစီ အခြေစိုက် အတ္တလန်တိတ် ကောင်စီက ဘူမိ သေနင်္ဂဗျူဟာ ပညာရှင်လည်းဖြစ် အမေရိကန်ကာကွယ်ရေးဌာနကို အရင်တုန်းက မူဝါဒဆိုင်ရာ အကြံပေးဖူးသူလည်းဖြစ်တဲ့ အမ်ရန် ဘရွန်နီက စစ်ရေး ဆောင်ရွက်မှုထက်စာရင် "သြဇာ လွှမ်းမိုးနိုင်ရေး ကမ်ပိန်းလှုံ့ဆော်မှု" က ပိုဖြစ်နိုင်ခြေရှိကြောင်း ဘီဘီစီကို ပြောပါတယ်။
"ဂရင်းလန်း လွတ်လပ်ရေးကြေညာပြီးနောက်ပိုင်း အမေရိကန် အစိုးရက တို့ရဲ့မိတ်ဖက်လို့ ဆိုတာမျိုးပေါ့" လို့ သူက ပြောပါတယ်။ "စစ်ရေး လုပ်မယ်ဆိုရင် အကုန်အကျက သိပ်များပါတယ်။"
ဒီလို မိတ်ဖက်ပြုကြတာကလည်း အရင်က မလုပ်ဖူးခဲ့ကြတာ မဟုတ်ပါဘူး။
ဥပမာပြောရရင် ပိစိဖိတ် ကျွန်းနိုင်ငံတွေဖြစ်တဲ့ ပါလိုး၊ မိုက်ခရိုနီးရှား၊ မာရှယ်ကျွန်းစု စတဲ့ ကျွန်းနိုင်ငံငယ်တွေဟာ လွတ်လပ်တဲ့ နိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ကို ခွင့်ပြုထားပါတယ်။
အပြန်အလှန်အားဖြင့် ဒီနိုင်ငံသားတွေဟာ အမေရိကန်မှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် စတာတွေ ရရှိပါတယ်။
ဒါပေမဲ့ ဒီလောက်နဲ့ ထရမ့်က ကျေနပ်မယ့်ပုံ မရှိပါဘူး၊ တကယ်လို့ လက်ရှိ သဘောတူမှု အခြေအနေတွေအောက်မှာပဲ သူက ဂရင်းလန်းကို လိုချင်တယ်ဆိုရင် စစ်တပ်အင်အားတွေ သူလိုချင်သလို သူ ယူသုံးလို့ ရနိုင်ပါတယ်။
တခုရှိတာကတော့ ဒီလို လုပ်ဆောင်တာနဲ့ ပဲ အာတိတ်ရေခဲပြင်ထုရဲ့ အောက်မှာ ရှိနေတဲ့ ဒီကျွန်းထဲက သတ္တုသိုက်တွေကို အမေရိကန်က ပိုင်ဆိုင်ခွင့်ရသွားမှာတော့ မဟုတ်ပါဘူး။
ဒိန်းမတ်နိုင်ငံသား ပညာရှင် ဟန်ဆန်က "စစ်ရေး မသုံးပဲ ဘယ်လို ဆွဲဆောင်တဲ့ ကမ်ပိန်းလုပ်လုပ်၊ ဂရင်းလန်းသားတွေက အဲဒီအမြင်ကို မထောက်ခံဘူးဆိုရင် ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အခုအထိတော့ ကျွန်းမှာ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆိုတဲ့ အဆိုကို တင်နေတဲ့ နိုင်ငံရေးပါတီတွေ မရှိသေးပါဘူး။
''ဂရင်းလန်းဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့က ပိုများတယ်" လို့ သူက ပြောပါတယ်။
''နောက်ပြီး အခု အမေရိကန် အစိုးရရဲ့ သက်တမ်းက နောက်ထပ် ၃ နှစ်ပဲ ရှိတော့တာပါ၊ ဂရင်းလန်းရဲ့ ပြည်သူတွေက ဒီမှာ နှစ် ၁၀၀၀ လောက် ရှိနှင့်နေပြီးပါပြီ။"











