ဂျာမနီမှာ စစ်မှုထမ်းဥပဒေ ပြန်အသက်သွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘတ်တနီ ဘဲလ်
- ရေးသားပေးပို့သည့်နေရာ, ဘာလင်
ဂျာမနီလွှတ်တော် (ဘွန်ဒေရှ်တက်)ဟာ ဆန္ဒအလျောက်စစ်မှုထမ်းဖို့ တိုက်တွန်းတဲ့ ဥပဒေကြမ်းတစ်ခုကို မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်ပြီးနောက် နိုင်ငံတော်ကာကွယ်ရေးတိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းဟာ ဂျာမနီရဲ့ စစ်ရေးချဉ်းကပ်မှုပုံစံကို အကြီးအကျယ်ပြောင်းလဲလိုက်တာဖြစ်ပြီးဥရောပမှာ အင်အားအကြီးဆုံးစစ်တပ်ဖန်တီးလိုတဲ့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိုက်တာလည်းဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကစလို့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို စစ်မှုထမ်းလိုခြင်းရှိမရှိမေးမြန်းမယ့် မေးခွန်းလွှာတွေ ပေးပို့မှာဖြစ်ပါတယ်။
အမိန့်နာခံတတ်ဖို့ လေ့ကျင့်နေရတာကို မလိုချင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီမေးခွန်းလွှာတွေကို အမျိုးသားတွေက မပျက်မကွက်ဖြေဆိုရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ မဖြေမနေရမဟုတ်ပါဘူး။
ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီဇင်ဘာ ၅ ရက်ကစလို့ ဘာလင်အပါအဝင် ဂျာမနီ မြို့ ကြီးတွေမှာ ကျောင်းသားတွေဆန္ဒပြခဲ့ကြပါတယ်။
"နှစ်ဝက်လောက်ကို ဘားတိုက်ထဲပိတ်မိနေပြီး စစ်ရေးပြတာနဲ့ အမိန့်နာခံတတ်ဖို့ လေ့ကျင့်နေရတာကို မလိုချင်ပါဘူး၊ သတ်ဖြတ်ဖို့ မသင်ယူချင်ပါဘူး" လို့ ဆန္ဒပြပွဲစီစဉ်သူတွေက လူမှုမီဒီယာမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
"စစ်ဟာ အနာဂတ်အတွက် အလားအလာမကောင်းသလို အသက်မွေးဝမ်းကျောင်းမှုတွေကို ဖျက်ဆီးပစ်ပါတယ်" လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျာမနီလွှတ်တော်မှာ မဲခွဲတဲ့အခါ ထောက်ခံမဲ ၃၂၃ မဲ၊ ကန့်ကွက်မဲ ၂၇၂ မဲနဲ့ အတည်ပြုနိုင်ခဲ့တာမို့ ဂျာမနီဟာ စစ်မှုထမ်းတာနဲ့ပတ်သက်လို့ ပြင်ဆင်တဲ့ နောက်ဆုံးဥရောပနိုင်ငံဖြစ်လာခဲ့ပါတယ်။
ပြင်သစ်မှာလည်း ပြီးခဲ့တဲ့လက အသက် ၁၈ နဲ့ ၁၉ နှစ်အရွယ်တွေကို ၁၀ လ ဆန္ဒအလျောက် စစ်သင်တန်းပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။
စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနိုင်ခြေရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တတ်နိုင်သရွေ့တော့ စစ်မှုထမ်းတဲ့ကိစ္စဟာ ဆန္ဒအလျောက်ဖြစ်နေဦးမှာဖြစ်ပေမဲ့ ၂၀၂၇ ခုနှစ် ဇူလိုင်ကစလို့ အသက် ၁၈ အရွယ် အမျိုးသားတိုင်းဟာ စစ်မှုထမ်းဖို့ သင့်တော်မတော် ဆေးစစ်ခံရမယ်လို့ ဂျာမနီအစိုးရက ပြောပါတယ်။
"တစ်နိုင်ငံလုံး ဆေးစစ်ဖို့လိုအပ်တယ်။ ဒါမှ တိုက်ခိုက်မှုရှိလာတဲ့ခါ ဘယ်သူက အမိမြေကို ကာကွယ်နိုင်စွမ်းရှိတယ်၊ မရှိဘူးဆိုတာ လိုက်စစ်ဖို့ အချိန်ဖြုန်းစရာ မလိုတော့ဘူး" လို့ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ်က ပြောပါတယ်။
ဂျာမနီစစ်တပ် (ဘွန်ဒေစ်ဗား) ဟာ အခုလောလောဆယ်မှာ စစ်သည် ၁၈၂,၀၀၀ ဦးခန့်ရှိနေပြီး လာမယ့်နှစ်နောက်ပိုင်း စစ်သည် နောက်ထပ် ၂၀၀၀၀ လောက် ထပ်တိုးချင်တယ်လို့ ပစ်တိုးရီးယပ်စ်က ပြောပါတယ်။
ဂျာမနီကာကွယ်ရေးကိုအားဖြည့်ဖို့ ၂၀၃၀ ပြည့်နှစ် အစောပိုင်းမှာ စစ်မှုထမ်းဦးရေ ၂၆၀,၀၀၀ အထိရှိလိုပြီး အရန်တပ်သား ၂၀၀,၀၀၀ နဲ့ထောက်ကန်ထားဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။
ဒါက နေတိုးတပ်ဖွဲ့ရဲ့ လျာထားချက်သစ်ကို ပြည့်မီဖို့လည်းပါပါတယ်။
လက်ရှိအစီအစဉ်အရ ဆန္ဒအလျောက်သာဖြစ်ပေမဲ့ ဥရောပက လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာမယ်၊ ဆန္ဒအလျောက်စစ်မှုထမ်းလိုသူဦးရေ နည်းပါးလွန်းမယ်ဆိုရင် လွှတ်တော်ဟာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးနိုင်ခြေရှိနေပါတယ်။
စစ်သာဖြစ်လာမယ်ဆိုရင် စစ်တပ်ဟာ တပ်သားသစ်တွေ စုဆောင်းနိုင်ဖို့အတွက် စစ်မှုထမ်းချင်စိတ်ရှိမရှိဖြေကြားချက်နဲ့ ဆေးစစ်ချက်တွေကို အသုံးပြုမှာဖြစ်ပါတယ်။
ဥရောပအကြီးဆုံးစစ်တပ် ပြန်တည်ဆောက်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြားဥရောပနိုင်ငံတွေလိုပဲ ၁၉၉၀ ပြည့်နှစ်ကျော်ကာလ ငြိမ်းချမ်းတဲ့နှစ်တွေမှာ ဂျာမနီဟာ စစ်တပ်အင်အားကိုလျှော့ချခဲ့ပါတယ်။ စစ်အေးကာလမှာ ဂျာမနီစစ်သည်ဦးရေဟာ ငါးသိန်းခန့်အထိရှိခဲ့ပါတယ်။
ဂျာမနီမှာ စစ်မှုမထမ်းမနေရစနစ်ကို ဝန်ကြီးချုပ်ဟောင်း အန်ဂျလာမာကယ်လက်ထက် ၂၀၁၁ ခုနှစ်က ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ ရုရှားရဲ့ ခြိမ်းခြောက်မှုနဲ့ ဂျာမနီရဲ့ မဟာမိတ် အမေရိကန်ဆီက ဖိအားပေးမှုတွေကြောင့် ဖရီးဒရစ် မာ့ဇ်ဟာ ဂျာမနီစစ်တပ်ကို ဥရောပရဲ့ အင်အားအကြီးဆုံးစစ်တပ်အဖြစ် ပြန်လည်တည်ဆောက်ဖို့ ကြွေးကြော်ထားပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ထည့်ဝင်ကြဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးတိုက်တွန်းထားပါတယ်။
ဂျာမနီမှာ ဆန္ဒအလျောက်စစ်မှုထမ်းဖို့ မက်လုံးတွေက မြင့်မားလှပြီး တစ်လကို ယူရို ၂၆၀၀ ပေးမယ်လို့ ကတိပြုထားပါတယ်။ ပြင်သစ်မှာဆို တစ်လကို ယူရို ၈၀၀ ပဲ ရပါတယ်။
လွှတ်တော်ဟာ ၂၀၃၁ ခုနှစ်အထိ နိုင်ငံတော်ပင်စင်ကို လက်ရှိအဆင့်မှာပဲ ဆက်လက်ထားရှိမယ့် အငြင်းပွားစရာ ပင်စင်ပြုပြင်ပြောင်းလဲရေးဥပဒေကြမ်းနဲ့ပတ်သက်လို့ သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။
ဒီဥပဒေကြမ်းဟာ မာ့ဇ်ရဲ့ ကွန်ဆာဗေးတစ်နဲ့ သူ့ရဲ့ ဗဟိုလက်ဝဲ မဟာမိတ် ဆိုရှယ်ဒီမိုကရက်တွေကြား ညွန့်ပေါင်းဖွဲ့ရေးသဘောတူညီမှုရဲ့ အဓိကအချက်တစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမဲ့ မာ့ဇ်ရဲ့ ကွန်ဆာဗေးတစ်တွေထဲက လူငယ်အမတ်တွေက ကန့်ကွက်မယ်လို့ ခြိမ်းခြောက်ထားတာမို့ လွှတ်တော်ထဲ မဲပေးအတည်ပြုဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီအစီအစဉ်ဟာ ဘဏ္ဍာရေးအရ ရေရှည်တည်မြဲဖို့မဖြစ်နိုင်ဘဲ လူငယ်မျိုးဆက်တွေ ဝန်ပိစေလိမ့်မယ်လို့ လူငယ်အမတ်တွေက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဂျာမနီက အတိုက်အခံ လက်ဝဲစွန်းပါတီက မဲဝင်ပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒါကြောင့် ညွန့်ပေါင်းအဖွဲ့ဟာ ကိုယ့်အမတ်တွေ ဆန့်ကျင်မှာကို စိုးရိမ်စရာမရှိဘဲ အတည်ပြုနိုင်ဖို့ မဲအနည်းငယ်ပဲ လိုတော့မှာဖြစ်ပါတယ်။
ဒါက အစိုးရအကျပ်အတည်းကို ကပ်ကာသီကာနဲ့ ရှောင်ရှားနိုင်သွားမှာဖြစ်ပါတယ်။












