"အတ္တလန္တိတ် ခံတပ်" - ရုရှားရဲ့ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ဗြိတိန်ရေတပ် မဟာဗျူဟာသစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိန် နိုင်ငံဟာ အတ္တလန္တိတ် ရေတပ် ဆိုင်ရာ မဟာဗျုဟာ စီမံကိန်း အသစ်ကို ဖွင့်ချ ပြလာပါတယ်။
ဗြိတိန်ရဲ့ သမုဒ္ဒရာ ရေပြင်အောက် အခြေခံ အဆောက်အအုံတွေကို ရုရှားက ခြိမ်းခြောက်လာနေတဲ့ အပေါ် ပြန်လည် တုံ့ပြန် နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ စီမံကိန်းကို "Atlantic Bastion" "အတ္တလန္တိတ် ခံတပ်" စီမံကိန်း ဆိုပြီး နာမည်ပေးထားပါတယ်။
အဓိကကတော့ ရေအောက် ကေဘယ်ကြိုးတွေ၊ ပိုက်လိုင်းတွေကို အကာအကွယ်ပြုဖို့ ဖြစ်ပါတယ်။
ဒီ စီမံကိန်းထဲမှာ အရင်က မမြင်ဖူးသေးတဲ့ မျိုးဆက်သစ် ရေပေါ် ရေအောက်သုံး လူမဲ့ ဒရုန်းတွေ၊ ဂလိုက်ဒါတွေကို နေရာချဖို့ ပါဝင်သလို၊ ရှိနှင့်ပြီး စစ်သင်္ဘောတွေ၊ ရေငုပ် သင်္ဘောတွေနဲ့ လေယာဥ်တွေကို တချိန်တည်း ချိတ်ဆက် လှုပ်ရှားနိုင်ရေးမှာ ဥာဏ်ရည်တု AI နည်းပညာ ကို အသုံးပြုလာမှာ ဖြစ်ပါတယ်။
ဗြိတိသျှ ရေပိုင်နက် အနီးထိ ရုရှားရဲ့ သူလျှို ထောက်လှမ်းရေး သင်္ဘောတွေ ရောက်လာတာမျိုး သံသယ ဖြစ်ဖွယ် လှုပ်ရှားတာတွေ တွေ့လာရတဲ့နောက် ဗြိတိန်ဘက်က အခုလို တန်ပြန် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
ဘယ်လို နည်းပညာ အဆင့်မြင့် ပစ္စည်းကိရိယာတွေကို သုံးမှာလဲ

စကော့တလန် အနောက်ဘက်ကမ်းရိုးတန်း မဲမှောင်နေတဲ့ ရေပြင်ထဲ သေးသွယ်တဲ့ ရေငုပ်သင်္ဘော ဂလိုက်ဒါ တစ်စင်း အသာအယာ ငုပ်လျှိုး ပျောက်ကွယ်သွားပါတယ်။ SG-1 Fathom အမျိုးအစား ရေအောက်ဂလိုက်ဒါဟာ တော်ပီဒို ဒုံးကျည်ကို အတောင်ပံတပ်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ဗြိတိန် ရေပိုင်နက်နား ချည်းကပ်လာနေတဲ့၊ ထိုးဖောက် ဝင်ရောက် နိုင်ဖွယ် ရှိတဲ့ အရာတွေကို ဒီရေအောက်ဂလိုက်ဒါက ထောက်လှမ်းနေမှာ ဖြစ်ပါတယ်။
"သမုဒ္ဒရာ ရေပြင်အောက် အနက်ပေတော်တော်များများမှာ လှည့်လည်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို စောင့်ကြည့်တာ၊ နားဆင်တာတွေ လုပ်မှာ ဖြစ်တယ်" လို့ Fathom ရဲ့ ပရိုဂရမ် မန်နေဂျာ ကေတီ ရိန်းက ပြောပါတယ်။
ဗြိတိန် တော်ဝင်ရေတပ်က အစမ်း စပြီး အသုံးချလာပြီ ဖြစ်တဲ့ Fathom ကို ဂျာမနီ ကာကွယ်ရေး နည်းပညာဆိုင်ရာ ကုမ္ပဏီ ဟယ်လ်ဆင်ကနေ ထုတ်လုပ်ထားပါတယ်။ အသံ ကျယ်ကျယ် မထုတ်ဘဲ ရွေ့လျားနိုင်ပြီး၊ တပ်ဆင်ထားတဲ့ အာရုံခံ ပစ္စည်းတွေကနေ အသံတွေ၊ အရုပ်တွေကို စဥ်ဆက်မပြတ် ဖမ်းယူပေးမှာ ဖြစ်ပါတယ်။
အခု စမ်းသပ်မှုမှာ ကျေနပ်လောက်ဖွယ် ရလဒ်ကောင်းတွေ ရှိလာရင် Fathom ဟာ "အတ္တလန္တိတ် ခံတပ်" စီမံကိန်းရဲ့ အစိတ်အပိုင်း ဖြစ်လာမှာပါ။
နည်းပညာသစ်တွေမှာ ယူကေ ရင်းနှီးမြှုပ်နှံနေ

ယူကေရဲ့ နာမည်ကြီး ဆိပ်ကမ်းမြို့ ပို့စ်မောက်သ်ကို ကာကွယ်ရေး ဝန်ကြီး ဂျွန် ဟေလီ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရောက်လာခဲ့ပါတယ်။
ဆိပ်ကမ်းမှာ ရှိနေတဲ့ XV Patrick Blackett ဆိုတဲ့ ရေတပ် သင်္ဘောပေါ် လာတာ ဖြစ်ပါတယ်။
အဲဒီ သုတေသန ရေယာဥ်ဟာ တော်ဝင်ရေတပ်က စမ်းသပ်နေတဲ့ နည်းပညာသစ်တွေ အဓိက အခြေချထားပြီး လုပ်ဆောင်တဲ့ ရေယာဥ် ဖြစ်ပါတယ်။
နည်းပညာသစ်တွေလို့ ဆိုရာမှာ စပိဘုဒ် အမြန်မော်တော်ယာဥ်တွေကို မောင်းသူ မလိုက်ပါဘဲ ဆိပ်ကမ်းကနေ ပြီးတော့ပဲ အဝေးကထိန်းချုပ် မောင်းနှင်တာမျိုး ပါဝင်ပါတယ်။
တော်ဝင်ရေတပ်မှာ Proteus လို့ နာမည်ပေးထားတဲ့ မောင်းသူမဲ့ ရဟတ်ယာဥ်လည်း ရှိနှင့်ပြီး ဖြစ်ပါတယ်။
အဲဒီ ဆိပ်ကမ်းမှာပဲ ၁၂ မီတာ ရှည်ပြီး၊ ၁၉ တန်လေးတဲ့ Excalibur ဆိုတဲ့ လူမဲ့ ရေငုပ် သင်္ဘောလည်း ရှိနေပါတယ်။
ဒီ လူမဲ့ ရေငုပ် သင်္ဘောကိုလည်း တော်ဝင်ရေတပ်က အခု နှစ်စမှာကတည်းက စပြီး သုံးလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒရုန်း၊ စစ်သင်္ဘောနဲ့ ထောက်လှမ်းရေး လေယာဥ် ကွန်ရက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အတ္တလန္တိတ် ခံတပ်" စီမံကိန်း ဆိုတာ ရေပေါ် ရေအောက် ဒရုန်းတွေ၊ စစ်သင်္ဘောတွေနဲ့ ထောက်လှမ်းရေး လေယာဥ်တွေ ပေါင်းစုထားတဲ့ ကွန်ရက် ဆိုပြီး နားလည် နိုင်ပါတယ်။
ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီ စီမံကိန်းကို ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်လာပါတယ်။ "ရုရှားရဲ့ ရေငုပ်သင်္ဘောအပါအဝင် ရေအောက် လှုပ်ရှားမှု တွေကို တိုက်ရိုက် တုံ့ပြန် လုပ်ဆောင်တာ" ဆိုပြီး ရုရှားကို နာမည်တပ် ပြောပါတယ်။
ယူကေ ရေပိုင်နက်ကို ရုရှား ရေယာဥ်တွေရဲ့ ခြိမ်းခြောက်မှုဟာ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ၃၀% ထိအောင် တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လမှာတင် သမုဒ္ဒရာ တခွင် သုတေသန လုပ်တဲ့ ရုရှား သင်္ဘော ယန်တာဟာ ဗြိတိတ်ရဲ့ ရေအောက် ကေဘယ်ကြိုးလိုင်းတွေ၊ ပိုက်လိုင်းတွေ ဘယ်နေရာတွေမှာ ဘယ်လို ရှိနေသလဲ ဆိုတာကို မြေပုံထုတ် ရယူခဲ့တယ်ဆိုပြီး ယူကေ အာဏာပိုင်တွေက သံသယ ရှိခဲ့ပါတယ်။
အဲဒီ သင်္ဘောနောက်ကို တော်ဝင်လေတပ်က ဝေဟင်ပေါ်ကနေ လိုက်တဲ့ အခါ၊ လေယာဥ်မှူးတွေကို ရုရှား သင်္ဘောက လေဆာ ရောင်ခြည်နဲ့ ထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ အင်မတန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဆိုပြီး ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂျွန် ဟေလီက ရှုတ်ချပါတယ်။ ယူကေရဲ့ စီးပွားရေးဆိုင်ရာ အဏ္ဏဝါ ရေပြင်ပိုင်နက်ကို ရုရှား သင်္ဘော ယန်တာက ဝင်လိုက် ထွက်လိုက်တွေ အကြိမ်ကြိမ် လုပ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
"ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အကြောင်း ကျွန်တော်တို့ သိတယ်" လို့ ဝန်ကြီး ဟေလီက ဆိုပါတယ်။ "အခုဆို သူတို့ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ ဘာတွေ လုပ်နေလဲ ဆိုတာ ကျွန်တော်တို့ တောက်လျှောက် ကြည့်နေတယ်" လို့လည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားရဲ့ ရေအောက်ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ရာ ယူကေနဲ့ နော်ဝေ နှစ်နိုင်ငံပေါင်းပြီး လုပ်ဆောင်မယ် ဆိုတဲ့ ကာကွယ်ရေး ဆိုင်ရာ သဘောတူမှု အသစ်တစ်ရပ် လောလောလတ်လတ်မှာပဲ ရယူထားပါတယ်။
အဲဒီ သဘောတူမှုအရ ရုရှားရဲ့ ရေငုပ်သင်္ဘောတွေနောက် လိုက်နိုင်ဖို့ စစ်သင်္ဘော ၁၃ စင်းပါ အုပ်စုကို အတ္တလန္တိတ် မြောက်ဘက် ရေပြင်မှာ သီးသန့် ထားရှိမှာ ဖြစ်ပါတယ်။ ဒီ သဘောတူမှုကို "Lunna House သဘောတူမှု" ဆိုပြီး ရည်ညွှန်း ပြောကြပါတယ်။
ဗြိတိန်ဘက်က အခုလို ပြင်ဆင် လုပ်ဆောင်နေတာတွေကို ရည်ညွှန်းပြီး ဗြိတိန်ဘက်ကသာ ရန်စနေတာ ဖြစ်သလို၊ ကယောင်ချောက်ချား ပြုမူနေတယ် လို့ ရုရှား နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
"Lunna House သဘောတူမှု" ဆိုတာကို အသုံးချပြီး ရုရှားရေတပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းမယ် ဆိုရင် နိုင်ငံတကာ ရေပိုင်နက်မှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ၊ ထိပ်တိုက်တိုးတာတွေ ဖြစ်လာအောင် ရန်စသလိုမျိုး ဖြစ်လိမ့်မယ်လို့လည်း ရုရှားဘက်က သတိပေးပါတယ်။








