မြန်မာစစ်တပ်အင်အား ဘယ်အဆင့်မှာရှိနေလဲ

မြန်မာစစ်တပ်အင်အားကို ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Getty

ဓာတ်ပုံ ပုံစာ, မြန်မာက အင်အားနည်းတဲ့နိုင်ငံ "Minor Power" အဖြစ် သတ်မှတ်ခံထားရပါတယ်။

မြန်မာဟာ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိနေပါတယ်။

ဒါပေမဲ့ သြစတြေးလျအခြေစိုက် သုတေသနအဖွဲ့Lowy Instituteရဲ့ အာရှအင်အားကြီးနိုင်ငံများ ညွှန်းကိန်းအရ မြန်မာက အင်အားနည်းတဲ့နိုင်ငံ "Minor Power" အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီနှစ်အတွက် နိုင်ငံ ၂၇ ခုကို သုတေသနလုပ်ထားတဲ့ Lowy Institute ရဲ့ ညွှန်းကိန်း (Asia Power Index) မှာ မြန်မာက အဆင့် ၂၃ ချိတ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စီးပွားရေး၊ ကာကွယ်ရေး၊ သံတမန်ရေးနဲ့ ယဥ်ကျေးမှုလွှမ်းမိုးမှုစတဲ့ ကဏ္ဍတွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ မြန်မာရဲ့ကာကွယ်ရေးကဏ္ဍကိုပဲ အလေးပေးဖော်ပြသွားမှာဖြစ်ပြီး ပြည်တွင်းစစ်အခြေအနေထက် အာရှပစိဖိတ်ဒေသတွင်းမှာမြန်မာရဲ့ ကာကွယ်ရေးအင်အား ဘယ်အဆင့်မှာရှိနေလဲဆိုတာ တွေ့ရမှာပါ။

အာရှပစိဖိတ် အင်အားအခြေအနေညွှန်းကိန်းဖြစ်တာကြောင့် ၂၇ နိုင်ငံစာရင်းမှာ အမေရိကန်၊ရုရှား၊ သြစတြေးလျတို့ကိုပါ ထည့်သွင်းတွက်ချက်ထားတာတွေ့ရပါတယ်။

Lowy ဟာ ပစိဖိတ်သမုဒ္ဒရာထဲက သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်ပြည်ထောင်စုကနေ အနောက်ဘက်ကို ပါကစ္စတန်အထိ၊ မြောက်ဘက်ကို ရုရှားအထိ အကဲဖြတ်ထားတာဖြစ်ပါတယ်။

နိုင်ငံတွေရဲ့အင်အားကို တိုင်းတာချက် ရှစ်ခု အောက်က ညွှန်းကိန်း ၁၃၁ ခု အထိထည့်သွင်း အကဲဖြတ်ထားပါတယ်။

အချက်အလက်တစ်ဝက်ကျော်ကို ကိုယ်ပိုင် သုတေသနတွေကရယူထားပြီး ကျန်တဲ့အချက်အလက်တွေကို ရာနဲ့ချီတဲ့ အစိုးရသတင်းရင်းမြစ်တွေကနေ စုစည်းထားတယ်လို့ Lowy က ထုတ်ပြန်ထားပါတယ်။

စစ်ရေးစွမ်းရည်

အာရှဒေသတွင်းစစ်ရေးစွမ်းရည်မှာ မြန်မာက အဆင့် ၁၈ မှာရပ်တည်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာရှဒေသတွင်းစစ်ရေးစွမ်းရည်မှာ မြန်မာက အဆင့် ၁၈ မှာရပ်တည်နေပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာဟာ အာရှဒေသတွင်းစစ်ရေးစွမ်းရည်မှာတော့ အဆင့် ၁၈ မှာရပ်တည်နေပါတယ်။

အာဆီယံဒေသတွင်းကိုပဲ ကြည့်မယ်ဆိုရင် မြန်မာရဲ့အထက်မှာ စင်ကာပူ (အဆင့်-၉)၊ ဗီယက်နမ် (အဆင့်-၁၂)၊ အင်ဒိုနီးရှား(အဆင့်-၁၃)၊ ထိုင်း (အဆင့်-၁၄)၊ ဖိလစ်ပိုင်(အဆင့်-၁၆)၊ မလေးရှား (အဆင့်-၁၇) တို့ ရှိနေကြပါတယ်။

စစ်ရေးစွမ်းရည်ကို အချက် ၅ ခုနဲ့ တိုင်းတာပြီး ကာကွယ်ရေး အသုံးစရိတ်၊ တပ်ဖွဲ့ဝင်အင်အား၊လက်နက်အင်အား၊ ထင်ရှားတဲ့စွမ်းဆောင်ရည်နဲ့ အာရှဒေသတွင်းစစ်ရေးအနေအထားတွေကို ထည့်သွင်းတွက်ချက်ထားပါတယ်။

အချက် ၅ ချက်လုံးကို စုစည်းတွက်ချက်ထားမှုမှာ မြန်မာက အဆင့် ၁၈ မှာ ရပ်တည်နေတာပါ။

ဒါပေမဲ့ အချက်တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရင်တော့ မြန်မာက အိမ်နီးချင်းနိုင်ငံတွေရဲ့ အထက်မှာရှိနေတဲ့ကဏ္ဍတွေလည်း ရှိပါတယ်။

ဒီနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာဆိုရင်တော့ မြန်မာက အဆင့် ၁၂ မှာ ရှိနေပါတယ်။

အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော် သုံးထားတယ် လို့ Lowy က တွက်ချက်ခန့်မှန်းပြပြီး မနှစ်က ၄ ဘီလျံနီး ပါးသုံးခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်မှာ မြန်မာထက်ပိုသုံးတာ စင်ကာပူနဲ့ အင်ဒိုနီးရှားစစ်တပ်ပဲရှိပြီး မြန်မာက အဆင့် ၃ နေရာမှာရှိနေတာပါ။

မနှစ်က မြန်မာထက်ပိုသုံးခဲ့ကြတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့က ဒီနှစ်မှာ မြန်မာအောက်ကိုရောက်သွားကြပါတယ်။

ထူးခြားတာတစ်ခုက ဒီဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ မြောက်ကိုရီးယားထက်တောင် မြန်မာက ပိုသုံးထားတာ တွေ့ရပါတယ်။

ဒီနှစ်အတွက် မြောက်ကိုရီးယားရဲ့ စစ်ရေးအသုံးစရိတ်က ဒေါ်လာ တစ်ဘီလျံတောင်မပြည့်ပါဘူး။

တပ်ဖွဲ့ဝင်အင်အား

Lowy Institute က မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်အင်အားကို နှစ်သိန်းလေးထောင်လို့ တွက်ချက်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Lowy Institute က မြန်မာစစ်တပ်ရဲ့အင်အားကို နှစ်သိန်းလေးထောင်လို့ တွက်ချက်ထား

Lowy Institute က မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်အင်အားကို နှစ်သိန်းလေးထောင်လို့ တွက်ချက်ထားပါတယ်။ အာရှပစိတ်ဒေသတွင်း ၂၇ နိုင်ငံစာရင်းမှာ အဆင့် ၁၄ မှာရှိနေတာပါ။

အာဆီယံမှာတော့ ဒီနှစ်စာရင်းအရ အင်ဒိုနီးရှား (၇ သိန်းနီးပါး)၊ ဗီယက်နမ် (၄သိန်း၉သောင်း)နဲ့ ထိုင်း (၄သိန်းခွဲကျော်)တို့နောက်မှာ မြန်မာရှိနေပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ အိမ်နီးချင်း ၅ နိုင်ငံရဲ့ တပ်ဖွဲ့ဝင်အင်အားကိုလည်း ကြည့်သင့်ပါတယ်။

တရုတ်ဟာ စစ်ရေးစွမ်းရည်မှာ Superpower အဖြစ် အိန္ဒိယအထက်မှာ ရှိနေပေမဲ့ တပ်ဖွဲ့ဝင်အင်အားမှာတော့ အိန္ဒိယစစ်တပ်က တရုတ်ထက် အရေအတွက်ပိုများပါတယ်။

အိန္ဒိယက တပ်ဖွဲ့ဝင် သုံးသန်းကျော်ရှိပြီး တရုတ်က နှစ်သန်းခွဲကျော်ရှိနေတာတွေ့ရပါတယ်။ ဒါပေမဲ့ အမြဲတမ်းစစ်အင်အားအရ တရုတ်က တပ်သား ၂သန်းကျော်ရှိပြီး အိန္ဒိယက တပ်သား တစ်သန်းခွဲကျော်ရှိပါတယ်။

ထိုင်းက ၄ သိန်းခွဲကျော်အထိရှိပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်က အင်အား ၂၃၇,၅၅၀ ဦးရှိပါတယ်။

လာအိုကတော့ တပ်ဖွဲ့ဝင် တစ်သိန်းကျော်နဲ့ အနည်းဆုံးဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာမှာ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လစဥ်စစ်သားစုဆောင်းနေတာကြောင့် စစ်သည်ဦးရေက အပြောင်းအလဲဖြစ်နိုင်ပါတယ်။

တိုက်ပွဲအတွေ့အကြုံပိုင်းမှာတော့ ဒေသတွင်းမှာ မြန်မာကထိပ်ဆုံးနားမှာရှိနေပြီး မြန်မာရဲ့ရှေ့မှာ အိန္ဒိယနဲ့ ပါကစ္စတန်ပဲ ရှိနေပါတယ်။

စစ်လက်နက်အင်အား

မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြေပြင်ဝေဟင်ပစ် ဒုံးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြေပြင်ဝေဟင်ပစ် ဒုံးတွေ

လက်နက်အင်အားတွက်ချက်မှုမှာ မြန်မာစစ်တပ်က အဆင့် ၂၀ ကို ရောက်နေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာဆို မြန်မာအောက်မှာ လာအိုနဲ့ ကမ္ဘောဒီးယားပဲရှိတော့တာပါ။

ဒါပေမဲ့ ကြည်း၊ ရေ၊ လေ အင်အား သီးခြားစီဖော်ပြမှုမှာတော့ အပြောင်းအလဲရှိပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်ဆင်နိုင်စွမ်းအကဲဖြတ်ချက်မှာ မြန်မာစစ်တပ်က တင့်ကားနဲ့ တိုက်ခိုက်ရေးယာဥ်ပိုင်ဆိုင်မှု ၂၃၁ စီးအထိ ရှိတယ်လို့ဖော်ပြပါတယ်။

ဒါက ဗီယက်နမ်(၁၆၇၉)စီး၊ ထိုင်း(၆၂၈)စီး၊ စင်္ကာပူ(၅၁၆)စီး တို့နဲ့ယှဥ်ရင် အပြတ်အသတ်ကွာဟနေပါတယ်။

မြေပြင်တပ်ဖွဲ့တွေကို လေကြောင်းထောက်ကူပေးနိုင်တဲ့ အခြေအနေမှာတော့ မြန်မာက အာဆီယံမှာ အဆင့် ၃ ရှိပါတယ်။

မြန်မာလေတပ်ရဲ့စာရင်းတွေအရ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လေယာဥ် ၁၂၇ စီးနဲ့ ရဟတ်ယာဥ် ၃၈ စီးအထိ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ရေတပ်အင်အားမှာတော့ ရေငုပ်သင်္ဘောနှစ်စင်းနဲ့ ဖရီးဂိတ်တွေရှိလို့ မြန်မာက အာဆီယံဒေသတွင်းမှာ အင်အားရှိတဲ့ အနေအထားဖြစ်ပါတယ်။

ပြည်တွင်းမှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပေမဲ့ မြန်မာလေတပ်ဟာ ဒေသတွင်းမှာတော့ အင်အားကြီးတဲ့စာရင်းထဲ မပါပါဘူး။

စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့နောက်မှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ ရုရှားထုတ် စတုတ္ထမျိုးဆက်လွန် Su-30 တိုက်လေယာဥ်တွေနဲ့ Mi-38 ဘက်စုံသုံး ရဟတ်ယာဥ်တွေ ပိုင်ဆိုင်ထားတဲ့အတွက် တိုက်စွမ်းရည် အသင့်အတင့်ရှိတဲ့ အခြေအနေမှာတော့ ရှိနေပါတယ်။

နည်းပညာပိုင်းမှာလည်း မြန်မာက အဆင့် ၂၂ မှာရှိပြီး အာဆီယံမှာဆို လာအိုစစ်တပ်တစ်ခုပဲ မြန်မာနောက်မှာ ရှိနေတာပါ။

မြန်မာဟာ ပြည်တွင်းစစ်သက်တမ်းရှည်ကြာတဲ့နိုင်ငံ ဖြစ်နေပေမဲ့ တခြားနိုင်ငံတစ်ခုနဲ့ စစ်မက်ဖြစ်ပွားခဲ့ရင် စစ်မြေပြင်ကို စစ်အင်အားလျင်မြန်စွာ ပို့ဆောင်နိုင်မှုနဲ့ ရေရှည်တိုက်ပွဲအတွက် ထိရောက်အောင် ထောက်ပံ့ပေးနိုင်မှု အကဲဖြတ်ချက်တွေမှာတော့ အမှတ်ကောင်းကောင်းမရထားပါဘူး။

လက်နက်တင်သွင်းမှု

မြန်မာဟာပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကန် ဒေါ်လာ နှစ်ဘီလျံ နီးပါးဖိုး လက်နက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မြန်မာဟာပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကန် ဒေါ်လာ နှစ်ဘီလျံ နီးပါးဖိုး လက်နက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူတင်သွင်းမှုမှာ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်တို့ကို မှီခိုနေရတာသိသာပါတယ်။

Lowy ညွှန်းကိန်းမှာလည်း တရားဝင်စစ်ရေးမဟာမိတ်မဟုတ်တဲ့နိုင်ငံတွေဆီက လက်နက်ဝယ်ယူမှုမှာ မြန်မာစစ်တပ်က အာရှပစိဖိတ်ဒေသတွင်းမှာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

မြန်မာဟာပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမေရိကန် ဒေါ်လာ နှစ်ဘီလျံ နီးပါးဖိုး လက်နက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အာဆီယံမှာ မြန်မာထက်များတာ ဗီယက်နမ်နိုင်ငံပဲရှိပြီး ဒေါ်လာ သုံးဘီလျံ နီးပါး ဖိုး ဝယ်ယူခဲ့ပါတယ်။

နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြားကကို မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လက်နက် ဒေါ်လာ ဘီလျံချီတန်ဖိုးတင်သွင်းခဲ့တာ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့လက်နက်ဝယ်ယူမှုက အမေရိကန်ဒေါ်လာ ၂၂၂ သန်းရှိခဲ့တယ်လို့ Lowy က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာနောက်ဆုံးပတ်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နေပြည်တော်ကိုပထမဆုံးအကြိမ်ချစ်ကြည်ရေးခရီးရောက်လာပြီး ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေရှိခဲ့တာကြောင့် မြန်မာရဲ့လက်နက်တင်သွင်းမှုက ဆက်လက်တိုးတက်နေဦးမယ်လို့ အကဲခတ်တွေကသုံးသပ်ပါတယ်။

အာရှရဲ့ လူမမာ

ဘယ်လာရုစ်သမ္မတရဲ့ ရှားရှားပါးပါးနေပြည်တော်ခရီး

ဓာတ်ပုံ ရင်းမြစ်, President of the Republic of Belarus

ဓာတ်ပုံ ပုံစာ, ဘယ်လာရုစ်သမ္မတရဲ့ ရှားရှားပါးပါးနေပြည်တော်ခရီး

Lowy Institute ရဲ့ အာရှအင်အားကြီးနိုင်ငံများ ညွှန်းကိန်း (Asia Power Index)ဟာ ကာကွယ်ရေးကဏ္ဍတစ်ခုတည်းကိုသာမကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စီးပွားရေး၊ သံတမန်ရေးနဲ့ ယဥ်ကျေးမှုလွှမ်းမိုးမှု ကဏ္ဍတွေကိုပါ ထည့်သွင်းတွက်ချက်ထားပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံရဲ့ ဘက်စုံအင်အား (Comprehensive Power) ကို တွက်ချက်မှုအရ မြန်မာက အဆင့် ၂၃ မှာပဲ ရှိနေပါတယ်။

ဒီညွှန်းကိန်းမှာ မြန်မာက အင်အားနည်းတဲ့နိုင်ငံ "Minor Power" အဖြစ် သတ်မှတ်ခံထားရပြီး "အာရှရဲ့လူမမာ" (Sick man of Asia) လို့ တင်စားထားပါတယ်။

စီးပွားရေးလည်းကျဆင်းနေပြီး နိုင်ငံခြာရင်းနှီးမြှုပ်နှံမှုမှာလည်း အားရစရာမရှိပါဘူး။

ဒါပေမဲ့ မြန်မာမှာ ဘာတစ်ခုမှတိုးတက်မှုရှိမနေတာတော့မဟုတ်ပါဘူး။ သံတမန်ရေးကြိုးပမ်းမှုမှာ လွန်ခဲ့တဲ့နှစ်တွေကထက် တိုးတက်မှုတွေရှိလာတယ်လို့ Lowy Institute က သုံးသပ်ပါတယ်။

အထူးသဖြင့် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌလုပ်ခဲ့တဲ့ ၂၀၂၄ ကစပြီး မြန်မာစစ်တပ်ဟာ သံတမန်ရေးရာဝင်ဆန့်မှု ပြန်ရလာတာလို့ သုံးသပ်တာပါ။

မြန်မာနိုင်ငံဟာ အရင်းအမြစ် ကြွယ်ဝပေမဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဒေသတွင်း အင်အားကြီး ပြိုင်ဆိုင်မှုတွေကြားမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းနည်းပါးတဲ့ အခြေအနေရောက်နေတယ်လို့ Lowy က သုံးသပ်ထားပါတယ်။