အိန္ဒိယ-ပါကစ္စတန် နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ဖို့ထိ အန္တရာယ်ကြီးနေလား

ဓာတ်ပုံ ရင်းမြစ်, AFP
"အခြေအနေဟာ ရှုပ်ထွေးပြီး အန္တရာယ်ကြီးတဲ့ အနေအထားကို ရောက်နေပြီ။" အိန္ဒိယနဲ့ ပါကစ္စတန်ကြား ရန်လိုမှု မြင့်မားနေတဲ့ နောက်ဆုံး အခြေအနေတွေပေါ် ဟူစိန် ဟတ်ကာနီ သုံးသပ်ပြောဆိုတာပါ။
သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ် အဖြစ် တာဝန် ထမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပါကစ္စတန် ဝန်ကြီးချုပ် ၃ ဆက်မှာလည်း အကြံပေးဖြစ်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ ပါမောက္ခ ဟတ်ကာနီဟာ "ပုံမှန်လည်ပတ်နိုင်စွမ်း ကင်းမဲ့နေတဲ့ နျူကလီးယား လက်နက်နိုင်ငံ ပါကစ္စတန်ရဲ့ ပုံရိပ်ကို ပြောင်းလဲခြင်း" ဆိုတဲ့ စာအုပ်ကို လတ်တလောမှာပဲ ရေးသား ထုတ်ဝေထားတဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၂၆ ရက်၊ အင်္ဂါနေ့မှာ ပါကစ္စတန် ပိုင်နက်ထဲထိ ဝင်ပြီး စစ်သွေးကြွ လက်နက်ကိုင်တွေကို အိန္ဒိယက လေကြောင်းတိုက်ခိုက်ခဲ့တဲ့နောက် ပါကစ္စတန်ကလည်း ပိုင်နက် ကျူးကျော်ခံရမှု အပေါ် ထိုက်သင့်သလို လက်တုံ့ပြန်မယ်လို့ ကြုံးဝါး ခဲ့ပါတယ်။
ဘယ်အချိန်မှာ ဘယ်နေရာတွေကို ပစ်မှတ်ထားမလဲဆိုတာ ရွေးချယ်သွားမယ်လို့ ပါကစ္စတန် အမျိုးသား လုံခြုံရေး ကော်မတီက ပြောလာအပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ကက်ရှ်မီးယား ဒေသကို ပိုင်းခြားထားတဲ့ ထိန်းချုပ်လိုင်း LoC ကို ကျော်ဖြတ်လို့ ပါကစ္စတန်က လေကြောင်း တိုက်မှုတွေ လက်တုံ့ပြန် လုပ်ဆောင် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အဲဒီ ဖေဖေါ်ဝါရီ ၂၇ ရက် ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုအတွင်း ကက်ရှ်မီးယား ဝေဟင်ထက်အိန္ဒိယ တိုက်လေယာဉ် နှစ်စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ကြေညာပြီး လေယာဉ်မှူးတွေကိုလည်း လက်ရ ဖမ်းမိထားတယ်လို့ ထုတ်ပြန်ပါတယ်။
အိန္ဒိယဘက်ကလည်း သူတို့ရဲ့ မစ်ဂ်တိုက်လေယာဉ် MiG 21 တစ်စီး ပျောက်ဆုံးနေပြီး လေယာဉ်မှူး နဲ့လည်း အဆက်အသွယ် မရဘူးလို့ ထုတ်ဖော် ဝန်ခံ ထားပါတယ်။ ဒါ့အပြင် နိုင်ငံ မြောက်ပိုင်း တချို့ ဒေသတွေမှာ လေယာဉ်မပျံရ ဆိုပြီးတော့လည်း ကန့်သတ်လိုက်ပါတယ်။
အိန္ဒိယက ပါကစ္စတန်ထဲထိ ဝင်ပြီး ဂျေရှီမိုဟာမက် ဆိုတဲ့ လက်နက်ကိုင် အုပ်စုကို လေကြောင်း တိုက်ခိုက်တာဟာ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယား ဒေသမှာ အစိုးရ စစ်သားတွေ အယောက် ၄ဝ ထိ သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးခွဲမှု ကျူးလွန်ခဲ့သူတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် အကျဆုံးများခဲ့ရတဲ့ ဖြစ်ရပ်အတွက် အုံကြွလာကြတဲ့ အိန္ဒိယ ပြည်တွင်း မကျေနပ်မှုတွေကနေ သက်သာရာရဖို့ စစ်သွေးကြွ အုပ်စုကို ပါကစ္စတန်ထဲထိဝင်ပြီး လက်တုံ့ပြန်ပြ ခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်လည်းပဲ ကိုယ့်ရဲ့ ပိုင်နက် အကျူးကျော် ခံရတဲ့ အခါ ဒီ အတိုင်း ငြိမ်နေလို့ မရတဲ့ ဖိအားမျိုးကို ပါကစ္စတန် ပြည်တွင်းမှာပဲ ဝန်ကြီးချုပ် အီမရန်းခန်း အစိုးရ တွေ့ကြုံရပါတယ်။ မစ္စတာခန်း ရုပ်သံပေါ်ကနေ ပေးတဲ့ မိန့်ခွန်းထဲမှာလည်း ဒီသဘောမျိုးကို ဖွင့်ဟ သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"ကိုယ့်ပိုင်နက်ကျူးကျော်ခံရရင် ပြန်တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုတာ ပါကစ္စတန်ဘက်က ပြသဖို့ လိုအပ်နေတယ်" ဆိုပြီး ဝန်ကြီးချုပ် အီမရန်းခန်းက ပြောပါတယ်။ ဒီလို သူတစ်ချက်ရိုက်ရင် ကိုယ်တစ်ချက် ပြန်ရိုက်ပြရမယ် ဆိုပြီး ကိုယ်စီ ပြည်တွင်း ဖိအားတွေကြောင့် ပြုမူပုံတွေဟာ ရန်လိုမှု၊ အခြေအနေတင်းမာမှုတွေ အမြင့်ဆုံးကို ရောက်လာ စေခဲ့ပါတယ်။
"နောက်ဘာဆက်ဖြစ်မလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ အခု ကျနော် အိန္ဒိယကို မေတ္တာ ရပ်ခံနေတာပါ။ ကျနော်တို့ ဦးနှောက်တွေသုံး၊ သတိကြီးကြီးထားရမှာ ဖြစ်ပါတယ်။ အတိတ်ကာလတုန်းက ခေါင်းဆောင်တွေ အတွက်အချက် မှားခဲ့ကြလို့ စစ်ပွဲတွေ တာရှည်ခဲ့ပါတယ်။ အိန္ဒိယမှာရော ပါကစ္စတန်မှာပါ ပိုင်ဆိုင်ထားတဲ့ လက်နက် အမျိုးအစားတွေဟာ ဒီတခေါက်တော့ အတွက်အချက်မှားလို့ မရ နိုင်တော့ပါဘူး" ဆိုပြီးတော့လည်း ဝန်ကြီးချုပ် အီမရန်းခန်း ပြောခဲ့ပါတယ်။
နှစ်ဘက် မထိန်းချုပ်ရင် အဆုံးစွန် စစ်ရေးအသွင် ပေါက်ကွဲ ထွက်လာတော့မယ့် အနေအထားမျိုး ရှိနေပြီလို့ အိန္ဒိနိုင်ငံ ဒေလီမြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဆိုတစ် ဘစ္စဝါက ပြောပါတယ်။
လက်ရှိ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒြာမိုဒီ ဆီက တိုက်ရိုက် မှတ်ချက်စကား မကြားရ သေးပေမယ့် သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဆွတ်ရှ်မာ ဆဝါရာ့ဂျ်ကတော့ အိန္ဒိယဘက်က စစ်သွေးကြွတွေကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာ တာဝန်ယူမှု ရှိရှိ၊ အင်အားကို ထိန်းချုပ် လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PAKISTAN INFORMATION MINISTRY
နှစ်နိုင်ငံကြား ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေခဲ့ကြပေမယ့် နျူကလီးယား လက်နက်တွေ ကိုယ်စီ ရှိနေကြတဲ့ အတွက် စစ်ရေး အပြုအမူတွေ ထိန်းချုပ်ကြဖို့လည်း သတိထားခဲ့ကြပုံ ရှိပါတယ်။
၂ဝ၁၆ မှာတော့ အကြမ်းဖက် အဖွဲ့ ချေမှုန်းရေး အတွက်ဆိုပြီး အိန္ဒိယ မြေပြင် အထူးတပ်ဖွဲ့က LoC လိုင်းကို ကျော်ဖြတ် ဝင်ခဲ့ပြီး ပါကစ္စတန် လုံခြုံရေးအဖွဲ့နဲ့ ထိတွေ့ ပစ်ခတ်တာတွေ ဖြစ်ခဲ့သလို၊ အသေအပျောက်လည်း နှစ်ဘက် ရှိခဲ့ပါတယ်။
အခု တစ်ကြိမ်မှာတော့ မြေပြင်တပ် မစေလွှတ်ပဲ အိန္ဒိယက ဂျေရှီမိုဟာမက် အဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာက ပါကစ္စတန်လည်း လေကြောင်း ကျူးကျော်မှုကို သည်းညည်း မခံဘူး ဆိုပြီး ဝေဟင်စစ် ပြန်လည် ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၁၉၇၁ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲနောက်ပိုင်း နှစ်နိုင်ငံကြား ထိန်းချုပ်မြေ ခွဲခြားထားတဲ့ မျဉ်းကြောင်းကို ကျော်ဖြတ်ပြီး နှစ်ဘက် စစ်တပ် အပြန်အလှန် လေကြောင်းတိုက်ပွဲ ပထမဆုံး အကြိမ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ပါကစ္စတန် အနေနဲ့ အခြေအနေကို စစ်ရေး အရပဲ ဖြေရှင်းတော့မယ်လို့ ဆုံးဖြတ်ရင် အိန္ဒိယ အပေါ် ထိခိုက် သက်ရောက်မှာထက် ကိုယ့်နိုင်ငံကိုယ် ပြန်ဖျက်ရာ ရောက်မယ်လို့ အမေရိကန် ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေး သုတေသီ ဝါရင့် ပါမောက္ခ ဒင်နီရယ်မာကီက ပြောပါတယ်။
"ဒေလီက လူတွေ အားလုံး သိထားကြတယ်။ ဒီတော့ ပါကစ္စတန်ဘက်က ရန်လို တုံ့ပြန်မှု တစ်ခုချင်းစီ အတွက် တန်ပြန် အရေးယူမှု အမြင့်ဆုံး အဆင့် ပြုလုပ်လာဖို့ ရည်ရွယ် ပြင်ဆင်နေတယ်" လို့ ဒေါက်တာမာကီက ဆိုပါတယ်။
ဒီတော့ နျူကလီယာ ပဋိပက္ခထိ ဖြစ်လာမလား ….
၁၉၄၇မှာ ဗြိတိန်ဆီက လွတ်လပ်ရေးရပြီး ကတည်းက၊ နှစ်နိုင်ငံ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံးနီးပါးဟာ ကက်ရှ်မီးယား ပဋိပက္ခကြောင့် ဖြစ်ပါတယ်။
လက်ရှိ တင်းမာမှုတွေဟာ လူတွေ မျှော်လင့်တာထက် ပိုပြီး အခြေအနေ ဆိုးရွား ပြင်းထန် နေတယ်လို့ ဒင်နီရယ် မာကီက ယူဆနေပါတယ်။
"နျူကလီးယားလက်နက် ကိုယ်စီနဲ့ ခြိမ်းခြောက် ရန်လိုတဲ့ အန္တရာယ် ရှိလာနိုင်မလား ဆိုရင် အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ဒီလို အခြေအနေမျိုးထိ ရောက်လာမယ့်အန္တရာယ်ဟာ အမြဲလိုလို ရှိနေခဲ့ပါတယ်။ ကက်ရှ်မီးယား ဒေသမှာ နေရာချထားတဲ့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့သာမက တကယ့် ပါကစ္စတန် စစ်တပ်နဲ့ စစ်ရေး ပဋိပက္ခ ဖော်ဆောင်ဖို့ ဆိုတာ နောက်ပိုင်း အိန္ဒိယ ဝန်ကြီးချုပ်တွေ လက်ထက် တွန့်ဆုတ် ခဲ့ပေမယ့်၊ ခု (မိုဒီလက်ထက်မှာတော့) တင်းတင်းမာမာ ခြေလှမ်းလှမ်းလာတာ ဖြစ်တယ်" ဆိုပြီး ဒေါက်တာမာကီက ပြောပါတယ်။

ဒါပေမယ့် နျူလက်နက်တွေကို မတော်တဆ ဖြစ်စေ၊ အစိုးရ ခွင့်ပြုချက်နဲ့ မဟုတ်ပဲနဲ့ ဖြစ်စေ အသုံးပြုလာတာမျိုးကလွဲပြီး ၊ ကက်ရှ်မီးယား ပဋိပက္ခမှာ ပို သိသာ ထူးခြားတဲ့ ရန်လို ထိပ်တိုက်တွေ့မှုတွေ ထပ်ပေါ်ပေါက်လာတဲ့ နောက်မှပဲ နျူစစ်ပွဲ နွှဲတဲ့အထိ ဖြစ်လာဖို့ ရှိတယ်လို့လည်း ဒေါက်တာမာကီက ဆိုပါတယ်။
ပို သိသာ ထူးခြားတဲ့ ရန်လိုမှုလို့ ဆိုတဲ့ နေရာမှာ အထူးသဖြင့် ပါကစ္စတန်ဘက်က အရပ်သား ပစ်မှတ်တွေကိုပါ တိုက်ခိုက်လာတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်တယ်လို့လည်း ဒင်နီရယ် မာကီက ပြောပါတယ်။
"ဒီလို အခြေအနေထိ ရောက်ဖို့ ဆိုတာကတော့ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ အရေးကြီးတဲ့ မေးခွန်းက အခုလောက် အတိုင်းအတာထိ ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး စစ်ရေး ထိပ်တိုက် တွေ့လာတဲ့ အန္တရာယ်အကြီးဆုံး အနေအထားကနေ နောက်ဆုတ်သွားဖို့ နှစ်နိုင်ငံစလုံး နည်းလမ်းရှာသွားမလား ဆိုတာပဲ" လို့ ပါမောက္ခ မာကီက ဆိုပါတယ်။
ဆရီနာဂါမြို့ပြင်မှာလည်း အိန္ဒိယ စစ်ရဟတ်ယာဉ် ပျက်ကျ
ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အိန္ဒိယ-ပါကစ္စတန် နှစ်ပိုင်းခွဲ အုပ်ချုပ်နေတဲ့ ကက်ရှ်မီးယား ဒေသမှာ အိန္ဒိယ တိုက်ဂျက်လေယာဉ် နှစ်စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောနေချိန်မှာပဲ ဘာ့ဒ်ဂမ်မှာ အိန္ဒိယ စစ်ရဟတ်ယာဉ် ပျက်ကျခဲ့တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။
ဘာ့ဒ်ဂမ်ဆိုတာ အိန္ဒိယ အုပ်ချုပ်တဲ့ ဂျာမူးနဲ့ကက်ရှ်မီးယား ပြည်နယ်ရဲ့ နွေရာသီမြို့တော်လို့ခေါ်တဲ့ အကြီးဆုံးမြို့ ဆရီနာဂါမြို့ပြင်မှာ ရှိတာပါ။
စစ်ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းနေတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။
ရဟတ်ယာဉ်ရဲ့ အပျက်အစီး အကြွင်းအကျန်တွေ ဘေးမှာ အိန္ဒိယ စစ်သားတွေနဲ့ ကက်ရှ်မီယား ဒေသခံတွေ ဝိုင်းကြည့် နေကြတဲ့ ဓာတ်ပုံတွေကို တွေ့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယနဲ့ ပါကစ္စတန် စစ်ရေး တင်းမာမှု သမိုင်း
အောက်တိုဘာ ၁၉၄၇ - ဗြိတိသျှဆီကနေ သီးခြားစီ လွတ်လပ်ရေး ရယူပြီး ၂ လ အကြာမှာ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင်မှု အငြင်းပွားမှု စတင်ခဲ့ပြီး ပထမဆုံး အကြိမ် စစ်ပွဲကြီး ဖြစ်ခဲ့ပါတယ်။
ဩဂုတ် ၁၉၆၅ - ကက်ရှ်မီးယား အရေး နောက်ထပ် ၁ ကြိမ် စစ်ပွဲငယ် ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၉၇၁ - အရှေ့ပါကစ္စတန် (အခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ပါကစ္စတန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး တောင်းဆိုမှုကို အိန္ဒိယက ထောက်ခံခဲ့ပါတယ်။ အိန္ဒိယ လေတပ်က ပါကစ္စတန် ပိုင်နက်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တည်ထောင်ခြင်းနဲ့ အတူ အဲဒီ စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။

မေ ၁၉၉၉ - ပါကစ္စတန် စစ်တပ်နဲ့ စစ်သွေးကြွ တပ်ဖွဲ့ဝင်တွေက ကာဂီလ် တောင်တန်းက အိန္ဒိယ စစ်စခန်းတွေကို ဝင်သိမ်းခဲ့ပါတယ်။ အိန္ဒိယက မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေနဲ့ တန်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀၀၁ - ကက်ရှ်မီးယားဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေထဲက အစိုးရ စီစဉ်တဲ့ လူစုလူဝေး တစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် ၂ လ အကြာမှာ ဒေလီမြို့တော်က အိန္ဒိယ လွှတ်တော် အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀၀၈ - မွန်ဘိုင်း (အရင် အခေါ် ဘုံဘေ) ဘူတာကြီး၊ ဇိမ်ခံ ဟိုတယ်တွေနဲ့ ဂျူး ယဉ်ကျေးမှု စင်တာ တွေ တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ပါကစ္စတန် အခြေစိုက် လာရှခါအီတိုင်ဘာ (Lashkar-e-Taiba) အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ အိန္ဒိယဘက်က ပြစ်တင်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၀၁၆ - ပက်သာကော့ (Pathankot) ဒေသက အိန္ဒိယ လေတပ်စခန်း ၄ ရက် ကြာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ တိုက်ပွဲမှာ အိန္ဒိယ စစ်သား ၇ ဦးနဲ့ စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့ပါတယ်။
၁၈ စက်တင်ဘာ ၂၀၁၆ - ကက်ရှ်မီးယားက အိန္ဒိယ ထိန်းချုပ်ဒေသ အူရီ (Uri) က စစ်စခန်း ၁ ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။
၃၀ စက်တင်ဘာ ၂၀၁၆ - ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်က ကြေညာခဲ့ပေမယ့် ဒါကို ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။










