ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောတဲ့ မြန်မာ့မြောက်ပိုင်းထိန်းချုပ်ရေး ဘာလဲဘယ်လဲ

ဓာတ်ပုံ ရင်းမြစ်, Gun Maw
ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော်လှန်ရေးရဲ့ ကန့်လန့်ကာနောက်ကွယ်က အကြောင်းတချို့ကို လှစ်ဟပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့ မနက်ပိုင်းမှာ KIO ဗဟိုကော်မတီအစည်းအဝေးလုပ်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက်တစ်ရက်မှာပဲ တရုတ်အထူးကိုယ်စားလှယ်နဲ့တွေ့ခဲ့တဲ့အကြောင်းတွေက လွန်ခဲ့တဲ့ငါးနှစ်တာအစောပိုင်းအရွေ့ကို မြင်သာစေပါတယ်။
တရုတ်အထူးကိုယ်စားလှယ်က တိုက်ပွဲတွေမဖော်ဆောင်ဖို့ တားခဲ့ပေမဲ့ KIO ကတော့ရှောင်လွှဲလို့ရမှာမဟုတ်ဘူး လို့ ပြန်ပြောခဲ့ပါတယ်။
"ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲရမှာ ဖြစ်တယ်။ ကျွန်တော်တို့ အိမ်ခြံဝန်းတံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်များဟာ တံခါးပေါက်လုံခြုံရေးကို သေချာ လုပ်ရမယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောတယ်။ သူတို့ မယုံဘူး" လို့ တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်အကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာလုပ်တဲ့ ၆၅ နှစ်ပြည့်ကချင်တော်လှန်ရေးနေ့အခမ်းအနားကို အွန်လိုင်းကနေမိန့်ခွန်းပြောချိန် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အခုလိုအရွေ့ရဲ့အစကို ပြောပြခဲ့တာပါ။
နှစ်ပေါင်း ၆၀ ကျော်ကြာ ကချင်ပြည်နယ်အတွင်းတော်လှန်ရေးလုပ်လာခဲ့တဲ့ KIO ရဲ့ ပြည်မလို့ခေါ်ဝေါ်တဲ့ "စစ်ကိုင်းတိုင်း" ကို တံခါးပေါက်အဖြစ်ရှုမြင်တာဟာ သူတို့ရဲ့အတွေ့အကြုံအရပြောင်းလဲလာတာလို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေက အရင်တုန်းက များသောအားဖြင့် သူတို့အမျိုးသားရေး ကွက်ကွက်လေးကိုပဲ လွတ်မြောက်ဖို့ရည်မှန်းချက်ထားကြတာများတယ်။ နှစ် ၆၀ တော်လှန်ရေးလုပ်လာရင်း သူတို့သဘောပေါက်လာတယ် စစ်အာဏာရှင်စနစ်မရှိမှဖြစ်မယ်ဆိုတာကိုပေါ့။ ဒါကြောင့်မလို့ ဗမာမြေပြန့် ကိုဆင်းပြီး ဗမာတော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်လာကြတာပဲ" လို့ ဝါရင့်နိုင်ငံရေးအကဲခတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
ဒေါက်တာလှကျော်ဇောဟာ မြန်မာစစ်တပ်တည်ထောင်သူတွေဖြစ်တဲ့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့သမီးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
KIO ရဲ့ ရည်မှန်းချက်က ကိုလိုနီစနစ်ပုံစံနဲ့ အုပ်ချုပ်တဲ့အစိုးရပုံစံမှန်သမျှကို အပြီးအပိုင်တော်လှန်ပြီး တန်းတူယှဉ်တွဲနေထိုင်ကာ ပြည်သူလူထုမှာ အချုပ်အခြာအာဏာရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီတစ်ခု ထူထောင်ဖို့လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းမှာထည့်ပြောခဲ့ပါတယ်။
KIA ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၅ နှစ်တာအတွင်း မြေပြန့်လို့ခေါ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးအစိတ်အပိုင်းတချို့ရဲ့ စစ်ရေးကွပ်ကဲမှုဟာ "အမှတ် ၁ စစ်ဒေသ" က လာတာပါ။
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်အစပ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဒီစစ်ဒေသက ဦးဆောင်သလို တအာင်းတပ် (TNLA) က စစ်တပ်ကိုပြန်လွှဲခဲ့တဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို ပြန်မပေးရရေးအတွက် ခုခံစစ်မှာ ဒီစစ်ဒေသကပဲ ဦးဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစ ၂၀၂၁ မတ်လမှာလုပ်တဲ့ ကချင်အဖွဲ့အစည်းတွေရဲ့အစည်းအဝေးကြီးကပေါ်ထွက်လာတဲ့ Kachin Political Interim Coordination Team – KPICT နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ သဘောတူညီချက်အရ KIO/ KIA ဟာ စစ်ကိုင်းမှာ စစ်ရေးလှုပ်ရှားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် က ထုတ်ပြောပါတယ်။
ကြားကာလပြီးဆုံးချိန်အထိ အကျုံးဝင်မယ့် ဒီသဘောတူညီချက်မှာ အချက် ၃ ချက်ပါဝင်ပြီး ကချင်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးကို KIA က တာဝန်ယူမယ်ဆိုတဲ့အချက်လည်းပါခဲ့တာပါ။
"ဒီသဘောတူညီချက်ကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဒေသဖွင့်ပြီးတော့ အတူတကွပါဝင်နေတာဖြစ်ပါတယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မိန့်ခွန်းမှာထည့်ပြောပါတယ်။
အစောပိုင်းကာလတွေမှာ ဒီစစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခေါင်လွန်း က စစ်ဒေသမှူးအဖြစ်ကွပ်ကဲပြီး KIA အရာရှိကြီးတွေက ခရိုင်ကွပ်ကဲရေးအနေနဲ့ဆောင်ရွက်ကြတာပါ။
စစ်ဒေသကွပ်ကဲမှုရဲ့အောက်မှာ အာဏာသိမ်းပြီးနောက်မှ ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေလှုပ်ရှားကြပါတယ်။
ဗိုလ်ချုပ်ကြီး ခေါင်လွန်း ၂၀၂၄ ခုနှစ်မှာကွယ်လွန်ပြီးနောက်တော့ စစ်ဒေသမှူးအဖြစ်ဘယ်သူတာဝန်ယူနေလဲ ဆိုတာ တိတိကျကျမသိရသေးပါဘူး။ ဒါပေမဲ့ သူစစ်ရေးဦးဆောင်မှုပေးခဲ့တဲ့ အမှတ် ၁ စစ်ဒေသ၊ ကသုံးလုံး ဒေသမှာတော့ ၂၀၂၆ အစောပိုင်းအထိ တော်လှန်ရေးအင်အားစုတွေအားကောင်းနေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, အမှတ် ၁ စစ်ဒေသ
"က သုံးလုံးဒေသ" ဆိုတဲ့အခေါ်အဝေါ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာမှ လူသိများတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ ဒီဒေသကို ခိုင်မာအောင်လုပ်ဖို့ဆိုတဲ့အမြင်ဟာ အာဏာသိမ်းတဲ့နေ့ KIO ဗဟို အစည်းအဝေးလုပ်ချိန်ထဲက အစပျိုးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းအရ သိရပါတယ်။
"ကောလင်း၊ ကသာ၊ ကန့်ဘလူဆိုတဲ့ ကသုံးလုံး နယ်မြေမှာ ခိုင်မာအောင်လုပ်ရမယ်လို့ အဲ့ချိန် (၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်) ထဲက ပြောတယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မိန့်ခွန်းထဲပြောခဲ့တာပါ။
ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေပါဝင်တဲ့ ကောလင်းခရိုင်၊ ကသာ၊ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်မြို့နယ်တွေပါဝင်တဲ့ ကသာခရိုင်နဲ့ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေပါဝင်တဲ့ ကန့်ဘလူခရိုင်ကို "က သုံးလုံးဒေသ" လို့ ညွှန်းဆိုကြပါတယ်။
ကချင်ပြည်နယ်ကိုဝင်ပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသုံးလုံးဒေသမြို့နယ်တွေရဲ့ ကျေးလက် ဒေသကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်ပြီး မြို့သိမ်းတိုက်ပွဲတွေလည်း ဖော်ဆောင်ခဲ့ကြပါ တယ်။
မြေပုံအရမြင်သာအောင်ပြောရရင် ကသုံးလုံးအစမှာ ဗန်းမောက်၊ အင်းတော်၊ ကသာရှိပြီး ကသာ ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့လည်း ထိစပ်ပါတယ်။
အဲဒီကနေဆင်းလာရင် ချင်းတွင်းမြစ်အနီးမှာ ပင်လည်ဘူး၊ ဝန်းသိုရှိနေပြီး ကောလင်းကတဆင့် ဧရာဝတီမြစ်အနောက်ခြမ်းက ထီးချိုင့်ကိုရောက်မှာပါ။ ထီးချိုင့်က ဆက်ဆင်းလာရင်တော့ ကျွန်းလှ၊ ကန့်ဘလူရှိပြီး ကသုံးလုံးအဆုံးနယ်နိမိတ်ဖြစ်ပါတယ်။
ကန့်ဘလူဟာ စစ်ကိုင်းတိုင်းအလယ်ပိုင်းအညာလွင်ပြင်နဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်အရှေ့ခြမ်းမှာလည်း မန္တလေးတိုင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ တကောင်း၊ သပိတ်ကျင်းမြို့တွေနဲ့ ဆက်စပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အမှတ် ၁ စစ်ဒေသ
တော်လှန်ရေးအင်အားစုတွေဟာ ပင်လည်ဘူး၊ ကသာ၊ အင်းတော်တို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမဲ့ ဗန်းမောက်မြို့ကို ၂၀၂၆ ဖေဖော်ဝါရီလထဲမှာ ပူပူနွေးနွေးလက်လွှတ်ထားရပါတယ်။ ဒါပေမဲ့ အမှတ် ၁ စစ်ဒေသရဲ့ ဖေဖော်ဝါရီ ၂ ရက်ထုတ် ကန့်ဘလူခရိုင်တိုက်ပွဲထုတ်ပြန်ချက်ကတော့ ထူးခြားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ပြည်သူ့စစ် (ပျူစောထီး) အခြေစိုက်ရွာတွေကို PDF၊ ပကဖအဖွဲ့တွေဟာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့အတူ တိုက်ခိုက်ခဲ့ကြတာပါ။
AA နဲ့အတူ စစ်ဒေသမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်း အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေး အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) တွေ စစ်ကိုင်းတိုင်းကို ဖြန့်ကျက်လာသလို စစ်တပ်ကလည်း စစ်ကိုင်းတိုင်းကို ထောက်ပို့ရေးလမ်းကြောင်းဖြတ်တောက်ပြီး အားလျော့အောင်ကြိုးစားလာပါတယ်။
"စစ်တပ်က ရှမ်းမြောက်၊ မန္တလေးတိုင်းအထက်ပိုင်း၊ ဧရာဝတီမြစ်ကြောင်းကနေ စစ်ကိုင်းတိုင်းကို ဖြတ်တောက်ထားနိုင်ဖို့ ဆက်တိုက်လုပ်နေတယ်။ ကချင်နဲ့ စစ်ကိုင်းအထက်ပိုင်းတကြောကိုလည်း လုပ်လာနိုင်တယ်။
အင်းတော်၊ ကသာ၊ ပင်လည်ဘူးကို စစ်တပ်က ပစ်မှတ်ထားနိုင်တယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။
MDSI ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ လေ့လာရေးအဖွဲ့ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကာလမှာ ဗမာဒေသလို့လူသိကြတဲ့ စစ်ကိုင်းတိုင်းဟာ ခုခံတော်လှန်စစ်အားကောင်း လာပြီး "က သုံးလုံးဒေသ" မှာ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေအများစုဖော်ဆောင်ခဲ့ကြပါတယ်။ ဒီလို အရွေ့ရှိတဲ့ က သုံးလုံးဟာ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောပြတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းထိန်းချုပ်ရေးဆိုတဲ့ စစ်ရေး ရည်မှန်းချက်ထဲပါဝင်နေပါတယ်။
"ချင်းပြည်ရဲ့ အောင်မြင်မှုဟာ တနိုင်ငံလုံးကို အထောက်အပံ့ဖြစ်မယ်" - ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်

ဓာတ်ပုံ ရင်းမြစ်, Yaw Mang
၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေအများအပြားဖြစ်မယ့်နှစ်လို့မျှော်လင့်ထားကြောင်း KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က တစ်နာရီနီးပါးရှည်ကြာတဲ့သူ့ရဲ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
"ချင်းပြည်အရေးကို အလေးထားပြီး ဆောင်ရွက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ယူနစ်၊ နာဂ ယူနစ်၊ ချင်းယူနစ်၊ NUG ရဲ့ ကသုံးလုံးဟာ ဖြစ်ပေါ်ဖို့ကြိုးစားနေတာဖြစ်တယ်။ အထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး ထိန်းချုပ်နိုင်သွားရင် အောက်ပိုင်းကို အလွယ်တကူထိန်းသိမ်းနိုင်မှာဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ စစ်ရေးအရင်းအမြစ်ဖြစ်တယ်" လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
ဒီနေရာမှာ ပြည်သူအများစုနဲ့တရင်းတနှီးမဖြစ်တဲ့အသုံးအနှုန်းက ယူနစ်ဆိုတဲ့ ဒေသသတ်မှတ်ချက်ပါ။ ၂၀၂၁ ခုနှစ်တည်းက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC) အစိတ်အပိုင်း ၂ မှာ သတ်မှတ်ချက်အရ "ယူနစ်" လို့ ခေါ်ဝေါ်ပါတယ်။
တော်လှန်ရေးမအောင်မြင်ခင်ကာလ တနည်းအားဖြင့် ကြားကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ တိုင်းဒေသကြီးအပိုင်းအခြားတွေကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်လို့ ခေါ်ဆိုပါတယ်။ ဒါဟာ ကြားကာလအတွင်း ခေါ်ဆိုမှုဖြစ်ပါတယ်။
ကချင်၊ ချင်း၊ က သုံးလုံးဒေသတွေဟာ တိုက်ပွဲတွေရှိတာကြောင့် စစ်ရေးရည်မှန်းချက်လို့ဆိုနိုင်ပေမဲ့ နာဂဒေသ (နာဂယူနစ်) ကိုပါရည်မှန်းတာက ထူးခြားပါတယ်။
"လောလောဆယ်မြောက်ပိုင်းက EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) တွေထဲမှာ အင်အား အတောင့်တင်းဆုံးက KIA ပဲ။ အင်အားတောင့်တင်းတဲ့အဖွဲ့က ကျန်တဲ့အဖွဲ့ငယ်တွေကို ပျော့ပျော့ ပြောင်းပြောင်းချဉ်းကပ်တာက အင်မတန်ကောင်းတဲ့အချက်ပဲ"
"နာဂဆိုတာဟာ အဖွဲ့ကလေးတွေပါပဲ။ ဒီအဖွဲ့တွေကို ညီညီညွတ်ညွတ်နဲ့စုစည်းပြီးတော့လုပ်ဆောင်လာနိုင်ရင် တပ်ပေါင်းစုအတွက်မှာအတော်အောင်မြင်တယ်လို့ပြောရမှာပါ" လို့ ဒေါက်တာလှကျော်ဇောက သူ့အမြင်ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြင်သာတဲ့အချက်က နာဂ နဲ့ ချင်းဟာ မြန်မာနိုင်ငံအနောက်ခြမ်းထွက်ပေါက် တနည်းအားဖြင့် အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ နယ်နိမိတ်ဖြစ်ပါတယ်။ ကချင်၊ စစ်ကိုင်းစတဲ့ ဒေသတွေကပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကစလို့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေရဲ့ ထောက်ပို့ရေးအထိ တရုတ်နယ်စပ်နဲ့ ပြည်မပိုင်း (စစ်ကော်မရှင်စိုးမိုးရာဒေသ) တွေကနေလာတဲ့ လမ်းကြောင်းတွေကို မှီတည်ရပါတယ်။
တရုတ်ဖိအား၊ စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြားမှာ KIO/ KIA ရဲ့ စစ်ရေးရော နိုင်ငံရေးအရပါ ဗျူဟာမြောက် စဉ်းစားချက်လို့ နိုင်ငံရေးအကဲခတ်တွေရော စစ်ရေးလေ့လာသူတွေကပါ ပြောကြပါတယ်။
အင်အားကြီးနိုင်ငံတွေကြားမှာရှိနေတဲ့ မြန်မာအတွက် အိန္ဒိယကိုပါထည့်သွင်းစဉ်းစားတာက ပထဝီနိုင်ငံရေး အတွက် ကောင်းမွန်တဲ့ချဉ်းကပ်ဟန်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေရဲ့ တရုတ်အပေါ် ဆက်သွယ်ရေးလမ်းကြောင်းမူတည်ရတာကနေ အိန္ဒိယဟာအရေးကြီးတဲ့အရံထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်လာလိမ့်မယ်" လို့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်ရေးအရသုံးသပ်တာပါ။
ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတော့ "ချင်းပြည်ရဲ့ အောင်မြင်မှုဟာ တစ်နိုင်ငံလုံးကို အထောက်အပံ့ဖြစ်မယ်၊ ချင်းပြည်တခုလုံး လွတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားပါတယ်" လို့ မြန်မာနိုင်ငံမြောက်ပိုင်းထိန်းချုပ်ရေး ရည်မှန်းချက်အကြောင်းပြောချိန်မှာ ထည့်ပြောပါတယ်။
KIA ဟာ ချင်းပြည်နယ်ထဲကို ကိုယ်စားလှယ်တွေစေလွှတ်ထားပြီး ချင်းပြည်နယ်တောင်ပိုင်းအထိတောင်ရောက်တယ် ရောက်နေတယ်လို့ သူကပြောပါတယ်။
ချင်းပြည်နယ်က ဝါရင့်တော်လှန်ရေးလက်နက်ကိုင်တပ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း KIO/ KIA ပြောတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းထိန်းချုပ်ရေး ရည်မှန်းချက်အတူတူပဲလို့ ဆိုပါတယ်။
"မြန်မာပြည်တပြည်လုံးကိုထိန်းချုပ်နိုင်ရေးကတော့ အဓိကပေါ့။ ဒါပေမဲ့ စစ်ရေးဖော်ဆောင်တဲ့နေရာမှာ တော့ တပြိုင်နက်အားလုံးကိုခြုံပြီးတော့လုပ်နိုင်မယ့်အနေအထားထက် ကိုယ့်ဒေသ ကိုယ်ရှိတဲ့နေရာကနေ တဖြည်းဖြည်းထိန်းချုပ်တာက လက်တွေ့ကြတယ်ဆိုတဲ့ အမြင်ရှိလို့ပါ" လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဘီဘီစီကိုပြောပါတယ်။
ဒီဒေသတွေကနေ ရှမ်းမြောက်အထိချိတ်ဆက်ဖို့အပြင် အိန္ဒိယနဲ့ဆက်စပ်ဖို့လည်းပါဝင်တယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့နယ်အများစုဟာ ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်မှာ လည်း KIA ရဲ့ ထိုးစစ်တွေအရှိန်မြှင့်နေတာကိုတွေ့ရပါတယ်။ ကချင်နဲ့ ချင်းကြား ကသုံးလုံးဒေသနဲ့ ဆက်စပ်နေတဲ့ နာဂဒေသကိုတော့ စစ်တပ်ကထိန်းချုပ်နိုင်ဆဲဖြစ်ပါတယ်။
အဲဒီဒေသမှာ နာဂ PDF တွေဖွဲ့စည်းထားတာရှိတယ်လို့ အမှတ် ၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။
"အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှု၊ စစ်ကိုင်းတိုင်း ပကဖရဲ့ ကွပ်ကဲမှုအောက်မှာရှိပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာရှိပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ထုတ်ပြောခဲ့တဲ့ ကချင်၊ ချင်း၊ နာဂနဲ့ စစ်ကိုင်းအထက်ပိုင်းဒေသတွေဟာ စစ်တပ် အတွက်လည်း အရေးပါနေပြန်ပါတယ်။
"ဒီနေရာတွေက တော်လှန်ရေးအတွက်လည်းအရေးကြီးသလို စစ်တပ်အတွက်လည်းအရေးကြီးတယ်။ ကလေး-မော်လိုက်-တမူးဘက်ကို စစ်တပ်က နယ်မြေပြန်စိုးမိုးထားပြီ။ ဖောင်းပြင်တဝိုက်နဲ့ ချင်းတွင်း မြစ်ဝှမ်းကိုလည်းစစ်တပ်ပဲရှိနေတယ်" လို့ ကိုနောင်ရိုးက စစ်ရေးအခင်းအကျင်းအရ ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းထိန်းချုပ်ရေးရည်မှန်းချက်အတွက် နှစ်ဖက်စလုံးမှာ "စစ်ပွဲခံနိုင်ရည်" က စိန်ခေါ်ချက်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ မြေပြင်နဲ့လေကြောင်းတိုက်ခိုက်မှုပုံစံပြောင်းလာတာ၊ ငါးနှစ်ကာလ ရောက်ချိန် ဘဏ္ဍာရေး လူထုထောက်ခံမှု အရင်းအမြစ်အင်အားလျော့လာတာတွေက တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်ချက်ပါ။ ဒါပေမဲ့ စစ်တပ်အတွက်ကတော့ လက်နက်စွမ်းအား လူအင်အားဖြည့်တင်းနိုင်ပေမဲ့ စွမ်းဆောင်ရည်ပိုင်းက စိန်ခေါ်မှုလို့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူး ကိုနောင်ရိုးက ထောက်ပြပါတယ်။
တော်လှန်ရေးအင်အားစုတွေမှာနိုင်ငံရေးအရ ညီညွတ်မှုတည်ဆောက်နိုင်တဲ့အပေါ်မူတည်ပြီးစစ်ရေးအရွေ့တွေဖြစ်လာမယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။ စုဖွဲ့မှုအားကောင်းပြီး ပွင့်လင်းမြင်သာ အပြန်အလှန်လေးစားမှုရှိတဲ့ နိုင်ငံရေးစစ်ရေးဆွေးနွေးမှုတွေလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေ ဆီကသိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အရေးကြီးကြောင်းထုတ်ပြောခဲ့တဲ့ ချင်းပြည် တနည်းအားဖြင့် ချင်းယူနစ်မှာတော့ ကိုယ်စီထိန်းချုပ်နယ်မြေတွေကို ဆက်ထိန်းပြီးမှ တိုးချဲ့ရေး ပုံစံလုပ်မယ်လို့ နားလည်ထားရပါတယ်။
"၂၀၂၆ မှာ ချင်းပြည်ကနေမြောက်ပိုင်းအထိ စစ်ရေးနိုင်ငံရေးတိုးချဲ့ပြီးတော့မှ ကျွန်တော်တို့ အားကောင်းကောင်းနဲ့သွားနိုင်မယ့်ဗျူဟာတွေ ရှိတယ်။ လက်လှမ်းမှီရာ၊ နယ်မြေချင်းဆက်စပ်ရာ ရည်မှန်းချက်တူညီတဲ့နေရာတွေကနေ တခုချင်းအလွှာလိုက်စစ်ရေးနိုင်ငံရေးဖော်ဆောင်ဖို့ လုပ်ထားတယ်" လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကတော့ နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီပေါင်းမှ အောင်ပွဲရမယ်လို့ ယုံကြည်ကြောင်း သူ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။












