ခဲယမ်းလိုအပ်ချက်ပြန်မြင့်လာတဲ့ အညာတော်လှန်ရေး

ဓာတ်ပုံ ရင်းမြစ်, MinKhantKyaw/TRI
"ဝ" တပ်ဖွဲ့(UWSA)က ရှမ်းမြောက်မဟာမိတ်တပ်တွေကို လက်နက်မပေးတော့ဘူးလို့ ထုတ်ပြောခဲ့တာဟာ လက်နက်ခဲယမ်းရရှိမှုအပိုင်းမှာ ပြည်မက တော်လှန်ရေးတပ်တွေဆီကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ ပြောဆိုသံတွေ အခုသီတင်းပတ်တွေအတွင်း ညံလာပါတယ်။
တကယ်တော့ မြေပြင်မှာ ဒီအကျပ်အတည်းကို ရင်ဆိုင်နေရတာ ၂၀၂၅ နှစ်စတည်းက ဖြစ်တယ်လို့ တော်လှန်ရေးတပ်အချို့က ပြောပါတယ်။
မြေပြန့်ဒေသ အညာမှာ အခုနှစ်လယ်ပိုင်းကစလို့ ခဲယမ်းဈေးတွေ ဆတိုး ခုန်တက်လာပြီး "မျက်မြင်"တောင် ဝယ်ဖို့ ခက်လာတဲ့အခြေအနေပါ။
စစ်မှုထမ်းခေါ်လို့၊ နည်းပညာဖြည့်တင်းလို့ တကျော့ပြန်အားကောင်းလာတဲ့ စစ်တပ်ကလည်း အညာတကြောမှာ ခရိုင်တစ်ခုကို ဝင်ပြီဆိုရင် စစ်ကြောင်းတွေခွဲပြီး ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင် ဖြန့်ကြက်တဲ့ပုံစံ ပြောင်းသုံးလာနေပါတယ်။
စစ်တပ် ထိုးစစ်ကို တန်ပြန်တိုက်ခိုက်ရတာကြောင့် သုံးစွဲရမယ့် ခဲယမ်းပမာဏကို ခန့်မှန်းရခက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ ငွေကြေးထောက်ပံ့မှုထက် ခဲယမ်းပေးဖို့ ပိုမျှော်လင့်ကြောင်း အညာတပ်ဖွဲ့တွေက ပြောလာကြပါတယ်။
"ရန်သူ့လက်နက် ကိုယ့်လက်နက်" ဆိုတဲ့မူ အလုပ်ဖြစ်သေးလား

ဓာတ်ပုံ ရင်းမြစ်, MDY PDF
၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့ အညာက တော်လှန်ရေးတပ်တွေ ကြုံခဲ့ရတဲ့ လက်နက်ခဲယမ်းရှားပါးမှုပြဿနာကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက ဖြေရှင်းပေးခဲ့ပါတယ်။
စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်တိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) တွေက သိမ်းမိတဲ့ စစ်တပ်လက်နက်တွေကို "ရန်သူ့လက်နက် ကိုယ့်လက်နက်" ဆိုတဲ့မူနဲ့ အညာတပ်တွေရဲ့ လက်နက် လိုအပ်ချက်ကွက်လပ်ကို ဖြည့်နိုင်ခဲ့ပါတယ်။
အညာတပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ခံစာပြပြီး သိမ်းဆည်းလို့ရတဲ့ စစ်တပ်လက်နက်ခဲယမ်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့စီးပွားရေးဌာနတွေမှာ ဝယ်ယူလို့ရခဲ့ပါတယ်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေသာမက လက်အောက်ခံမဟုတ်တဲ့ ဒေသကာကွယ်ရေးတပ်တွေပါ ထောက်ခံစာနဲ့ ဝယ်ခွင့်ရခဲ့ပြီး လက်နက်တပ်ဆင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၅ နှစ်စမှာတော့ "လက်နက်ခဲယမ်း ထုတ်မရောင်း" ကြတော့လို့ အကျပ်အတည်းစရင်ဆိုင်လာရတာလို့ ဘီဘီစီ စကားပြောခွင့်ရတဲ့အညာတော်လှန်ရေးတပ်တွေက ပြောပါတယ်။
ဒီအခင်းအကျင်းကိုကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) သိမ်းပြီးနောက် နေပြည်တော်ကို ဗဟိုပြု ရပ်တည်ပြခဲ့တဲ့ တရုတ်ရဲ့ ဖိအားတွေက အညာတော်လှန်ရေးတပ်တွေအပေါ် သွယ်ဝိုက် သက်ရောက်မှုကို မြင်နိုင်ပါတယ်။
"ကျွန်တော့် ပုဂ္ဂလိကအမြင်အရ သူတို့မှာ လက်နက်ခဲယမ်း အပိုအလျှံတော့ ရှိပါတယ်။ လက်နက်ကို ထိန်းလိုက်တဲ့သဘောလို့မြင်တယ်" လို့ ဒေသကာကွယ်ရေးတပ် (LPDF) ဖြစ်တဲ့ မြင်းမူပြောက်ကျားတပ် ဦးဆောင်သူ ကိုလုလင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wa News Land
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အညာကို လက်နက်စီးဆင်းမှုနဲ့ပတ်သက်လို့ လက်နက်စက်ရုံရှိတဲ့ "ဝ" တပ်(UWSA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAOs) တွေဘက်က တစုံတရာ ထုတ်ပြောခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။
ဒါပေမဲ့ တရုတ်ဖိအားကို မလွန်ဆန်နိုင်တော့ချိန် တရားဝင်ထုတ်ပြောချက်တွေကပဲ ရုပ်လုံးပေါ်လာစေခဲ့တာပါ။
၂၀၂၅ သြဂုတ် ၂၀ ရက်မှာ ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) နဲ့ ရှမ်းပြည်တပ်မတော် (SSPP) တို့ကို ပန်ဆန်းမြို့မှာ ခေါ်တွေ့ချိန် ထုတ်ပြောတဲ့ ''ဝ'' ပြောဆိုချက်က ထူးခြားပါတယ်။
အလွန်ဆိုးရွားတဲ့အခြေအနေတွေကို အသိပေးတယ်ဆိုကာ စစ်ရေးအကူအညီ ဖြတ်တောက်မယ်လို့ လူသိရှင်ကြား ထုတ်ပြောလိုက်တာပါ။
"မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ ဖြစ်စေ ငွေကြေး အကူအညီပေးမည်မဟုတ်တော့" ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုအခြေအနေဖြစ်လာပေမဲ့ စစ်တပ်ကတော့ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ်နယ်မြေတွေကိုသာမက အညာတခွင်မှာပါ လူ၊ လက်နက်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေရပ်မနေပါဘူး။
တော်လှန်ရေးတပ်တွေအတွက် "ခုခံစစ်" အဖြစ်အလှည့်ပြောင်းချိန်မှာ အညာက လက်နက်ပွဲစားတွေရဲ့ အခန်းကဏ္ဍ ပြန်အားကောင်းလာပြီး ခဲယမ်းဈေးတွေ ဆတိုး ခုန်တက်လာပါတယ်။
မျက်မြင်အရောင်းအဝယ်မှာ ကျည်တွေ ဘယ်လိုစျေးတက်

ဓာတ်ပုံ ရင်းမြစ်, TNLA
တူမီး၊ လက်လုပ်သေနတ်တွေကနေ စခဲ့တဲ့အညာတော်လှန်ရေးတပ်တွေရဲ့ လေးနှစ်ခွဲဖြတ်သန်းမှုကို ပြန်ကြည့်မယ်ဆိုရင် သူတို့ ဝယ်ယူဖို့ ကြိုးပမ်းတဲ့ လက်နက်ခဲယမ်းဖိုးတွေ လိမ်လည်ခံရမှု ဖြစ်ရပ်တွေနဲ့လည်း မစိမ်းကြပါဘူး။
ဒါကြောင့် အညာမှာ လက်နက်ခဲယမ်း ဝယ်ယူတဲ့အခါ ကြုံရနိုင်တဲ့လိမ်လည်မှုကို ရှောင်ရှားကြဖို့ ကြိုတင်ဝယ်ယူတာတွေ မလုပ်ကြတော့အခါ ခဲယမ်းကို ကိုယ်တိုင်ဝယ်တဲ့ "မျက်မြင်ဈေးကွက်"လည်း တွင်ကျယ်လာပါတယ်။
၂၀၂၅ နှစ်လယ်ကျော်လွန်ချိန်မှာတော့ အညာရဲ့ မျက်မြင်ဈေးကွက်မှာ "ဝယ်လိုအားများပြီး ရောင်းလိုအား" နည်းတဲ့အခြေအနေနဲ့ပြန်ကြုံလာရပါတယ်။
ရိုင်ဖယ် AK – 47 ကျည် ၇.၆၂ မမ၊ ကာဘိုင် M 4 ကျည် ၅.၅၆ မမ စတဲ့ ကျည်ဈေးတွေတက်နေတာသာမက ၆၀ မော်တာ ဗုံးသီး၊ ယမ်းဈေးတွေပါ ဆက်တိုက်တက်လာတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောကြပါတယ်။
တိုက်ပွဲတွေမှာ သိမ်းမိခဲ့တဲ့ စစ်တပ်ရဲ့လက်နက်တွေကို ပြန်သုံးကြတာဖြစ်လို့ ချေမှုန်းရေးရိုင်ဖယ် MA မျိုးဆက်တွေမှာ သုံးတဲ့ ကျည်တွေ ဈေးပိုတက်တယ်လို့ အညာအခြေစိုက်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
အညာက ကျည်အရောင်းအဝယ်စျေးကွက်မှာ ၅.၅၆ မမ ကျည် အမျိုးအစား ၂ မျိုးရနိုင်ပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် (ကပစ) ကျည်နဲ့ မှောင်ခိုကျည်ပါ။
တိုက်ပွဲဆက်တိုက်ဖြစ်လာတာနဲ့အတူ ခဲယမ်း လိုအပ်ချက်များလာတဲ့ အခင်းအကျင်းကို နားစွင့်ကာ လက်နက်ပွဲစားတွေရဲ့ဈေးကစားမှုကြောင့် အညာမှာ ကျည်ဆန်စျေး ပိုတက်လာရတာလို့ ဘီဘီစီစကားပြောခွင့်ရသူတွေက ရှင်းပြကြပါတယ်။
"လွန်ခဲ့တဲ့ ၁၀ ရက်ကမှ ၅.၅၆ ကျည် ဝယ်လိုက်ရတယ်။ အရင်တုန်းက တစ်တောင့်ကို မြန်မာငွေ ၄,၀၀၀၊ ၄,၅၀၀ နဲ့ ပေးဝယ်ခဲ့ရတာလေ။ အခုက ၇,၀၀၀ ဈေးဆိုတော့ မဝယ်ချင်ပေမဲ့ လက်ရှိတိုက်ပွဲဆက်နေတော့ ကျည်က လိုတယ်။ ဈေးဆစ်တော့မှ ၆,၈၀၀ နဲ့ ရလာတယ်" လို့ မြင်းမူပြောက်ကျားတပ် ဦးဆောင်သူ ကိုလုလင်က ဈေးကွက်အခြေအနေကို ပြောပြပါတယ်။
လက်ရှိ ကာလပေါက်ဈေးဟာ အညာမှာ "တခါမှ မဝယ်ဖူးတဲ့ဈေးတွေ ဖြစ်လာတယ်" လို့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
အညာမှာ ခဲယမ်းတွေ ဒီလိုရှားပါးလာပေမဲ့ စစ်တပ်ရဲ့ထိုးစစ်တွေကတော့ တကျော့ပြန်အားကောင်းလာပါတယ်။
စစ်ကိုင်းခရိုင်လမ်းတွေပေါ် ရောက်လာတဲ့ စစ်တပ် တင့်ကား

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်မှုထမ်းဥပဒေအသက်သွင်းပြီး တစ်နှစ်ကျော်ကာလမှာပဲ အပတ်စဉ် ၁၆ အထိဖွင့်လှစ်ပြီး ခန့်မှန်း တပ်သားသစ် ၈၀,၀၀၀ နီးပါး စုစည်းခဲ့တဲ့စစ်တပ်ဟာ ဒီအင်အားကို အများဆုံးအသုံးပြုပြီး အညာတခွင်ကို ထိုးစစ်ဆင်လာတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
စစ်တပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာခရိုင်၊ ဆရာတော် ဦးဝါသဝဦးဆောင်တဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အားကောင်းရာ ကန့်ဘလူခရိုင်၊ မတ်လ ၂၈ ရက် မြန်မာ့ငလျင်ကြီး ဗဟိုချက်အနီးက စစ်ကိုင်းခရိုင် ကူညီရေးအတွက်မြေပြင် ရှင်းလင်းတယ်ဆိုကာ အင်အားဖြည့်တင်းခဲ့တဲ့ စစ်ကိုင်းတို့ကနေ စစ်ကြောင်းတွေ ဖြန့်ကြက် ဝင်ရောက်နေပါတယ်။
ကန့်ဘလူမြို့ကတဆင့် ရွှေဘိုခရိုင်၊ မုံရွာမြို့ကနေ မုံရွာခရိုင်၊ စစ်ကိုင်းမြို့ကနေ စစ်ကိုင်းခရိုင်တွေကို အင်အား ရာဂဏန်းနဲ့ မြေပြင်စစ်ကြောင်းတွေ ခွဲဖြန့်လာပြီး ဒရုန်း၊ တင့်ကားတွေပါ အသုံးပြုနေပါတယ်။
ဒီရက်ပိုင်း စစ်ကြောင်းဝင်နေတဲ့ ဘုတလင်-ဒီပဲယင်းအပိုင်းဖြစ်တဲ့ ရေဦး - တန့်ဆည်လမ်းမကြီးတကြောက စစ်တပ်စစ်ကြောင်းမှာဆိုရင် အင်အားအယောက် ၂၀၀ ခန့်သာမက တင့်ကား ၂ စီးပါအသုံးပြုထားတယ်လို့ တော်လှန်ရေးတပ်တွေရဲ့အချက်အလက်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TRI
၁၀၂၇ စစ်ဆင်ရေး အလွန်မှာတော့ တော်လှန်ရေးတပ်တွေအနေနဲ့ "ခုခံစစ်" ပြန်ဆင်နေရတာကြောင့် အသုံးပြုရမယ့်ခဲယမ်းပမာဏကို ခန့်မှန်းလို့မရပါဘူး။
"ကိုယ့်ဘက်က ထိုးစစ်ဆင်မယ်ဆိုရင် ပွဲကြီး ကဖို့ ကျည်အတောင့်ရေ ၃ သောင်း၊ ၄ သောင်းကုန်မှာလား ကြိုဖြည့်ထားလို့ရတယ်။ Defence (ကာကွယ်ရေး) ပြန်လုပ်ရတာက ပုံသေနည်းမရှိတော့ ကျည်မှန်းရ ခက်တယ်။ အခုက ခရိုင်တွေထဲလည်း စစ်ကြောင်းတွေ ဝင်နေတော့ အချင်းချင်း ကျည်မမျှနိုင်တော့ဘူး" လို့ ဒီပဲယင်းပကဖ တာဝန်ရှိသူက မြေပြင်အခြေအနေကိုပြောပါတယ်။
စစ်တပ်ဟာ အညာကို စစ်ရေးအရ ဖိအားပေးတာအပြင် ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရေးကိုပါ သြဂုတ်လ တတိယအပတ်ထဲ တွင်တွင်ကျယ်ကျယ်လုပ်လာပါတယ်။
ပြည်တွင်းကုန်စည်ပို့ဆောင်ရေးမှာ တကိုယ်ရည်သုံး ပမာဏသာ ပေးပို့ဖို့၊ စစ်ကိုင်းတိုင်းထဲက စီးဝင်မယ့် ကုန်အမျိုးအစား ကန့်သတ်တာတွေ ဆက်တိုက်လုပ်နေတာပါ။
တနည်းအားဖြင့် တရုတ်ဖိအားနဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ လက်နက်ခဲယမ်းကူညီမှုကိုပိတ်ဆို့ခဲ့သလို စစ်တပ်ရဲ့ကုန်စီးဆင်းမှုဖြတ်တောက်တဲ့ပုံစံနဲ့ပါ အညာကို လက်နက်စီးဆင်းမှုကို အသက်ရှုကြပ်စေလိုဟန် ရှိပါတယ်။
တော်လှန်ရေးတပ်တွေကတော့ လက်နက်ခဲယမ်းစီးဆင်းမှုကို တိုက်ရိုက်မသက်ရောက်ဘဲ ပြည်သူတွေ ရပ်တည်ရေးပဲပိုပြီး ခက်ခဲလာစေတယ်လို့ ဘီဘီစီကို ဖြေကြပါတယ်။
ဒီအခြေအနေကိုကျော်လွှားဖို့အတွက် "ပြည်သူကလည်း မောပြီ။ ဒါကိုဖြေရှင်းဖို့ အစိုးရအပေါ်ပဲ မှီတည်ရမယ်" လို့ ဒီပဲယင်း ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အညာကအခွန်ငွေ၊ အညာကို ပြန်စီးဆင်းရေး

ဓာတ်ပုံ ရင်းမြစ်, MOPFI/ Screengrab
စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုရဲ့ ကျေးလက်ဒေသအများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်တာနဲ့အတူ အခွန်ကောက်ခံကာ ဘဏ္ဍာရေး ဝင်ငွေလည်း ရရှိနေပါတယ်။
ဘီဘီစီမေးမြန်းကြည့်ချက်အရ မြို့နယ်တစ်ခုက ကောက်ခံရရှိတဲ့အခွန်ရဲ့ ၃၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ၄၀ ရာခိုင်နှုန်းကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ခွဲဝေယူပြီး ကျန် ၃၀ ရာခိုင်နှုန်းကို NUG ရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန (MOPFI)ကို အပ်နှံရပါတယ်။
နောက်ပိုင်း ပသုံးလုံးယန္တရားမှာ ငွေကြေးအရှုပ်အထွေးရှိလာချိန်မှာတော့ အခွန်ဝင်ငွေအားလုံးကို ဝန်ကြီးဌာနဆီ အပ်ရပြီး အဲဒီကနေမှတဆင့် ရာခိုင်နှုန်းအလိုက် ခွဲဝေယူရတာဖြစ်ပါတယ်။
"ဒီလိုငွေချပေးတာထက် အခုကာလမှာ လက်နက်ခဲယမ်းချပေးရင် ပိုကောင်းမယ်" လို့ ဒီပဲယင်းပကဖ တာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
လက်ရှိခဲယမ်း အခက်အခဲကြုံနေရချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က တစုံတရာစီမံခန့်ခွဲပေးလာ မရှိသေးတဲ့အခြေအနေလို့ အညာတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
ဒါကြောင့် အညာဒေသက ကောက်ခံရရှိတဲ့အခွန်ဝင်ငွေတွေကိုလည်း ထိုးစစ်ပြန်ဆင်ခံနေရတဲ့ အညာ စစ်မျက်နှာပြင်အတွက် စနစ်တကျအသုံးပြုစေချင်တယ်လို့ဆိုပြီး သူတို့အမြင်ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်အပြင် ဒရုန်း၊ လေကြောင်း၊ အမြောက်စတဲ့လက်နက်မျိုးစုံနဲ့ တိုက်ခိုက်မှုတွေ အညာမှာ ဆက်တိုက်ရှိနေတာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ ခုခံစစ် စစ်ရေးဗျူဟာ အတိုင်းသာ တုံ့ပြန်လှုပ်ရှားနေရပါတယ်။
"ကျည်ကြောင့် တွန့်တာမျိုး မရှိသေးပါဘူး။ PDF သက်တမ်းလည်း ၅ နှစ်သားလောက်ရှိလာပြီဆိုတော့ စစ်ရေးဗျူဟာအတိုင်း ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နေပါတယ်" လို့ ဒီပဲယင်းပကဖ တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်နက်တပ်ဆင်မှု လုံလောက်လာပေမဲ့ ခဲယမ်း မလုံလောက်တဲ့အခြေအနေမှာ NUG အစိုးရကိုသာ ယုံကြည်ပြီး အခက်အခဲကို ကျော်လွှားမယ်လို့ အညာတော်လှန်ရေးဦးဆောင်သူတွေက ဘီဘီစီကို ပြောကြပါတယ်။
"ဒီကာလကျွန်တော်တို့ကို ထောက်ပံ့တာမရှိပေမဲ့ အစိုးရအနေနဲ့ သူကြွေးကြော်ခဲ့တဲ့ အထွေထွေထိုးစစ် တစ်ရပ်ဆင်နွှဲမယ်ဆိုတဲ့ ခေါင်းစဉ်အတွက် လုံးပန်းနေတယ်လို့ပဲမြင်ပါတယ်" လို့ မြင်းမူပြောက်ကျားတပ် ဦးဆောင်သူ ကိုလုလင်က ပြောပါတယ်။
တရုတ်ဖိအား၊ စစ်တပ်ဖြတ်တောက်မှုကြားက အညာတော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက အီးမေးလ်ပို့ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။












