မြန်မာစစ်တပ်က ဒရုန်းတပ်ဖွဲ့အားကောင်းအောင် ဘယ်လိုလုပ်နေလဲ

စစ်တပ်က ဒရုန်းသင်တန်းတွေ အဆက်မပြတ်ဖွင့်ပြီး လေ့ကျင့်သင်ကြားပေးနေ

ဓာတ်ပုံ ရင်းမြစ်, cincds/BBC

ဓာတ်ပုံ ပုံစာ, စစ်တပ်က ဒရုန်းသင်တန်းတွေ အဆက်မပြတ်ဖွင့်ပြီး လေ့ကျင့်သင်ကြားပေးနေ

၂၀၂၃ အောက်တိုဘာမှာ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ သုံးခုက ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီး ၂၀၂၄ နှစ်ဝက်ပိုင်းမှာပဲ မြန်မာစစ်တပ်က ဒရုန်းတပ်ဖွဲ့သစ်ကို ဖွဲ့စည်းလိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။

စစ်တပ်က ဒရုန်းတပ်ဖွဲ့အတွက် ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းစတဲ့ အမျိုးအစားအစုံကို ဝယ်ယူပြီး စာတွေ့နဲ့ လက်တွေ့တွဲပြီး လေ့ကျင့်သင်ကြားပေးနေတယ်လို့ MDSI သုတေသနအဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လမှာ ဖော်ထုတ်ထားပါတယ်။

MDSI ဟာ CDM စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘက် နဲ့ လုံခြုံရေးဆိုင်ရာ သုတေသနအခြေပြု အဖွဲ့တစ်ခုဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းနည်းပညာသုံးပြီး အားကောင်းထိရောက်တဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ခုခံတုံ့ပြန်ဖို့ စစ်တပ်က ဒရုန်းသင်တန်းတွေ အဆက်မပြတ်ဖွင့်ပြီး လေ့ကျင့်သင်ကြားပေးနေတယ်လို့ MDSI က ဖော်ပြပါတယ်။

ဒရုန်းသင်တန်းပြီးမြောက်သွားတဲ့ တပ်ဖွဲ့ဝင်တွေကို ဒရုန်းတပ်စု၊ တပ်ဖွဲ့တွေအဖြစ် တိုက်ပွဲနယ်မြေထဲမှာ ဖြန့်ကြက်ခွဲထားနိုင်မှုကလည်း စစ်တပ်ကို စစ်ရေးအသာစီးရစေပါတယ်။

ဒရုန်းတပ်ဖွဲ့ကို ဘယ်သူအမိန့်ပေးနေလဲ

တရုတ်နိုင်ငံထုတ် DJI Mavic ကင်းထောက်ဒရုန်းအမျိုးအစားတစ်ခု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံထုတ် DJI Mavic ကင်းထောက်ဒရုန်းအမျိုးအစားတစ်ခု

စစ်တပ်က ဒရုန်းတပ်ဖွဲ့ကို ကြည်းတပ်ရဲ့ ကွပ်ကဲမှုအောက်မှာပဲ အဖွဲ့တစ်ဖွဲ့အဖြစ် ဖွဲ့စည်းထားတယ်လို့ တပ်နဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်၊၊

ကြည်းတပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် "ဒရုန်းတပ်ဖွဲ့ကို ညွှန်ကြားရေးမှူးရုံးအနေနဲ့ပဲ အမိန့်ထွက်ပြီး သီးခြားဖွဲ့ထားတာလို့ သိရတယ်" လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်နေမျိုးထွန်းကဒရုန်းတပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူပြီး တိုက်ရိုက်အမိန့်ပေးကွပ်ကဲနေတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်ချုပ်နေမျိုးထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းဖြစ်ပြီး ညွှန်ကြားရေးမှူးအဖြစ် တာဝန်မယူခင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှာ ဌာနကြီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒရုန်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကို လေကြောင်းရန်ကာကွယ်ရေးရုံးရဲ့ တွဲဖက်ရုံးဌာနတစ်ခုအဖြစ်ထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ စစ်တပ်က ဒရုန်းတပ်ဖွဲ့ကို တန်ပြန်ဒရုန်း စစ်ဆင်ကွပ်ကဲရေးဌာန၊ ဒရုန်းလေ့ကျင့်ရေးဌာန၊ ဒရုန်းဝယ်ယူရေးနှင့် အဆင့်မြှင့်တင်ရေးဌာန၊ ဒရုန်းပြင်ဆင်ရေးဌာန၊ ဒရုန်းနည်းဗျူဟာ လေ့လာရေးဌာန စတဲ့ဌာနခွဲ ၅ ခုနဲ့ စနစ်တကျ ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

တပ်ဖွဲ့ဝင် ဘယ်နှဦးနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကိုတော့ ဘီဘီစီက အတိအကျ မသိရသေးပါဘူး။

တစ်ဖက်မှာလည်း ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက မြန်မာစစ်တပ်မှာ ဒရုန်းနည်းပညာတွေကို လေ့လာအသုံးချဖို့ နည်းပညာသိပ္ပံကျောင်းဆင်း စစ်တပ်အရာရှိငယ်တွေအပြင် နည်းပညာစိတ်ဝင်စားတဲ့တပ်ဖွဲ့ဝင်တချို့ကို ရုရှား၊ တရုတ်၊ ပါကစ္စတန်နဲ့ ဘယ်လာရုစ်နိုင်ငံတွေကို သင်တန်းစေလွှတ်ခဲ့တယ်လို့ လေတပ် CDM အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီကာလတွေမှာပဲ စစ်တပ်က မြေပြင်စစ်ဆင်ရေးမှာ ဒရုန်းသုံးပြီး တိုက်ပွဲမှတ်တမ်းရိုက်ကူးတာတွေ လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၀၁၀ ပြည့်လွန်နှစ်တွေအတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ နှစ်ဖက်စစ်မက်ဖြစ်ပွားခဲ့ချိန် စစ်တပ်မြေပြင်တပ်ရင်းမှူးရဲ့ တည်နေရာ သတင်းပေး မှားယွင်းခဲ့တာကြောင့် စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ နေရာယူထားတဲ့ ကုန်းကို လေတပ်က မှားပြီး ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

အဲဒီမှားယွင်းမှုကြောင့် ဒရုန်းတပ်ဖွဲ့ထဲက ဗိုလ်ကြီးရာထူးအဆင့်ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး ၈ ဦးသေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

"KIA ရှိတဲ့ကုန်းနဲ့ ဒရုန်းတပ်ဖွဲ့ ရှိတဲ့ကုန်း နေရာမှားကြဲလို့ ဒရုန်း Specialist ဗိုလ်ကြီးတစ်ဦး ကျသွားတယ်"လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ရေးအကဲခတ်တွေအနေနဲ့ ခေတ်သစ်တိုက်ပွဲ (နည်းပညာနဲ့ တိုက်တဲ့တိုက်ပွဲ) လို့ ခေါ်ဆိုကြတဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ပိုင်းလုံးမှာလည်း တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းသုံးပြီး စစ်တပ်ဘန်ကာတွေထဲ ဗုံးကြဲချတာ၊ ဒရုန်းနဲ့ထောက်လှမ်းပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့တာတွေကြောင့် တော်လှန်ရေးဘက်က နယ်မြေအသာစီးရခဲ့ပြီး မြို့တွေထိန်းချုပ်နိုင်ခဲ့ပါတယ်။

နည်းပညာကို လက်တွေ့အသုံးမချနိုင်ခဲ့တာက စစ်တပ်အတွက် အထိနာပြီး စစ်ရေးနိမ့်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက အခရာကျတဲ့အချက်ဖြစ်တယ်လို့ CDM လေတပ်အရာရှိတချို့က သုံးသပ်ပြပါတယ်။

ဒါကြောင့် ဒရုန်းနည်းပညာကို အသုံးချပြီး မြေပြင် စစ်ဆင်ရေးတွေကို အားကောင်းအောင်ထောက်ကူဖို့ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းပြီး စနစ်တကျ သင်တန်းပေးနေသလို မြေပြင်တိုက်ပွဲတွေမှာပါ ဒရုန်းစစ်ဆင်ရေးတွေကို လက်တွေ့ဖော်ဆောင်ခိုင်းနေတယ်လို့ သူက ဖြည့်ပြောပါတယ်။

"ဒရုန်းနည်းပညာတွေကို စစ်ပွဲတွေမှာ အသုံးချတတ်အောင် ရန်သူက ပြန်သင်ပေးသွားတာ"လို့ စစ်တပ်ရဲ့ လေတပ်အရာရှိတစ်ဦးက ပြောတဲ့အကြောင်း သတင်းရင်းမြစ်က ဖွင့်ပြောပါတယ်။

စစ်တပ် ဒရုန်းသင်တန်းပေးနေတဲ့ နေရာတွေ

၂၀၂၄ ခုနှစ်ထဲမှာပဲ တရုတ်၊ ကူမင်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို စစ်ခေါင်းဆောင် သွားရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်ထဲမှာပဲ တရုတ်၊ ကူမင်း သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို စစ်ခေါင်းဆောင် သွားရောက်ခဲ့ပါတယ်။

စစ်တပ်က ဒရုန်းသင်တန်းကို နေပြည်တော်မှာရှိတဲ့ တောင်ညိုလေကြောင်းရန်ကာကွယ်ရေး သင်တန်းကျောင်းနဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ထဲက အမှတ် ၃ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၃) တွေမှာ သင်ကြားပေးနေတယ်လို့ MDSI ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

အဲဒီနေရာ နှစ်နေရာမှာ စစ်တပ်က "တရုတ်နဲ့ ရုရှားထုတ် ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်း အမျိုးအစား တော်တော်များများဝယ်ယူပြီး သင်ကြားပေးနေတာ" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ညပိုင်းမှာ စာတွေ့သင်ကြားပြီး နေ့ပိုင်းမှာတော့ ဒရုန်းကို လက်တွေ့ကိုင်တွယ်အသုံးပြုပုံကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ပြည်ပမှာ ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေသင်ကြားလာတဲ့ စစ်တပ်အရာရှိတချို့က သင်တန်းပြန်ပေးနေတာဖြစ်ပြီး အဲဒီသူတွေဟာ စစ်တပ်ရဲ့ သိပ္ပံနဲ့ သုတေသနတပ် (တသန)၊ လေကြောင်းရန်ကာကွယ်ရေးတပ်က အရာရှိတွေဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ် ဒရုန်းဝယ်ယူလိုက်တဲ့ ပြည်ပကုမ္ပဏီတွေကလည်း မြန်မာကို နည်းပညာရှင်တွေစေလွှတ်ပြီး နည်းပညာလွှဲပြောင်းရောင်းချတဲ့အနေနဲ့ ဒရုန်းကိုင်တွယ်အသုံးပြုပုံအသေးစိတ်ကို ယာယီလေ့ကျင့်သင်ကြားပေးတာတွေရှိတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ရှင်းပြပါတယ်။

စစ်တပ်က ဒရုန်းတပ်ဖွဲ့ဝင်တွေအပြင် ခြေလျင်တိုက်ခိုက်ရေးတပ်က တပ်ဖွဲ့ဝင်တချို့ကိုလည်း ခေါ်ယူသင်တန်းပေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

"တောင်ကြီး၊ ဟိုပုံးမြို့က စစ်တပ်ရဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းဆင်း တပ်ကြပ်ရာထူးအဆင့်ရှိသူတွေ စစ်တက္ကသိုလ်ဆင်း အရာရှိတွေနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေက အရာရှိတချို့ကို စာရင်းကောက်ပြီး သင်တန်းတက်ခိုင်းနေတာ" လို့ သူက ရှင်းပြပါတယ်။

အလားတူ စစ်မှုထမ်းတပ်သားသစ်တွေထဲက နည်းပညာအခြေခံရှိသူတချို့ကိုတော့ ဒရုန်းတပ်ဖွဲ့က သင်တန်းသားအဖြစ်ရွေးယူပြီး သင်တန်းပြန်ပေးတယ်လို့ သိရပါတယ်။

" ဒရုန်းကိုင်တွယ်အသုံးချနိုင်တဲ့ လူအင်အားများလာအောင် တိုးမြှင့်လေ့ကျင့်ပေးနေတာ" လို့ သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်ပထမပတ်အထိ စစ်တပ်ဒရုန်းသင်တန်းပေးနေတဲ့ နေရာ ၂ နေရာထဲက စခတ-၃ မှာတော့ နည်းပြနဲ့ သင်တန်းသားစုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ နေ့စဉ်လေ့ကျင့်ပေးနေတယ်လို့ MDSI က ဖော်ပြထားပါတယ်။

ဒါ့အပြင် လေ့ကျင့်သင်ကြားမှုတွေကို စစ်ရုံးချုပ်က စစ်တပ်အရာရှိတွေ လာပြီး ကြီးကြပ်ဆောင်ရွက်တာလည်းရှိတယ်လို့ MDSI က ပြောပါတယ်။

တစ်ဖက်မှာလည်း ဒရုန်းသင်တန်း ပြီးဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရေးအစုအဖွဲ့တွေ စုဖွဲ့ပြီး တပ်မဌာနချုပ်(တမခ) နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တွေအပြင် မြေပြင်တိုက်ပွဲတွေအထိ စေလွှတ်ပြီး စစ်ရေးဖော်ဆောင်ခိုင်းနေတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

ပြည်တွင်းစစ်မှာ ဒရုန်းနည်းပညာကို စစ်တပ်ဘယ်လိုအသုံးချနေလဲ

လေ့ကျင့်ခန်း - ဘုရင့်နောင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, လေ့ကျင့်ခန်း - ဘုရင့်နောင်

စစ်တပ်က ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်အထိ ကင်းထောက်ဒရုန်းအမျိုးအစား ၄ မျိုးထက်မနည်းနဲ့ တိုက်ခိုက်ရေးဒရုန်းအမျိုးအစား ၃ မျိုးထက်မနည်းကို ပြည်တွင်းစစ်မှာ သုံးနေတယ်လို့ စစ်တပ်ဒရုန်းတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

ဒရုန်းတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်ရဲ့ ပြောပြချက်တွေအရ စစ်တပ်အသုံးများတဲ့ ဒရုန်းတွေကို ဖော်ပြထားပါတယ်။

ကင်းထောက်ဒရုန်းအမျိုးအစားတွေကတော့ DJI Mavic၊ Autel Evo Max 4T၊ Autel Alpha၊ VTOL (Fixed Wing UAV)၊ S 115 နဲ့ မိုက်ခရိုဒရုန်းအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီဒရုန်းတွေက တရုတ်နိုင်ငံထုတ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ VTOL နဲ့ S 115 ဒရုန်းအမျိုးအစားတွေကတော့ ကီလိုမီတာ ၆၀ ကနေ ၁၀၀ အထိ ဝေးဝေးပျံသန်းနိုင်တယ်လို့ MDSI ရဲ့ လေတပ်ရေးရာတာဝန်ခံတစ်ဦးက ပြောပါတယ်။

"မြို့နယ်၊ ဒေသအလိုက် မြေမျက်နှာပြင် တော်တော်ကျယ်ကျယ်အထိ ပတ်ကြည့်လို့ရပြီး လုံခြုံရေးစောင့်ကြပ်တဲ့ နေရာမှာ သုံးတယ်"လို့ သူကရှင်းပြပါတယ်။

DJI နဲ့ Autel အမျိုးအစားတွေကတော့ ၁၀ ကီလိုမီတာ အကွာအဝေးအထိပဲ ပျံသန်းနိုင်ပြီး အနီးကပ်တိုက်ပွဲတွေကို ကင်းထောက်ဖို့ စစ်တပ်က သုံးတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီထဲက DJI နဲ့ Autel Evo နဲ့ Autel Alpha ဒရုန်းတွေမှာ နည်းပညာမြင့် ညဘက်မြင် ကင်မရာပါတာကြောင့် တစ်ဖက်ရဲ့ လှုပ်ရှားမှုတွေကို ညဘက်မှာပါ စောင့်ကြည့်ပြီး စစ်ဆင်ရေးလှုပ်ရှားနိုင်တဲ့ အားသာချက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်သီးတစ်ဆုပ်စာအရွယ်အစားပဲရှိတဲ့ မိုက်ခရိုကင်းထောက်ဒရုန်းကိုလည်း စစ်တပ်က ၂၀၂၅ ခုနှစ်မှာ စသုံးနေပြီလို့ MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုက်ခရိုဒရုန်းဟာ အရွယ်အစားသေးလွန်းပြီး ကင်မရာမြင်ကွင်းတိကျပြတ်သားတာကြောင့် တိုက်ခိုက်လိုတဲ့ တစ်ဖက်အဖွဲ့အစည်းရဲ့ စခန်းအထိ အနိမ့်ပျံသန်းသွားနိုင်ပြီး စခန်းထဲက လူအရေအတွက်၊ လက်နက်အင်အားအပြင် လှုပ်ရှားသွားလာမှုတွေကိုပါ စောင့်ကြည့်နိုင်တယ်လို့ စစ်ဘက်သုံး ဒရုန်းလက်နက်ကျွမ်းကျင်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မိုက်ခရိုဒရုန်းကို "စပိုင်(ထောက်လှမ်းရေး) ဒရုန်း" လို့ စစ်တပ်ထဲမှာ ခေါ်ဝေါ်ကြပြီး တရုတ်နိုင်ငံထုတ်ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

Quadcopter တိုက်ခိုက်ရေးအမျိုးအစား ဒရုန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Quadcopter တိုက်ခိုက်ရေးအမျိုးအစား ဒရုန်း (ပုံဟောင်း)

တိုက်ခိုက်ရေးဒရုန်းတွေကတော့ Quadcopter M870၊ Hexacopter M1650၊ Quadcopter M1700 နဲ့ Suicide Drone (အသေခံဒရုန်း) တွေလို့ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

တိုက်ခိုက်ရေး ဒရန်းထဲမှာ အသေခံဒရုန်းဖြစ်တဲ့ Delta Wing Suicide Drone က ရုရားထုတ်ဖြစ်ပြီး ကျန်တာကတော့ တရုတ်နိုင်ငံထုတ်တွေဖြစ်ပါတယ်။

Quadcopter M870 ဒရုန်းက အလေးချိန် ၁ ဒသမ ၅ ကီလိုရှိတဲ့ ဗုံး ၁ လုံးကို သယ်ဆောင်နိုင်ပါတယ်။

Hexacopter M1650 ကတော့ အလေးချိန် ၆ ကီလိုရှိတဲ့ ဗုံး ၁ လုံး ဒါမှမဟုတ် ၁ ဒသမ ၅ ကီလို ရှိတဲ့ ဗုံး ၄ လုံးကို တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။

Quadcopter M1700 ကတော့ စစ်တပ်သုံးတဲ့ တိုက်ရိုက်ရေးဒရုန်းထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်ပြီး အလေးချိန် ၆ ကီလိုရှိတဲ့ ဗုံး ၄ လုံးအထိ တင်ဆောင်နိုင်ပါတယ်။

အသေခံဒရုန်း (Suicide Drone) ကိုတော့ စစ်တပ်‌ရော တော်လှန်ရေးဘက်မှာပါ အသုံးပြုတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အသေခံဒရုန်းတွေဟာ "တစ်ကြိမ်ပဲ သုံးလို့ရပြီး စစ်‌ရေးတိုက်ရိုက်ပစ်မှတ်၊ တည်နေရာ (GPS) တွေကို အတိအကျထည့်ပြီး တပ်ဆင်ရတာကြောင့် ပစ်မှတ်နေရာ တိတိကျကျသိရတဲ့အခါမျိုးတွေမှာ သုံးရင် ထိ‌ရောက်မှုပိုရှိတယ်" လို့ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

စစ်တပ်က ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကစပြီး တရုတ်နဲ့ ရုရှားဆီကနေ ကင်းထောက်ဒရုန်းတွေကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကင်းထောက်အပြင် တိုက်ခိုက်ရေးအမျိုးအစား ဒရုန်းတွေကို တရုတ်ကနေပဲ အများဆုံးဝယ်ယူတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က တိုက်ခိုက်ရေးဒရုန်းမှာ သုံးတဲ့ ဗုံးသီးတွေကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၃) က အဓိကထုတ်ပေးနေတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဆိုပါတယ်။

ကပစ-၃ မှာ ဒရုန်းကနေကြဲချတဲ့ ဗုံးသီးတွေအပြင်၊ ပြင်းအား ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံး၊ လက်ပစ်ဗုံး၊ အမြောက်ကျည်ဆန်နဲ့ စိန်ပြောင်းကျည်ဆံ မျိုးစုံကိုလည်း ထုတ်လုပ်နေတာဖြစ်ပါတယ်။

"ကင်းထောက်ဒရုန်းက ပစ်မှတ်ရှာပေးတယ်၊ တိုက်ခိုက်ရေးဒရုန်းက ဗုံးကြဲချတယ်"

ဗန်းမော်တိုက်ပွဲအတွင်း မတ်လတုန်းက ပစ်ချခံခဲ့ရတဲ့ စစ်တပ်ရဲ့ ဒရုန်းတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဗန်းမော်တိုက်ပွဲအတွင်း မတ်လတုန်းက ပစ်ချခံခဲ့ရတဲ့ စစ်တပ်ရဲ့ ဒရုန်းတစ်စင်း

KIAနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ နှစ်ဝက်နီးပါးကြာ ထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့တိုက်ပွဲမှာလည်း စစ်တပ်က ဗန်းမော်မြို့မကျအောင် ဒရုန်းကို ပိုတိုးသုံးပြီး ခုခံနေတယ်လို့ မြေပြင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ "စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ ဒရုန်းပိုသုံးပါတယ်။ ကင်းထောက်ပြီး ဗုံးတွေကြဲတယ်" လို့ ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

ဗန်းမော်တိုက်ပွဲမှာ KIA နဲ့ ပေါင်းတိုက်နေတဲ့ PDF ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒရုန်းစစ်ဆင်ရေးတွေ အားကောင်းလာတာကြောင့် ရှေ့ဆက်တက်ဖို့ ခက်ခဲတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေ ကင်းပုန်းချထားတဲ့နေရာတွေကို စစ်တပ်ရဲ့ ကင်းထောက်ဒရုန်းတွေက ပစ်မှတ်အဖြစ် ရှာပေးတယ်၊ တိုက်ခိုက်ရေးဒရုန်းက ဗုံးကြဲခုခံနေတော့ စကခ ၂၁ ရဲ့ ကာကင်းစခန်းတချို့သိမ်းနိုင်ပေမယ့် ရှေ့ဆက်တက်မရဖြစ်နေတယ်" လို့ သူက ရှင်းပြထားပါတယ်။

တစ်ဖက်မှာလည်း ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒရုန်း ၃ စင်းထက််မနည်းကို KIA နဲ့ပူးပေါင်းတပ်တွေက ပစ်ချထားနိုင်တယ်လို့ ရှေ့တန်းတပ်ဖွဲ့ဝင်တချို့က ဘီဘီစီကို ၂၀၂၅ မတ်လမှာ ပြောထားပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ဒုတိယအပတ်ထိ စစ်တပ်ရဲ့ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို KIA/PDF ပူးပေါင်းထိုးစစ်ဆင်နေရဆဲဖြစ်ပါတယ်။

အလားတူ ကယား(ကရင်နီ)ဒေသက မိုးဗြဲမြို့ကိုလည်း စစ်တပ်က ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီမြို့ကို ပြန်ရဖို့ စစ်တပ်က ဒရုန်းစစ်ဆင်ရေးတွေ အလုံးအရင်းဖော်ဆောင်ခဲ့သလို လေကြောင်းပစ်ကူတွေကြောင့် ကရင်နီတော်လှန်ရေးတပ်တွေ မိုးဗြဲမြို့ကို လက်လွှတ်ခဲ့ရတာလို့ တော်လှန်ရေးဘက်က ဘီဘီစီကို ပြောပါတယ်။

၆ လနီးပါးကြာတဲ့ စစ်တပ်ရဲ့ ထိုးစစ်မှာ "ဒရုန်းနည်းပညာကို ဟန်ချက်ညီညီ အသုံးချနိုင်မှုက အဆုံးအဖြတ်ဖြစ်သွားတယ်" လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒရုန်းတပ်ဖွဲ့နဲ့ ဒရုန်းသင်တန်းပြီးမြောက်ထားတဲ့ တပ်စုတပ်ဖွဲ့တွေကို ကချင်၊ ဗန်းမော်ဒေသ၊ ကယား(ကရင်နီ) ဒေသ၊ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူဒေသအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တောင်ခမ်းရွာနဲ့ နောင်ချိုမြို့အနီးက မြေပြင်စစ်ဆင်ရေးတွေမှာ စစ်တပ်က ဖြန့်ခွဲပြီးသုံးနေတယ်လို့ ဒရုန်းတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောထားပါတယ်။

နောင်ချိုမြို့ ၃ မိုင်နားအထိ စစ်တပ်ထိုးစစ်ကပ်လာနိုင်တာ ဒရုန်းစစ်ဆင်ရေးကြောင့်လို့ သူက မှတ်ချက်ပြုပါတယ်။

"ဒရုန်းပိုသုံးလေ တစ်ဖက်အဖွဲ့ တပ်စွဲထားတဲ့ပစ်မှတ်နေရာတွေကို အတိအကျသိရလေပဲ။ ပစ်မှတ်သေချာရင် ဒရုန်းသာမက လေယာဉ်ပါသုံးပြီး ဗုံးဖိကြဲတော့ စစ်ဆင်ရေးမှာ စစ်တပ်ကအသာစီးပြန်ရနေတယ်"လို့ သူက ပြောခဲ့ပါတယ်။