F-7 တိုက်လေယာဥ် - ပျံသန်းနေသော ခေါင်းတလား

တရုတ်ထုတ် F-7 တိုက်လေယာဥ်ဟာ "ပျံသန်းနေတဲ့ခေါင်းတလား" လို့ နာမည်ပြောင်ပေးထား
ဓာတ်ပုံ ပုံစာ, တရုတ်ထုတ် F-7 တိုက်လေယာဥ်ဟာ "ပျံသန်းနေတဲ့ ခေါင်းတလား" လို့ နာမည်ပြောင်ပေးထား

အညာမှာ ဇွန် ၁၀ ရက်က တိုက်လေယာဥ်တစ်စင်းကို ပစ်ချနိုင်ခဲ့လို့ ဆိုပြီး တော်လှန်ရေးအဖွဲ့တွေ အောင်ပွဲခံနေကြပါတယ်။

မြေပြင်ပေါ်ကျလာတဲ့ ပျက်စီးနေတဲ့ အပိုင်းအစတွေအရ အဲဒီလေယာဥ်ဟာ F-7 တိုက်လေယာဥ်အမျိုးအစားလို့ လက်နက်နဲ့ စစ်ဘက်ရေးရာကျွမ်းကျင်သူတွေက အတည်ပြုကြပါတယ်။

တရုတ်ထုတ် F-7 တိုက်လေယာဥ်ကို "ပျံသန်းနေတဲ့ ခေါင်းတလား" လို့ လေကြာင်းတိုက်ခိုက်ရေးလေ့လာသူတွေက နာမည်ပြောင်ပေးထားပြီး မြန်မာလေတပ်မှာတင် ၇ ကြိမ်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီးပါပြီ။

စစ်ကိုင်းတိုင်း၊ ပုလဲမှာ F-7 တိုက်လေယာဥ်ဆုံးရှုံးခဲ့တာက စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာ အမှားအယွင်းမကင်းဘူးလို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။

ဝေဟင်စစ်ဆင်ရေးမှာသုံးတဲ့ ကြားဖြတ်တိုက်လေယာဥ်ကို မြေပြင်စစ်ဆင်ရေးအတွက် အသုံးပြုတာက နည်းစနစ်ပိုင်းအရမှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။

တရုတ်ထုတ် Chengdu J-7

သူ့ခေတ်သူ့အခါက ကျော်ကြားတဲ့ ကြားဖြတ်တိုက်ခိုက်ရေးလေယာဥ်အမျိုးအစားဖြစ်ပေမဲ့ ဒီဇိုင်းအားနည်းချက်တွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ မှတ်တမ်းဆိုးတွေကြောင့် flying coffin လို့ အမည်ပြောင်အပေးခံရ

ဓာတ်ပုံ ရင်းမြစ်, mm military

ဓာတ်ပုံ ပုံစာ, ဒီဇိုင်းအားနည်းချက်တွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ မှတ်တမ်းဆိုးတွေကြောင့် flying coffin လို့ အမည်ပြောင်ပေးခံရ

ပျံသန်းနေသော ခေါင်းတလား လို့ ဆိုလိုက်တာနဲ့ တရုတ်ထုတ် Chengdu J-7 တိုက်လေယာဉ်တွေကို ရည်ညွှန်းမှန်း လေကြောင်းလေ့လာသူတွေကြားမှာ သိကြပါတယ်။

သူ့ခေတ်သူ့အခါက ကျော်ကြားတဲ့ ကြားဖြတ်တိုက်ခိုက်ရေးလေယာဥ်အမျိုးအစားဖြစ်ပေမဲ့ ဒီဇိုင်းအားနည်းချက်တွေနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ မှတ်တမ်းဆိုးတွေကြောင့် flying coffin လို့ အမည်ပြောင်အပေးခံရတာပါ။

ဆိုဗီယက်ပြည်ထောင်စုရဲ့ နာမည်ကျော် MiG-21 ကို တရုတ်နိုင်ငံက ပုံစံတူ ပြန်ထုတ်တာဖြစ်ပြီး Chengdu J-7 တိုက်လေယာဉ်ရဲ့ ပို့ကုန်ဗားရှင်းက F-7 ဖြစ်ပါတယ်။

မြန်မာလေတပ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တရုတ်နိုင်ငံကနေ F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တွေ အုပ်လိုက် ဝယ်ယူခဲ့ပါတယ်။

F-7 လေယာဥ်ထုတ်လုပ်မှုကို ၂၀၁၃ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပေမဲ့ မြန်မာအပါအဝင်နိုင်ငံတချို့မှာ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ F-7 လေယာဉ် ၁၈ စင်းအထိ အသုံးပြုနေဆဲပဲလို့ လေတပ်အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"ဆယ်နှစ်လောက်ပဲ သုံးဖို့ဆိုပြီး ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ်က ဝယ်ခဲ့တာ လို့ ဆရာသမားတွေပြောတာ မှတ်သားဖူးတယ်" လို့ သူက ပြောပါတယ်။

မတော်တဆမှု ၇ ကြိမ်အထိရှိ

၂၀၁၈ ခုနှစ်က တစ်ရက်တည်း နှစ်စင်းပျက်ကျတဲ့ F-7

ဓာတ်ပုံ ရင်းမြစ်, U WIN CHO

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်က တစ်ရက်တည်း နှစ်စင်းပျက်ကျတဲ့ F-7
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘေးကင်းလုံခြုံရေးဆိုင်ရာမှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ထားတဲ့ F-7 က မြန်မာစစ်တပ်မှာ ၇ ကြိမ်အထိ မတော်တဆဖြစ်ပြီးပြီလို့ လေကြောင်းဆိုင်ရာမှတ်တမ်းတွေအရ သိရပါတယ်။

ပျက်ကျတဲ့ဖြစ်စဥ်က အများဆုံးဖြစ်ပြီး လေယာဉ်ရောလူပါ ပျက်စီးဆုံးရှုံးမှုများတဲ့အကြောင်း လေတပ်အရာရှိတစ်ဦးက ပြောပါတယ်။

အနီးဆုံးဖြစ်စဥ်တွေက ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်းက ပျက်ကျမှုဖြစ်စဥ်တွေလို့ သူကပြောပါတယ်။

ရာသီဥတုဆိုးရွားမှုနဲ့ စက်ချို့ယွင်းမှုကြောင့် ၂၀၁၈ တစ်နှစ်ထဲမှာ F-7 ၃ စင်းအထိ ပျက်ကျခဲ့ပါတယ်။

ဒါပေမဲ့ ဇွန် ၁၀ ရက်က ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာမှာ ပျက်ကျခဲ့တဲ့ F-7 ကတော့ စစ်ဆင်ရေးအတွင်းမှာ ပထမဆုံးအကြိမ် ပျက်ကျတာ ဖြစ်ပါတယ်။

အညာအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သူတို့ ပစ်ချခဲ့တာလို့ပြောပြီး စစ်ကောင်စီဘက်ကတော့ လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်းပျက်ကျတာလို့ ထုတ်ပြန်ပါတယ်။

ဝေဟင်စစ်ဆင်ရေးအတွက် ဒီဇိုင်းဆွဲထားတဲ့ ကြားဖြတ်တိုက်လေယာဥ်ကို အခုလို မြေပြင်စစ်ဆင်ရေးအတွက် အသုံးပြုတဲ့အပေါ် တပ်တွင်းမှာပါ ဝေဖန်နေကြပါတယ်။

လေယာဉ်အုပ်လိုက်ရှိနေပြီး ပြင်ဆင်မှုတွေလုပ်ထားပေမဲ့ ဒီလေယာဥ်တွေကို ဆက်မသုံးသင့်တော့ဘူး အငြိမ်းစားလေတပ်အရာရှိတွေက ပြောပါတယ်။

ပစ်ချခံနေရတဲ့ စစ်လေယာဥ်တွေ

ကန်ဒေါင့်ရွာမှာတွေ့ရတဲ့ F-7 အပျက်အစီး နဲ့ PLA ရဲဘော်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, PLA

ဓာတ်ပုံ ပုံစာ, ကန်ဒေါင့်ရွာမှာတွေ့ရတဲ့ F-7 အပျက်အစီး နဲ့ PLA ရဲဘော်တစ်ဦး

မြန်မာစစ်တပ်ဟာ စတုတ္ထမျိုးဆက်လွန် ရုရှားထုတ် SU-30 လေယာဥ်တွေကို ပိုင်ဆိုင်ထားသလို သက်တမ်းလွန်နေတဲ့ လေယာဉ်တွေကိုပါ ပြည်တွင်းစစ်မှာ အသုံးပြုနေဆဲဖြစ်ပါတယ်။

တိုက်လေယာဥ်၊ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ ပို့ဆောင်ရေးလေယာဥ် ၂၂၀ ထက်မနည်းကို လက်နက်ခဲယမ်းတွေနဲ့အတူ လေတပ်စခန်းဌာနချုပ်တွေက အသင့်ပြင်ပေးထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်လေယာဥ်တွေ အဓိကဖြန့်ခွဲထားတဲ့ လေတပ်စခန်းတွေကတော့ မကွေးလေတပ်စခန်းဌာနချုပ်၊ တံတားဦးလေတပ်စခန်း၊ မှော်ဘီလေတပ်စခန်း၊ နေပြည်တော်လေတပ်စခန်း၊လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်(ရှမ်းတဲ/မိတ္ထီလာ)၊ တောင်ငူလေတပ်ခစန်းဌာနချုပ်၊ နမ့်စန်လေတပ်စခန်း ဌာနချုပ်နဲ့ ပုသိမ်လေတပ်စခန်းဌာနချုပ်တွေ ဖြစ်ပါတယ်။

ဒီလေတပ်စခန်းတွေအပြင် မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ မုံရွာ၊ ဟုမ္မလင်း တို့မှာလည်း ဖြန့်ထားပါတယ်။

မြေပြင်စစ်ဆင်ရေးမှာ ရန်သူ ပတ်လည်ဝိုင်းခံနေရတဲ့ စစ်တပ်ဟာ လေကြောင်းထိုးစစ်ကိုပဲ အားပြုနေရတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း လေကြောင်းရန်ကာကွယ်ရေးအတွက် အာရုံစိုက်ခဲ့ကြပြီး တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် တချို့ကိုပစ်ချနိုင်ခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ် တစ်ဒါဇင်ဝန်းကျင် တိုက်ပွဲတွေအတွင်း ပျက်ကျခဲ့ပြီး ကချင်လွတ်လပ်ရေးတပ် KIA ကအများဆုံး ပစ်ချထားနိုင်ခဲ့တာတွေ့ရပါတယ်။

အခုနောက်ပိုင်း စစ်ဆင်ရေးတွေမှာတော့ သယ်ယူပို့ဆောင်ရေးလေယာဥ်တွေကိုပါ တိုက်ခိုက်ရေးအတွက် ပြင်ဆင်အသုံးပြုလာတယ်လို့ MDSI ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

"လေယာဉ်တွေကို ဝယ်တုန်းကတော့ ပြည်ပရန်အတွက် စဥ်းစားတာ၊ အခုတော့ ပြည်တွင်းစစ်မှာပဲ အဓိကသုံးနေရတယ်" လို့ အငြိမ်းစားလေတပ်အရာရှိတစ်ဦးက ပြောပါတယ်။

F-7 တိုက်လေယာဥ်တွေလို ဘေးကင်းလုံခြုံမှုအားနည်းတဲ့ သက်တမ်းလွန် လေယာဥ်တွေကို နည်းစနစ်လွဲမှားစွာအသုံးပြုခိုင်းနေတဲ့အပေါ် နားလည်ကျွမ်းကျင်သူတွေက ပြန်ရှင်းပြသင့်တယ်လို့ သူကပြောပါတယ်။