လေကြောင်းအားပြုနေတဲ့ စစ်ကောင်စီက ပြည်တွင်းထုတ်အပါအဝင် လေယာဥ်သစ်တွေ ထုတ်ပြ

ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်ထုတ် တိုက်လေယာဥ်အသစ်တွေကို ထုတ်ပြ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်ထုတ် တိုက်လေယာဥ်အသစ်တွေကို ထုတ်ပြ

 SU 30 တိုက်လေယာဥ်တွေအပါအဝင် ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်ထုတ် တိုက်လေယာဥ်အသစ်တွေကို ၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ တရားဝင်ထုတ်ပြ မောင်းနှင်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာ လေကြောင်းကနေ အဓိက ထိုးစစ်ဆင်နေတာဖြစ်ပြီး အခုလိုတိုက်လေယာဥ်တွေအားဖြည့်လိုက်လို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘယ်လေယာဥ်အသစ်တွေဆိုတာ ဘာတွေလဲ

လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဥ်အသစ်တွေ ထုတ်ပြ

ဓာတ်ပုံ ရင်းမြစ်, MWD

ဓာတ်ပုံ ပုံစာ, လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဥ်အသစ်တွေ ထုတ်ပြ

ထုတ်ပြခဲ့တဲ့ လေယာဥ်နဲ့ ရဟတ်ယာဥ် အသစ်တွေဟာ Y-8 သယ်ယူပို့ဆောင်ရေး လေယာဥ်က လွဲပြီး ကျန်လေယာဥ်တွေဟာ တိုက်ခိုက်ရေးပါလုပ်ဆောင်နိုင်တဲ့ လေယာဥ်တွေနဲ့ ရဟတ်ယာဥ်တွေ ဖြစ်ပါတယ်။

ရုရှားထုတ် Su- 30 တိုက်လေယာဥ်ကို မနေ့က တရားဝင် ထုတ်ပြခဲ့တာပြီး စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ကို မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတာ ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် အမျိုးအစားဖြစ်တဲ့ ရုရှားထုတ် KA 28 ကိုလည်း စစ်ကောင်စီက ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံထုတ် FTC 2000 G ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တွေလည်း တပ်တော်ဝင်ခဲ့ပါတယ်။

Su 30၊ KA 28 နဲ့ FTC 2000 G လေယာဥ်တွေဟာ မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတဲ့ အမျိုးအစားတွေဖြစ်ပြီး ၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်လာတာပါ။

လေတပ်မှာရှိပြီးသားဖြစ်တဲ့ တရုတ်နဲ့ ပါကစ္စတန် ဖက်စပ်ထုတ်ထားတဲ့ တိုက်လေယာဉ် K-8W နဲ့ တရုတ်ထုတ် တိုက်လေယာဥ် FT-7 တွေကိုလည်း ထပ်မံအားဖြည့်လာတာ တွေ့ရပါတယ်။

SU-30

ဓာတ်ပုံ ရင်းမြစ်, MWD

ဓာတ်ပုံ ပုံစာ, SU-30

ပြည်တွင်းထုတ်လေယာဥ်တွေကို ပြသ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာလေတပ်က ထုတ်လုပ်တဲ့ အမောင်းသင်လေယာဥ်အမျိုးအစား MTX-1A လေယာဉ်တွေ နဲ့ ဒရုန်းတွေကိုလည်း ပြသသွားခဲ့ပါတယ်။

ကိုယ်တိုင်ထုတ်လုပ်လာနိုင်တဲ့ လေယာဥ်အမျိုးအစားတွေနဲ့ပတ်သက်လို့ ကတော့ နည်းပညာ အကူအညီ အထောက်အပံ့တွေကို ဘယ်လိုရရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တိုက်လေယာဥ်တွေအားဖြည့်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ခေတ်မီတပ်မတော် ဖြစ်စေရေးနဲ့ ပြည်တွင်းပြည်ပ နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို စွမ်းဆောင် နိုင်ရေးအတွက်ပဲ အဓိက ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ Sukhoi -30 လို စတုတ္ထမျိုးဆက် အကြီးစားတိုက်လေယာဥ်ကို မြန်မာလေသူရဲကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မောင်းနှင်ပြတာမျိုး ဆောင်ရွက်နိုင်ခဲ့တယ်။”

ဒီလို မောင်းနှင်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ပြီး အခုမှ ရလဒ်ကို မြင်တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း ဆက်ပြီး ဒီလို လေယာဥ်တွေ ပိုင်ဆိုင်ဖို့ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက ထုတ်ပြောတာ မရှိပါဘူး။

ပြည်တွင်းထုတ်လေယာဥ်တွေရဲ့ နည်းပညာ အကူအညီအထောက်အပံ့အကြောင်းများများစားစား မသိရ

ဓာတ်ပုံ ရင်းမြစ်, MWD

ဓာတ်ပုံ ပုံစာ, ပြည်တွင်းထုတ်လေယာဥ်တွေရဲ့ နည်းပညာ အကူအညီအထောက်အပံ့အကြောင်းများများစားစား မသိရ

လက်ရှိ တိုက်ပွဲတွေမှာ ဘယ်လို ရှိသလဲ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု

 စစ်ကောင်စီအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာ လေကြောင်းကနေ အဓိက ထိုးစစ်ဆင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်က အနန့်ပါဖြစ်စဥ်နဲ့ စစ်ကိုင်းတိုင်းထဲက ရင်ပေါင်တိုင်ရွာ ဖြစ်စဥ်တွေက ထိခိုက်သေဆုံးမှုအများအပြားကြုံခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေဖြစ်ပါတယ်။

 စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ပုံစံမျိုးစုံသုံးနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောပါတယ်။

“သာမန်အားဖြင့်တော့ မြေပြင်မှာ တိုက်ပွဲဖြစ်တယ်၊ စစ်ကူခေါ်ရင် လေတပ်က တိုက်ပေးရတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးအရရော ဖြတ်တောက်ခံရမှု အနေအထားက များလာတဲ့အခါကျ ပစ္စည်းကို သယ်တာရော၊ လူကို သယ်တာရော၊ လူအရွှေ့အပြောင်း လုပ်တာရော ရဟတ်ယာဥ်တွေ အတော်များများ ပြန်သုံးလာတာ တွေ့ရတယ်။”

“နောက်ဆုံးအချက်ကတော့ တိုက်ပွဲလည်း မဖြစ်ဘူး၊ ဒါပေမဲ့ သူတိုက်ချင်တဲ့နေရာကို ထပြီးတော့ တိုက်တာပဲ။ ညသန်းခေါင်ရော နေ့ခင်းကြောင်တောင်ရော။ အဲဒီလိုမျိုးလုပ်တာတွေက ပိုပိုများလာတာကို တွေ့ရမယ်။”

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များပြားနေပြီး နောက်ထပ်လည်း များလာနိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ကိုအံတုဖို့ နိုင်ငံတကာကို လေယာဥ်ပစ်လက်နက်တွေ ဆက်တိုက်တောင်းဆိုနေပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီကို လေယာဥ်ဆီဖြတ်တောက်ဖို့ တောင်းဆိုလှုပ်ရှားမှုတွေ ရှိနေပါတယ်။

မကြာခင်ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ပိတ်ဆို့မှုအသစ်တွေထဲ စစ်ကောင်စီကို လေယာဥ်ဆီအဓိကတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုပါဝင်လာတဲ့အတွက် ကနေဒါဟာ မြန်မာစစ်တပ်အတွက် လေယာဉ်လောင်စာဆီ ဖြန့်ဖြူးရောင်းချသူတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စီရင်ပိုင်ခွင့်ကို လက်တွေ့ကျင့်သုံးတဲ့ ပထမဆုံးသောနိုင်ငံတစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေး‌အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။