စစ်ကောင်စီ ထပ်မံဖြည့်တင်းပိုင်ဆိုင်လာတဲ့ တိုက်လေယာဥ်တွေအကြောင်း ဘာတွေ သတိထားသင့်လဲ။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီက လေတပ် စိန်ရတုအဖြစ် လေယာဉ်သစ် အများအပြား ထုတ်ပြလာတာ ရှိသလို ဒီနှစ်ထဲမှာလည်း လေတပ်ကို ပိုအသုံးချပြီး စစ်ဆင်ရေးတွေ လုပ်လာပါတယ်။ နောက် အမောင်းသင် လေယာဉ်တွေ ပြည်တွင်းမှာ ထုတ်နေပြီလို့လည်း ဆိုပါတယ်။
ရုရှားထုတ် Su 30 တိုက်လေယာဥ်ကို တရားဝင် ထုတ်ပြခဲ့ပြီး စတုတ္ထမျိုးဆက်လွန်
ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ကို မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတာဖြစ်ပါတယ်။
ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် အမျိုးအစားဖြစ်တဲ့ ရုရှားထုတ် KA 28 ကိုလည်း
စစ်ကောင်စီက ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံထုတ် FTC 2000 G
ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေး လေယာဉ်တွေလည်း တပ်တော်ဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီ ဘယ်လေယာဥ်တွေ ထပ်မံပိုင်ဆိုင်လာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Su 30၊ KA 28 နဲ့ FTC 2000 G လေယာဥ်တွေဟာ မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်လာတဲ့ အမျိုးအစားတွေဖြစ်ပြီး ၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်လာတာပါ။
လေတပ်မှာရှိပြီးသားဖြစ်တဲ့ တရုတ်နဲ့ ပါကစ္စတန် ဖက်စပ်ထုတ်ထားတဲ့ တိုက်လေယာဉ် K-8W နဲ့ တရုတ်ထုတ် တိုက်လေယာဥ် FT-7 တွေကိုလည်း ထပ်မံအားဖြည့်လာတာတွေ့ရပါတယ်။
စစ်တပ်ရဲ့လေကြောင်းစစ်ဆင်ရေးစွမ်းရည်က အရင်နှစ်တွေကထက် ပိုတိုးလာဖို့ရှိတယ်လို့ယူဆရပြီး ဒီနှစ်အသစ်ရောက်တဲ့ လေယာဥ်တွေထဲမှာ ရာသီဥတုမရွေး စစ်ဆင်ရေးလုပ်လို့ရတဲ့ FTC 2000 လို လေယာဥ်မျိုးတွေ ပါဝင်လာတာတွေ့ရတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသူရိန်က ဘီဘီစီကိုပြောပါတယ်။
“FTC 2000 လိုလေယာဥ်မျိုးတွေဆိုလို့ရှိရင် ညတိုက်ပွဲတွေမှာလည်း လေကြောင်းပစ်ကူပေးလို့ရသလို ရာသီဥတုမရွေး စစ်ဆင်လို့ရတဲ့စွမ်းရည်မျိုးတွေရှိတယ်ဆိုတော့ ရှေ့လျှောက်မှာတော့ ဗုံးကြဲ တိုက်ခိုက် တာတွေနဲ့ လေကြောင်းပစ်ကူပေးတာတွေ ခပ်စိတ်စိတ်ပိုတွေ့ လာနိုင်မယ်လို့ ယူဆရတယ်” လို့သူကပြောပါတယ်။
ပဲ့ထိန်းစနစ်သုံးလက်နက်ခဲယမ်းတွေကိုသုံးမယ်ဆိုရင်တော့ မြေပြင်မှာရှိတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအတွက် အခုထက်ပိုပြီးအန္တရာယ်ရှိနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
လေကြောင်းစွမ်းရည်ရော ဘယ်လိုရှိလာနိုင်လဲ
စစ်တပ်မှာ သုံးစွဲတာကြာနေပြီဖြစ်တဲ့ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ဝယ်ယူထားတဲ့ F7 လိုလေယာဥ်တွေနဲ့ A5 လိုဗုံးကြဲလေယာဥ်တွေကို အသုတ်လိုက်အနားပေးတာတွေလည်းရှိနေပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းစွမ်းအင်ဟာ လျော့သွားဖို့ရာမရှိဘူးလို့လည်း ဦးသူရိန်က သုံးသပ်ပါတယ်။
“ဒီနှစ်တပ်တော်ဝင်မှာကိုပဲ အသစ်ထည့်သွင်းသွားတဲ့လေယာဥ်တွေက မနည်းဘူးဆိုတော့ပေ့ါလေ။ FTC 2000 ဆို သူတို့အနေနဲ့က အစီး ၄၀ အထိ ဝယ်ဖို့ အမှာစာပေးထားတာရှိတယ်ပေါ့နော်။ ဒီနှစ်မှာရောက်တာက ၆ စင်းဆိုတော့ ရှေ့နှစ်တွေမှာရမယ့်အစင်းရေတွေနဲ့ဆိုလို့ရှိရင် တိုးပွားလာဖို့ပဲ ရှိတယ်”လို့ ဆိုပါတယ်။
Su 30 လို စတုတ္ထမျိုးဆက်အလွန်လေကြောင်းစိုးမိုးရေးတိုက်လေယာဥ်တွေက နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ လေကြောင်းစွမ်းပကားယှဥ်ပြိုင်မှုမှာသုံးကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ တော်လှန်ရေးတပ်တွေကို တိုက်နေရတာကျတော့ အနီးကပ်ဗုံးကြဲ တိုက်ခိုက်တာမျိုး၊ အနီးကပ်လေကြောင်းပစ်ကူပေးတာမျိုးတွေကို လုပ်ကြတာဖြစ်တော့ ဒီ Su 30 တိုက်လေယာဥ်တွေက တစ်နာရီမှာကုန်ကျစရိတ်ကအများကြီးကြီးတယ်။ အခုတပ်တော်ဝင်မှာပြသွားတဲ့ FTC 2000 လိုလေယာဥ်တွေ၊ K8W လို လေယာဥ်တွေ၊ နောက်အနန့်ပါမှာဗုံးကြဲသွားတဲ့ ရုရှားလို Yak130 လိုလေယာဥ်တွေက ပိုပြီးတော့ အဖိုးနည်းဝန်ပါ ဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
အမောင်းသင်လေယာဥ်တွေ အလုပ်ဖြစ်သလား
ဒါ့အပြင် မြန်မာလေတပ်က ထုတ်လုပ်တဲ့ အမောင်းသင်လေယာဥ်အမျိုးအစား MTX-1A လေယာဉ်တွေ နဲ့ ဒရုန်းတွေကိုလည်း စစ်ကောင်စီက လေတပ်တပ်တော်ဝင်အခမ်းအနားမှာ ပြသသွားခဲ့ပြီး ဒီလိုလေယာဥ်တွေကိုယ်တိုင်ထုတ်နိုင်ဖို့ နည်းပညာအကူအညီ အထောက်အပံ့တွေကို ဘယ်လိုရရှိတယ်ဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။
“ဒီနှစ်ထုတ်ပြသွားတဲ့အမောင်းသင်လေယာဥ်တွေက တကယ်တော့မနှစ်တည်းက တပ်တော်ဝင် ကော်မရှင် လုပ်သွားတဲ့ အမောင်းသင်လေယာဥ်တွေပါ။ MTX-1A လို့ခေါ်တယ်။ ဒီလေယာဥ်တွေကို စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းတွေက ပြောကြားချက်အရတော့ တရုတ်က ၁၉၅၀ လောက်တည်းက ထုတ်လာခဲ့တဲ့ PT 6 လို့ ခေါ်တဲ့အမောင်းသင်လေယာဥ်ကို အတုယူပြီး တည်ဆောက်ထားတယ်လို့ပြောကြတယ်ပေ့ါနော်။ ဒီလေယာဥ်က လက်နက် တပ်ဆင်လို့ရတယ်။ လေကြောင်းပစ်ကူပေးတဲ့နေရာမှာ သုံးလို့ရတယ်ဆိုပေမဲ့လည်း အကန့်အသတ် တော်တော်ကြီး မားတယ်။ ဥပမာ စက်အမြောက်တွေတပ်လို့မရတာ။ ဗုံးတွေ ဒုံးတွေကိုတင်ဆောင်နိုင်တဲ့အလေးချိန်က တော်တော်လေးအကန့်အသတ်ရှိတာဆိုတော့ MTX-1A လေယာဥ်ကတော့ ကျွန်တော့်အမြင် ကတော့ လေ့ကျင့်ရေးအတွက်ပဲအသုံးပြုလို့ရမယ့်လေယာဥ်၊ ဝါဒဖြန့်ချိရေးအတွက် သုံးလို့ရမယ့်လေယာဥ်လို့ပဲမြင်ပါတယ်”လို့ ဦးသူရိန်ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာ လေကြောင်းကနေ အဓိက
ထိုးစစ်ဆင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက
ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်က အနန့်ပါဖြစ်စဥ်နဲ့ စစ်ကိုင်းတိုင်းထဲက ရင်ပေါင်တိုင်ရွာနဲ့ လက်ယက်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွေက ထိခိုက်သေဆုံးမှုအများအပြားကြုံခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ကိုအံတုဖို့ နိုင်ငံတကာကို
လေယာဥ်ပစ်လက်နက်တွေ ဆက်တိုက်တောင်းဆိုနေပါတယ်။ တစ်ဘက်မှာလည်း စစ်ကောင်စီကို
လေယာဥ်ဆီဖြတ်တောက်ဖို့ တောင်းဆိုလှုပ်ရှားမှုတွေရှိနေပါတယ်။
မကြာခင်ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကနေဒါနိုင်ငံရဲ့ပိတ်ဆို့မှုအသစ်တွေထဲ စစ်ကောင်စီကို လေယာဥ်ဆီအဓိကတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုပါဝင်လာတဲ့အတွက် ကနေဒါဟာ မြန်မာစစ်တပ်အတွက် လေယာဉ်လောင်စာဆီ ဖြန့်ဖြူးရောင်းချသူတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စီရင်ပိုင်ခွင့်ကို လက်တွေ့ကျင့်သုံးတဲ့ ပထမဆုံးသောနိုင်ငံတစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကောင်စီကို လေယာဥ်ဆီဖြတ်တောက်တဲ့လှုပ်ရှားမှုတွေက ထိရောက်မှုရှိနိုင်လားဆိုတာနဲ့ပတ်သက်လို့ ဦးသူရိန်ကတော့ အခုလိုသုံးသပ်ပါတယ်။
“အရင်တုန်းကလည်း ပိတ်ဆို့အရေးယူမှုတွေနဲ့ အမျိုးမျိုးသော တားဆီးမှုတွေလုပ်တဲ့ကြားထဲကပဲ မြန်မာလေတပ်ရဲ့ လေကြောင်းစွမ်းပကားက ဒီအခြေအနေထိဖြစ်လာတာဆိုတော့ ထိထိရောက်ရောက်တားဆီးနိုင်တဲ့အနေအထားမရှိသေးဘူးလို့ ယူဆရတယ်”








