စစ်ကောင်စီက လေယာဉ်ဆီတွေ ဘယ်လမ်းကြောင်းကနေ သွင်းနေလဲ

၂၀၂၃ ဒီဇင်ဘာလက တပ်တော်ဝင်အခမ်းအနားမှာ Su-30 ပေါ်တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်း‌‌အောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက တပ်တော်ဝင်အခမ်းအနားမှာ Su-30 တိုက်လေယာဥ်ပေါ်တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်း‌‌အောင်လှိုင်

မြန်မာစစ်တပ် အာဏာသိမ်းကာလ ၃ နှစ်အတွင်း ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့နှစ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေက အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

“အရပ်သားတွေကို သေကြေစေနိုင်တဲ့ ဒီလောင်စာဆီကွင်းဆက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူမှုတွေ လုပ်နေပေမဲ့ မြန်မာစစ်တပ်ဟာ လေယာဉ်လောင်စာဆီ ဆက်လက်တင်သွင်းဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲပြီး နောက်ထပ်ခြေလှမ်းအသစ်တစ်ခု လှမ်းနေတယ်” လို့ Amnesty ရဲ့ ဒေသတွင်း သုတေသနဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Montse Ferrer က ပြောပါတယ်။

“မြန်မာစစ်တပ်ရဲ့ သေစေနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်မလုပ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက နိုင်ငံထဲကို လေယာဉ်ဆီ တင်သွင်းမှုတွေ ရပ်တန့်ဖို့ပါပဲ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်အုပ်စုနဲ့ လက်တွဲအလုပ်လုပ်တာတွေကို ဆန့်ကျင်လှုပ်ရှားနေတဲ့ သွေးစွန်းငွေ လှုပ်ရှားမှုအဖွဲ့ (Blood Money) က တာဝန်ရှိသူတစ်ဦးကလည်း “နိုင်ငံတကာက မြန်မာနိုင်ငံကို လေယာဉ်ဆီရောင်းနေတဲ့ကုမ္ပဏီတွေ၊ လေယာဉ်ဆီ လာရာလမ်းကြောင်း၊ ဒီလေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးတွေမှာ မရှိမဖြစ်လိုတဲ့ ရေကြောင်းအာမခံကိုပေးနေတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ထားတာ မရှိသေးဘူး” လို့ ဘီဘီစီကို ပြောပါတယ်။

“အမေရိကန်က ExxonMobil နဲ့ Chevron တို့ဟာ မြန်မာပြည်ကို လေယာဉ်ဆီ ပို့ခဲ့တယ်၊ ယူကေ က ရေကြောင်းအာမခံ ကုမ္ပဏီ ၅ ခု၊ ဥရောပထဲက ကုမ္ပဏီတချို့လည်း ပါဝင်ပတ်သက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာကို လေယာဉ်လောင်စာဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအများစုက ကန့်သတ်ပိတ်ဆို့တာတွေ လုပ်နေပေမယ့် စစ်ကောင်စီက လမ်းကြောင်းအသစ်ပြောင်းပြီး လောင်စာဆီတွေ တင်သွင်းနေဆဲဖြစ်တယ်လို့ အထောက်အထားတချို့နဲ့အတူ Amnesty International အဖွဲ့က အာဏာသိမ်း ၃ နှစ်ပြည့်မတိုင်ခင်မှာပဲ ကြေညာထားပါတယ်။

‌လေယာဉ်ဆီတင် သင်္ဘော ၇ စီး မြန်မာထဲဝင်ရောက်

Linh Cai Mep သိုလှောင်ရုံမှာတွေ့ရတဲ့ Huitong 78 နဲ့အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင်တူညီတဲ့ သင်္ဘောတစ်စင်းကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Amnesty International

ဓာတ်ပုံ ပုံစာ, Linh Cai Mep သိုလှောင်ရုံမှာတွေ့ရတဲ့ Huitong 78 နဲ့အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင်တူညီတဲ့ သင်္ဘောတစ်စင်းကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ပုံ

Amnesty ရဲ့ သုတေသနအချက်အလက်တွေအရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်အတွင်း လေယာဉ်လောင်စာဆီကို လမ်းကြောင်းအသစ်ကနေ သိသိသာသာ တင်သွင်းခဲ့တယ်လို့ ‌ဖော်ထုတ်ထားပါတယ်။ လမ်းကြောင်းအသစ်ကို ခြေရာမခံမနိုင်အောင် လောင်စာဆီ သိုလှောင်တဲ့အခြေအနေတွေကိုပါ စနစ်တကျဆောင်ရွက်ထားတယ်လို့လည်း ဖော်ပြချက်ထဲမှာ ထည့်ရေးထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Amnesty ရဲ့‌ လောင်စာဆီတင်ဆောင်တဲ့ သင်္ဘောလမ်းကြောင်းတွေကို ခြေရာခံထားတဲ့ ဒေတာအချက်အလက်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ဩဂုတ်လအတွင်း မြန်မာနိုင်ငံထဲကို လောင်စာဆီသင်္ဘော ၆ စီး (‌၆ ကြောင်း) ဝင်‌ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရဘက်က ထပ်တိုးပိတ်ဆို့အရေးယူမှုတွေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ချမှတ်ခဲ့ပြီးနောက် စက်တင်ဘာလကနေ နိုဝင်ဘာလအထိ လောင်စာဆီတင်သွင်းမှု ရပ်တန့်သွားခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာမှာတော့ ‌နောက်ထပ်လောင်စာဆီ ၁ ကြောင်း တင်သွင်းမှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ Amnesty ကဆိုပါတယ်။

စုစုပေါင်း လောင်စာဆီတင်သွင်းခဲ့တဲ့ အကြောင်းရေ ၇ ကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး အနည်းဆုံး ၆၇ ကီလိုတန်အထိ ပိုတိုးလာတယ်လို့ Amnesty ကပြောပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ်တွေမှာ လောင်စာဆီတင်သွင်းမှုအများစုက မြန်မာနိုင်ငံထဲ တိုက်ရိုက်ရောင်းချခဲ့တာကြောင့် ဖြန့်ဖြူးရောင်းချတဲ့သူတွေကို ခြေရာခံဖို့ လွယ်ကူပေမဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံထဲမရောက်ခင် အဆင့်ဆင့် ဝယ်ယူ၊ လက်လွှဲ‌ရောင်းချပြီးမှ တင်သွင်းခဲ့ပုံရတယ်လို့ Amnesty က သုံးသပ်ထားပါတယ်။

လောင်စာဆီကို ဘယ်လိုစနစ်တကျလက်လွှဲ သို‌လှောင်ခဲ့လဲ

ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Cai Mep ဆိပ်ကမ်း

ဓာတ်ပုံ ရင်းမြစ်, Tan Cang – Cai Mep International Terminal Co., Ltd

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Cai Mep ဆိပ်ကမ်း

လောင်စာဆီသင်္ဘောတွေဟာ မြန်မာနိုင်ငံထဲမရောက်လာခင် ဗီယက်နမ်နိုင်ငံမှာရှိတဲ့ သိုလှောင်ရုံတစ်ခုက လေယာဉ်လောင်စာဆီတွေကို တင်ဆောင်ခဲ့ပြီးမှ မြန်မာနိုင်ငံထဲပြန်ပြီးသယ်ဆောင်လာတာဖြစ်တယ်လို့ Amnesty က အချက်အလက်တွေအရ သိရပါတယ်။

“သိုလှောင်ထားတဲ့စနစ်တွေက ‌လောင်စာဆီတွေကို ခြေရာခံဖို့ ခက်ခဲအောင် လုပ်ထားတယ်ဆိုတာ ထင်ရှားပါတယ်”လို့ Amnesty ပြောရေးဆိုခွင့်ရှိသူ Ferrer ကပြောပါတယ်။

“သိုလှောင်ထားတဲ့အနေအထားတွေမှာ အများကြီးဖြစ်နိုင်တယ်။ ဘယ်နိုင်ငံကနေ လာတဲ့ လောင်စာဆီလဲမသိနိုင်အောင် ရောစပ်တာတွေ လုပ်နိုင်တယ်၊ လောင်စာဆီကို အဆင့်များစွာနဲ့ လက်ပြောင်းလက်လွှဲဝယ်ယူတာတွေကြောင့် ရောင်းသူ၊ ဝယ်သူ ခြေရာခံလို့မရနိုင်တာတွေဖြစ်စေတယ်။ လောင်စာဆီသိုလှောင်ရုံတွေရဲ့ ပိုင်ရှင် ဒါမှမဟုတ် အဲဒီမှာ တာဝန်ယူလုပ်ကိုင်နေတဲ့ မန်နေဂျာတွေကလည်း သိုလှောင်ကန်တွေကို လောင်စာဆီရောက်လာတာနဲ့ လာတဲ့ဇစ်မြစ်ကို ဖုံးကွယ်ဖို့ အခကြေးငွေယူပြီး လုပ်ပေးလို့ရနေတာပဲ” လို့ သူကထည့်ပြောထားပါတယ်။

“လောင်စာဆီများလေလေ၊ ပုံစံအရွယ်အစားအစုံရှိတဲ့ တခြားကုန်ပစ္စည်းတွေ တင်ဆောင်တဲ့ သင်္ဘောပုံစံအသွင်ယူပြီး တင်သွင်းတာမျိုးဆိုရင် ခြေရာခံနိုင်ဖို့ ခက်ခဲတယ်”လို့ သူကဆက်ပြောပါတယ်။

"မြန်မာထဲရောက်မလာခင် သင်္ဘောရပ်နားခဲ့တဲ့ နောက်ဆုံးနေရာဟာလည်း လောင်စာဆီတင်သွင်းနိုင်အောင် ဖြန့်ဖြူးရောင်းချတဲ့သူကို ခြေရာခံမရအောင်လုပ်ထားတဲ့ ကြားခံတစ်ခု သို့မဟုတ် ကြားခံသိုလှောင်ရုံပေါင်းများစွာကို ဖြတ်ပြီးမှ တင်သွင်းထားတယ်ဆိုတာကို အာမခံနိုင်တယ်” လို့ သူက အခိုင်အမာပြောဆိုပါတယ်။

လေယာဉ်လောင်စာဆီဖြန့်ဖြူးပေးနေတဲ့ အာရှနိုင်ငံတွေ

၂၀၂၃ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ လေယာဉ်လောင်စာဆီ ၇ ကြောင်းဟာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အနီးက Cai Mep လို့‌ခေါ်တဲ့ ရေနံဂိတ်တစ်ခုတည်းကနေ ထွက်ရှိလာခဲ့တယ်လို့ Amnesty ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အဲဒီရေနံဂိတ်မှာ ဗီယက်နမ်ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hai Linh ကုမ္ပဏီက လုပ်ကိုင်နေပြီး ၂၀၂၃ ဧပြီကနေ ဒီဇင်ဘာအတွင်း လောင်စာဆီတင်သွင်းခဲ့တယ်လို့ Amnesty က ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ သင်္ဘောဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

Amnesty ကနေ တင်သွင်းတဲ့ပုံစံတွေကို ဖော်ထုတ်ခဲ့တဲ့ပုံအရ လေယာဉ်ဆီတွေကို ကုန်သည်တစ်ဦးဆီကိုရောင်းတယ်၊ အဲဒီကုန်သည်ဆီကနေ နောက်ထပ်ကုန်သည် ၁ ယောက်ထက်မက အကြိမ်ကြိမ်လက်လွှဲရောင်းချခဲ့ပေမယ့် မြန်မာနိုင်ငံထဲရောက်မလာခင် ဗီယက်နမ်ကုမ္ပဏီတစ်ခုဆီ နောက်ဆုံးရောင်းချခဲ့တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် Hai Linh ကုမ္ပဏီက တိုက်ရိုက်လုပ်ကိုင်နေတဲ့ Cai Mep သိုလှောင်ရုံမှာ လောင်စာဆီတွေကို လက်ခံခဲ့ပြီး နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပဲ မြန်မာဘက်ကို ရေကြောင်းကနေ ပို့ဆောင်ခဲ့တာလို့သိရပါတယ်။

ဗီယက်နမ်ကိုလာတဲ့ လက်လွှဲရောင်းချမှုတွေထဲမှာမှ လေယာဉ်လောင်စာဆီ လာရာလမ်းကြောင်း ၃ ခုကိုတော့ Amnesty က ဖော်ထုတ်ခဲ့ပါတယ်။

“ဗီယက်နမ်ဆိပ်ကမ်းတွေက လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အသုံးချခံမဖြစ်အောင်ဗီယက်နမ်အစိုးရမှာ တာဝန်ရှိတယ်” လို့ Amnesty ပြောရေးဆိုခွင့်ရှိသူ Ferrer က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၆ ရက်မှာတွေ့ရတဲ့ တရုတ်၊ ရှန်ဒေါင်းပြည်နယ်က CNOOC ပိုင်သင်္ဘောကျင်းရဲ့ ရေပေါ်ထုတ်လုပ်သိုလှောင်တဲ့နေရာတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ဒီဇင်ဘာ ၆ ရက်မှာတွေ့ရတဲ့ တရုတ်၊ ရှန်ဒေါင်းပြည်နယ်က CNOOC ပိုင် သင်္ဘောကျင်း

မြန်မာကို ဩဂုတ်လမှာ တင်သွင်းခဲ့တဲ့ မူလလမ်းကြောင်းကတော့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး ရေနံကုမ္ပဏီ တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ရဲ့ ဟွေ့ကျိုးဆိပ်ကမ်းမှာရှိတဲ့ဂိတ်ကနေ လာတာဖြစ်ပြီး မတူညီတဲ့လမ်းကြောင်းကနေ ဗီယက်နမ်နိုင်ငံထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလနဲ့ မေလတွေမှာ တင်သွင်းခဲ့တဲ့ နောက်ထပ်လောင်စာဆီကုန် ၂ ကြောင်းကတော့ ဗီယက်နမ်နိုင်ငံထဲမဝင်ခင် မလေးရှားနိုင်ငံရဲ့ Pengerang Independent ဂိတ်ကနေ လေယာဉ်ဆီတင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ မတူညီတဲ့ရေလမ်းကြောင်းတွေကနေ ဗီယက်နမ်တစ်ဆင့်ခံနဲ့ မြန်မာကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

Pengerang Independent ဂိတ်ဟာ နယ်သာလန်သိုလှောင်ရေးကုမ္ပဏီ Vopak တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ သိုလှောင်ဂိတ်တစ်ခုဖြစ်ပါတယ်။

နောက်ကွယ်က စစ်ကောင်စီထောက်တိုင်တွေ

ဘီဘီစွမ်းအင် (အာရှ) ကုမ္ပဏီရုံးခွဲတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, BB Energy (Asia) Pte. Ltd.,

ဓာတ်ပုံ ပုံစာ, ဘီဘီစွမ်းအင် (အာရှ) ကုမ္ပဏီရုံးခွဲတချို့ (ပုံဟောင်း)

ဗီယက်နမ်အကောက်ခွန်ဒေတာအရ မြန်မာကို ဗီယက်နမ်ကနေ ဒုတိယအကြိမ်မြောက် လောင်စာဆီတင်သွင်းတဲ့အချိန်မှာ စက်သုံးဆီဝယ်ယူတဲ့ ကုန်သည်တွေစာရင်းကို အတည်ပြုဖို့ လမ်းစရခဲ့တယ်လို့ Amnesty ကပြောပါတယ်။

အဲဒီထဲက အထင်ရှားဆုံးကတော့ ဒူဘိုင်းအခြေစိုက် ပုဂ္ဂလိကပိုင် စင်ကာပူကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ဘီဘီစွမ်းအင် (အာရှ) BB Energy (Asia) ပဲဖြစ်ပါတယ်။ ဘီဘီစွမ်းအင်ဟာ ဗြိတိန်၊ လန်ဒန်အပါအဝင် ကုမ္ပဏီအခွဲပေါင်း ၃၀ ရှိပြီး ကမ္ဘာ့ထိပ်တန်း အမှီအခိုကင်းတဲ့ စွမ်းအင်ကုန်သွယ်ရေးကုမ္ပဏီတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံထဲကိုတင်သွင်းဖို့ ဗီယက်နမ်ကို ဖြတ်ကျော်ပြီး ပို့ဆောင်လာတဲ့ သ‌င်္ဘော ၇ စီးအနက် အနည်းဆုံး ၃ စီးရဲ့ လာရာလမ်းကြောင်းကတော့ ဘီဘီစွမ်းအင်(အာရှ)ကလို့ Amnesty က ဖော်ထုတ်ခဲ့ပါတယ်။

လောင်စာဆီကို ဗီယက်နမ်ကုမ္ပဏီတွေဆီ တစ်ဆင့်ကြားခံပြီး ဖြန့်ဖြူးတဲ့ကုမ္ပဏီတွေအနေနဲ့ မြန်မာထဲကို တင်သွင်းရောင်းချတဲ့အစီအစဉ် ရပ်ဆိုင်းသွားစေနိုင်လားဆိုတာအပြင် ဒီလိုဖြန့်ဖြူးတာက မြန်မာကို လက်ရှိအရေးယူထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ထိခိုက်စေနိုင်လားဆိုတာကိုတော့ မသိရသေးဘူးလို့ Amnesty ကပြောပါတယ်။

ဖြန့်ဖြူးတဲ့ကုမ္ပဏီတွေက လောင်စာဆီကို ဗီယက်နမ်ကုမ္ပဏီတွေဆီ ရောင်းချပြီးနောက်မှာမှ မြန်မာက ဝယ်လက်ထံ တစ်ဆင့်ရောင်းချခဲ့တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အကောက်အခွန်အချက်အလက်တွေအရ ကြားခံ လက်လွှဲရောင်းချထားတဲ့ ဗီယက်နမ်ကုမ္ပဏီတွေထဲက တစ်ခုကတော့ Cai Mep မှာ လောင်စာဆီ သိုလှောင်ရုံပိုင်ဆိုင်ထားတဲ့ Hai Linh ကုမ္ပဏီဖြစ်တယ်လို့ Amnesty က ဖော်ပြထားပါတယ်။

“ဗီယမ်နမ်ကိုသုံးလာတာသည် မြန်မာပြည်ကို ဘယ်နိုင်ငံကနေ ဆက်ပို့နေလဲ ဘယ်သူတွေ အသစ်ထပ်ပို့နေလဲဆိုတာကို ဖုံးချင်တဲ့အတွက် အကြမ်းဖက် စစ်အုပ်စုနဲ့ ပို့နေတဲ့ ကုမ္ပဏီတွေဟာ တစ်ဆင့်ခံ စင်ကာပူလိုပဲ ဗီယက်နမ် ဆိပ်ကမ်းကိုသုံးတာဖြစ်တယ်” လို့ Blood Money က ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ လေယာဉ်ဆီတွေနဲ့ သီလဝါဆိပ်ကမ်း

ရန်ကုန် သီလဝါဆိပ်ကမ်း၊ ပူးမားစွမ်းအင်ကုမ္ပဏီရဲ့ ဂိတ်ဟောင်းမှာ လေယာဉ်လောင်စာဆီသင်္ဘော Huitong - ၇၈ ရပ်နားထားတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Amnesty International

ဓာတ်ပုံ ပုံစာ, ရန်ကုန် သီလဝါဆိပ်ကမ်း၊ ပူးမားစွမ်းအင်ကုမ္ပဏီရဲ့ ဂိတ်ဟောင်းမှာ လေယာဉ်လောင်စာဆီသင်္ဘော Huitong - ၇၈ ရပ်နားထားတဲ့မြင်ကွင်း

ဗီယက်နမ်ကနေ တင်သွင်းလာတဲ့ လေကြောင်း လောင်စာဆီသင်္ဘော ၇ စီး စလုံးကို မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းမှာရှိတဲ့ Puma စွမ်းအင်ကုမ္ပဏီရဲ့ ဆိပ်ကမ်းဟောင်းမှာ ရပ်နားထားတယ်လို့ Amnesty က ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Puma စွမ်းအင်ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာက ထွက်သွားခဲ့ပြီးနောက် သူတို့ရဲ့ ပိုင်ဆိုင်မှုအပါအဝင် သီလဝါဆိပ်ကမ်းလုပ်ငန်းနဲ့ပတ်သက်တဲ့အပိုင်းတွေကို ရွှန်းစွမ်းအင်ကုမ္ပဏီလီမိတက်(အရင်နာမည်ဟောင်း - Asia Sun Avaition)နဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ MPE ကုမ္ပဏီတွေဆီ လွှဲပြောင်းရောင်းချခဲ့တာဖြစ်ပါတယ်။

ရွှန်းစွမ်းအင်ကုမ္ပဏီအများစုက သိုလှောင်ရုံတွေကို စီမံခန့်ခွဲတဲ့ကုမ္ပဏီမဟုတ်ပေမယ့် စစ်ကောင်စီကို လေယာဉ်ဆီဖြန့်ဖြူးရောင်းချပေးတာကြောင့် ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပအပါအဝင် အခြားနိုင်ငံတွေကနေလည်း ဒဏ်ခတ်ပိတ်ဆို့ထားတာဖြစ်ပါတယ်။

Amnesty ရဲ့ သုတေသနအချက်အလက်တွေအရ ဒီလောင်စာဆီသင်္ဘောတွေဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ကုမ္ပဏီတွေအပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး သီလဝါဆိပ်ကမ်းအထိ ရောက်ရှိလာတာကြောင့် မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့အရာအားလုံးကို ကွင်းဆက်အလိုက် ပိတ်ဆို့အရေးယူမှုတွေက ထိရောက်မှုရှိရဲ့လားဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေဖြစ်နေပြီလို့ Amnesty က ထောက်ပြထားပါတယ်။

လေယာဉ်ဆီရဖို့ ဗီယက်နမ်ကနေ လမ်းကြောင်းတွေပြောင်းပြီးသယ်တာကတော့ ပြီးခဲ့တဲ့ AI report မှာ ဘယ်နိုင်ငံက ဘယ်ကုမ္ပဏီတွေဟာ မြန်မာပြည်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေယာဉ်ဆီတွေ သီလဝါ ဆိပ်ကမ်းကို ပို့ဆောင်ခဲ့တဲ့ စုံစမ်းထောက်လှမ်းထားတဲ့ သုတေသနအချက်အလက်တွေ အတိအကျပါဝင်ပြီးတဲ့နောက်မှာ Puma Energy က မြန်မာပြည်က နုတ်ထွက်ခဲ့တာလို့ Blood Money အဖွဲ့က ရှင်းပြပါတယ်။

အမေရိကန်က မြန်မာကို လောင်စာဆီတင်သွင်းမှု ထပ်တိုးဒဏ်ခတ်ပိတ်ဆို့

အမေရိကန်ရဲ့ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ချက်

ဓာတ်ပုံ ရင်းမြစ်, U.S. DEPARTMENT OF THE TREASURY

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ချက်

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ စင်ကာပူအခြေစိုက် ရွှန်းစွမ်းအင် (Shoon Energy) ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်းအပါအဝင် အရင်ကတည်းက အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ကနေ ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားတဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦးဇော်မင်းထွန်းတို့ကို ထပ်တိုးပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်အစိုးရဘက်က ဒီလို ချဲ့ထွင်ပြီး ထပ်မံပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

အနောက်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် Blood Money အဖွဲ့က “အမေရိကန်၊ ယူကေ၊ အီးယူ အနေနဲ့ မြန်မာပြည်ကို လေယာဉ်ဆီ ရောင်းချခွင့်နဲ့ ရေကြောင်းအာမခံ ပေးမှုတွေကို တားဆီးပိတ်ဆို့ အရေးယူပေးရမှာဖြစ်ပါတယ်။

အခုက အရေးယူပိတ်ဆို့တယ်ဆိုတာ မြန်မာပြည်က စစ်အုပ်စုပိုင်၊ ခရိုနီပိုင် ကုမ္ပဏီနဲ့ လူတွေကိုပဲ အရေးယူတာမို့လို မထိရောက်ပါဘူး။ ပြည်တွင်းကုမ္ပဏီတွေဟာ သူတို့ ဆန်ရှင်လုပ်လိုက်တိုင်း နာမည်တစ်ခုထပ်ပြောင်းတယ် ထပ်အလုပ်လုပ်လို့ရနေတယ်။ ဒါအပြင် စင်ကာပူက အလုပ်လုပ်ခွင့်လည်းပေးထားတယ်” လို့ ထောက်ပြထားပါတယ်။

Asia Sun Aviatione နဲ့ Shoon Energy တို့က ပြည်တွင်းကုမ္ပဏီတွေသာဖြစ်တဲ့အတွက် ပိတ်ဆို့မှုတွေ ဘယ်လောက်လုပ်လုပ် အာဆီယံနိုင်ငံတချို့ရဲ့ ပါဝင်ပက်သက်မှုတွေကြောင့် စင်ကာပူရဲ့ supply chain ကိုသုံးပြီး နိုင်ငံတကာကနေ လေယာဉ်ဆီ ဝယ်တာတွေ ဆက်လုပ်နေနိုင်တယ်လို့ Blood Money အဖွဲ့က သုံးသပ်ထားပါတယ်။

အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေအနေနဲ့ နိုင်ငံတကာကနေ လေယာဉ်လောင်စာဆီ တွေ မပို့နိုင်အောင ရေကြောင်းကနေ လောင်စာဆီ အာမခံပို့ဆောင်ပေးတဲ့ ကုမ္ပဏီတွေကို ကန့်သတ်ပိတ်ပင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံဟာလည်း ကမ္ဘာမှာ ရေကြောင်းအာမခံ လုပ်ငန်း ဝန်ဆောင်မှုကို အကြီးအကျယ် အများဆုံးပေးတဲ နိုင်ငံဖြစ်ပြီး လက်ရှိမှာလည်း ဗြိတိန်က ရေကြောင်းအာမခံ ကုမ္ပဏီ ငါးခုကလည်း ပါဝင်ပက်သက်နေတာမို့ မဖြစ်မနေ ချက်ချင်းအရေးယူပိတ်ဆို့ရမှာဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီရှာဖွေပေးနေတဲ့သူတွေကို ကနေဒါ၊ အီးယူ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းကစလို့ တောက်လျှောက်အရေးယူပိတ်ဆို့မှုတွေ လုပ်လာတာဖြစ်ပါတယ်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်တွင်းကုမ္ပဏီထက် နိုင်ငံတကာကုမ္ပဏီတွေကို ပစ်မှတ်ထားရင် ပိုထိရောက်မယ် လို့ Blood Money အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအဆိုးရွားဆုံးကြုံရတဲ့ ၂၀၂၃

ကနန်ကျေးရွာ အထက်တန်းကျောင်းခွဲ အနောက်ဘက်ကို ဗုံးကျရောက်ပေါက်ကွဲထားတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကနန်ကျေးရွာ အထက်တန်းကျောင်းခွဲ အနောက်ဘက်ကို ဗုံးကျရောက်ပေါက်ကွဲထားတဲ့မြင်ကွင်း (ပုံဟောင်း)

မြန်မာစစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေထဲက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို စိစစ်ခွဲခြားမှုမရှိဘဲ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေအပြင် ရှမ်း‌ပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲတွေမှာလည်း တားမြစ်လက်နက်တွေအသုံးပြုခဲ့တယ်လို့ Amnesty က ၂၀၂၃ ဒီဇင်ဘာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အထွက်က ကနန်စံပြကျေးရွာရဲ့ ကနန်အထက်တန်းကျောင်းခွဲနဲ့ ဘုရားကျောင်းရှိတဲ့ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ၂၀၂၃ ဇန်နဝါရီ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်တဲ့သူတွေက ဘီဘီစီကို အတည်ပြုပြောပြပါတယ်။

ကနန်ရွာ ဗုံးကြဲခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့နေ့မှာ လေကြောင်းတွေမပျံသန်းဘူးလို့ ငြင်းဆိုထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ဇွန်လ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ညောင်ကုန်းကျေးရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ဇွန်လ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ညောင်ကုန်းကျေးရွာ

တစ်နှစ်တည်းမှာပဲ ဇွန်လ ၂၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးက ညောင်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းအနီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်တော်တစ်ပါး ပျံလွန်တော်မူပြီး အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေနဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တွေအရ ရေးသားဖော်ပြခဲ့ပါတယ်။

ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ချင်း၊ ကယား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာစစ်တပ် အာဏာသိမ်းလိုက်တဲ့အချိန်ကနေ ၂၀၂၃ ဧပြီအတွင်း လေကြောင်းတိုက်ခိုက်မှု၁၄၂၇ ကြိမ်ရှိခဲ့ပြီး ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကယား(ကရင်နီ) ဒေသတွေကို အများဆုံးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းပြီးကာလအတွင်း ၂၀၂၃ ဩဂုတ်လထိ ရရှိထားတဲ့အချက်အလက်တွေအရ အရပ်သား ၃,၉၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

Amnesty ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ferrer ကတော့ “မြန်မာနိုင်ငံမှာ လူအသေအပျောက်များတဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတဲ့ ပြဿနာကို ရှင်းလို့ရပါတယ်။ မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတင်သွင်းနေတာတွေကို ရပ်တန့်ဖို့လိုပါတယ်”လို့ ပြောထားပါတယ်။