‘‘ဗုံး ၂ လုံးစီကို ၅ မိနစ်လောက်အတွင်း ကြဲသွားတာ’’ - ကနန်ရွာဗုံးကြဲခံရမှု

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အထွက်က ကနန်စံပြကျေးရွာအပေါ် စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ လာရောက်ဗုံးကြဲသွားတဲ့အတွက် အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ကနန်ကျေးရွာဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာရှိပြီး ခမ်းပတ်မြို့က အထွက်ဆိုရင်ရောက်တဲ့ အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ချင်းလူမျိုးတွေ အများစုနေထိုင်ရာ ရွာကြီးဖြစ်ပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့နေရာဟာ ကနန် အထက်တန်းကျောင်းခွဲနဲ့ ဘုရားကျောင်းရှိရာ အမှတ် ၅ လူနေရပ်ကွက်ထဲက နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
‘‘Mi 17 တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးစီ ကြဲချသွားတာ။ ပထမ တစ်ခေါက် အုန်း၊ အုန်းဆို နှစ်ချက်။ နောက် ၅ မိနစ်လောက်ခြားပြီးမှ နောက် ၂ လုံးကြဲချတာ။ ဘုရားကျောင်းဝင်းထဲနဲ့ ကျောင်းအနောက်ဘက်ကို ကျတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကနန်ရွာ လူနေရပ်ကွက်ထဲ ဗုံးကျပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦးထက်နည်းမရှိပြီး အဲဒီ ထဲမှာ ကလေးငယ် ၆ ဦးထက်မနည်းပါဝင်တယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
ကနန် ဘာကြောင့် ဗုံးကြဲခံရတာလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ကနန်ရွာ ဘာကြောင့် ဗုံးကြဲခံရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ မြေပြင်မှာတော့ တွက်ဆမှုတွေ အများကြီးရှိနေပါတယ်။
တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သင်တန်းဆင်းပွဲ ရှိနေချိန်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့ သင်တန်းဆင်းပွဲဟာ ကနန်ကျေးရွာမှာမဟုတ်ဘဲ တခြားတစ်နေရာမှာဖြစ်တယ်လို့ ဘီဘီစီက အဆက်အသွယ်ရတဲ့ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ပြောပါတယ်။
‘‘သင်တန်းဆင်းပွဲ ရှိတာတော့ ဟုတ်တယ်။ ကနန်မှာ မဟုတ်ဘူး။ တခြားတစ်နေရာမှာပါ။ ပွဲ အနေနဲ့လည်း မလုပ်ပါဘူး။ တပ်ဖွဲ့ဝင်တွေက သင်တန်းဆင်းပြီးတာနဲ့ ဆိုင်ရာဆိုင်ရာ ဆက်ပြီး တာဝန်ထမ်းဆောင်ကြမှာဆိုတော့လေ။ မိတ်ဆုံစားပွဲလို စားပွဲဝိုင်းလေး ၄၊ ၅ ဝိုင်းနဲ့ လုပ်ဖို့ ပြင်နေတာပဲရှိတယ်။ နေရာမှားပြီး ဗုံးလာကြဲသွားတယ်လို့ပဲ သုံးသပ်ပါတယ်’’ လို့ တမူးမြို့နယ် ပကဖ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ် အနိုင်ရခဲ့တဲ့ ကနန်ကျေးရွာမှာ စစ်ကောင်စီသတင်းပေးရှိနိုင်တာကြောင့် အခုလို အရပ်သားတွေနေရာ မှားယွင်း ဗုံးကြဲခံရတာလို့ လူမှုကွန်ရက်တွေမှာ ရေးသားပြောဆိုမှုတွေရှိနေပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကတော့ ဒါကို ပယ်ချပါတယ်။
‘‘သတင်းပေးဆိုတာထက် သတင်းပေါက်ကြားတာနဲ့ နေရာမှားပြီး ကြဲတာလို့ ယူဆရပါတယ်။ ကျွန်တော်တို့ ဘက်မှာက ဖုန်းရော၊ အင်တာနက်ရော ရနေတာဆိုတော့လေ။ ပြောကြ ဆိုကြရင်း အခုလို သတင်းပေါက် သွားတာလို့ပဲ ယူဆပါတယ်’’ လို့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁ ပြောခွင့်ရသူက ပြောပါတယ်။
ဒဏ်ရာရသူတွေနဲ့ အမည်မဖော်နိုင်သေးတဲ့အလောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကနန်ရွာ ဗုံးကြဲခံရမှုမှာ သေဆုံးခဲ့သူတွေဟာ ရပ်ကွက် ဘုရားကျောင်းအနီးက နေအိမ်တွေထဲမှာ သေဆုံးလျက်တွေ့ခဲ့ရပြီး အရပ်သားတွေ ဖြစ်တယ်လို့ မြေပြင်မှာ ရှိနေသူတွေက ဘီဘီစီကို ပြောပါတယ်။
ဗုံးဒဏ်ကြောင့် စာသင်ကျောင်းနဲ့ တိုက်အိမ်အချို့အပါအဝင် နေအိမ် ၇ လုံးထက်နည်း လုံးဝ ပျက်စီးခဲ့ပါတယ်။
‘’အိမ် ၃ လုံးက လုံးဝ ပျက်စီးသွားတယ်။ အဲဒီထဲမှာ တိုက်အိမ်တွေပါတယ်။ အလောင်းတွေက အဲဒီ အိမ်တွေအောက်ကနေ ရတယ်။ ရုပ်ပျက်သွားလို့ ဘယ်သူဘယ်ဝါ နာမည်ဖော်လို့ မရတဲ့အလောင်းတွေလည်း ရှိတယ်’’ လို့ မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဘီဘီစီကမြင်တွေ့ရတဲ့ ဗုံးကြဲခံရမှုအပြီး သေဆုံးရုပ်အလောင်းတွေကို မှတ်သားထားတဲ့ မြေပြင်က စာရင်းကောက်ယူသူတွေရဲ့ စာရွက်တစ်ရွက်မှာတော့ ထိခိုက်ဒဏ်ရာတွေကြောင့်သေဆုံးပြီး ဘယ်သူ ဘယ်ဝါဆိုတာ နာမည်မဖော်ပြနိုင်တဲ့အလောင်းအရေအတွက် ၁၇ လောင်းအထိ ရှိနေပါတယ်။
‘‘အများစုက ဗုံးဆန်မှန်တာထက် မြေပြင်ကိုဗုံးကျချိန်ထွက်လာတဲ့ မြေသားခဲတွေမှန်ပြီး သေဆုံးကုန်ကြတာ။ အဲဒီလိုသေကြတဲ့သူတွေထဲမှာ ကလေးတွေက အများဆုံးပဲ’’ လို့ သူက ဆက်ပြောပြပါတယ်။
ဒဏ်ရာရသူ ၇ ဦးအထိရှိနေပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေလို့ သိရပါတယ်။
‘‘ဆေးရုံဆေးခန်းပို့ဖို အတွက်ဆိုရင် ကလေး(မြို့)ဘက်ကိုလည်း သွားလို့ မရဘူး။ ကလေး(မြို့)နဲ့ လက်ပံချောင်းကြားမှာ (သူတို့) လမ်းဖြတ်တောက်ရေးလုပ်ထားတယ်။ ဒဏ်ရာရထားသူတွေထဲမှာ ကလေးတွေပါတယ်။ စိုးရိမ်ရတဲ့သူ ၃ ဦးကိုတော့ ရှိတာနဲ့ပြုစုကုသထားရတယ်’’ လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ကနန်ကျေးရွာထဲက လူတစ်ဝက်လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
ကနန်ရွာကနေ ကလေးမြို့ဘက်ကိုသွားတဲ့ အာရှလမ်းမကြီးပေါ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ရှိနေပါတယ်။
ခမ်းပတ်မြို့ထဲက ဒေသခံအများစုဟာလည်း မြို့တွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားက နိုဝင်ဘာလအတွင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်ညနေပိုင်းအထိတစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။











