မြန်မာ - အိန္ဒိယနယ်စပ်က ခမ်းပတ်မြို့ကို NUG ထပ်မံသိမ်းပိုက်

မြန်မာ - အိန္ဒိယနယ်စပ်က ခမ်းပတ်မြို့ကို NUG ထပ်မံသိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

မြန်မာ - အိန္ဒိယနယ်စပ်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခင်းပတ်မြို့ပေါ်မှာ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေး (PDF)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ငါးရက်အကြာမှာတော့ မြို့ကို ထိန်းချုပ်နိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြေညာပါတယ်။

ခမ်းပတ် ဟာ NUG အတွက် ဒုတိယမြောက် သိမ်းပိုက်ရရှိတဲ့ မြို့လည်းဖြစ်လာပါတယ်။

“စစ်သားနဲ့ ရဲဘယ်သူမှမရှိတော့ဘူး။ မြို့ကို ကျွန်တော်တို့ ထိန်းချုပ်ထားပါပြီ” လို့ ပြည်သူ့ကာကွယ်ရေးတပ် တမူးခရိုင် တပ်ရင်း (၂) တာဝန်ရှိသူက နိုဝင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီအချိန်မှာ ဘီဘီစီကို ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလည်း ခမ်းပတ်မြို့ကို သိမ်းပိုက်နိုင်ကြောင်း တရားဝင်ကြေညာခဲ့ပြီး တမူးခရိုင် တပ်ရင်း (၂)၊ စစ်ဒေသအထူးတပ်ရင်း (၂)၊ အမှတ်(၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNDF၊ TDA၊ RCDF သာမက ကူကီးအဖွဲ့ (KNA-Burma)လည်း ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

ခမ်းပတ်မြို့ပေါ် ဆေးရုံဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့မှာ ခမ်းပတ်မြို့ပေါ် ရဲစခန်းနဲ့ နိုဝင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ တမူးခရိုင် တပ်ရင်း (၂)က အတည်ပြုပြောပါတယ်။

ခမ်းပတ်မြို့က ကလေးမြို့နဲ့ မိုင် ၃၀ ကျော်အကွာမှာရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်က တမူးမြို့နဲ့ဆိုရင် မိုင် ၄၀ ကျော် အကွာမှာရှိပါတယ်။

အခုတော့ စစ်ကောင်စီ ရဲနဲ့တပ်စခန်းအနီးနားမှာရှိတဲ့ အမှတ် ၁ ရပ်ကွက်မှာနေထိုင်သူတွေရော၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အဝေးပြေးလမ်းမကြီးတစ်လျှောက်က အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တွေမှာ နေထိုင်သူတွေပါ တိုက်ပွဲတွေကြောင့် တမူးနဲ့ ကလေးမြို့တွေအထိ စစ်ဘေးရှောင်နေကြပါတယ်။

ကလေး - တမူးလမ်းပိုင်းမှာတည်ရှိတဲ့ ခမ်းပတ်မြို့

ခမ်းပတ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချရာနေရာကို NUG သိမ်းပိုက်ရရှိပြီးနောက် ထုတ်ပြန်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, ခမ်းပတ်မြို့က စစ်တပ်ဖွဲ့ဝင်တွေအခြေချရာနေရာကို သိမ်းပိုက်အပြီး မြင်ရတဲ့အခြေအနေလို့ NUG က ထုတ်ပြန်

အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်နဲ့ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်နေ့က ပထမဆုံးသိမ်းပိုက်ရရှိပြီးနောက်ပိုင်း ကလေးမြို့ နဲ့ တမူးမြို့တို့ဟာ တော်လှန်ထိုးစစ်အဖြစ် အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေတဲ့ မြို့တွေဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ထုတ်ပြောလာပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာပြုလုပ်တဲ့ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အဲဒီလိုထုတ်ပြောခဲ့တာပါ။

“ခမ်းပတ်ကလည်း အမှတ် (၁) စစ်ဒေသအောက်က လှုပ်ရှားတာပဲဖြစ်ပါတယ်။ မဟာမိတ်တွေ စုဖွဲ့ပြီး တိုက်ခိုက်ခဲ့တာပါ၊ သူတို့ (စစ်ကောင်စီ) ဘက်ကလည်း အတော်ကို ခုခံကြပါတယ်” လို့ တမူးခရိုင် တပ်ရင်း (၂) တာဝန်ရှိသူက ပြောပါတယ်။

အမှတ် (၁) စစ်ဒေသဆိုတာဟာ မဟာမိတ်ဆက်ဆံရေးအရ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ရဲ့ ကြီးကြပ်မှုနဲ့ တော်လှန်ရေးတိုက်ပွဲတွေကို ဖော်ဆောင်နေတာလို့ ပြောထားပြီး ‌မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးအဖြစ် အကောင်အထည်ဖော်လှုပ်ရှားနေတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဘီဘီစီကို ပြောထားပါတယ်။

ခမ်းပတ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချရာနေရာကို NUG သိမ်းပိုက်ရရှိပြီးနောက် ထုတ်ပြန်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, ခမ်းပတ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေချရာနေရာကို NUG သိမ်းပိုက်ရရှိပြီးနောက် ထုတ်ပြန်လာစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ခမ်းပတ် မြို့က စစ်ကောင်စီစခန်းတွေကို တော်လှန်ရေး အင်အားစုတွေက သာလွန်အင်အားအပြင် မောင်းသူမဲ့လေယာဥ်ငယ် ဒရုန်း (Drone)နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း တိုက်ပွဲစတင်တဲ့ ရက်တွေမှာကတည်းက ရေးသားဖော်ပြခဲ့ကြပါတယ်။

ခမ်းပတ်မြို့ကို လက်မလွှတ်ရအောင် ကာကွယ်ပေးဖို့ဆိုပြီး စစ်ကောင်စီထောက်ခံသူတွေပြောကြားတဲ့ ရုပ်သံဗီဒီယိုတွေမှာ ခပ်စိပ်စိပ်ပြောခဲ့ကြပါတယ်။

“စစ်ကိုင်းတိုင်း၊ ကလေး - တမူးလမ်းပိုင်း၊ ခမ်းပတ်မြို့မှာရှိတဲ့ လုံခြုံရေးအဖွဲ့များသည် နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်း အချိန်က စခန်းမှ ဆုတ်ခွာလိုက်သည်” လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ People Media က သူတို့ရဲ့ တယ်လီဂရန် ချန်နယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ အခုလို ခမ်းပတ်မြို့သိမ်းပိုက်လိုက်ကြောင်း၊ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၆ နာရီအချိန်အထိ တစုံတရာ သတင်းထုတ်ပြန်လာတာမတွေ့ရပါဘူး။

“ကျွန်တော်တို့ကတော့ နယ်မြေရှင်းလင်းရေးဝင်နေပါပြီ။ သူတို့က လေကြောင်းနဲ့ လာနေပြီလို့ သတင်းကြားပေမဲ့ ဒီနေ့ တစ်နေကုန်တော့ လေကြောင်း ရောက်လာတာမရှိသေးပါဘူး”လို့ ခမ်းပတ်မြို့မြေပြင်မှာရှိနေတဲ့ တမူးခရိုင်တပ်ရင်း (၂) တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ လေးရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အပြင်းအထန် ပြန်လည်ခုခံခဲ့သလို စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေလည်း တနေ့ကို လေးကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ခမ်းပတ်ဒေသခံတွေ ဘယ်လိုအခြေအနေရှိလဲ

၂၀၂၃ခုနှစ် ဇူလိုင်လတိုက်ပွဲကြောင့် ခမ်းပတ်ဒေသခံတွေ ထွက်ပြေးကြရစဉ်

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ၂၀၂၃ခုနှစ်၊ ဇူလိုင်လတိုက်ပွဲကြောင့် ခမ်းပတ်ဒေသခံတွေ ထွက်ပြေးကြရစဉ်

အခုလိုခမ်းပတ် မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံတွေလည်း မြန်မာပြည်ဘက်ခြမ်းက နီးစပ်ရာ လုံခြုံမယ့်နေရာတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ခမ်းပတ်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ကြပြီး နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ခိုလှုံခဲ့ဖူးပါတယ်။

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ဘက်က စစ်ရှောင်လက်မခံတာ၊ နေရပ်ပြန်ပို့တာအချို့ရှိတာကြောင့် အခုနိုဝင်ဘာလဆန်းတိုက်ပွဲဖြစ်ချိန်မှာတော့ မြန်မာဘက်ခြမ်းက ကျေးရွာတွေမှာပဲ စစ်တိမ်းရှောင်နေကြတယ်လို့ ခမ်းပတ်စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့လည်း ပြေး၊ အိမ်နီးချင်းတွေလည်း ပြေးကြပေါ့။ ကျွန်းတောရွာ၊ ရေစင်ရွာတွေဘက်ကိုပြေးကြတယ်။ တချို့ဆို ၇ မိုင်လောက်ဝေးတဲ့ လယ်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြတယ်။ ကလေးဘက်ခြမ်း၊ ခမ်းပတ်အရှေ့ဘက်က ရိုးဘက်၊ တောင်ဘက်ခြမ်းကို ပြေးကြတာပေါ့” လို့ ခမ်းပတ်ရဲစခန်းအနီးနေထိုင်သူ စစ်ရှောင်ကပြောပါတယ်။

နိုဝင်ဘာ ၇ ရက်မှာတော့ ခမ်းပတ်မြို့ထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီဖြစ်ပေမဲ့ ဒေသခံတွေကိုတော့ နေရပ်ပြန်ခွင့်မရသေးပါဘူး။

“လုံခြုံရေးကြောင့်ပါ။ စစ်ကောင်စီဘက်က အချိန်မရွေး လေကြောင်းရောက်လာနိုင်သေးတယ်လေ” လို့ တမူးခရိုင် တပ်ရင်း (၂) တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။