တရုတ်နှစ်သစ်ကူးပွဲတော်မှာ စစ်တပ်ထုတ်ပြောတဲ့ တရုတ်စီမံကိန်းတွေရဲ့အရွေ့

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်တက် မြန်မာဒုတိယ စစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၆ တရုတ်နှစ်သစ်ကူး ပွဲတော်တက် မြန်မာဒုတိယစစ်ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး
ဖတ်ရန်အချိန်: မိနစ် ၁၁

ရန်ကုန်မှာလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို စစ်ခေါင်းဆောင်ကိုယ်တိုင်မတက်ရောက်ပေမဲ့ တရုတ်ခရီးစဉ်တွေမှာ သူပြောလေ့ရှိတဲ့စကားတခွန်းကတော့ ပွဲကို အရောက်ပါလာခဲ့ပါတယ်။

"မြန်မာဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မယ့်နိုင်ငံ" ဆိုတဲ့ သတင်းစကားကို ပွဲတက်ရောက်လာတဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပွဲတော်အတွက်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ တရုတ်ကြား ဆက်ဆံရေးအေးစက်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံတဲ့အထိ ဆက်ဆံရေး ပြန်ကောင်းမွန်လာပါတယ်။

နေပြည်တော်ကို အဝင်အထွက် မပြတ်တဲ့ တရုတ်သံအမတ်ကြီး မစ္စမာကျားကတော့ ''၂၀၂၅ ခုနှစ်ဟာ တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါခဲ့တဲ့နှစ်'' လို့ နှစ်သစ်ကူးပွဲတော်မှာ ပြောပါတယ်။

ရန်ကုန်မြို့မှာလုပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို စစ်ခေါင်းဆောင်တွေ တက်ရောက်တိုင်း သတင်းစကားတွေ ထည့်ပြောလေ့ရှိပြီး အဲဒီနှစ်အတွင်းမှာပဲ အကောင်အထည်ဖော်တာကို တွေ့ခဲ့ရပါတယ်။

၂၀၂၆ တရုတ်နှစ်ကူးမှာ ဒုတိယ စစ်ခေါင်းဆောင် ဘာတွေ ပြောသွားလဲ

၂၀၂၆ မြင်းနှစ် နှစ်သစ်ကူးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်တပ်ဟာ တရုတ်နဲ့ဆက်ဆံရေး အေးစက်မှုကို ပြေလျော့ဖို့ ၂၀၂၃ ခုနှစ် ဝန်းကျင်စလို့ တစတစ ပြန်ချဉ်းကပ်ခဲ့ပါတယ်။ ၂၀၂၃ တရုတ်ရိုးရာ ယုန်နှစ် နှစ်သစ်ကူးပွဲတော်ရောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို ထောက်ခံကြောင်းပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို အရှိုက်ထိစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရင်ဆိုင်ခဲ့ရပြီး နောက်တစ်နှစ် ၂၀၂၄ နဂါးနှစ် တရုတ်နှစ်သစ်ကူးပွဲတော်မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကိုတက်တက်ကြွကြွ ပူးပေါင်းနေတယ်လို့ စစ်ခေါင်းဆောင်ရဲ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ တရုတ်ရိုးရာနှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်ပါ သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၅ မြွေနှစ် နှစ်သစ်ကူးပွဲတော်မိန့်ခွန်းမှာတော့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ တရုတ်က ကူညီဆောင်ရွက်ပေးမယ့်အကြောင်း ပြောခဲ့ပြီး ၂၀၂၅ နှစ်ကုန်မှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် တရုတ် နှစ်သစ်ကူးပွဲတော်ကိုတော့ စစ်ခေါင်းဆောင်မတက်ရောက်ပါဘူး။

ဒီနှစ်ပွဲတော်ကို တက်ရောက်လာတဲ့ ဒုတိယစစ်ခေါင်းဆောင် မိန့်ခွန်းမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်တွေကနေ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ တရုတ်ရဲ့မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုဟာ ၂၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်ပြီး တရုတ် - မြန်မာနှစ်နိုင်ငံကြား စီမံကိန်းတွေကို အကောင်အထည်ဖော်နေတဲ့အကြောင်းကလည်း သူ့ရဲ့မိန့်ခွန်းမှာ အဓိက လွှမ်းမိုးထားပါတယ်။

၂၀၂၅ မြွေနှစ် နှစ်သစ်ကူးပွဲတော်ရောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် (ဘယ်) နဲ့ တရုတ်သံအမတ် မာကျား (ညာ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ မြွေနှစ် နှစ်သစ်ကူးပွဲတော် အခမ်းအနား ဖွင့်လှစ်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် (ဘယ်) နဲ့ တရုတ်သံအမတ် မာကျား (ညာ)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုတိယစစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ။

မိန့်ခွန်းအရ စီမံကိန်းတွေထဲမှာ ပူးပေါင်းဆောင်ရွက်နေတာနဲ့ အကောင်အထည်ဖော်နေတာဆိုပြီး နှစ်မျိုးခွဲပြောခဲ့တာကို တွေ့ရပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းတွေကိုတော့ အကောင်အထည်ဖော်နေတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူ - ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ မူဆယ်-မန္တလေး အပိုင်း၊ မန္တလေး - ကျောက်ဖြူအပိုင်းဆိုပြီး မီးရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်မယ့်သဘောပါ။ တရုတ်နိုင်ငံအတွင်းမှာ တည်ဆောက်နေတဲ့ ဘေကျင်း -ကူမင်း-ရွှေလီ မီးရထားလမ်းပိုင်းနဲ့ မြန်မာမြောက်ပိုင်း မူဆယ်ကနေ အနောက်ပိုင်း ကျောက်ဖြူအထိ မီးရထားလမ်းဆက်မှာ ဖြစ်ပါတယ်။

တနည်းအားဖြင့် တရုတ်ရဲ့ကုန်းတွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိတဲ့ ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံကနေတဆင့် ပင်လယ်ထွက်ပေါက်ရစေမယ့်စီမံကိန်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မယ့်နိုင်ငံဆိုပြီး တရုတ်ခရီးစဉ်တွေမှာ စစ်ခေါင်းဆောင်က ပြောလေ့ရှိသလို အခုနှစ်သစ်ကူးပွဲတော်မှာလည်း ဒုတိယစစ်ခေါင်းဆောင်က ထည့်ပြောပြန်ပါတယ်။

"အကောင်အထည်ဖော်မှုမှာ တရုတ်ဘက်က ယူနန်ကနေ မူဆယ်အထိလမ်းပိုင်းက ပြီးသွားပြီလို့ ပြောလို့ရတယ်။ မြန်မာဘက်ခြမ်းပဲ ကျန်နေတယ်" လို့ တရုတ်-မြန်မာအရေးလေ့လာစောင့်ကြည်သူတစ်ဦးက ပြောပါတယ်။

အလုပ်လက်မဲ့နှုန်းမြင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးတဲ့ နိုင်ငံတောင်ပိုင်းက ယူနန်ပြည်နယ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ရည်မှန်းတဲ့ တိုးတက်မှုဖြစ်အောင်လုပ်ဖို့ ဒီကျောက်ဖြူ-ကူမင်းစီမံကိန်းဟာ အရေးပါ ပါတယ်။

အဲဒီထဲကမှ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ မူဆယ်မြို့ကနေ အလယ်ပိုင်းကုန်သွယ်ရေးမြို့ ဖြစ်တဲ့ မန္တလေးကို ဆက်သွယ်မယ့် မူဆယ်-မန္တလေးမီးရထားလမ်းစီမံကိန်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရ လက်ထက်ကတည်းက ဆွေးနွေးမှုတွေ စခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)ရဲ့ China Desk (တရုတ်ကဏ္ဍ)မှာ ဖော်ပြပါတယ်။

ဒါဟာ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတရှီကျင့်ဖျင် ကြေညာခဲ့တဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း(BRI) အစီအမံမှာ ပါဝင်တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အောက်က စီမံကိန်းတစ်ခုဖြစ်ပါတယ်။ မူဆယ်-မန္တလေး မီးရထားလမ်းဟာ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပထမ ခြေလှမ်းလည်းဖြစ်ပါတယ်။

မူဆယ်- မန္တလေး ရထားလမ်း သရုပ်ပြပုံ

ဓာတ်ပုံ ရင်းမြစ်, ISP Myanmar

အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ ဖြစ်တန်ခြေတွေကို ဆန်းစစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ မူဆယ်-မန္တလေးရထားလမ်း တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ကောင်စီရဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်လုပ်ပါတယ်။

မူဆယ်မြို့ကစလို့ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ပြင်ဦးလွင်မြို့တွေကို ဖြတ်သန်းဖောက်လုပ်မယ့် ဒီမီးရထားလမ်းပိုင်းဟာ မန္တလေးတောင်ဘက် ပလိပ်မြို့အနီးမှာ အဆုံးသတ်မှာပါ။

"တရုတ်နိုင်ငံကတော့ မြောက်ပိုင်းက MNDAA၊ TNLA လိုအဖွဲ့အစည်းတွေအပေါ်သြဇာအားကောင်းတဲ့အတွက် အကောင်အထည်ဖော်နိုင်မှု တစုံတရာ ပေါ်လာကောင်းပေါ်လာလိမ့်မယ်" လို့ တရုတ်-မြန်မာအရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် မူဆယ်-မန္တလေးမီးရထားလမ်း စီမံကိန်းပေါ်ကမြို့တွေကို အုပ်စိုးသူအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်ထဲမှာတော့ တရုတ်ရဲ့ဖိအားနဲ့အတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့အပစ်ရပ်ပြီး မြို့အုပ်စိုးသူတွေ ထပ်ပြောင်းပြန်ပါတယ်။

လက်ရှိမှာ မူဆယ် - မန္တလေးအပိုင်းထဲက မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ပြင်ဦးလွင်တို့ကို မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။ ကွတ်ခိုင်နဲ့ သိန္နီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပေမဲ့ တရုတ်ရဲ့အကူအညီနဲ့ အရွေ့ဖြစ်နိုင်တယ်လို့ အကဲခတ်က သုံးသပ်တာပါ။

လက်ရှိ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) ကိုတော့ မီးရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ တရုတ်ဘက်ကရော မြန်မာစစ်တပ်ဘက်ကပါ တစုံတရာဆက်သွယ် လာတာမရှိသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဘီဘီစီကို ပြောပါတယ်။

ကိုးကန့်တပ် (MNDAA) ရဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဒီရထားလမ်းဆောက်ဖို့ ပြောဆိုသံမကြားရသေးဘူးလို့ ဆိုပါတယ်။

"ဒါပေမဲ့ ရှမ်းပြည်နယ်ကနေ မန္တလေးထိဆက်တဲ့အပိုင်းမှာ စိန်ခေါ်မှုရှိတယ်။ မန္တလေးကနေ ကျောက်ဖြူကို သွားတဲ့အပိုင်းက ပိုပြီးတော့စိန်ခေါ်မှုရှိတယ်" လို့ တရုတ် - မြန်မာအရေးလေ့လာသူက ပြောပါတယ်။

စိန်ခေါ်မှုများတဲ့ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းပြီးနောက် အေအေထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, AA info desk

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းပြီးနောက် အေအေထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ မြန်မာ့မီးရထားနဲ့ China Railway Eryuan Engineering Group Co.,Ltd (CREEC) တို့ကြား မန္တလေး-ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ဖို့ဆိုပြီး နားလည်မှုစာချွန်လွှာရေးထိုးတာကို အာဏာမသိမ်းမီ ရက်ပိုင်းအလိုကမှ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးတွေက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဝန်ကြီးအဖြစ်တာဝန် ယူပြီး စီမံကိန်းဆိုင်ရာတွေကို ဆက်လုပ်ပါတယ်။

"မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မယ့် အလားအလာရှိတဲ့အခွင့်အလမ်းကောင်း" လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ဒီရထားလမ်းပိုင်းဖြတ်သန်းသွားမယ့်မြို့တွေအပါအဝင် စီမံကိန်းအကြောင်းတိတိပပ ထုတ်ဖော်ပြောတာတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ မန္တလေးကနေ ကျောက်ဖြူကို မီးရထားလမ်းဆက်စပ်နိုင်တဲ့ မန္တလေး၊ မကွေးနဲ့ ရခိုင်က မြို့တွေဟာ တော်လှန်ရေးအားကောင်းသလို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေလည်း ရှိနေပါတယ်။

မန္တလေးမြို့အထွက် တံတားဦးခရိုင်အလွန် မြင်းခြံခရိုင်တခွင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေ အားကောင်းရာနေရာဖြစ်ပါတယ်။ စစ်တပ်က ဒီဇင်ဘာ ရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက်ပိုင်း ဇန်နဝါရီလကုန်ပိုင်းကစလို့ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာတို့ကို ထိုးစစ်ဆင်နေပါတယ်။

မကွေးတိုင်းထဲမှာတော့ ရခိုင်ရိုးမနဲ့ထိစပ်ရာတကြောမှာ တော်လှန်ရေးတပ်တွေ အားကောင်းပါတယ်။ အမ်း - ပဒါန်းလမ်းပိုင်းဟာ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတဲ့အပိုင်းတွေဖြစ်ပြီး ရခိုင်ပြည်နယ်တခွင်မှာလည်း အာရက္ခတပ်တော် (အေအေ) မထိန်းချုပ်ထားတဲ့မြို့နယ်ဆိုလို့ ၃ မြို့နယ်သာ ကျန်ပါတယ်။

တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမှာ ၂၀၂၅ နှစ်ကုန်ပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေပြန်အရှိန်မြင့်ခဲ့ပါတယ်။ ဒါပေမဲ့ အေအေသိမ်းပိုက်ခဲ့တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) က စစ်အင်အားတွေကို ကျောက်ဖြူမှာ ပြန်လည်စုဖွဲ့တာတွေ စစ်တပ်က လုပ်ထားပြီး "လက်ရှိဟာ လူးသာလှုပ်သာ အခြေအနေ" လို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။

"အဓိကတော့ တပ်မ ၁၁ ပေါ့၊ တပ်မ ၁၁ တပ်မမှူး ဦးစီးတဲ့တပ်ရင်း ၇ ရင်းကို ထည့်ထားရတယ်။ ပြီးတော့ တောင်ခမ်း၊ နောင်ချို၊ ကျောက်မဲတိုက်ပွဲတွေက ပြန်လာတဲ့ တပ်မ ၁၁ ရဲ့နည်းဗျူဟာတစ်ခုနဲ့ နောက်ထပ် တပ်ရင်း ၃ ရင်းလည်း ကျောက်ဖြူကို လွှတ်ထားတယ်" လို့ သိရှိထားရတဲ့စစ်ရေးသတင်းတွေကို ကိုးကားပြီး CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ဒါဟာ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူကို စစ်တပ်က အင်အားအလုံးအရင်းသုံးကာ ကာကွယ်တာဖြစ်သလို အေအေရဲ့ထိုးစစ်ကလည်း စစ်တွေမြို့အခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်ဘက်ကို ပြောင်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၅ သြဂုတ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ သြဂုတ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြစဉ်

နှစ်သစ်ကူးပွဲကို တက်တဲ့ တရုတ်သံအမတ်ကြီးက "နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ၂၀၂၆ ခုနှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်" လို့ သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ဒါကြောင့် တရုတ်တောင်ပိုင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်အရေးပါနေတဲ့ ကျောက်ဖြူ-ကူမင်းမီးရထားလမ်း စီမံကိန်းအောက်က မူဆယ်-မန္တလေးမီးရထားလမ်းတည်ဆောက်ရေး၊ မန္တလေး-ကျောက်ဖြူမီးရထားလမ်း အကောင်အထည်ဖော်ရေး လက်တွေ့ဘယ်လောက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ်လို့ နိုင်ငံရေးရော စစ်ရေး အကဲခတ်တွေကပါ ဆိုပါတယ်။

ဒီမီးရထားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ် နိုင်တဲ့နေရာတွေမှာ လုပ်ငန်း စတင်မယ်" လို့ ၂၀၂၄ ခုနှစ်တုန်းက တရုတ်ကို ရောက်ချိန် ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ၂၀၂၆ နှစ်စအထိ မြင်သာတဲ့တည်ဆောက်မှု၊ အကောင်အထည်ဖော်မှုတွေကို စစ်ကော်မရှင်ဘက်က လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။

"အစိုးရသစ်လက်ထက်မှာတော့ တရုတ်ရဲ့အခန်းကဏ္ဍက ပိုပါလာလိမ့်မယ်။ နိုင်ငံရဲ့ပြန်လည်ထူထောင်ရေး အပိုင်းရော၊ ပြိုလဲနေတဲ့စီးပွားရေးကို ပြန်လည်ထူထောင်မှုအပိုင်းမှာပါ တရုတ်နိုင်ငံရဲ့ချေးငွေ၊ တရုတ်ရဲ့အကူအညီတွေကို မူတည်ရလိမ့်မယ်" လို့ တရုတ် - မြန်မာအရေးလေ့လာသူက ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၅ - ၂၀၂၆ မှာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပခဲ့ပြီး စစ်တပ်ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံးအနိုင်ရပါတယ်။ လာမယ့် ၂၀၂၇ ခုနှစ်ထဲမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြောပါတယ်။

တရုတ်ဘက်ကတော့ အနိုင်ရပါတီနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားတာကြောင့် အခုစစ်ခေါင်းဆောင်တွေပြောနေတဲ့ တရုတ်စီမံကိန်းတွေအကောင်အထည်ဖော်ရေးဟာ နောက်လာမယ့် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနဲ့လည်း သဘောထားတူနိုင်မယ်လို့ အကဲခတ်မှုတချို့လည်း ရှိနေပါတယ်။

တရုတ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ပေးမယ့် ကျောက်ဖြူ - ကူမင်းစီမံကိန်းအကောင်အထည်ဖော်မယ့်အပေါ် ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရထားပြီး အစိုးရဖွဲ့နိုင်ခြေ ရှိတဲ့ USDP ပါတီဘက်ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားပေမဲ့ တာဝန်ရှိသူတွေကို ညနေ ၆ နာရီ ဝန်းကျင်အထိ ဆက်သွယ်လို့မရသေးပါဘူး။