ICC က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးကြိုးပမ်းချက်တွေကို ဆန်းစစ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်သင့်ပြီဆိုပြီး ကုလသမဂ္ဂအစည်းအဝေးတွေမှာ ခပ်စိပ်စိပ်ထုတ်ပြောတာတွေ မြင်တွေ့လာရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကိစ္စတစုံလုံးကို ICC ကို လွှဲပြောင်းတင်သွင်းပေးဖို့ ထပ်လောင်းတောင်းဆိုကြောင်း လက်ရှိပြုလုပ်နေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆက်စပ်အစည်းအဝေးတွေမှာ ဆက်တိုက်တင်ပြနေပါတယ်။
နိုဝင်ဘာ ၂၇ ဆိုရင် စစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သလို ယာယီသမ္မတတာဝန်ပါယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့အတွက် ICC ရှေ့နေချုပ်က ICC ရဲ့ အမှုအကြိုကြားနာစစ်ဆေးမှုဆိုင်ရာရုံးထံ လျှောက်ထားတာ တနှစ်ပြည့်တော့မှာပါ။
ဒီနှစ် ဖေဖော်ဝါရီလတုန်းကမှ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံးကလည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol)နဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတာကြောင့် နိုင်ငံတကာတရားရေးတွေကနေ စစ်ခေါင်းဆောင်ကို အရေးယူဖို့က ဘယ်လောက်ဖြစ်နိုင်ခြေရှိမလဲဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။
ICC တင်ပြမှု ဘယ်လိုအခြေအနေရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး ICC ရဲ့ အမှုအကြိုကြားနာစစ်ဆေးမှုဆိုင်ရာရုံး အမှတ် (၁) ထံ လျှောက်ထားခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုနဲ့ ရိုဟင်ဂျာတွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ အတင်းအကျပ်ပြောင်းရွှေ့စေခဲ့တယ်ဆိုပြီး လျှောက်ခဲ့တာပါ။
ရုံးတော်လျှောက်ထားချက်က တနှစ်နီးပါးကြာမြင့်လာပေမဲ့ အောက်တိုဘာလကုန်ပိုင်းအထိတော့ ထူးခြားသိသာတဲ့အပြောင်းအလဲ မတွေ့ရသေးပါဘူး။
"ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ စိစစ်တာက ဘယ်လောက်ကြာမလဲဆိုတာ ခန့်မှန်းလို့မရနိုင်ဘူး" လို့ လူ့အခွင့်အရေးနဲ့ အသွင်ကူးပြောင်းရေးတရားမျှတမှုဆိုင်ရာလေ့လာသူ အထက်တန်းရှေ့နေ ကိုကျော်က ပြောပါတယ်။
ကိုကျော်ဟာ ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာဥပဒေပညာရပ်ကိုလည်း အထူးပြုလေ့လာခဲ့သူပါ။
ဒီအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက ICC ကို ဆက်သွယ်မေးမြန်းရာမှာလည်း "ဖမ်းဝရမ်းအမိန့်ထုတ် မထုတ် ဆုံးဖြတ်ချက်က Pre-Trial Chamber (အမှုအကြိုကြားနာစစ်ဆေးမှုဆိုင်ရာရုံး) အဆင့်မှာပဲ ရှိနေသေးတယ်" လို့ အောက်တိုဘာ ၂၂ ရက်မှာ အီးမေးလ်ကနေ တုံ့ပြန်ဖြေပါတယ်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားခုံရုံး (ICC) မှာ တရားစွဲဆိုနိုင်တဲ့အမျိုးအစား ၄ မျိုးရှိပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ နိုင်ငံချင်းရန်စ ကျူးကျော်မှုတွေအတွက် တရားစွဲဆိုနိုင်ပါတယ်။
"စစ်ခေါင်းဆောင်ကတော့ နိုင်ငံချင်းကျူးကျော်မှုကလွဲပြီး သုံးမျိုးစလုံးနဲ့ အကျုံးဝင်နေတာပေါ့" လို့ အထက်တန်းရှေ့နေ ကိုကျော်က ရှင်းပြပါတယ်။
ICC ရှေနေချုပ်ရဲ့ ဖမ်းဝရမ်းလျှောက်ထားလွှာမှာတော့ ၂၀၁၇ ခုနှစ်တုန်းက ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဆိုပြီး ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက်အချိန်အခါကျသင့်နေပြီလို့ အခုလပိုင်းထဲမှာပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေးတွေမှာ ထုတ်ပြောလာကြတာပါ။
လတ်တလောပြုလုပ်နေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်နေတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဖမ်းဝရမ်းကိစ္စကို ဆက်တိုက် ထည့်ပြောနေပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကိစ္စတစုံလုံးကို ICC ကိုလွှဲပြောင်းတင်သွင်းပေးဖို့ဆိုပြီးပါ ဦးကျော်မိုးထွန်းက ထပ်လောင်းတောင်းဆိုကြောင်း ပြောဆိုခဲ့တာပါ။
မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) ကို ဦးဆောင်သူ ဦးထွန်းခင်ကလည်း မကြာခင်မှာ ICC ရဲ့ ဖမ်းဝရမ်းအမိန့်ထွက်လာဖို့မျှော်လင့်နေပါတယ်။
"ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတရုတ်နဲ့ရုရှားကမြန်မာအရေးနဲ့ပတ်သက်လာရင် ဗီတိုနဲ့ပယ်ချတယ်။ ICC ကနေ လွှဲပြောင်းပေးဖို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဖြစ်လာဖို့မရှိဘူး" လို့ ဦးထွန်းခင်က သူ့အမြင်ကို ပြောပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဦးဆောင် ဆောင်ရွက်နေတဲ့ ICC ကနေ ဖမ်းဝရမ်း ထွက်လာရေးက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ သူက ထောက်ပြပါတယ်။
ICC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း အမိန့်ထွက်လာဖို့ကြာမြင့်ချိန်နဲ့ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ် မျှော်မှန်း ပြောဆိုလို့မရဘူးလို့သာ တုံ့ပြန်ထားပါတယ်။
"တကယ်လို့ တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ရင်လည်း ICC မှာကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် လက်တွေ့အကောင်အထည် ဖော်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအပေါ် မှီခိုရမှာပါ" လို့ ICC က ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာဟာ ရောမသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားတာကြောင့် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။
ရောမသဘောတူစာချုပ်ဆိုတာဟာ ICC က ပြုလုပ်ပေးထားတဲ့နိုင်ငံအချင်းချင်းကြားက သဘောတူစာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ် အပိုဒ် ၁၄ အရ သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဟာ ICC က တရားစွဲဆိုနိုင်တဲ့စစ်ရာဇဝတ်မှုတွေကို စုံစမ်းပေးဖို့ တောင်းဆိုခွင့်ရှိပါတယ်။
မြန်မာဟာ ရောမ စာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အချက်ကို လက်ရှိ နေပြည်တော်ရဲ့ မဟာမိတ် တရုတ်ကလည်း ထောက်ပြပါတယ်။
"ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကို လွှဲပြောင်းပေးတာမဟုတ်ရင် ရောမသဘောတူစာချုပ်မှာ လက်မှတ် မထိုးထားတဲ့နိုင်ငံနဲ့ နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး"လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ မော်နင်က ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဘေဂျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းရဲ့ မေးခွန်းကိုပြန်လည်ဖြေကြားချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
"ရခိုင်အရေးမှာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း၊လူမျိုးရေးနဲ့ဘာသာရေးနောက်ခံတွေရှိပါတယ်။ ဒီအပေါ်ကို ချဥ်း ကပ်ပုံအမျိုးမျိုးနဲ့ မျှမျှတတဆောင်ရွက်ဖို့လိုပါတယ်"လို့ သူက ပြောပါတယ်။
ICC ရဲ့ တရားစီရင်ရေးကို လက်ခံတယ်ဆိုပြီး လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေထဲမှာ မြန်မာကနေ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ် - မြန်မာအခြေအနေကို စုံစမ်းစစ်ဆေးဖို့အတွက် ICC တရားသူကြီးတွေက ခွင့်ပြုချက်ပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဟာ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေရဲ့ တစိတ်တပိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်ထဲမှာ ဖြစ်ခဲ့တာကြောင့် ICC တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး တရားသူကြီးတွေက ၂၀၁၈ ကတည်းက ဆုံးဖြတ်ခဲ့တာပါ။
အခု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထွက်လာရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမှုကိစ္စဦးဆောင် ဆောင်ရွက်နေတဲ့ ဦးထွန်းခင်က ရှင်းပြပါတယ်။
''မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ICC ရဲ့ ပြောကြားချက်တွေကို ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်'' လို့ စစ်ကောင်စီက ၂၀၂၄ နိုဝင်ဘာကတည်းက တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
ICC က ဖမ်းဝရမ်းထွက်လာရေးအတွက်မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ (IIMM) က အချက်အလက်တွေ ပေးပို့နေပါတယ်။
၂၀၁၆ - ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို စုံစမ်းဖော်ထုတ်ဖို့ IIMM ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းပါတယ်။ ဒီအဖွဲ့ဟာ တွေ့ရှိချက်တွေကို နှစ်အလိုက်အစီရင်ခံစာတွေ ထုတ်ပြန်ပြီး ကုလသမဂ္ဂအစည်းအဝေးတွေကို တင်ပြလေ့ရှိပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လထဲမှာ ထွက်ရှိထားတဲ့ ၇ ကြိမ်မြောက်အစီရင်ခံစာမှာဆိုရင် စုံစမ်းဖော်ထုတ်ရရှိတဲ့ အချက်အလက်တွေကို ICC မှာ ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက်ရော အာဂျင်တီးနားတရားရုံးက အမှုအတွက်ပါ ပေးပို့ပေးနေကြောင်း ထုတ်ပြောလာပါတယ်။
အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကို အခြေခံထားပြီး ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ အာဂျင်တီးနားနိုင်ငံက ဖယ်ဒရယ်တရားရုံးကနေ ဖမ်းဝရမ်းထွက်လာရေးအတွက်လည်း IIMM က အခရာကျခဲ့တယ်လို့ BROUK အဖွဲ့က ဦးထွန်းခင်က ပြောပါတယ်။
"IIMM ကလည်း အာဂျင်တီးနားတရားရုံးကို အချက်အလက်ပေးလိုက်တယ်။ ကျွန်တော်တို့ကလည်း ဘင်္ဂလားဒေ့ရှ်ကတဆင့် အာဂျင်တီးနားအထိ သက်သေထွက်ဆိုမယ့်အမျိုးသမီးတွေကို ခေါ်လာနိုင်ပြီး တရားရုံးရှေ့မှောက်မှာ ထိုင်ပြီးတော့ အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေကိုဘယ်လိုလုပ်ခဲ့လဲဆိုတာ ထွက်ဆိုနိုင်ခဲ့တယ်။"
''ဒါကပဲ အာဂျင်တီးနားအမှုမှာ အများကြီး အားရှိလာလို့လည်း တရားရုံးကနေ အခုလို ဖမ်းဝရမ်းထုတ်လာတာပါ" လို့ ဦးထွန်းခင်က ရှင်းပြပါတယ်။
၂၀၁၉ ခုနှစ်က စတဲ့ဒီအမှုဟာ ၆ နှစ်အကြာ အခုနှစ် ဖေဖော်ဝါရီလမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်အရာရှိကြီးတွေအပြင် သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါ ၂၄ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့တာကြောင့် အမှုဖွင့်ချိန်မှာ သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်း အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ကုလလူ့အခွင့်အရေးအစည်းအဝေးထက်က မြန်မာ့အရေး

ဓာတ်ပုံ ရင်းမြစ်, OHCHR
စက်တင်ဘာ ၈ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိကျင်းပတဲ့ အကြိမ် ၆၀ မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးကာလမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်နဲ့ IIMM ရဲ့ အစီရင်ခံစာတို့အပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ကုသမသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး(OHCHR) ကို ဦးဆောင်သူ မစ္စတာ ဗော်လ်ကာ တုခ်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေအတွက် အရေးယူနိုင်ဖို့ ICC ကို လွှဲပြောင်းပေးရေး ကုလ လုံခြုံရေးကောင်စီကို ထပ်မံတောင်းဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေအပါအဝင် အာဏာသိမ်းပြီးနောက် မြန်မာ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအကြောင်းပါဝင်တဲ့ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာကိုပါ အခုနိုဝင်ဘာလဆန်းမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မျက်နှာစုံညီအစည်းအဝေးတွေမှာ တင်သွင်းပြီး ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း အောက်တိုဘာလမှာပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေချိန်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ထုတ်ပြောသွားပါသေးတယ်။
"မြန်မာနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ယန္တရား တစ်ခုအကောင်အထည်ဖော်ဖို့ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါက အရေးယူဆောင်ရွက်ရေးအတွက် အရေးပါတဲ့အပိုင်း ဖြစ်တယ်လို့ ယုံကြည်တယ်" ဆိုပြီး ဂူတားရက်စ်က ပြောခဲ့တာပါ။
IIMM ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ "ရခိုင်မှာ အဖွဲ့အစည်းအသီးသီးက ရာဇဝတ်မှုကျူးလွန်နေတာ တွေကိုဖော်ထုတ်ဖို့အတွက် စုံစမ်းမှုအသစ် တွေလုပ်ဆောင်နေပါတယ်။ အဓမ္မမှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းအသုံးပြုတိုက်ခိုက်မှု၊ လူသားစာနာ အကူအညီတွေတားမြစ်ခံရတာအပြင် အရပ်သားတွေလူသားဒိုင်း လုပ်ခံနေရတဲ့အခြေအနေတွေလည်း ပါဝင်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ရခိုင်မှာ ဘယ်အဖွဲ့အစည်းတွေက ရာဇဝတ်မှုကျူးလွန်နေတယ်ဆိုတာမျိုး IIMM က တိတိကျကျ အဖွဲ့အစည်း နာမည်ထည့်သွင်း ပြောကြားတာမျိုးမရှိပါဘူး။
IIMM မှာ သက်သေအချက်အလက် ၂၈ သန်းအထိ စုဆောင်းထားနိုင်ပြီး ၁.၂ သန်းကျော်ကိုတော့ စစ်ဆေးပြီး သက်သေတွေအဖြစ် သက်ဆိုင်ရာပြည်တွင်းနဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဆီ မျှထားပြီလို့ သိရပါတယ်။
IIMM က စစ်အာဏာမသိမ်းခင် ရိုဟင်ဂျာအရေးကအချက်အလက်တွေအပြင် အာဏာသိမ်းပြီးနောက် ကျူးလွန်မှုတွေကိုပါ အဖွဲ့တွေခွဲပြီး စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကုလသမဂ္ဂကရတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေက တကယ်ကို အရေးကြီးတဲ့အခြေအနေမှာ ဆက်ရှိနေတယ်။ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကလည်းအရမ်းကို များနေပြီ။ အရပ်သားတွေလည်း ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခံနေရတယ်" လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စတာ တောမတ် အိုဟေး ကင်တားနား က ဘီဘီစီကို ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ မြန်မာ့လူ့အခွင့်အရေးအတွက်တာဝန်ထမ်းဆောင် ခဲ့ပြီး ရိုဟင်ဂျာအရေးအတွက် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့တွေကိုရောက်ခဲ့သလို ကချင်၊ ကရင်ဒေသတွေကိုပါ သွားလာလှုပ်ရှားခဲ့သူပါ။
ကင်တားနား တာဝန်ထမ်းဆောင်ချိန်မှာ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းခဲ့သလို ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာမှာပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေတာကြောင့် မိတ္ထီလာမြို့မှာ သူလိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံသား လူ့အခွင့်အရေးဆိုင်ရာရှေ့နေ မစ္စတာ ကင်တားနားဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေအပေါ် နိုင်ငံတကာမှာ တရားစွဲဆိုနိုင်ရေးအတွက် လိုက်ပါဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ မြန်မာမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာတွေအပေါ်အမြင်တွေပြောင်းလဲလာပြီလို့လည်း သူက မှတ်ချက်ပြုပါတယ်။
မြန်မာစစ်တပ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့အချက်အလက်တွေ အပေါ် ကန့်ကွက်ခဲ့ပါတယ်။
"ယုတ္တိမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ပြုလုပ်နေတယ်" ဆိုပြီးစစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အရင်အစည်းအဝေးတွေမှာလိုပဲ ကိုယ်စားလှယ်ပါဝင်ခွင့် မရှိဘဲ ကျင်းပတာကြောင့် လူ့အခွင့်အရေးကောင်စီရဲ့အခြေခံမူတွေဖြစ်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆိုတဲ့အချက်တွေနဲ့ သွေဖည်နေတယ်ဆိုပြီး စစ်ကော်မရှင်ဘက်က တုံ့ပြန်ခဲ့တာပါ။
လူ့အခွင့်အရေးကောင်စီဟာ လက်တွေ့ကျကျ၊ ဘက်လိုက်မှုကင်းတဲ့ရှုမြင်သုံးသပ်ချက် မပြုလုပ်ဘဲ တဖက်စောင်းနင်းအချက်အလက်တွေကိုသာ အမှန်အဖြစ်ယူဆနေတယ်လို့ပါ ထုတ်ပြန်ချက်မှာ ထည့်ပြောခဲ့ပါတယ်။
စစ်တပ်ကတော့ ဒီဇင်ဘာ ၂၈ ရက်ကစပြီး အဆင့်လိုက်ကျင်းပမယ့်ရွေးကောက်ပွဲရလဒ်ကနေ အနိုင်ရမယ့်ပါတီကို နိုင်ငံတာဝန်လွှဲပြောင်းပေးမှာဖြစ်ပြီး မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တိုင်းပြည်သာယာဝပြောအောင် ဆက်လုပ်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို မြှင့်တင်ကာကွယ်သွားမယ်ဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
ICJ ၊ ICC နဲ့ အာဂျင်တီးနားတရားရုံး ဘာကွာခြားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံရဲ့နိုင်ငံတကာတရားရုံးနဲ့ရင်ဆိုင်ရတဲ့အကြောင်းပြောမယ်ဆိုရင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို စွဲဆိုထားတဲ့အမှုအကြောင်းက မပါမဖြစ်ပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးသွားရောက်ခဲ့တဲ့ ဒီအမှုကို ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်တပ်က ဆက်လက်ရင်ဆိုင်နေပါတယ်။
"ICJ ကတော့ နိုင်ငံကို တရားစွဲဆိုတာဖြစ်ပြီး ICC က လူပုဂ္ဂိုလ်ကို တိုက်ရိုက်တရားစွဲဆိုတာဖြစ်တယ်" လို့ ကွာခြားချက်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့ အသွင်ကူးပြောင်းရေးတရားမျှတမှုဆိုင်ရာလေ့လာသူ ကိုကျော်က ပြောပါတယ်။
ICC က ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ခံရသူက တရားရုံးတော်ရှေ့မှောက်ရောက်လာချိန်မှသာ တရားရင်ဆိုင်ရတာဖြစ်ပါတယ်။
"ICC ကတော့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိရောက်လာတဲ့အမှုအခင်းတွေအတွက် စုံစမ်းစစ်ဆေးတာဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ကျူးလွန်မှုတွေအတွက်ကိုတော့ ICC က စုံစမ်းလို့ မရဘူး" လို့ ICC နဲ့ ဖက်ဒရယ်တရားရုံး ကွာခြားချက်အကြောင်း အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ မစ္စတာ ကင်တားနားက ရှင်းပြပါတယ်။
ဒါကြောင့် ICC မှာ ရိုဟင်ဂျာအရေးကလွဲပြီး တခြားတိုင်းရင်းသားတွေရင်ဆိုင်ရတဲ့အမှုတွေကိုတရားစွဲဆိုလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ အာဂျင်တီးနားတရားရုံးမှာတော့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"အာဂျင်တီးနားက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တာဟာ ရိုဟင်ဂျာတွေ အတွက်သက်သက်မဟုတ်ဘူး။ ဒီလိုဖမ်းဝရမ်းထုတ်တာဟာ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိလူသားမျိုးနွယ်အပေါ်အကြမ်းဖက်စစ်တပ်က ရာဇဝတ်မှုကျူးလွန်နေတာ၊ နိုင်ငံသားတွေ နေ့စဉ်နဲ့အမျှကျူးလွန်ခံနေရတာတွေအတွက် ပထမဆုံးထုတ်လိုက်တဲ့ဖမ်းဝရမ်းပါ။ တရားမျှတမှုရရှိရေးအတွက် အားကောင်းတဲ့ အနေအထားတခုမှာ ရှိနေတယ်" လို့ ဦးထွန်းခင်က ပြောပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေနဲ့ ရိုဟင်ဂျာအရေးလုပ်ဆောင်သူတွေကတော့ နိုင်ငံတကာတရားစီရင်ရေးကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရားစီရင်နိုင်ဖို့မျှော်လင့် ထားကြပါတယ်။
အာဂျင်တီးနားတရားရုံးဖမ်းဝရမ်းမှာဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) နဲ့ချိတ်ဆက်ပြီး နိုင်ငံတကာကို Red alert (အနီရောင်အဆင့်ကြေညာချက်) ပေးပို့ကာ ဖမ်းဝရမ်းထွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
Interpol ထဲမှာ စစ်တပ်လက်အောက်မှာရှိနေတဲ့ မြန်မာရဲတပ်ဖွဲ့လည်းပါဝင်နေတာကြောင့် ဖမ်းဝရမ်းထွက် လာရေးအတွက် စိန်ခေါ်ချက်တွေရှိနေတဲ့အခြေအနေပါ။
"Interpol က ဖမ်းဝရမ်းထွက်ရင် ဖိလစ်ပိုင်၊ မလေးရှား သူသွားမှာလား အဖမ်းခံရနိုင်မယ်။ တရုတ်တို့ ရုရှားတို့ အဆင်ပြေပေမဲ့ တခြားနေရာတွေကို သူသွားလို့မရတော့ဘူး။ စိုးရိမ်စိတ်နဲ့ ပြည်တွင်းမှာပဲနေရလိမ့်မယ်" လို့ ဦးထွန်းခင်က ရှင်းပြပါတယ်။
ဒါပေမဲ့ ဖမ်းဝရမ်းထွက်နိုင်ခြေ ရှိ၊ မရှိနဲ့ပတ်သက်လို့ Interpol ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ အောက်တိုဘာ ၂၅ ရက်ညနေပိုင်းအထိ တစုံတရာအကြောင်းပြန်ကြားတာမရှိပါဘူး။
အထက်တန်းရှေ့နေ ကိုကျော်ကတော့ တရားရုံးအမျိုးအစား ၃ ခုမှာ ICC က ပိုထိရောက်နိုင်တယ်လို့ဆိုပြီး မစ္စတာ ကင်တားနားကတော့ အာဂျင်းတီးနားဖယ်ဒရယ်တရားရုံးကို ရွေးချယ်ပါတယ်။
ဒူတာတေးလို ICC ရှိရာ သယ်ဟိတ်မြို့ကို ပို့ခံရနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးလို့ ပြောတဲ့အခါ ဗျာဒိတ်တော်လာ ကြွက်မင်းနဲ့ သူခိုင်းနှိုင်းပြောခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု တို့အပေါ် ICC ဝရမ်း ထုတ်ထားတာ ထိရောက်မှု မရှိတာကို မီးမောင်းထိုးပြလေ့ရှိကြပါတယ်။
ဒါပေမဲ့ သယ်ဟိတ်မြို့ကို အရောက်ပို့နိုင်ခဲ့တဲ့ သာဓကတွေကိုလည်း မေ့ထားလို့မရပါဘူး။ စစ်ရှုံးတဲ့ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်ချ်၊ ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် ကာရာဒစ်ချ် တို့ အပြင် ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးက ပူပူနွေးနွေးဖြစ်ရပ်ပါ။
ဖိလစ်ပိုင်သမ္မတဟောင်း ရော်ဒရီဂို ဒူတာတေးကို ၂၀၂၅ ခုနှစ် မတ်လမှာပဲ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ICC ရှိရာ နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့ကိုပို့ပြီး အမှုရင်ဆိုင်စေခဲ့ပါတယ်။
သူဟာ တာဝန်ထမ်းဆောင်ချိန်တုန်းက လူတွေ သေဆုံးခဲ့တဲ့မူးယစ်နှိမ်နင်းရေးစစ်ပွဲမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ICC ဖမ်းဝရမ်း ထုတ်ခံခဲ့ရတာပါ။
ဒီတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ICC က ဖမ်းဝရမ်းထုတ်ခံရရင် ဒူတာတေးလို ICC ရောက်နိုင်ခြေက လက်ရှိမှာ မဖြစ်နိုင်သေးဘူးလို့ ဥပဒေအရေးကျွမ်းကျင်တဲ့ မစ္စတာ ကင်တားနားရော၊ ကိုကျော်ကပါ သုံးသပ်ပါတယ်။
အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာကိုင်စွဲထားဆဲဖြစ်တာကြောင့် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သယ်ဟိတ်မြို့ကို အရောက်ပို့နိုင်ခြေ မရှိဘူးလို့ ဆိုကြတာပါ။
"ဒီနေရာမှာ နိုင်ငံရေးက အများကြီးစကားပြောသွားတယ်။ တော်လှန်ရေးဘက်ကသာ နိုင်ငံရေးအသာစီးရပြီး စစ်ရေးအရလည်း ဖမ်းဆီးနိုင်တဲ့အခြေအနေဆိုရင် ဒူတာတေးလို ICC ရောက်တာမျိုးဖြစ်နိုင်ပါတယ်" လို့ ကိုကျော်က ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံစကားပြောတဲ့အချိန်မှာ ICC ကို အပ်နှံ၊ မအပ်နှံဆိုတဲ့အချက်တွေပါ ထည့်သွင်းစဉ်းစားလာရနိုင်ခြေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။
"စစ်တပ်ပြိုလဲသွားပြီး တော်လှန်ရေးအောင်သွားပြီဆိုရင်လည်း ပြည်တွင်းတရားရုံးတွေမှာ စီရင်မှုတွေ လုပ်ဖို့လိုအပ်လိမ့်မယ်၊ မြန်မာတရားရုံးက စီရင်မယ်ဆိုလည်း ကျွန်တော်တို့ကအများကြီးပူးပေါင်းဖို့ ရှိပါတယ်" လို့ ဦးထွန်းခင်ကလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ ICC ရဲ့ တရားစွဲဆိုရေး ရုံးကတော့ IIMM ဆီကို အထူးတောင်းဆိုမှုအဖြစ် အချက်အလက်တွေ တောင်းခံနေတယ်လို့ သိရပါတယ်။
"သက်ဆိုင်တဲ့အချက်အလက်နဲ့ စိစစ်တွေ့ရှိချက်တွေကို ICC ဆီ ပေးထားပါပြီ။ ပြီးတော့ ICC နဲ့ IIMM ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေကို တွေ့ဆုံမေးမြန်းတာတွေလုပ်နေပါတယ်" လို့ IIMM ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဘီဘီစီကိုပြောပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ခဲ့လို့ အဖွဲ့ဝင်နိုင်ငံတွေကပူးပေါင်းတာမျိုးမရှိခဲ့ရင် "အဖြေတခုရှာဖွေပြီး ဖြစ်တန်ခြေရှိတဲ့ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေကိုအကြောင်းကြားနိုင်တယ်" လို့လည်း ICC ဘက်က ဘီဘီစီကို ပြန်လည်ဖြေကြားပါတယ်။
၂၀၁၆ - ၂၀၁၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကို ICC က ကိုင်တွယ်စိစစ်နေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေတွေနဲ့ ရခိုင်က လက်ရှိအဖြစ်အပျက်တွေကိုပါ စောင့်ကြည့်နေဆဲပါ။
လက်ရှိမှာလည်း ရိုဟင်ဂျာထောင်နဲ့ချီ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်လာနေတယ် လို့ ICC က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်နိုင်ခြေနဲ့ပတ်သက်လို့ ဘီဘီစီရဲ့မေးမြန်းချက်ကို တုံ့ပြန်ဖြေဆိုရာမှာ ထည့်သွင်းပြောထားပါတယ်။
"ရုံးအဖွဲ့အနေနဲ့ ဒီအခြေအနေတွေကို သုံးသပ်ဆန်းစစ်နေပြီး မကြာမီကာလအတွင်းမှာ ဆောင်ရွက်လို့ရမယ့် နောက်ထပ်အဆင့်တွေကို ဆုံးဖြတ်ပါမယ်" လို့ ICC က ပြောပါတယ်။












