အလှမယ်ဟန်လေးဖမ်းဆီးခံရမှု- အင်တာပိုလ်က ဖမ်းနိုင်သူတွေနဲ့ မဖမ်းနိုင်သူတွေ

စင်မြင့်ထက်က အလှမယ် ဟန်လေး

ဓာတ်ပုံ ရင်းမြစ်, Hanlay Facebook

မြန်မာ အလှမယ် ဟန်လေးဟာ ခရီးသွားစာရွက်စာတမ်း မပြည့်စုံမှုအပြင် Interpol က အလိုရှိသူတွေလို့ သတ်မှတ်ထားတဲ့ Red Notice အနီရောင် စာရင်းထဲမှာ ပါဝင်နေမှု တို့ကြောင့် ဆိုပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးထားပါတယ်။

တဖက် အင်တာပိုရုံးချုပ်ကို ဘီဘီစီက ဆက်သွယ်ရာမှာတော့ ဒီအလှမယ်ဟာ Red Notice မှာမပါဘူးလို့ တရားဝင်တုံ့ပြန်လာပါတယ်။ ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို လေဆိပ်မှာဖမ်းဆီးတဲ့ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံတွင်း နိုင်ငံရေး အရ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိလဲ။

အလှမယ် ဟန်လေး

ဓာတ်ပုံ ရင်းမြစ်, Hanlay Facebook

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ဘယ်လိုလူတွေကိုဖမ်းနိုင်လဲ

သက်ဆိုင်ရာ နိုင်ငံတခုခုမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်ထားသူ ဖြစ်တဲ့အတွက်ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ကို အကူအညီတောင်းရင် ဖမ်းဆီးနိုင်ပါတယ်။ 

ရာဇဝတ်ပြစ်မှု တခုခုကြောင့် သက်ဆိုင်ရာတိုင်းပြည်က အလိုရှိသူ အပြင်ရာဇဝတ် ပြစ်မှု ကျူးလွန်ထားတဲ့အတွက် နိုင်ငံတကာ တရားရုံးက အလိုရှိသူ ဥပမာအားဖြင့် ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ထားတဲ့သူကို ဖမ်းဆီးနိုင်ဖို့အတွက် အကူအညီတောင်းရင် Interpol က ကူညီဖမ်းဆီးပေးနိုင်တယ်လို့ ဥပဒေပညာရှင် ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။ 

နိုင်ငံရေးအရ ဖိနှိပ်မှုကိုကြောက်လန့်ပြီး နိုင်ငံတွင်းက ထွက်ပြေးလာကြတဲ့ ဘယ်လိုလူမျိုးမဆို Red Notice နဲ့ မသက်ဆိုင်ဘူးလို့ သူက ပြောပါတယ်။

ဟန်လေးကို ထိုင်းနိုင်ငံ လေဆိပ်မှာ ဆက်ထိန်းသိမ်းထား

ဓာတ်ပုံ ရင်းမြစ်, Hanlay Facebook

ဟန်လေးက အင်တာပိုလ် အလိုရှိသူတွေထဲမှာ ပါလား

စက်တင်ဘာလ ၂၁ ရက်နေ့ ကတည်းက ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ ထိုင်းရဲတွေရဲ့ ထိန်းသိမ်း ခံထားရတဲ့ ဟန်လေးဟာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုလ် က အလိုရှိတဲ့ စာရင်းထဲမှာ မပါဝင်ဘူးလို့ အင်တာပိုလ် က ပြောပါတယ်။

အင်တာပိုလ် ရဲ့ အလိုရှိသူစာရင်း Red Notice မှာ ပါနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းခံထားတဲ့ ဟန်လေးနဲ့ ပတ်သက်ပြီး Interpol ရုံးချုပ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ သူတို့ စာရင်းထဲ မပါဘူးလို့ Interpol က ဘီဘီစီကို တရားဝင် အကြောင်းပြန်ပါတယ်။

အလှမယ် ဟန်လေးဟာ ၂၀၂၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Miss Grand International အလှမယ် ပြိုင်ပွဲမှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် မတ်လ ၂၇ ရက်နေ့က လူတွေ အများကြီး သေဆုံးခဲ့ရတဲ့ အကြောင်းနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် ထုတ်ဖော် ပြောဆိုခဲ့တဲ့ အတွက် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အင်တာပိုလ်က ဘာတွေလိုက်နာဖို့လိုလဲ

Miss Grand International ပွဲမှာ တွေ့ရတဲ့ ဟန်လေး

ဓာတ်ပုံ ရင်းမြစ်, Hanlay Facebook

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုလ် အနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးဆိုင်ရာ စွက်ဖက်မှု ဒါမှမဟုတ် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ သိရပါတယ်။

အင်တာပိုလ်ရဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး အလိုရှိသူစာရင်းထုတ်ခွင့်မရှိ ဘူးလို့ ဥပဒေပညာရှင် တစ်ယောက်ဖြစ်တဲ့ ဦးအောင်ထူးက ပြောပါတယ်။

ဟန်လေးရဲ့ နောက်ဆုံးအခြေအနေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟန်လေးက ဗီဇာသက်တမ်းတိုးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံကို သွားခဲ့ပြီး အပြန် ထိုင်းနိုင်ငံ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ ရတာပါ။

ထိုင်းနိုင်ငံမှာ နှစ်လတကြိမ် ဗီဇာသက်တမ်းတိုးပြီး နေထိုင်တာကို ထိုင်းအာဏာပိုင်တွေက လက်မခံတော့ဘဲ ပြည်ပ တစ်နိုင်ငံကို ထွက်သွားပြီး ထိုင်းကိုပြန်ဝင်မှ သက်တမ်းထပ်တိုးလို့ ရပါတယ်။ 

သူ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကို ပျောက်ဆုံးအနေနဲ့ မြန်မာဘက်က အကြောင်းကြား ထားတယ်လို့ ဟန်လေးက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာ သူ့ရဲ့ ပတ်စပို့ကို ရုပ်သိမ်းလိုက်ပြီလို့ သိရကြောင်း လည်း ဟန်လေးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံကူးလက်မှတ် မရှိတော့တဲ့ အလှမယ်ဟန်လေးဟာ အသစ် တခု လျှောက်ရတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ မြန်မာစစ်ကောင်စီက ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ အခြေအနေမှာ နိုင်ငံကူးလက်မှတ် အသစ် လျှောက်ထားဖို့ မလွယ်ကူတဲ့အတွက် သူ့ကို ကူညီပေးနေတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေနဲ့ ဆက်လက်တိုင်ပင်သွားမယ်လို့ ဟန်လေးက ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းအထိ ဟန်လေးဟာ ဘန်ကောက် က လေဆိပ်ထဲမှာ ဆက်လက်နေထိုင်နေရပါတယ်။

ပြည်ပမှာခိုလှုံနေတဲ့ မြန်မာတွေ ဘယ်လို သက်ရောက်မှု ရှိမလဲ

ဟန်လေးကို ဖမ်းဆီးမှုဟာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံနေသူတွေအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာ တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအရေး ဆောင်ရွက်သူတွေကပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ ခိုလှုံသူတွေ အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နဲ့ ချိတ်ဆက်ထားပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဥပဒေ အသိုင်းအဝိုင်းက သတိပေးနေပါတယ်။