ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဂျင်တီးနား ဖမ်းဝရမ်း - မစ္စတာ ကင်တားနားနဲ့ ဘီဘီစီမေးမြန်းခန်း

ကုလ လူ့အခွင့်အရေး အထူးသံ အဖြစ် မစ္စတာ ကင်တးနား ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့စဉ်၊ ၂၀၁၂။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလ လူ့အခွင့်အရေး အထူးသံ အဖြစ် မစ္စတာ ကင်တးနား ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့စဉ်၊ ၂၀၁၂။

အာဂျင်တီးနား တရားရုံးဟာ ရိုဟင်ဂျာ ဂျီနိုဆိုက် စွဲချက် အမှု ကိစ္စ အတွက် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် universal jurisdiction ကို ကျင့်သုံးပြီး ဖမ်းဝရမ်း ထုတ်ပါတယ်။ အဲဒီ ဖမ်းဝရမ်းထဲ အာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင် စစ်ဘက် အမိန့်ပေးယန္တရားထဲက တာဝန်ရှိသူတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ထည့်ထားတဲ့ အတွက် မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းထဲ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန် တိုက်ခိုက်ခဲ့သူတွေဟာ စစ်တပ်ဖြစ်တဲ့ အတွက်၊ စစ်ခေါင်းဆောင်အပါအဝင် စစ်ဘက် တာဝန်ရှိသူတွေကို တရားစွဲဆိုတာ၊ ဖမ်းဝရမ်းထုတ်တာတွေကို ကြိုဆိုပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့ကို ဖမ်းဝရမ်းထဲ ထည့်တာဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက် ဖြစ်တယ် ... ဖယ်ရှားပေးပါ ဆိုပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ပါတယ်။

တခါ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့ကို ဖမ်းဝရမ်း ထုတ်ထားကနေ ဖယ်ရှားနိုင်ရေး ကော်မတီတစ်ရပ် ဖွဲ့ပြီး လုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီတော့ .... အာဂျင်တီးနား တရားရုံးရဲ့ ဖမ်းဝရမ်းထဲ NLD အစိုးရ အရပ်သား ခေါင်းဆောင်တွေရဲ့ နာမည်ဟာ ဘယ်လိုမျိုး ဥပဒေကြောင်း အခြေခံ အချက်တွေနဲ့ ပါဝင်လာရတာလဲ .... ဖမ်းဝရမ်းထဲကနေ ပြန်လည် ဖယ်ရှားပေးဖို့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိလား ... ဒီလို နိုင်ငံတကာ ဖမ်းဝရမ်းမျိုး ရှိလာချိန်မှာ ရင်ဆိုင် ဖြေရှင်းဖို့ရာ ဘယ်လို လမ်းကြောင်းမျိုးတွေက အဆီလျော် အသင့်မြတ်ဆုံး ဖြစ်နိုင်လဲ ... ဒီ ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားမှာလဲ …. ရိုဟင်ဂျာ အဖွဲ့နဲ့ ဘယ်လို ချိတ်ဆက် မိသွားတာလဲ စတာတွေကို အာဂျင်တီးနား တရားရုံးကို ရိုဟင်ဂျာ ဂျီနိုဆိုက် စွဲချက် လျှောက်ထားသူ ရိုဟင်ဂျာအဖွဲ့ BROUK ရဲ့ ရှေ့နေလည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ တောမတ်စ် ကင်တားနားကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

၂၀၁၉ စတင် လျှောက်ထားတုန်း NLD အစိုးရ ခေါင်းဆောင် နှစ်ဦး အပေါ်မှာပါ စုံစမ်းပေးဖို့ ထည့်သွင်း လျှောက်ထားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ စတင် လျှောက်ထားတုန်း NLD အစိုးရ ခေါင်းဆောင် နှစ်ဦး အပေါ်မှာပါ စုံစမ်းပေးဖို့ ထည့်သွင်း လျှောက်ထားခဲ့

ဘီဘီစီ။ ။ ဒီ အမှု ကိစ္စထဲ တောမတ်စ် ဘယ်လိုလုပ်ပြီး ပါဝင် ပတ်သက် ခဲ့တာလဲ။ ဘရုခ် (BROUK) အဖွဲ့က ချဉ်းကပ်လာတာလား။ ဒါမှမဟုတ် ဘရုခ်နဲ့ တောမတ်စ်ကြားမှာ ချိတ်ဆက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုခု နောက်ကွယ်မှာ ရှိနေလား။ ဘာလို့ ဒီအမှုထဲ ဝင်ပါဖို့ ဆုံးဖြတ်ချက် ချခဲ့တာလဲခင်ဗျ။

တောမတ်စ် ကင်တားနား။ ။ ဒါဟာ အတော်ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို စုံစမ်းပြီး အစီရင်ခံစာ တင်သွင်းရတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတဲ့ အချက်ကို မမေ့ဖို့ လိုပါတယ်။ ကျွန်တော်ဟာ အဲဒီ တာဝန် ဝတ္တရားကို ၆ နှစ်တိုင် ဆောင်ရွက် ခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်အနှံ့ ခရီးတွေ ထွက်ခဲ့ပါတယ်။ နယ်အစုံ ဒေသ အစုံကို သွားခဲ့တာပါ။

ကချင်၊ ကရင်၊ မွန်၊ ချင်း စတဲ့ ပြည်နယ်တွေ၊ မန္တလေး မိထ္ထီလာလို့ မြို့တွေ စသဖြင့် ကျွန်တော် အတော်လေး ရောက်ခဲ့ပါတယ်။ ရခိုင်ထဲကိုလည်း ၃ ကြိမ်တိုင် ရောက်ခဲ့ပြီး ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်းနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ရိုဟင်ဂျာ လူမှု အသိုင်းအဝိုင်းနဲ့ ကျွန်တော့် အကြားမှာ တိုက်ရိုက် အဆက်အသွယ်တွေ ရှိခဲ့ပြီး၊ ကျွန်တော်ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ရာထူး သက်တမ်း ကုန်ဆုံး သွားခဲ့တဲ့ နောက်မှာလည်း အဲဒီ သူတို့တွေနဲ့ အဆက်အသွယ် ပြတ်မသွားခဲ့ပါဘူး။ အဆက်အသွယ် ဆိုတာထဲမှာ ကိုယ်တိုင်ကိုယ်ကျ ကျုးလွန်ခံခဲ့ဖူးသူတွေ၊ အခွင့်အရေး လှုပ်ရှားကြသူတွေ အစုံ ပါဝင်ပါတယ်။ ဘရုခ် အဖွဲ့လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

၂၀၁၇ အဖြစ်အပျက်တွေ ပေါ်ပေါက်လာပြီး၊ လူမျိုးရေး သုတ်သင်ရှင်းလင်းတဲ့ ပုံစံအထိ မြောက်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေလည်း ထွက်လာတဲ့ နောက်မှာ တရားမျှတမှု ရှာဖွေရေး၊ အပြစ်ပေး အရေးယူနိုင်ရေး ဆိုတဲ့ ကိစ္စကို လက်တွေ့ လုပ်ဆောင်နိုင်ဖို့ လိုလာပြီ ဖြစ်ပါတယ်။ အဲဒီ အခါမှာ ရိုဟင်ဂျာ အဆက်အသွယ်တွေနဲ့ ကျွန်တော် စကားပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘရုခ် အဖွဲ့ကို ကျွန်တော်က ပြောခဲ့တာပါ။ တရားမျှတမှု ရှာဖွေတဲ့ နေရာ အဖြစ် ကျွန်တော့် နိုင်ငံ ဖြစ်တဲ့ အာဂျင်တီးနားကို ရွေးချယ်သင့်တယ် ဆိုပြီး သူတို့ကို ကျွန်တော် ရှင်းပြခဲ့ပါတယ်။ ကျွန်တော်တို့ အာဂျင်တီးနားရဲ့ ဥပဒေကြောင်း သမိုင်းနောက်ခံ အရ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြည်တွင်းက စစ်ဗိုလ်ချုပ်တွေ ကိုရော၊ စပိန် အာဏာရှင် ဖရန်ကို လက်ထက် ကျုးလွန် ခဲ့သူတွေကိုပါ အာဂျင်တီးနားမှာ အရေးယူ အပြစ်ပေး နိုင်ခဲ့တဲ့ သာဓကတွေ ရှိနှင့်ထားပါတယ်။

ဥပဒေကြောင်းအရ တရားမျှတမှု ရှာဖွေ နိုင်တဲ့ အခွင့်အလမ်းနဲ့ ဖြစ်နိုင်ခြေ မျိုး အာဂျင်တီးနား ထဲမှာ ရှိနေတဲ့ အကြာင်း ကျွန်တော် ရှင်းပြတဲ့ အခါ ဘရုခ် အဖွဲ့ကလည်း ချက်ခြင်းဆိုသလို သဘောပေါက် နားလည်ပြီး၊ ကျွန်တော်တို့ အတူ လက်တွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဘရုခ် အဖွဲ့ကြားမှာ ဘယ်လို အဖွဲ့အစည်းမျိုးမှ ကြားခံ ရှိမနေပါဘူး။

ဘီဘီစီ။ ။ တောမတ်စ်တို့ အမှုကို ၂၀၁၉ စပြီး တင်တဲ့ အချိန် ကတည်းက အရပ်သား အစိုးရခေါင်းဆောင်တွေ ဖြစ်တဲ့ NLD သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကိုပါ အရေးယူရမယ့် သူတွေ စာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ အဲဒီလို ထည့်သွင်းဖို့ ဘာလို့ ဆုံးဖြတ်ခဲ့တာလဲ ခင်ဗျ။ ။

တောမတ်စ် ကင်တားနား။ ။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာပဲ ပြောကြရအောင်လားဗျ။ ကျွန်တော်တို့ အနေနဲ့လည်း ဖုန်းကွယ်ထားတာ ဘာတစ်ခုမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ရှေ့နေရုံး အနေနဲ့ရော၊ ဘရုခ် အဖွဲ့ ကပါ ဒီကိစ္စမှာ ဘယ်အချက်ကိုမှ ဖုန်းကွယ် မထားခဲ့ပါဘူး။

၂၀၁၉ တိုင်တမ်းချက်တွေကို ကျွန်တော်တို့ စတင်တဲ့ အခါ၊ ကျွန်တော်တို့ဘက်က တောင်းဆိုချက်က ဂျီနိုဆိုက် အမှုမှာ အဆင့်အမျိုးမျိုးက ပါဝင်ပတ်သက်သူ အားလုံး အပေါ် စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ အတိုင်းအတာ ပမာဏ အမျိုးမျိုးနဲ့ တာဝန်ရှိသလဲ ဆိုတာကို ကျွန်တော့်ရဲ့ အကြံပြု ချက်နဲ့ အတူ ဘရုခ် အဖွဲ့က စာရင်းပြုစု တင်သွင်းပါတယ်။

အဲ့သလို စာရင်းပြုစုရတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်သလဲ ဆိုတော့ ဘရုခ် အဖွဲ့ အတွက်တင်မက ရိုဟင်ဂျာတွေ အနေနဲ့ ဒါဟာ ပထမဆုံး အကြိမ် တရားရုံးတော် တစ်ခုရှေ့မှောက် သူတို့ ဘာတွေ တွေ့ကြုံ ခံစားခဲ့ရသလဲ ဆိုတာကို လျှောက်ထားတဲ့ အမှု ဖြစ်ပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှု၊ လူမျိုးရေး အရ သုတ်သင်ရှင်းလင်းမှု မြောက်တဲ့ အထိ ပေါ်ပေါက်ခဲ့တာတွေဟာ အင်မတန် ကြီးမား ကျယ်ပြန့်တဲ့ အတွက် မတူတဲ့ အခန်းကဏ္ဍ အသီးသီးကနေ ပါဝင်ပတ်သက်နေသူတွေ အမြောက်အများ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်သူ တစ်ဦးတစ်ယောက်မှ ကျန်ရစ်ခဲ့တာ မျိုး မဖြစ်ချင်ကြပါဘူး။ ဖြစ်နိုင်ခြေ ရှိတဲ့သူ မှန်သမျှ အပေါ် စုံစမ်း စစ်ဆေးဖို့ လိုတယ်လို့ ကိုင်စွဲထားပါတယ်။ ဒါ့ကြောင့် ၂၀၁၉ ကျွန်တော်တို့ စတင် လျှောက်ထားတဲ့ အခါ၊ စစ်တပ်ရဲ့ အမိန့်ပေး ယန္တရား အဆင့်ဆင့်က သူတွေရော၊ ပါဝင်ပတ်သက်မှု အတိုင်းအတာ အသီးသီး ရှိနိုင်တဲ့ အရပ်ဘက်က သူတွေကိုပါ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ရခိုင် လူမှု အသိုင်းအဝိုင်းထဲက ခေါင်းဆောင် တချို့လည်း ပါဝင်ပါတယ်။ ခင်ဗျားသိအောင် ပြောရမယ် ဆိုရင် ကျွန်တော်တို့ ထည့်သွင်းတဲ့ အထဲ ဦးဝီရသူ လည်း ပါဝင်ပါတယ်။

၂၀၁၉ စာရင်းဟာ ဘယ်သူတွေ အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ် ဆိုတဲ့ ကနဦး အခြေခံ စာရင်းလို့ ပြောနိုင်ပါတယ်။ ဒီနောက်မှာတော့ ခင်ဗျားသိတဲ့ အတိုင်း အခြေအနေတွေ အမျိုးမျိုး ပြောင်းလဲလာပါတယ်။ နောက်ပြီး တရားရုံး ရှေ့မှောက် အဓိက ကိုးကားတဲ့ သက်သေတွေ၊ အထောက်အထားတွေ၊ ထွက်ဆိုချက်တွေဟာ စစ်တပ်ရဲ့ အမိန့်ပေး ယန္တရား ထဲက သူတွေ ကျူးလွန်ကြောင်းကို ညွှန်ပြနေ ပါတယ်။ ဒါ့ကြောင့် ဖမ်းဝရမ်း ထုတ်ဖို့ တောင်းဆိုတဲ့ အခါမှာတော့ ကျွန်တော်တို့ဘက်က စစ်တပ်ကသူတွေကိုသာ ထည့်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အာဂျင်တီးနား အစိုးရ တရားစွဲ ရှေ့နေ ဘက်ကလည်း ဘယ်သူတွေကို ဖမ်းဝရမ်း ထုတ်သင့်တယ် ဆိုတဲ့ တောင်းဆိုချက် သီးသန့် ပြုလုပ်ပါတယ်။ အဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ပါဝင်ပါတယ်။ ဘယ်သူတွေကို ထည့်မလဲ ဆိုတာကို တရားရုံးတော်ဘက်က ဆုံးဖြတ်ရတာ ဖြစ်ပြီး၊ အရပ်သားခေါင်းဆောင် တွေကို ထည့်သွင်းဖို့ ရုံးတော်ဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါတွေဟာ ဘာတွေ အစဥ်အတိုင်း ဖြစ်ပျက်ခဲ့သလဲ ဆိုတာ ဖြစ်ပြီး အမြဲပဲ ပွင့်လင်းမြင်သာ ရှိခဲ့ပါတယ်။ ပြန်ပြီး ချုပ်ပြောရရင် ... ဖမ်းဝရမ်း ထုတ်ဖို့ တောင်းဆိုချက် ၂ စောင် ရှိခဲ့တယ် ... တစ်စောင်က ကျွန်တော်တို့က လုပ်တာ ... အဲဒီထဲမှာ စစ်ဘက်ကသူတွေပဲ ပါပြီး၊ အာဂျင်တီးနား တရားစွဲ ရှေ့နေဘက်က လုပ်တဲ့ နောက်တစ်စောင်ထဲမှာတော့ ကျွန်တော်တို့ ပြောတဲ့ စစ်ဘက်က သူတွေသာမက အရပ်ဘက်က သူတွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ တရားရုံးတော် ဘက်ကလည်း အရပ်ဘက် ခေါင်းဆောင်တွေကိုပါ ထည့်သွင်းဖို့ ဆုံးဖြတ်ပါတယ်။

အဲဒီလို ထည့်သွင်းရာမှာ သူတို့ အခြေခံ ကိုးကားပြီး အသုံးပြုထားတာတွေထဲမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ရှေ့မှောက် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုခဲ့တာတွေ ပါဝင်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ ဂျီနိုဆိုက် အမှု မဖြစ်ခဲ့ဘူး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့တယ် ဆိုတဲ့ အချက်မျိုးတွေကို သူတို့ ထည့်သွင်း စဥ်းစားခဲ့တာ ဖြစ်ပါတယ်။

နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း လူတွေ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အတွင်း လူတွေ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးခဲ့

ဘီဘီစီ။ ။ ဖမ်းဝရမ်း ထွက်လာပြီးတဲ့နောက် ဘရုခ် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအရ ဒေါ်အောင်ဆန်းစုကြည်တို့ကို မထည့်ဖို့ တောင်းဆိုပေမယ့်လည်း တရားရုံးတော်က ထည့်သွင်းခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒါက ဘာကို ဆိုလိုလဲ ... တောမတ်စ်တို့ ဘရုခ်တို့ဘက်က ရပ်တည်ချက် ပြောင်းသွားတာလား ... ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင် ပတ်သက်မှု မရှိဘူး ဆိုတာ ပြသတဲ့ အထောက်အထား မျိုးတွေ အသစ်ထပ်ရတာမျိုးလား။ ထပ်ပြီး ရှင်းပြနိုင်မလား။

တောမတ်စ် ကင်တားနား။ ။ တရားရုံးတော်ထံ ကျွန်တော်တို့ ဘာတွေ တင်ပြ ခဲ့သလဲ ဆိုတာကို ထပ်ပြီး ပြောပြချင်ပါတယ်။ လက်ရှိ အခြေအနေတွေဟာ မြန်မာပြည်ထဲက ရိုဟင်ဂျာတွေ အတွက် အတိမ်းအစောင်း မခံနိုင်၊ အင်မတန်မှ အန္တရာယ်တွေကြား ကျရောက် နေရတဲ့ အခြေအနေ ဖြစ်တဲ့ အကြောင်း ကျွန်တော်တို့ ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုကို ခံရရုံတင်မက၊ တခြားသော လူမျိုး အုပ်စုတွေရဲ့ ခွဲခြားဆက်ဆံမှုကို ခံနေရတာ ဖြစ်တဲ့ အကြောင်း ကျွန်တော်တို့ မီးမောင်းထိုး ပြောခဲ့ပါတယ်။ လူများစု ဖြစ်တဲ့ "ဗမာ" အုပ်စုရဲ့ နားလည်မှုကိုလည်း သူတို့ မရရှိပါဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်း စာရင်းထဲ ထည့်လိုက်မယ် ဆိုရင် ရိုဟင်ဂျာတွေ အပေါ် တန်ပြန် သက်ရောက် လာမှာတွေ အတွက် စိုးရိမ်ရတယ် .... ရိုဟင်ဂျာတွေ လက်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း ထုတ်ခံရတယ် ဆိုပြီး ပြစ်တင်ကြလိမ့်မယ် ဆိုတာကို ကျွန်တော်တို့ ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရှိနေကြဆဲ ဖြစ်တဲ့ ရိုဟင်ဂျာတွေ အတွက်လည်း အန္တရာယ်ဟာ ပတ်ပတ်လည် ဝိုင်းနေပါတယ်။ အခု အဓိက ချုပ်ကိုင်ထားတဲ့ လက်နက်ကိုင် အဖွဲ့ အာရ်ကန် အာမီနဲ့ ပတ်သက်ပြီးတော့လည်း ရိုဟင်ဂျာတွေ အပေါ် သူတို့လည်း ပစ်မှတ်ထားတယ် ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အခြေအနေ အကြောင်းချင်းရာ အားလုံး အပေါ် ထောင့်ချင့်ပြီး အခု အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ကို အကျဥ်းချထားတဲ့ စစ်တပ်က သူတွေနဲ့ အတူတူ ဖမ်းဝရမ်းထဲ ထည့်သင့်တဲ့ အခြေအနေ အချိန်အခါမျိုး မဟုတ်ဘူး ဆိုပြီး ရုံးတော်ကို ကျွန်တော်တို့ အကြံပြုခဲ့ပါတယ်။

၂၀၁၉ တိုင်တမ်းချက်ထဲမှာ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုတဲ့ စာရင်းထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပေမယ့်လည်း ဖမ်းဝရမ်း ထုတ်ဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုတဲ့ အထဲမှာတော့ မထည့်တော့တာဟာ အခု ကျွန်တော် ပြောခဲ့တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ တရားရုံးတော်က ထည့်ဖို့ ဆုံးဖြတ်တဲ့ အခါမှာ ကျွန်တော်တို့ ဘက်က နာမည်ကို ဖယ်ရှားပေးဖို့ရာ တောင်းဆိုတာမျိုးကို ဥပဒေကြောင်း အရ လုပ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ မတတ်နိုင်တဲ့ ကိစ္စ ဖြစ်သွားပါပြီ။

ဘီဘီစီ။ ။ တောမတ်စ် အနေနဲ့ရော ယုံကြည်လား။ NLD အစိုးရ အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ် အပေါ် စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အမိန့်ပေး ခိုင်းစေနိုင်တဲ့ အာဏာမျိုး ရှိခဲ့တယ်လို့ ... မှတ်ယူလား။

တောမတ်စ် ကင်တားနား။ ။ ဒီ မေးခွန်းဟာ ဒိုင်မေးရှင်း နှစ်ခု၊ လမ်းကြောင်း နှစ်ခု ကနေ ချည်းကပ်ရမယ့် မေးခွန်းမျိုး ဖြစ်ပါတယ်။ တစ်ခုကတော့ ဥပဒေကြောင်း ဆိုင်ရာ ရှုထောင့် ဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကြည့်မယ် ဆိုရင် အရပ်သား အစိုးရ၊ NLD အစိုးရဟာ စစ်တပ်ကို စစ်ကို တိုက်စေ၊ စစ်ကို ရပ်စေ ဆိုပြီး အမိန့်ထုတ်နိုင်လောက်တဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိဘူး ဆိုပြီး ခင်ဗျား ပြောနိုင်ပါတယ်။

အနာဂတ် တချိန်ချိန် ရုံးတော် ရှေ့မှောက် တရားစီရင် ကြားနာပွဲတွေ ဖြစ်လာပြီ ဆိုရင် .... အရပ်သား အစိုးရ ခေါင်းဆောင်တွေမှာရော တာဝန် ဘယ်လောက် ရှိသလဲ ဆိုတာကို ဥပဒေကြောင်း အရ ခုခံ ချေပချက်မျိုးတွေ ပေးတဲ့ အခါ အဲဒီလိုမျိုး လမ်းကြောင်းကနေ ခုခံ ချေပ နိုင်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကို အမိန့်ပေး ခိုင်းစေခဲ့တဲ့ တာဝန်ခံမှုမျိုး ရှိသင့်သလား ဆိုရင်၊ အဲဒီလို ပုံစံနဲ့တော့ ရှိဟန် မတူပါဘူး။ ဒါပေမယ့်လည်း တခြား ဒိုင်မေးရှင်း လည်း ရှိနေပါတယ်။ အဲဒါကတော့ ရိုဟင်ဂျာတွေ အပေါ် အပြုအမူ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုကို စနစ်တကျနဲ့ အစဥ်အဆက် ကျူးလွန် နေခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ လွတ်လပ်စွာ အသက်ရှင် နေထိုင်ခွင့်ကို ပုံစံအမျိုးမျိုးနဲ့ ကန့်သတ် ခွဲခြား ခံထားခဲ့ရတာ ဖြစ်ပြီး၊ အဲဒီလို ခွဲခြားထားမှ ဖြစ်မယ် ဆိုတဲ့ အတွေးအမြင်မျိုးကို လူ့ အသိုင်းအဝိုင်း society ကြီး တစ်ခုလုံး အတွင်းမှာ ထူထောင် သွပ်သွင်း ကျင့်ကြံ နေခဲ့ကြတာ ဖြစ်ပါတယ်။

ခွဲခြားဆက်ဆံမှု ပုံစံအမျိုးမျိုးထဲမှာ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှုကို ရနိုင်ခွင့် က စလို့ အခြေခံ လူ့ အခွင့်အရေး မှန်သမျှ ချိုးဖောက် ခံနေခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ခွဲခြား ဆက်ဆံမှု၊ ကန့်သတ်မှု အမျိုးမျိုးဟာ NLD အစိုးရ လက်ထက်မှာလည်း ဆက်လက် ကျင့်သုံး နေခဲ့ပါတယ်။

အဆုံးတစ်နေ့မှာ ethnic cleansing လို့ခေါ်တဲ့ လူမျိုးရေး သုတ်သင်ရှင်းလင်းမှု စစ်ဆင်ရေးတွေ ပေါ်လာတာဟာ အဲဒီ systemic discrimination ပုံစံ အမျိုးမျိုးကနေ တွန်းပို့ခဲ့တာပဲ ဖြစ်ပါတယ်။

အကြောင်းခံ အခြေအနေ တစ်ခုလုံး အပေါ် ခြုံငုံပြီး နားလည်အောင် တရားရုံး အနေနဲ့ သုံးသပ် ကြားနာသွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်က လျှောက်ထားချက်၊ ပြောဆို တင်ပြချက်တွေကိုလည်း အားလုံး အပေါ် ခြုံလွှမ်း နိုင်တဲ့ အထိ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်လို ကောက်ချက်မျိုး၊ ဆုံးဖြတ်ချက်မျိုး၊ ရလာဒ်မျိုး တရားရုံးထံကနေ ထွက်လာမလဲ ဆိုတော့တော့ အခု အချိန်မှာ ခင်ဗျားကို ကျွန်တော် မပြောနိုင်သေးပါဘူး။ တရားရုံး အနေနဲ့ အဆုံး အဖြတ် ပေးရမှာကတော့ ပထမဆုံး အချက် အနေနဲ့ ၂၀၁၇ ဂျီနိုဆိုက် အမှုမှာ NLD အစိုးရ ခေါင်းဆောင်တွေမှာရော တာဝန်ရှိလား ... ဘယ်လို ပုံစံမျိုး တာဝန်ရှိသလဲ ... စစ်တပ်ကို တစ်နည်းနည်းနဲ့ ဟန့်တားနိုင်သလား ... ဟန့်တားဖို့ ပျက်ကွက်ခဲ့သလား စသဖြင့် မေးခွန်းများစွာ အပေါ် ကျေလည်အောင် ဆန်းစစ် ပိုင်းခြားဖို့ လိုအပ်ပါတယ်။

အခု အမှုကိစ္စဟာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ချင်းစီ အပေါ် ဖမ်းဝရမ်းထုတ်ပြီး ပစ်မှတ်ထားတာ ဆိုတော့ ... တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာ ပမာဏနဲ့ တာဝန် ရှိ မရှိ ဆိုတဲ့ အပေါ် ဆန်းစစ် သွားရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်စိုးဝင်း တို့မှာ ဘာလို့ တာဝန်ရှိတာလဲ ... အမှတ် ၉၉ ခြေမြန် တပ်မရဲ့ အဲဒီအချိန်က တပ်မမှူးမှာ ဘာလို့ တာဝန် ရှိတာလဲ ဆိုတာတွေ အပြင်၊ NLD အစိုးရ ခေါင်းဆောင် နှစ်ယောက်ထံမှာလည်း တာဝန် ဘယ်လောက် ရှိလဲ ဆိုတာ စီရင် ကြားနာဖို့ လိုတယ် ဆိုပြီး တရားရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

တရားရုံးဘက်ကတော့ အခု ဖမ်းဝရမ်း ထုတ်လိုက်တဲ့ သူတွေ အားလုံးဟာ၊ ဖမ်းဝရမ်းထဲ ထည့်သွင်းလောက်အောင် အခြေခံ အကြောင်းချက်တွေ ရှိနေတယ်လို့ ယူ ဆထားပါတယ်။ ဒီတော့ သူတို့ အနေနဲ့ ရုံးတော်ရှေ့မှောက် လာရောက်ပြီး ခုခံ ချေပပါ ဆိုပြီး ဆင့်ခေါ် လိုက်တာပဲ ဖြစ်ပါတယ်။ ဖမ်းဝရမ်းရဲ့ အဓိက ရည်ရွယ်ချက်၊ ဦးတည်ချက်ကလည်း အာဂျင်တီးနား ရုံးတော် ရှေ့မှောက် အဲဒီသူတွေ ရောက်လာပြီး သူတို့ကိုယ်သူတို့ ခုခံချေပ ကြဖို့ ဖြစ်ပါတယ်။

အာဏာသိမ်းသူနဲ့ အာဏာ အသိမ်းခံရသူ နှစ်ဦးကို ညီမျှခြင်းချတာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းသူနဲ့ အာဏာ အသိမ်းခံရသူ နှစ်ဦးကို ညီမျှခြင်းချတာလား

ဘီဘီစီ။ ။ တရားရုံးတော်ဟာ ဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ စစ်ခေါင်းဆောင် ကိုရော အတူ ထည့်သွင်းလိုက်တာဟာ အဲဒီ နှစ်ယောက်ကို ညီမျှခြင်း ချလိုက်တာလား။ တစ်ယောက်က ရွေးကောက်ပွဲ နိုင်တဲ့ ရလာဒ်ကို အငြင်းခံရပြီး ထောင်ချ ခံထားရတဲ့သူ၊ နောက်တစ်ယောက်က အဲဒီလို ငြင်း ... ထောင်ချပြီး အာဏာသိမ်းထားသူ။ အင်မတန် ကွာခြားလှသူ နှစ်ယောက်ကို ညီမျှခြင်း ချလိုက်တာလားဗျ။

တောမတ်စ် ကင်တားနား။ ။ ခင်ဗျား အနေနဲ့ အဲဒီလို ရှုထောင့်ကနေ ကြည့်မယ်ဆိုလည်း ကြည့်နိုင်ပါတယ်။ စစ်ဘက် ၊ အရပ်ဘက်က သူတွေ အားလုံးရဲ့ နာမည် ပါဝင်နေတဲ့ ဒီ ဝရမ်းဟာ အင်မတန်မှာ ထူးခြားလှတယ် .... တခြား ယှဥ်ပြီးကြည့်စရာ သိပ်မရှိလှဘူး .. unique ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော့် အနေနဲ့တော့ အမှုဟာ ရှေ့ဆက် သွားဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ရှေ့ဆက်နိုင်မှလည်း အခု ကျွန်တော်တို့ ဆွေးနွေး ပြောဆိုခဲ့ကြတဲ့ ဘယ်သူမှ ဘယ်လောက် အတိုင်းအတာအထိ တာဝန်ရှိတယ် မရှိဘူး ဆိုတာ တွေဟာ ရုံးတော်ရှေ့မှောက် ပြောဆိုကြဖို့ အခွင့်အရေး ရှိလာမှာ ဖြစ်ပါတယ်။

ခင်ဗျား ခုနက ပြောခဲ့တဲ့ ရှုထောင့်ကို ကျွန်တော် မငြင်းပယ်ပါဘူး။ ဒါပေမယ့် တရားကြောင်း ဆိုင်ရာ ဖြေရှင်းမှုတွေ ပြုလုပ်ဖို့ လိုတယ်လို့ ရှေ့နေ တစ်ယောက် အနေနဲ့ ကျွန်တော် ပြောရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဖမ်းဝရမ်း ထွက်လာပြီးတဲ့ အခါ အာဂျင်တီးနား တရားရုံး အပါအဝင် တရားရေး အာဏာပိုင်တွေ၊ တရားစွဲ ရှေ့နေတွေဘက်က ဘာလုပ်ထားလဲ။ တောမတ်စ်တို့ရော ဘာလုပ်ထားလဲ။

တောမတ်စ် ကင်တားနား။ ။ တရားရုံးတော်ကတော့ အခု အချိန်မှာ ဖမ်းဝရမ်းထဲပါ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အသေးစိတ် ရရှိအောင် စုဆောင်းနေပါတယ်။ ဓာတ်ပုံတွေ အပါအဝင် သူတို့ဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ် ဆိုတာကို ညွှန်ပြနိုင်တဲ့ သက်သေ အထောက်အထား identification တွေကို စုဆောင်းပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုကို လက်လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါက ချက်ခြင်းလက်ငင်း နောက်တစ်ဆင့် အနေနဲ့ လုပ်ဆောင်ရမယ့် အချက် ဖြစ်ပါတယ်။

စာရင်းထဲမှာ နာမည်တွေနဲ့ ဆင်တူ တခြားသူတွေလည်း ရှိနိုင်တဲ့ အတွက် အင်မတန် သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နာမည်ဆင်တူ ရာထူးအဆင့် သိပ်မကြီးလှတဲ့ သူတွေနဲ့ ရောထွေးသွားမှာကို စိုးရိမ်တဲ့ အတွက် ဖြစ်ပါတယ်။ သေချာပေါက် ခွဲခြားနိုင်ပြီ ဆိုရင်တော့ ကျွန်တော် ပြောခဲ့သလို ဖမ်းဝရမ်းကို အင်တာပိုကို ပို့ပါလိမ့်မယ်။

အင်တာပို ဆိုတာကလည်း သူတို့ထံမှာ သူတို့ရဲ့ ကိုယ်ပိုင် စည်းမျဥ်းတွေ၊ လိုက်နာရမယ့် လုပ်ထုံးတွေ ရှိပါတယ်။ ဒါ့အပြင် အင်တာပိုဟာ နိုင်ငံစုံ ပါဝင်တော့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး အရ တွက်ဆမှုတွေ ကိုယ်စီ လုပ်တာမျိုးလည်း ရှိနိုင်ပါတယ်။

ကျွန်တော် ရှေ့နေ အဖြစ် ဆောင်ရွက်ပေးနေတဲ့ ဘရုခ် အဖွဲ့ဟာ အခုလို အဆင့်ထိ ရောက်လာအောင် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကြိုးစားခဲ့ကြသလို၊ အခုအခါမှာလည်း အင်တာပိုကို ကျွန်တော်တို့ ဘက်က ချည်းကပ် သွားမှာ ဖြစ်ပါတယ်။ ဖမ်းဝရမ်း ထိရောက် နိုင်ဖို့ရာ အင်တာပိုထဲ သြဇာရှိ လွှမ်းမိုးနိုင်တဲ့ မိတ်ဖက်တွေနဲ့ စကားပြောသွားမှာ ဖြစ်ပါတယ်။ ဖမ်းဝရမ်းကို အကောင်းဆုံး ကောင်အထည် ဖော်နိုင်မယ့် နည်းနာလမ်းကြောင်း ဗျူဟာ တွေကို လာမယ့်ကာလတွေမှာ ကျွန်တော်တို့ တည်ဆောက်နေမှာ ဖြစ်ပါတယ်။

NLD အစိုးရ တာဝန်ရှိသူ အဖြစ် ရခိုင်ထိ သွားကြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုဝင်ဘာ ၂၀၁၇။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NLD အစိုးရ တာဝန်ရှိသူ အဖြစ် ရခိုင်ထိ သွားကြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုဝင်ဘာ ၂၀၁၇။

ဘီဘီစီ။ ။ တောမတ်စ်တို့ အနေနဲ့လည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဘယ်လို ရပ်တည်သလဲ ဆိုတာကို သိပြီးဖြစ်ပါလိမ့်မယ်။ သူတို့ကတော့ အရပ်သား ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထဲ မထည့်သင့်ဘူးလို့ ဆိုပါတယ်။ NUG ဘက်ကနေ တောမတ်စ်တို့ကို ချည်းကပ်လာတာ၊ စကားပြောလာတာမျိုး ရှိလား။ သူတို့နဲ့ရော အာဂျင်တီးနား ဖမ်းဝရမ်းကိစ္စ ပြောဆိုဆွေးနွေးတာ ရှိလား။

တောမတ်စ် ကင်တားနား။ ။ ကျွန်တော့် အနေနဲ့ NUG နဲ့ကြား ဆက်သွယ်မှု ရှိမနေပါဘူး။ ဒီအရေး ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေး ဖြစ်တဲ့ မတူတဲ့ အမြင် အမျိုးမျိုးရှိကြတဲ့ တခြား မိတ်ဖက် အဖွဲ့တွေ၊ တက်ကြွ လှုပ်ရှားသူတွေတော့ ရှိပါတယ်။ အဲဒီအထဲမှာ NUG မပါဝင်ပါဘူး။

အခုလို စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်နိုင်တဲ့ အထိ ဖြစ်လာခဲ့တဲ့ အပေါ် တော်တော်များများဆီက ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရခဲ့ပါတယ်။ အရပ်သား ခေါင်းဆောင်တွေ ပါဝင်နေတဲ့ အချက် အပေါ်မှာလည်း ဆွေးနွေးကြတာတွေ ရှိပါတယ်။

NUG အကြောင်း ပြောရရင်၊ NUG ဟာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်း သက်သက် မဟုတ်ပဲ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ သူတို့ဟာ NLD ပါတီကနေ အခြေခံ ပေါက်ဖွား လာပြီး NLD ပါတီနဲ့ အတိုင်းအတာ တစ်ခု အထိ သက်ဆိုင်မှု ရှိတယ်လို့ ယူဆ နိုင်ပါတယ်။ ဒီတော့ သူတို့ရဲ့ ခေါင်းဆောင်တွေ အပေါ် သူတို့ ကာကွယ်တယ် ဆိုတာ သဘာဝ ကျပါတယ်။ အဲဒီ အချက်ကို ကျွန်တော် နားလည်နိုင်ပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ သူတို့နဲ့ စကားပြောဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ကြား NUG အဆက်အသွယ် ရှိတာကိုလည်း ကျွန်တော်သိပါတယ်။ သူတို့တွေ အနေနဲ့ ဒီ အမှုကိစ္စရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ် ဆိုပြီးတော့လည်း နားလည်ပါတယ်။

ကျွန်တော်ပြောချင်တာက ကျွန်တော့်အနေနဲ့ သူတို့ရဲ့ အနေအထား ရပ်တည်ချက် အပေါ် နားလည်ပါတယ်။ လေးစားပါတယ်။ ကျွန်တော်ကတော့ လူ့အခွင့်အရေး ရှေ့နေတစ်ယောက် အနေနဲ့ အခု အမှုကိစ္စကနေ အဖြေရလာဒ်တွေ ထွက်လာတဲ့ အထိ ရှေ့ဆက် သွားကြဖို့ရာ ဘယ်လောက် အရေးကြီးတဲ့ အကြောင်း အကြံဥာဏ် ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် တာဝန်ဘယ်သူတွေမှာ ရှိတယ် မရှိဘူး ဆိုတာကို ရင်ဆိုင်ဖြေရှင်းဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ အာဂျင်တီးနားမှာ ဆိုရင်လည်း တရားမျှတမှု ရှာဖွေရေး၊ အပြစ်ပေး အရေးယူရေး ဆိုတာတွေကို အဆင့်လိုက် လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး စစ်ဗိုလ်ချုပ်တွေကို တရားစီရင်ပြီး ထောင်ထဲ အရောက် ပို့ပါတယ်။ နောက် သူတို့နဲ့ ကြံရာပါ ပူးပေါင်းတဲ့ အရပ်သားတွေကိုပါ တရားစီရင်ပါတယ်။ ဒါတင်မက အဲဒီထက် ကျော်ပြီးတော့တောင် ကျွန်တော်တို့ ကြိုးစားခဲ့တာမှာ စစ်တပ်နဲ့ လက်တွဲခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာပါ အရေးယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကပဲ ဖို့ဒ်မော်တာ အာဂျင်တီးနား Ford Motor Argentina ဆိုတဲ့ ကားကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ် နှစ်ယောက် အပါ် စစ်တပ်ရဲ့ ကြံရာပါတွေ အဖြစ် ကြားနာ စီရင်နိုင်ခဲ့ပြီး၊ အပြစ်ပေး အရေးယူ နိုင်ခဲ့ပါတယ်။

ကျွန်တော် ဘာကို ပြောနေတာလဲ ဆိုတော့ အာဂျင်တီးနားမှာ ရှိနှင့်ပြီး ဖြစ်တဲ့ တရားရေး စနစ်ကို အသုံးချပြီး အပြစ်ရှိသူတွေကို တကယ်တမ်း အရေးယူနိုင်တဲ့ အခွင့်အလမ်း ရှိနေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဘီဘီစီ။ ။ နောက်ထပ် ဖမ်းဝရမ်းတွေ ထပ်ထွက်လာဖို့ ရှိလား။ ဒါမှ မဟုတ် အခု လူစာရင်းဟာ အားလုံးကို ခြုံလွှမ်းနိုင်တယ် ဆိုပြီး တောမတ်စ်တို့ ကျေနပ်သလား။

တောမတ်စ် ကင်တားနား။ ။ လက်ရှိ စာရင်းဟာလည်း အတော် ရှည်လျားလှပြီး၊ ကျွန်တော်တို့ အနေနဲ့ ကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့်လည်း မပါပဲ ကျန်နေသူ တချို့ ရှိသေးတယ်လို့လည်း ယူဆပါတယ်။ ဘယ်ပုံဘယ်နည်း ရှေ့ဆက်မလဲ ဆိုတာကို အခု ဘရုခ် အဖွဲ့နဲ့ အတူ ကြံဆနေပါတယ်။ နောက်အဆင့်တွေ အတွက် ဗျူဟာတစ်ခု တည်ဆောက်နေပါတယ်။ အဲဒီ ဗျုဟာထဲမှာ ရိုဟင်ဂျာတွေတင်မက တခြား လူမျိုးစုတွေ အပေါ် ကျုးလွန်မှုတွေ အတွက် တာဝန်ရှိသူတွေကိုပါ အာဂျင်တီးနား ရုံးတော် ရှေ့မှောက် ဆင့်ခေါ်နိုင်ဖို့ လုပ်နိုင်ပြီ ဆိုရင်၊ ကျွန်တော်တို့ ကျန်နေတယ်လို့ ယူဆသူတွေလည်း အဲဒီ အခါ ပါဝင်လာနိုင်ပါတယ်။ အဲဒီလို အမှု တည်ဆောက်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက် ရှိနေလဲ ဆိုတဲ့ အပေါ် ကျွန်တော်တို့ စိစစ် ပိုင်းခြား နေပါတယ်။

BROUK ကို ဦးဆောင်သူ ကိုထွန်းခင်နဲ့ ရှေ့နေ မစ္စတာ ကင်တားနား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BROUK ကို ဦးဆောင်သူ ကိုထွန်းခင်နဲ့ ရှေ့နေ မစ္စတာ ကင်တားနား

ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ တောမတ်စ်ရေ ... အခုလို အာဂျင်တီးနား တရားရုံးတော်က နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဖမ်းဝရမ်းထုတ်တာ၊ တောမတ်စ်တို့ဘက်ကလည်း ဒီလို အခြေအနေမျိုး ရောက်အောင် လုပ်ခဲ့ကြတာဟာ ကျူးလွန်ခံရသူတွေ အတွက် တရားမျှတမှု ရှာဖွေရမယ် .... ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ လုပ်ဆောင်ရမယ် ဆိုတဲ့ သဘောတရားကြီးကို ထင်ဟပ်ပြတဲ့ သင်္ကေတဆောင် လုပ်ဆောင်ချက် Symbolic gesture သက်သက်လား။ တကယ်တမ်း ဖမ်းဝရမ်းတွေ အတိုင်း ဖမ်းဆီးပြီး ရုံးတော်ရှေ့မှောက် အရောက်ပို့နိုင်ဖို့ ဆိုတာ လက်တွေ့မှာ ဖြစ်မြောက်လာနိုင်ခြေ တကယ် ရော ရှိတယ်လို့ ထင်လားခင်ဗျ။

တောမတ်စ် ကင်တားနား။ ။ ကျွန်တော်တို့ဟာ အခု အမှု ကိစ္စ အတွက် အစစ အရာရာ ချင့်ချိန်တွက်ဆပြီး သတိကြီးကြီး ထားပါတယ်။ ဒီ ကိစ္စဟာ သာမန် ကိစ္စ မဟုတ်ဘူး ဆိုတဲ့ အပေါ်မှာလည်း မျက်မှောက်ပြုထားပါတယ်။

အာဂျင်တီးနား မြို့တော်က ရပ်ကွက်တစ်ခုထဲ ဓားပြမှု ဖြစ်တဲ့ အတွက် ကျူးလွန်သူတွေကို တရားရုံး တင်ပို့ရတာမျိုး မလွယ်နိုင်ဘူး ဆိုတာလည်း ကောင်းကောင်း သဘောပေါက် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဒီ အမှုကိစ္စမှာ ဥပဒေကြောင်းအရ အခြေခံရမယ့် အရာမှန်သမျှကို ကျကျနန တည်ဆောက် ပြင်ဆင်ထားနှင့်ပြီး ဖြစ်ပါတယ်။ အားလုံး အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ အနေအထားကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေအနေ အခွင့်အလမ်း ပေါ်ပေါက်လာတာနဲ့ တပြိုင်နက် ကျူးလွန်သူ သံသယ တရားခံတွေကို ဖမ်းဆီးပြီး အာဂျင်တီးနား ရုံးတော် ရှေ့မှောက် ခေါ်ဆောင်ဖို့ရာ အသင့်အနေအထားကို ဖန်တီးထားနိုင်ပြီ ဖြစ်ပါတယ်။

ဘရုခ် အပါအဝင် ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ကျွန်တော် ပေးလေ့ရှိတဲ့ ဥပမာ ရှိပါတယ်။ အဲဒါကတော့ ချီလီအာဏာရှင်ဟောင်း ပီနိုချေး Pinochet ရဲ့ ဥပမာ ဖြစ်ပါတယ်။ သူ လန်ဒန်ကို ဆေးကုလာတဲ့ အခါ အဖမ်းခံရပါတယ်။ စပိန်မှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် universal jurisdiction ကို အသုံးပြုပြီး သူ့ အပေါ် အမှု တည်ဆောက်ထားတဲ့ အတွက် ဖြစ်ပါတယ်။

တရားဥပဒေကို လေးစားလိုက်နာမယ် ဆိုတာကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်း ဝန်ခံ ကတိပြုထားတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ တိုင်းပြည် အသီးသီး အနေနဲ့

နိုင်ငံတကာ ဖမ်းဝရမ်း အပေါ် လေးစား လိုက်နာ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရိုဟင်ဂျာတွေ အကျူးလွန် ခံခဲ့ရတဲ့ ဂျီနိုဆိုက်လိုမျိုး ကြီးလေးပြင်းထန်လှတဲ့ အမှုကိစ္စကြီးမှာ ကျုးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ ဆိုရင် နိုင်ငံတကာရဲ့ ဝိုင်းဝန်းကူညီမှုကို ရဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ အမြောက်အများ ရှိတာမှာ သဘောတူ ထောက်ခံထားကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တကယ်တမ်း လိုက်လံ ကျင့်ကြံ လုပ်ဆောင်ဖို့ လိုပါတယ်။

တခါ၊ ဖမ်းခံရသူတွေ အနေနဲ့လည်း သူတို့မှာ ရှေ့နေရှေ့ရပ် ငှားပြီး အပြစ်မရှိကြောင်း ခုခံချေပ ခွင့်ရှိပါတယ်။ သူတို့ အပေါ် ရှိနေတဲ့ သံသယတွေကို ပျောက်ပျက်သွားအောင် ရှင်းလင်းနိုင်ခွင့်လည်း ဖြစ်ပါတယ်။ သံသယ တရားခံတွေကို ဖမ်းမခေါ် နိုင်သေးသည့်တိုင် အသက်ရှင် ကျန်ရစ်သူ နောက်ထပ် သက်သေတွေကို တရားရုံး ရှေ့မှာက် ဆင့်ခေါ် ထွက်ဆို စေတာမျိုးတွေ ပြုလုပ်ထားနိုင်တဲ့ အထိ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရည်မှန်း လုပ်ဆောင်တာဟာ ဖမ်းဝရမ်းထွက်လာဖို့ သက်သက် မဟုတ်ပါဘူး။ တကယ့်ကို အပြစ်ရှိကြောင်း တရားရုံး အမိန့် ချမှတ်နိုင်တဲ့ အထိ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။