ဖိလစ်ပိုင်မှာအဖမ်းခံရတဲ့ ဒူတာတေး ICC ရှိရာ The Hague ဆီ ဦးတည်တဲ့လေယာဥ်ပေါ် ပါသွားပြီ

ဟောင်ကောင်မှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ မြင်တွေ့ရတဲ့ သမ္မတဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဟောင်ကောင်မှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ မြင်တွေ့ရတဲ့ သမ္မတဟောင်း

ဖိလစ်ပိုင်သမ္မတဟောင်း ရော်ဒရီဂို ဒူတာတေးကို တင်ဆောင်ထားတဲ့ လေယာဥ်တစ်စင်းဟာ မြို့တော် မနီလာကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

သူဟာ အင်္ဂါနေ့ မနက်ပိုင်းမှာ ဟောင်ကောင်ကနေ မနီလာလေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ခံခဲ့ရတာဖြစ်ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) က ထုတ်ပြန်တဲ့ ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ခံလိုက်ရပါတယ်။

သူ တာဝန်ထမ်းဆောင်ချိန်တုန်းက ပြုလုပ်ခဲ့ပြီး လူတွေ သေဆုံးခဲ့တဲ့မူးယစ်နှိမ်နင်းရေးစစ်ပွဲမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ICC ဖမ်းဝရမ်း ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒူတာတေးဟာ ဟောင်ကောင်ကနေ ခရီးအပြန် မနီလာလေဆိပ်ကို အရောက်မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးတာ ခံရတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေအတွင်း လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံထဲ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့တဲ့ ဒီမူးယစ်နှိမ်နင်းရေးစီမံချက်အတွင်း လူတွေ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သူက တောင်းပန်စကား မဆိုထားပါဘူး။

အသက် ၇၉ နှစ်အရွယ် ဒူတာတေးဟာ သူ့ကို ထိန်းသိမ်းမှုကို တုံ့ပြန်တာရှိခဲ့ပေမဲ့ ICC ရှိရာ နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့ကို အထူးလေယာဥ်နဲ့ နာရီပိုင်းအတွင်းမှာပဲ အပို့ခံလိုက်ရတာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ ဖိလစ်ပိုင်နိုင်ငံဟာ ဥပဒေကြောင်းအရ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို လိုက်နာတာသာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒူတာတေး သမ္မတ သက်တမ်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်နှိမ်နင်းရေးအတွင်းမှာ ကုန်ကူးသူတွေ၊ သုံးစွဲသူတွေနဲ့ တခြားသူတွေဟာ တရားခွင်မရောက်ဘဲ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

သမ္မတ မားကို့စ်ကတော့ သူ့ ရှေ့က သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒူတာတေးဟာ အဲဒီ မူးယစ်နှိမ်နင်းရေး စစ်ပွဲနဲ့ဆက်စပ်တဲ့စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်ရမှာလို့ ပြောပါတယ်။

''အင်တာပို(နိုင်ငံတကာရဲတပ်ဖွဲ့)က အကူအညီတောင်းခံတယ်။ ကျွန်တော်တို့က ဝတ္တရားအရ လိုက်နာခဲ့တယ်'' လို့ သမ္မတ မားကို့စ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

''နိုင်ငံတကာအသိုက်အဝန်းက ကျွန်တော်တို့ ဆီကနေ ဒါကို မျှော်လင့်နေတယ်လေ'' လို့ သူက ပြောပါတယ်။

သမ္မတမားကို့စ်ရဲ့ နိုင်ငံရေးပြိုင်ဘက်လည်းဖြစ်၊ ဒုတိယသမ္မတတာဝန် ယူထားသူလည်းဖြစ်တဲ့ ဒူတာတေးရဲ့သမီး ဆာရာ ကတော့ ဖခင်ဖြစ်သူအတွက်အဖော်အဖြစ် သယ်ဟိတ်ကို သူ လိုက်သွားမှာဖြစ်ပါတယ်။

ဒူတာတေးကတော့ ICC ဖမ်းဝရမ်းကြောင့် အဖမ်းခံရနိုင်ခြေကို မေးခွန်းမေးမြန်းတဲ့အခါမှာတော့ သူ့အနေနဲ့ ထောင်ထဲ သွားဖို့ အသင့်ပဲလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

ဒါပေမဲ့ အဲဒီဝရမ်းကြောင့် မတ်လ ၁၁ ရက်မှာ အဖမ်းခံရတဲ့အခါ သူက ''ကျွန်တော် ဘယ်ရာဇဝတ်မှု များ ကျူးလွန်ခဲ့မိလို့လဲ'' လို့ သူက မေးခွန်းထုတ်ပါတယ်။

သူ ဖမ်းဆီးခံရတာကို တုံ့ပြန်တဲ့အနေနဲ့ သူ့ကိုယ်စား ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်ကို အသနားခံစာ တင်မှုတစ်ခုလည်း ရှိခဲ့ပါတယ်။ တရားလွှတ်တော်ချုပ်အနေနဲ့ အခုဖမ်းဆီးမှုကို အတည်မပြု၊ လိုက်နာ ဆောင်ရွက်ခြင်း မပြုဖို့ တိုက်တွန်းစာ ဖြစ်ပါတယ်။

မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်းနဲ့ တရားခွင်မရောက်တဲ့သတ်ဖြတ်မှုတွေ ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဓာတ်ပုံကို သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရပြီးနောက်မှာ ပြုလုပ်တဲ့ ကွေဇွင်မြို့က ဆုတောင်းပွဲ တစ်ခုမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်းနဲ့ တရားခွင်မရောက်တဲ့သတ်ဖြတ်မှုတွေ ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဓာတ်ပုံကို သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရပြီးနောက်မှာ ပြုလုပ်တဲ့ ကွေဇွင်မြို့က ဆုတောင်းပွဲ တစ်ခုမှာ မြင်တွေ့ရတာဖြစ်ပါတယ်

သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲမှာ သေဆုံးခဲ့တဲ့ လူထောင်ချီအတွက် တရားမျှတမှုရရေး ကြိုးပမ်းမှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပေမဲ့ အခုတစ်ကြိမ်မှ ဖမ်းဆီးမှု ထွက်လာတာကြောင့် ထူးခြားပါတယ်။

ဒီနေ့ခေတ်မှာ ICC နဲ့ ပတ်သက်လာရင် နိုင်ငံအများစုက စိတ်ဝင်စားမှုနည်းနေချိန်မှာ အခုလို ဖမ်းဆီးမှု ပေါ်လာတာကြောင့်လည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါပေမဲ့လည်း ဒီဖမ်းဆီးမှုက တစ်ဖက်မှာ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတ မားကို့စ် ဂျူနီယာတို့ကြားက ဆက်ဆံရေးအခြေအနေကိုလည်း ပြသပါတယ်။

ဖိလစ်ပိုင်မှာ ဆွေစဥ်မျိုးဆက် သိကြတဲ့ မားကို့စ် မိသားစုနဲ့ ဒူတာတေး မိသားစုဟာ ဆက်ဆံရေး ခပ်ခွာခွာ ရှိကြတဲ့ မိသားစု နှစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မားကို့စ် တစ်ယောက် အနိုင်ရပြီး သမ္မတဖြစ်ပါတယ်။ ဒူတာတေးသမီးကတော့ ဒုတိယသမ္မတ တာဝန်ယူထားပါတယ်။

ဒါပေမဲ့ ဆက်ဆံရေးက ယိုယွင်းပြီး အခုဆိုရင် နိုင်ငံရေးပြိုင်ဘက် သ‌ဘောဆန်လာပါတယ်။

သမ္မတ မားကို့စ်က သူ တာဝန်စထမ်းတုန်းကတော့ ICC နဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ICC နဲ့ ပူးပေါင်းလိုစိတ်ပြတယ်ဆိုတာကို အခုဖမ်းဆီးမှုက ပြပါတယ်။

မစ္စတာ ဒူတာတေးဟာ သူ့လက်ထက်မှာ ဖိလစ်ပိုင်ကို ICC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ICC ဟာ အဲဒီမတိုင်ခင်တုန်းက ဖြစ်ရပ်တွေအတွက် ဝရမ်းထုတ်ထားတာဖြစ်ပြီး မစ္စတာ ဒူတာတေး စွပ်စွဲခံရတာတွေအတွက် စုံစမ်းစစ်ဆေးတာကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပါတယ်။

အရှေ့တိုင်းက ဒေါ် နယ် ထရမ့်လား

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မနီလာမြို့မှာပြုလုပ်တဲ့ ပါတီလူထုတွေ့ဆုံပွဲတစ်ခုမှာ မြင်တွေ့ရတဲ့ သမ္မတဟောင်း ဒူတာတေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလတုန်းက မနီလာမြို့မှာပြုလုပ်တဲ့ ပါတီလူထုတွေ့ဆုံပွဲတစ်ခုမှာ မြင်တွေ့ရတဲ့ သမ္မတဟောင်း ဒူတာတေး

ဒူတာတေးဟာ မနီလာမြို့တောင်ပိုင်း မင်ဒါနာအိုအရပ်ကနေ နိုင်ငံ့ခေါင်းဆောင်တာဝန် ပထမဆုံး ယူခဲ့သူ ဖြစ်တာကြောင့် ဖိလစ်ပိုင်မှာ လူကြိုက်များတုန်းဖြစ်ပါတယ်။

အကြောင်းကတော့ သူ လာခဲ့တဲ့အရပ်ဟာ အစိုးရရုံးစိုက်တဲ့မြို့တော်က ခေါင်းဆောင်တွေကြား မေ့မေ့ပျောက်ပျောက်အဖြစ်ခံရတဲ့အရပ် ဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရာထူးကနေ နုတ်ထွက်တဲ့အခါမှာ ဖိလစ်ပိုင် ၁၀ ဦးမှာ ၉ ဦးခန့်ဟာ ဒူတာတေး သမ္မတ တာဝန်ထမ်းဆောင်တာကို စိတ်ကျေနပ်မှုရှိကြတယ်လို့ Social Weather Stations က လုပ်တဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒါဟာ ၁၉၈၆ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ခဲ့တဲ့ ဖိလစ်ပိုင်မှာ အရင့်အရင် ခေါင်းဆောင်တွေ မရဖူးတဲ့ လူထုမှတ်ချက်မျိုးကို ဒူတာတေး ရရှိခဲ့တာဖြစ်ပါတယ်။

ထေ့ပြော၊ ရှင်းရှင်းဘွင်းဘွင်းပြောတတ်တဲ့ သူ့အပြောတွေကြောင့်လည်း ''အရှေ့တိုင်း ဒေါ်နယ်ထရမ့်ရယ်'' လို့ တံဆိပ်တပ် ခံရပါတယ်။

ရုရှားသမ္မတ ပူတင်ကို သူ့ရဲ့ ''အိုင်ဒေါ'' လို့ ဒူတာတေးက ခေါ်ဝေါ်ခဲ့ဖူးသလို သူ့ အစိုးရကိုလည်း ဖိလစ်ပိုင်ရဲ့ ကာလရှည် မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ခွာပြီး တရုတ်ဘက်ယိမ်းတဲ့ နိုင်ငံခြားရေးမူကို ကျင့်သုံးခဲ့ပါတယ်။

လက်ရှိ သမ္မတ မားကို့စ်ကတော့ ဒူတာတေးရဲ့ ဒီမူဝါဒကို ဝေဖန်ပြီး ဖိလစ်ပိုင်ဟာ တရုတ်နဲ့ ပင်လယ်ပြင်ပိုင်နက် အငြင်းပွားနေတာကြောင့် ဝါရှင်တန်နဲ့ဆက်ဆံရေး ပိုနီးကပ်ဖို့ ပြန်လည်ကြိုးပမ်းခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖိလစ်ပိုင်မှာဖြစ်တဲ့အခြေအနေကို ''နီးနီးကပ်ကပ်ကပ်စောင့်ကြည့်နေပြီး'' ဒူတာတေး ဖမ်းဆီးခံရမှုမှာ ''စံ ၂ ခု'' မသုံးနှုန်းဖို့နဲ့ ''နိုင်ငံရေးမနွှယ်ဖို့'' ICC ကို သတိပေးပါတယ်။

ဒူတာတေး သမီးလည်းဖြစ်၊ နိုင်ငံရေးဆက်ခံသူလည်းဖြစ်တဲ့ ဆာရာ ဒူတာတေးဟာ ၂၀၂၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် သမ္မလောင်းအဖြစ် အလားအလာရှိနေပါတယ်။ လက်ရှိ သမ္မတ မားကို့စ်ကတော့ ဖွဲ့စည်းပုံကြောင့် ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။