မြန်မာ၊ အာဆီယံအလှည့်ကျတာဝန်နဲ့ သုံးနိုင်ငံတွဲဖက်ဖြေရှင်းရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကို ဒေသတွင်း ခေါင်းဆောင်တွေ အရင်အစည်းအဝေးတွေတုန်းကထက် ပိုပြီး ဆွေးနွေးပြောဆိုလာကြပါတယ်။
ဒီတစ်ခေါက်မှာ စစ်အာဏာသိမ်းမှုအောက်က မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံဘက်က ချဥ်းကပ်မှု အသစ်ကတော့ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ယန္တရားသစ်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။
တစ်နှစ်တစ်ကြိမ်အလှည့်ကျယူကြတဲ့ ရှေ့က အလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌသစ်တာဝန်ယူမယ့် နိုင်ငံ ၃ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပါတယ်။
‘‘မြန်မာ့အခြေအနေကို ၁ နှစ်အတွင်းပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ်’’ လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီက သူက ပြောပါတယ်။
ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိသေးပါဘူး။
ကပ်လျက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ၃ နိုင်ငံလို့ဆိုတာကြောင့် ၂၀၂၃ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ၂၀၂၄ ခုနှစ်မှာ ဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုနိုင်ငံနဲ့ ၂၀၂၅ ခုနှစ်မှာ တာဝန်ယူမယ့် မလေးရှားနိုင်ငံတို့ မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဆိုပြီး သက်ဆိုင်ရာ ပါဝင်ပတ်သက်သူပေါင်း ၇၀ ကျော်နဲ့ အကြိမ်ပေါင်း ၁၄၀ ကျော် တွေ့ဆုံဆွေးနွေးထားတာတွေ ပြုလုပ်ထားတယ်လို့ အခုရက်တွေအတွင်းပြုလုပ်တဲ့ထိပ်သီးဆွေးနွေးပွဲတွေမှာ သမ္မတ ဂျိုကိုဝီကိုယ် တိုင် ထုတ်ပြောထားပါတယ်။
မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုအောက်မှာ အာဆီယံဥက္ကဋ္ဌနိုင်ငံ အလှည့်ကျတာဝန်တွေယူလာကြတာ ၃ နိုင်ငံအထိရှိလာပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
‘‘စစ်ကောင်စီက အာဆီယံပြောစကားလည်း နားမထောင်၊ ဘယ်သူ့ပြောစကားမှ နားမထောင်နေတဲ့ အချိန်မှာ ရှိပြီးသားဟာကို နောက်ဆုတ်သွားလို့မဖြစ်ဘူး။ ဖြစ်ပြီးသား အခင်းအကျင်း တိုးတက်မှုတွေကို အစက ပြန်စဖို့ဆိုတာ မဖြစ်သင့်ပါဘူး’’ လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြီးခဲ့တဲ့တစ်ပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
စကားလုံးတွေမာလာတဲ့ အာဆီယံခေါင်းဆောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တဖက်မှာလည်း အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အထမြောက်မှုကို ပြန်လည်သုံးသပ်ထားပါတယ်။
အဲဒီသဘောတူညီချက်တွေဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုဖြစ်အပြီး ၂ လနီးပါးအကြာ ဂျာ ကာတာမြို့မှာ အာဆီယံခေါင်းဆောင်တွေ ပါဝင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ချမှတ်ခဲ့တာတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုအပိုင်းတိုးတက်မှုမရှိဘူးဆိုပြီး အာဆီယံက မြန်မာစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေကို ဆွေးနွေးပွဲတက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်ထဲက ပထမဆုံးအချက်ဟာ အကြမ်းဖက်မှုရပ်တန့်ရေး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအချက်အပါအဝင် သဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေကဘက်က အထမြောက်အောင် ဆောင်ရွက်မှုအပိုင်းမှာ တိုးတက်မှု ကြီးကြီးမားမားမရှိတဲ့အပေါ် အလွန်အမင်းစိုးရိမ်တဲ့ အကြောင်း အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက်တွေကို ပြန်သုံးသပ်ချိန်မှာ ပြောလာပါတယ်။
''ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုကို လျှော့ချဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု လျှော့ချဖို့၊ အိမ်တွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ စျေးတွေ၊ ဘုရားကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို တိုက်ခိုက်မှုတွေ လျှော့ချဖို့ တိုက်တွန်းပါတယ်'' လို့ အာဆီယံခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောဆိုထုတ်ပြန်တဲ့အခါ လေသံပြေပြေပြောတတ်တဲ့ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းက အခြေအနေကို စကားလုံးမာမာသုံးလာတဲ့ နောက်ဆုံးပြောဆိုမှုလည်း ဖြစ်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ ဒီပြောဆိုချက်ကို ပယ်ချပါတယ်။
ဘုံသဘောတူညီချက်တွေကို အာဆီယံခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံနဲ့ ဆွေးနွေးခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်ကို မထည့်သွင်းခဲ့တာ၊ အဲဒီအစည်း အဝေးပွဲမှာ မြန်မာမတက်ရောက်တာ၊ အပြုသဘောမဆောင်ဘဲ မမျှတတာတွေကြောင့် ကန့်ကွက်တာလို့ ဆိုပါတယ်။
မြန်မာရဲ့ ၂၀၂၆ အာဆီယံအလှည့်ကျတာဝန်ကို ဖိလစ်ပိုင်လွှဲယူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံခေါင်းဆောင်တွေရဲ့ အခုဆွေးနွေးပွဲအတွင်းမှာပဲ ၂၀၂၆ ခုနှစ်ကျရောက်မယ့် မြန်မာရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမယ်လို့ ဖိလစ်ပိုင်နိုင်ငံဘက်က ပြောလာပါတယ်။
ဒီလိုလွှဲပြောင်းရယူမယ့်အကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ကြေညာချက်ထုတ် ပြောဆိုတာဖြစ်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ပြုလုပ်တဲ့ စက်တင်ဘာ ၅ ရက်တံခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
မြန်မာဆီကနေ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ဘာကြောင့်လွှဲပြောင်းယူဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ သမ္မတက မပြောပေမဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုတဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်၊ တခြားနိုင်ငံတွေနဲ့ အာဆီယံတို့ကြားက ဆက်ဆံရေးကို စိုးရိမ်ပြီး အခုလို ဆုံးဖြတ်ဖြစ်နိုင်တယ်လို့ သံတမန် အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
‘’၂၀၂၆ ဆိုပေမဲ့ ကြိုတင်ပြင်ဆင်ရတာတွေရှိတယ်။ အဖွဲ့ဝင်တွေတင်မဟုတ်ဘဲ ဆွေးနွေးဖက်နိုင်ငံတွေကပါ လာမှာမဟုတ်ဘူး ဆိုတဲ့ စဥ်းစားမှုတွေကို တွေ့ရတယ်။ အာဆီယံကို မြန်မာဝင်ပြီးချိန်တုန်းကလည်း အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာကို မပါဖို့ အီးယူ(ဥရောပသမဂ္ဂ)တို့က ပြောတယ်။ အဲဒီတုန်းကတော့ အာဆီယံက မြန်မာဘက်ကပေါ့။ မြန်မာမပါရင် သူတို့လည်း မတက်ဘူးလို့ ပြောခဲ့ကြတယ်။ အခုတော့ မြန်မာကလည်း တိုးတက်မှုတွေ မရှိဘူးဆိုတော့ သူတို့တွေအတွက်ပါ ထိခိုက်လာတာမျိုးကို စိုးရိမ်လာတာပေါ့’’ လို့ မြန်မာသံအကြီးဟောင်းတစ်ဦးက မှတ်ချက်ပေးပါတယ်။
အာဆီယံဆွေးနွေးပွဲတွေ မတိုင်ခင် သြဂုတ်လကုန်ပိုင်းတုန်းကတော့ မြန်မာဟာ ၂၀၂၆ အာဆီယံအလှည့် ကျတာဝန်ကို လွှဲပြောင်းပေးဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာစစ်ကောင်စီကို ဒီအရေးနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတဲ့အခါ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးဖို့ ယတိပြတ်ဆုံးဖြတ်ထားတာမရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဘီဘီစီကို ပြောထားဖူးပါတယ်။
ဖိလစ်ပိုင်က အလှည့်ကျတာဝန်ကို ယူဖို့ အသင့်ရှိတယ်လို့ ထုတ်ပြောလာချိန်မှာ စစ်ကောင်စီ ဘက်က သဘောထားကို သိနိုင်အောင် စစ်ကောင်စီပြောခွင့်ရကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဒါပေမဲ့ နိုင်ငံတကာစင်မြင့်မှာ အသိအမှတ်ပြုခံရဖို့ အားထုတ်နေရတဲ့ မြန်မာစစ်ကောင်စီဟာ အာဆီယံ အလှည့်ကျတာဝန်ကိုပါ လွှဲပြောင်းပေးရတယ်ဆိုရင် ဒါဟာ သူတို့ရဲ့အားထုတ်မှုအတွက် နောက်တစ်လှမ်း ဆုတ်သွားစေရတဲ့ရလဒ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။








