ထရမ့်ရဲ့တရုတ်ခရီးစဉ် နောင်အနာဂတ်ဆက်ဆံရေးအတွက် အုတ်မြစ်ဖြစ်မလား

- ရေးသားသူ, အန်သိုနီ ဇာချာ
- ရာထူးတာဝန်, မြောက်အမေရိက သတင်းထောက်
- ရေးသားသူ, လော်ရာ ဘစ်ကာ
- ရာထူးတာဝန်, တရုတ်သတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၉
ဘေကျင်းမြို့က တီရန်နန်မန်ရင်ပြင်မှာ လုံခြုံရေးတိုးမြှင့်ထားတာ ရက်ပေါင်းမနည်းတော့ပါဘူး။ လူမှုကွန်ရက်မှာလည်း အထူးဂုဏ်ပြုတပ် စီတန်းလှည့်လှည်တာ ဒါမှမဟုတ် အခမ်းအနားကြီးတစ်ခုကို ကျင်းပတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နေပါတယ်။
ဒီပွဲကြီးအတွက် ကြိုတင်ပြင်ဆင်တာက ခပ်တိုးတိုးကျိတ်ကျိတ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ကို တစ်ခုခုပြသဖို့ အသင့်ဖြစ်နေတဲ့ပုံပါ။
ထရမ့်ရဲ့တရုတ်ခရီးမှာ နှစ်ဖက်ဆွေးနွေးတာ၊ ကြိုဆိုပွဲကျင်းပတာအပြင် ဟိုးတစ်ချိန်တုန်းက တရုတ်ဧကရာဇ်တွေ သီးနှံအထွက်ကောင်းအောင် သွားရောက်ဆုတောင်းကြတဲ့ ကောင်းကင်ကျောင်းတော်ကိုလည်း လည်ပတ်မှာဖြစ်ပါတယ်။
ပြီးတော့ ထရမ့်ရော တရုတ်သမ္မတ ရှီကျင့်ဖျင်ပါ အခုခရီးစဉ်ကနေ အသီးအပွင့်တွေ ဆောင်ကျဉ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ်တွေအတွင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေကို လုပ်ဆောင်ကြဖို့ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်အတွက်တော့ အမေရိကန်- တရုတ် ဆက်ဆံရေးဟာ ဦးစားပေးအဖြစ် ရှေ့တန်းမရောက်တာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ အီရန်နဲ့ဆက်ဖြစ်နေတဲ့ စစ်ပွဲ၊ အနောက်ကမ္ဘာခြမ်းမှာဖြစ်နေတဲ့စစ်ရေးနဲ့ ပြည်တွင််းကိစ္စရပ်တွေကို သူ အာရုံစိုက်နေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ အခုသီတင်းပတ်အတွင်းမှာပဲ ပြောင်းလဲသွားပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအနာဂတ်၊ ထိုင်ဝမ်နဲ့ တင်းလာတဲ့ဆက်ဆံရေးနဲ့ နည်းပညာမြင့်မြင့်တွေအရေးဟာ ရလဒ်ပြတ်ပြတ်သားသား ထွက်ရမယ့်ကိစ္စတွေ ဖြစ်နေပါတယ်။
စီးပွားရေးအရဆိုရင်တော့ အမေရိကန်နဲ့ ဆက်ဖြစ်နေတဲ့ကုန်သွယ်စစ်၊ အီရန်မှာ ဖြစ်နေတဲ့စစ်ပွဲကိစ္စတွေဟာ သမ္မတရှီအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအရနဲ့ အယူအဆသဘောတရားအရဆိုရင်တော့ ဒါတွေက သူ့အတွက် လက်ဆောင်ဖြစ်နိုင်ပြီး ဒီကိစ္စတွေမှာ သူ့ဘက်က အသာစီးရမယ့်အနေအထားလို့ သူ ခံစားမိမှာပါ။
အခုအလည်အပတ်ခရီးစဉ်ဟာ လာမယ့်နှစ်တွေအတွင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှု ဒါမှမဟုတ် ပဋိပက္ခအတွက် အခြေခံအုတ်မြစ် တည်မှုလည်းဖြစ်နိုင်ပါတယ်။
အီရန်ရဲ့ တိုးတိုးဖော်လား
အီရန်စစ်ပွဲ ၃ လထဲ ဝင်လာချိန်မှာ တရုတ်ဟာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် တိတ်တိတ်လေး ခြေလှမ်း ဝင်လာပါတယ်။ ဘေကျင်းဟာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ပေါင်းတိုက်တဲ့စစ်မှာ ကြားဝင်ညှိနှိုင်းသူအဖြစ် ပါကစ္စတန်နဲ့အတူ ပါလာပါပြီ။
ဘေကျင်းနဲ့ အစ္စလာမာဘတ်တို့က အရာရှိတွေဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ဖို့နဲ့ အပစ်ရပ် ဆောင်ကျဥ်းဖို့ရည်ရွယ်တဲ့ အချက် ၅ ချက်ပါ အစီအစဥ်ကို တင်ပြခဲ့ကြပါတယ်။ နောက်ကွယ်မှာတော့ တရုတ်အရာရှိတွေက အီရန်အရာရှိတွေ ဆွေးနွေးပွဲစားပွဲဝိုင်းဆီရောက်လာအောင် တံတောင်နဲ့တွက်နေပါတယ်။
တရုတ်ဟာ အများအမြင်မှာ ကိုယ့်ဟန်ဖို့ နေနေပေမဲ့လည်း ဒီစစ်ပွဲ အဆုံးသတ်သွားစေရေး စိတ်လောနေတယ်ဆိုတာက သံသဖြစ်စရာမရှိပါဘူး။
တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးတာနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားတာ ကြာနေပါပြီ။ ရေနံစျေးတက်လာလို့ ရေနံဓာတုပစ္စည်းကို အခြေခံထုတ်တဲ့အထည်အလိပ်အစ ပလက်စတစ်အဆုံး ပစ္စည်းတွေရဲ့စျေးလည်း ထိုးတက်နေပါတယ်။ တရုတ်က ထုတ်လုပ်သူအချို့အတွက်ဆိုရင် ကုန်ကျစရိတ်ဟာ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ဟာ အားကျလောက်စရာ အရန်ရေနံတွေ ရှိနေတာ၊ နောက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ လျှပ်စစ်ကားတွေကို အသုံးတွင်ကျယ်အောင် လုပ်နေတာဖြစ်လို့ လောင်စာဆီအကျပ်အတည်းမှာ သက်ရောက်မှု အဆိုးဆုံးမဖြစ်အောင် တောင့်ခံထားနိုင်ပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲဟာ အတက်နှေးနေပြီး ပြည်ပပို့ကုန်ကို အများကြီးမှီခိုနေရတဲ့ တရုတ်စီးပွားရေးအပေါ်မှာတော့ သက်ရောက်မှုကြီးပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ဒီစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုကို ကြားဝင်ပြီး အမေရိကန်ကို ကူညီမယ်ဆိုရင်တော့ သူ ပြန်ရရှိမယ့်အရာ ရှိနေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီ ဘေကျင်းမြို့ကို အလည်အပတ်သွားခဲ့တဲ့အခါ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုရှိတယ်ဆိုတာကိုလည်း ထုတ်ပြလာရာ ရောက်ပါတယ်။
အမေရိကန်ကတော့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ ''တရုတ်ဘက်ကတော့ သူ့ကို ပြောသင့်တာတွေ ပြောလိုက်မယ်လို့ ထင်ပါတယ်'' လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။ "ဟော်မုဇ်ရေလက်ကြားမှာ ခင်ဗျားတို့ လုပ်နေတာတွေဟာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေပြီဆိုတာမျိုး၊ ဒီကိစ္စမှာ ခင်ဗျားက လူဆိုးဆိုတာမျိုး ပြောလိုက်မယ် ထင်ပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, VCG via Getty Images
အမေရိကန်ဟာလည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့ကြိုးပမ်းတဲ့ သင်္ဘောတွေကို အီရန်က တိုက်ခိုက်မှုပြုလုပ်တာကို ရှုတ်ချတဲ့ ကုလမသဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို မဟန့်တားဖို့ တရုတ် နားဝင်အောင်ပြောဆိုနိုင်ခြေလည်းရှိပါတယ်။ ရုရှားဘက်ကတော့ အဲဒီလိုအဆိုကို အစောပိုင်းကတည်းက ဗီတိုအာဏာသုံးပြီး ပယ်ချထားပါတယ်။
''အီရန်ကို ညှိနှိုင်းရေးစားပွဲဝိုင်းဆီကို ပြန်ခေါ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တရုတ်ရဲ့အခန်းကဏ္ဍကို အမေရိကန်ဘက်က အသိအမှတ်ပြုရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ International Crisis Group က အမေရိကန်-တရုတ်ဆက်ဆံရေး အကြီးတန်းသုတေသန အကြံပေး အလီ ဝိန်းက ပြောပါတယ်။
ဒါပေမဲ့ ထရမ့်ဘက်မှာတော့ တဟီရန်နဲ့ တရုတ်ကြား ဆက်ဆံရေး နီးစပ်မှုကို ဘာမှမဖြစ်တဲ့ပုံပါ။ အီရန်ရေနံကို သယ်ပို့လို့ဆိုပြီး တရုတ်အခြေစိုက် ရေနံချက်လုပ်ငန်းတစ်ခုကို အမေရိကန်က မကြာသေးခင်တုန်းက အရေးယူပိတ်ဆို့ခဲ့ပေမဲ့ သမ္မတ ထရမ့်ကတော့ အီရန်ပဋိပက္ခအတွင်း တရုတ်ရဲ့ထောက်ပံ့မှုကို လျှော့ပြောပါတယ်။
''အရှိတရားကတော့ အရှိတရားပေါ့'' လို့ သူက အမေရိကန်သတင်းထောက်တစ်ဦးကို ပြောပြီး ''ကျွန်တော်တို့လည်း လုပ်စရာရှိတာ လုပ်တာပဲ ''
ထိုင်ဝမ်ရဲ့အနာဂတ်
ထိုင်ဝမ်အရေးနဲ့ပတ်သက်လာရင် ထရမ့်အစိုးရဟာ သဲသဲကွဲကွဲမရှိလှပါဘူး။
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကတော့ အမေရိကန်ဟာ ဒေါ်လာ ၁၁ ဘီလျံတန်ဖိုးရှိတဲ့လက်နက်အရောင်းအဝယ်စာချုပ်ကို ထိုင်ဝမ်နဲ့ ချုပ်ဆိုခဲ့လို့ တရုတ်အစိုးရဘက်က ဒါကို ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ တရုတ်က သူ့နယ်မြေလို့ ပြောထားတဲ့ ထိုင်ဝမ်ကို အမေရိကန်ဘက်က အကာအကွယ်ပေးချင်တယ်ဆိုတဲ့အပိုင်းကိုတော့ လျှော့ပြီး ပြောပြပါတယ်။
''သူက ထိုင်ဝမ်ကို တရုတ်ရဲ့အစိတ်အပိုင်းအဖြစ် မြင်နေတာ'' လို့ ဆိုပြီး ထရမ့်က ရှီကို ရည်ညွှန်းပြောပါတယ်။ ''ဒါက သူ့အပိုင်း၊ သူ့ ကိစ္စပါ၊ ဆက်ပြီးတော့လည်း သူ ဒီလိုပဲ မြင်မှာပဲ'' လို့လည်း ဆိုပါတယ်။
ထိုင်ဝမ်ရဲ့လုံခြုံရေးကို အမေရိကန်က အာမခံပေးလို့ ထိုင်ဝမ်ဆီကနေ အမေရိကန်အတွက် ''ဘာမှ ရဖို့ရာ မရှိဘူး'' လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ထရမ့်ဟာ ထိုင်ဝမ်ကို အခွန် ၁၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီး ဆီမီကွန်ဒတ်တာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန် လက်ထဲကနေ ပုတ်ထုတ်နေတယ်လို့လည်း စွပ်စွဲပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက သမ္မတထရမ့်ရဲ့တရုတ် ခရီးစဉ်အတွင်းမှာ ထိုင်ဝမ်အရေးလည်း ပါဝင်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်အရေးဟာ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုအသစ်ဖြစ်စေမယ့်အကြောင်းရင်းတော့ ဖြစ်လာစရာမရှိဘူးလို့ ဆိုပါတယ်။
"ထိုင်ဝမ် ဒါမှမဟုတ် အင်ဒို - ပစိဖိတ်ဒေသတွင်းက ဘယ်နေရာကြောင့်ပဲဖြစ်ဖြစ် အခြေအနေမတည်မငြိမ်ဖြစ်စရာ အကြောင်း မရှိပါဘူး။'' လို့ သူက ပြောပါတယ်။ ''ဒါမှပဲ တရုတ်တို့နဲ့ အမေရိကန်ကြားက အပြန်အလှန်အကျိုးရှိမယ့်ကိစ္စဖြစ်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်''

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images
တရုတ်ဘက်ကတော့ ထိုင်ဝမ်အရေးက အခုတစ်ခေါက် ဆွေးနွေးပွဲတွေမှာ ဦးစားပေးကိစ္စ တစ်ခုဖြစ်တဲ့အကြောင်း အချက်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်အနေနဲ့ ''ရွေးချယ်မှုတွေ မှန်မှန်ကန်ကန်'' လုပ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြုလုပ်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုမှာပြောပါတယ်။
ဘေကျင်းဟာ ထိုင်ဝမ်ကျွန်းပတ်လည်ကို နေ့စဉ်နီးပါး တိုက်လေယာဉ်တွေ ပျံသန်းစေတာ၊ ရေတပ်သင်္ဘောတွေ ခုတ်မောင်းတာတွေ လုပ်ပြီး စစ်ရေးဖိအားကို တိုးပြနေပါတယ်။
အကဲခတ်အချို့ကတော့ ၁၉၈၂ ခုနှစ်လောက်ကတည်းက သုံးစွဲနေတဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့အခေါ်အဝေါ်ကို ပြောင်းလဲဖို့ တရုတ်အာဏာပိုင်တွေဘက်က တွန်းလုပ်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဝါရှင်တန်ရဲ့မကြာသေးခင်တုန်းက လူသိရှင်ကြားပြောထားတဲ့ မူဝါဒကတော့ ထိုင်ဝမ် လွတ်လပ်ရေးယူတာကို လက်ရှိမှာ မထောက်ခံသေးဘူးလို့ဆိုတဲ့အချက်ပါ။ ဒီတော့ ဘေကျင်းဘက်က ဝါရှင်တန်ကို ''ထိုင်ဝမ် လွတ်လပ်ရေးယူတာကို အမေရိကန် ကန့်ကွက်ပါတယ်'' ဆိုပြီး ပိုရှင်းလင်းတဲ့စကား ထွက်လာအောင် တွန်းနိုင်ခြေရှိပါသလား။
''သမ္မတ ရှီအနေနဲ့ ဒါမျိုး ရှေ့တိုးလုပ်လိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး'' လို့ Asia Society က အမေရိကန်-တရုတ်ဆက်ဆံရေးစင်တာက အကြီးတန်း သုတေသီ ဂျွန် ဒယ်လရီက ပြောပါတယ်။''
''ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ထရမ့်က အဓိပ္ပါယ်အပြည့်မဟုတ်တဲ့ စကားမျိုး သုံးနှုန်းခဲ့မယ်ဆိုရင်တောင် ဒါဟာ လွှတ်ကနဲ ပြောမိလိုက်တာမျိုးပဲ ဖြစ်မယ်လို့ တရုတ်ဘက်ကလည်း မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြောပြီး နောက်တစ်ပတ်မှာ ထရမ့်ဟာ သူပိုင်တဲ့ လူမှုကွန်ရက် Truth Social ပေါ်မှာ သူပြောပြီးသားစကား အဓိပ္ပါယ်ကို ပြောင်းပြန်ကောက်ယူလို့ရမယ့် စာမျိုးကို ပြန်တင်နိုင်တယ်ဆိုတော့လေ''
အရေးကြီးတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲ
၂၀၂၅ ခုနှစ် တစ်နှစ်လုံးနီးပါးမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေခံအုတ်မြစ်တွေကို ကိုင်လှုပ်နိုင်တဲ့ကုန်သွယ်စစ်အသစ်တစ်ခု ဖြစ်လုနီးနီး အခြေဆိုက်ခဲ့ပါတယ်။
ထရမ့်ဟာ အမေရိကန်ရဲ့အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့တရုတ်ကို အခွန်တိုးလိုက် လျှော့လိုက် အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ တစ်ခါသားဆို အခွန်တိုးကောက်တာ ၁၀၀ ရာခိုင်နှုန်းအထိ တိုးလုပ်ခဲ့ပါတယ်။
တရုတ်ဘက်ကလည်း သူ့ရဲ့မြေရှားသတ္တုတွေကို အမေရိကန်ကို တင်ပို့တာကို အကန့်အသတ်လုပ်တာ၊ အမေရိကန်ရဲ့စိုက်ပျိုးထုတ်ကုန်တွေ ဝယ်ယူတာကို ကန့်သတ်တာတွေ လုပ်ပြီး ပြန်လည်တုံ့ပြန်ပါတယ်။ တရုတ်ရဲ့စိုက်ပျိုးထုတ်ကုန်တွေ အဝယ်ကန့်မှုဟာ ထရမ့်ကို အဓိကမဲထည့်ခဲ့တဲ့ပြည်နယ်တွေက စိုက်ပျိုးရေးသမားတွေ အထိနာခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာမှာ သမ္မတထရမ့်နဲ့ သမ္မတ ရှီတို့ တောင်ကိုရီးယားမှာ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဒီအခြေအနေကို လျှော့ချနိုင်ခဲ့ပါတယ်။ နောက်ပြီး အမေရိကန်တရားရုံးချုပ်က သမ္မတထရမ့်ရဲ့တစ်ဖက်သတ် အခွန်တိုးကောက်နေတာကို ဖေဖော်ဝါရီလမှာ ဝင်ထိန်းလိုက်တဲ့အမိန့်ကလည်း နောင်မှာ ထရမ့် ဆက်လုပ်နိုင်ခြေရှိတဲ့ကုန်သွယ်ရေးကို စိတ်ထင်သလို ကိုင်တွယ်တာတွေကိုလည်း ငြိမ်သွားအောင် အထောက်အကူဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်နဲ့ ရှီတို့ဟာ ဘေကျင်းထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ အမေရိကန် သမ္မတ ထရမ့်ဟာ တရုတ်အနေနဲ့ အမေရိကန်စိုက်ပျိုးကုန်တွေကို တိုးဝယ်ဖို့ တိုက်တွန်းနိုင်ခြေရှိပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန်ဘက်က လုပ်နေတဲ့ တရုတ်ရဲ့မမျှတတဲ့စီးပွားရေးလုပ်ထုံးလုပ်နည်းတွေကို စုံစမ်းစစ်ဆေးနေတာကို ရုပ်သိမ်းဖို့ ဖိအားပေးနိုင်ခြေရှိပါတယ်။
ဒါဟာ အမေရိကန်ဘက်မှာတော့ နည်းနည်းလေး ရှုပ်ထွေးပါတယ်။ ''တရုတ်ဘက်က လုပ်ထားတဲ့ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းတွေမှာ မျှမျှတတ မရှိတဲ့အပိုင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်လို့ အမေရိကန်ဘက်က အခြေခံ ရှုမြင်တယ်ဆိုရင်တော့ ဒီစုံစမ်းစစ်ဆေးမှုကို ရုပ်သိမ်းပေးဖို့ ခက်လိမ့်မယ်'' လို့ ဝါရှင်တန်အခြေစိုက် တတ်သိပညာရှင်အဖွဲ့ ဘရွတ်ကင်းစ် အင်စတီကျုက ကာကွယ်ရေးနဲ့ ဗျူဟာဌာနက မိုက်ကယ် အို ဟန်လန်က သုံးသပ်ပါတယ်။
ထရမ့်အစိုးရဟာ Nvidia၊ Apple၊ Exxon၊ Boeing နဲ့ တခြားအမေရိကန်ကုမ္ပဏီကြီးတွေက အမှုဆောင်ချုပ်တွေကို တရုတ်ခရီးစဉ်မှာ လိုက်ပါဖို့ ဖိတ်ကြားထားတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
တရုတ်ဟာ လက်ရှိမှာ ထရမ့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းတုန်းကလိုမျိုး အမေရိကန်နဲ့ကုန်သွယ်မှုအပေါ် မီခိုမှု မရှိတော့တဲ့အချိန်မှာ ရှီဘက်က ကမ္ဘာ့စီးပွားရေးမှာ တရုတ်ဘက်က တည်ငြိမ်မှုကို လိုအပ်တယ်ဆိုတဲ့အကြောင်းကို အခုအစည်းအဝေးအတွင်းမှာ ယူဆောင်လာနိုင်ခြေရှိပါတယ်။
တရုတ်ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၁၂၀ ကျော်နဲ့ ထိပ်တန်း ကုန်သွယ်မိတ်ဖက်အဖြစ် ဆက်ရှိနေပါတယ်။ ဒါပေမဲ့ ရှီဟာ ထရမ့်ရဲ့ခရီးစဉ်အတွင်း ယုံကြည်မှုလွန်ကဲထားလို့မရဘူးဆိုတာကိုလည်း သတိချပ်ထားတဲ့ပုံပါ။
''အခုခရီးစဉ် အဆင်ပြေပြေ ချောချောမွေ့မွေ့ပြီးဆုံးပြီး ထရမ့်ဘက်ကလည်း သူ လေးစားသမှုနဲ့ ဆက်ဆံခံရပါလားလို့ ခံစားမိရင် နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ထရမ့်ဘက်က သူ မလေးမစား အလုပ်ခံရတယ်လို့ မှတ်ယူတယ်ဆိုရင်တော့ သူ့ စိတ်လည်း ပြောင်းသွားနိုင်တယ်'' လို့ ဘရွန်ကင်း အင်စတီကျုက ဂျွန်အယ်လ်သွန်တွန် တရုတ်စင်တာက ညွှန်ကြားရေးမှူး ရိုင်ယန် ဟတ်စ်က ပြောပါတယ်။
ဉာဏ်ရည်တု နည်းပညာ(AI) အနာဂတ်
တကယ်တော့ တရုတ်ကိုယ်တိုင်ကလည်း သူ့အနာဂတ် ပြေးလမ်းပေါ် ရောက်နေတာပါ။ ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ စက်ရုပ်နည်းပညာအပေါ် အရင်းအနှီးကြီးကြီး ငွေကြေးမြှုပ်နှံနေပါတယ်။ ဒါတွေဟာ တရုတ်စီးပွားရေးကို ရှေ့တိုးအောင် ထိန်းချုပ်ပေးမယ့် ''အလုပ်ဖြစ်စေမယ့်အင်အားအသစ်တွေ'' လို့ ရှီက ရည်ညွှန်းပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက်က မူဝါဒချမှတ်သူအများစုတော့ တရုတ်ရဲ့မူဝါဒဟာ ပြည်တွင်းစက်မှုလုပ်ငန်းရှေ့တိုးနိုင်ဖို့ အမေရိကန်နည်းပညာကို ခိုးယူတဲ့မူလို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့်ပဲ အမေရိကန် ထုတ်လုပ်သူတွေဘက်က ကန့်ကွက်မှုတွေရှိနေပေမဲ့ မိုက်ခရိုပရိုဆက်ဆာလို ပစ္စည်းတွေကို တင်ပို့မှု ကန့်သတ်တာမျိုးကို အမေရိကန်ဘက်က ပြုလုပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
လူမှုကွန်ရက် TikTok ကို တရုတ်ပိုင်ဆိုင်မှုနဲ့ အမေရိကန်နိုင်ငံထဲ အသုံးပြုခွင့်ပေးခဲ့တဲ့ကိစ္စဟာ နည်းပညာနဲ့ပတ်သက်ပြီး သံသယနဲ့စွပ်စွဲချက်တွေကြားက တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးမှာ အပျော်နဲ့အဆုံးသတ်တဲ့ရှားရှားပါးပါး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ခေတ်သစ်နည်းပညာ ဉာဏ်ရည်တု(AI) စနစ်တွေ အပြိုင်အဆိုင်ကြိုးပမ်းမှုမှာတော့ တရုတ်နဲ့ အမေရိကန်ကြားက အရွေ့ဟာ တစ်မျိုးဖြစ်နေပြန်ပါတယ်။ DeepSeek လို တရုတ်ကုမ္ပဏီတွေဟာ အမေရိကန် AI ကို ခိုးယူနေတယ်လို့ဆိုတဲ့အမေရိကန်ဘက်က စွပ်စွဲချက်တွေကြောင့် AI နဲ့ပတ်သက်လာရင် ရှုပ်ရှုပ်ထွေးထွေးဖြစ်နေဆဲပါ။
''AI စစ်အေးတိုက်ပွဲက စာမျက်နှာအသစ်ပွင့်လာနေတယ်လို့ ပြောလို့ရပါတယ်'' လို့ ဂျွန်အယ်လ်သွန်တွန် တရုတ်စင်တာက ယင်ကျီမာက ပြောပါတယ်။ ''တရုတ်ဟာ အမေရိကန် အေအိုင် မိုဒယ်တွေကို ခိုးယူနေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲနေချိန်မှာ ဘေကျင်းဘက်ကလည်း အခု စင်ကာပူမှာ ခြေစိုက်နေတဲ့ တရုတ်ထူထောင် အေအိုင်လုပ်ငန်း Manus ကို Meta ဘက်က ဝယ်လို့ မရအောင် လုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ အခုပိုနက်နဲလာတာက ဘယ်သူ့မိုဒယ်ကို ဘယ်သူက ခိုးယူနေလဲဆိုတာမျိုးမဟုတ်တော့ဘူး။ AI မျိုးဆက်သစ်နောက်တစ်ခုကို ဖန်တီးနိုင်မယ့်သူ နောက်ကို လိုက်တာမျိုးဖြစ်နေပါတယ်''
တရုတ်စက်ရုပ်တွေဟာ အပြကောင်းတဲ့အဆင့်ကို ရောက်နေပါပြီ။ ကွန်ဖူး ကစားပြတာမျိုးနဲ့ ဘေကျင်း မာရသွန်မှာ လူတွေထက် မြန်မြန်ပိုပြေးနိုင်တာမျိုး လုပ်ပြထားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VCG via Getty Images
ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေဟာ ဒီစက်ရုပ်တွေ တည်ဆောက်ရေးကို အထူးကျွမ်းကျင်အောင် လုပ်နေချိန်မှာ ဒီစက်ရုပ်တွေ ဖန်တီးရေးမှာ အခရာကျတဲ့ ပရိုဂရမ်တည်ဆောက်ရေးအပိုင်းကို လုပ်နေကြတဲ့ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ ဒိတ်ဒိတ်ကြဲ စက်ရုပ်တစ်ရုပ် တည်ဆောက်နိုင်ဖို့ တရုတ်ကုမ္ပဏီတွေဟာ နည်းပညာအမြင့်ဆုံး ကွန်ပျူတာ ချပ်စ်ပြားတွေကို လိုအပ်ပါတယ်။ ဒီချပ်စ်ပြားတွေက အမေရိကန်ကနေ လာပါတယ်။
ဒီနေရာမှာ ဘေကျင်းဟာ ထရမ့်ဘက်က အငမ်းမရ လိုက်လံစုဆောင်းနေကြောင်း ပြသထားတဲ့ မြေရှားသတ္တုတွေအပိုင်းမှာ သူ့ အသာစီးရမှုကို အသုံးပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်ဟာ စမတ်ဖုန်းတွေကစလို့ လေယာဉ်စက်ခေါင်းအဆုံး ခေတ်မီနည်းပညာသုံး ထုတ်ကုန်တွေမှာ တွေ့ရတဲ့ မြေရှား ၉၀ ရာခိုင်နှုန်းကို သန့်စင်နေတာဖြစ်ပါတယ်။
ဒီတော့ သဘောတူညီချက်ရဖို့ လုပ်ရမှာတွေက များလှပါတယ်။ အမေရိကန်ဟာ နည်းပညာမြင့်ချပ်စ်ပြားတွေ ပေးပြီး တရုတ်ရဲ့မြေရှားကို ရနိုင်ပါတယ်။ မြေရှားဟာ ခိုင်းနှိုင်းရရင် တရုတ်ရဲ့ ကိုယ်ပိုင် ဟောမုဇ် ရေလက်ကြားအသွင် ဖြစ်နေပါတယ်။ တရုတ်က ထောက်ပို့ကွင်းဆက်ကို ကြိုက်တဲ့အချိန်မှာ ရပ်ပစ်လိုက်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒါပေမဲ့ ထရမ့်ရဲ့အခုတစ်ခေါက် ခရီးစဉ်ဟာ အချိန်တိုတောင်းပေမဲ့ နှစ်ဖက်စလုံးမှာ ခြုံငုံဆွေးနွေးရမယ့်ကိစ္စတွေက များလှပါတယ်။ ကြာသပတေးနဲ့ သောကြာတို့မှာ ဆွေးနွေးပွဲတွေ ၂ ရက်ဆက်တိုက်ရှိနေပါတယ်။
ခေါင်းဆောင် နှစ်ယောက်စလုံးအတွက် သဘောတူညီချက်တွေ ကျယ်ကျယ်ပြန့်ပြန် ရရှိဖို့ရာ အချိန် မလုံလောက်ပေမဲ့ မျက်နှာချင်းဆိုင် ခဏဆုံလိုက်တာကပဲ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ရှေ့လျှောက်ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အစပျိုးနိုင်ပြီလို့ ဆိုနိုင်မှာဖြစ်ပါတယ်။
ထိပ်ပိုင်းဓာတ်ပုံ မူရင်း - Getty










