John Simpson - ‘သတင်းထောက်သက် နှစ် ၄၀ ကျော်မှာ ၂၀၂၅ က စစ်ပွဲပိုများ'

- ရေးသားသူ, ဂျွန် ဆင်မဆင်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာ့ရေးရာအယ်ဒီတာ
စာဖတ်သူအချို့ စိတ်မသက်မသာဖြစ်စေမယ့် ရေးသားဖော်ပြချက်တွေပါဝင်တဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ကျွန်တော့် သတင်းသမားဘဝ သက်တမ်းတလျှောက်မှာ စစ်ပွဲပေါင်း ၄၀ ကျော်ကို သတင်းလိုက်တင်ပြခဲ့ဖူးပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေကတည်းက ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲ အမြင့်ဆုံးရောက်ခဲ့ချိန်ကို မြင်ခဲ့ရသလို နောက်ပိုင်း အငွေ့ပျံပျောက်ကွယ်သွားတာကိုလည်း ကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်လို စိုးရိမ်စရာကောင်းတဲ့ နှစ်ကိုတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ပဋိပက္ခကြီးတွေအများစုဟာ အရှိန်ကောင်းကောင်းနဲ့ဖြစ်လာနေလို့တင်မက အဲဒီထဲက တစ်ခုဆိုရင် ပထဝီနိုင်ငံရေးအရလည်း သက်ရောက်မှုကြီးတွေ ရှိတယ်ဆိုတာ ရှင်းရှင်းပဲတွေ့လာရလို့ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကတော့ သူ့နိုင်ငံမှာ ရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲဟာ ကမ္ဘာ့စစ်ပွဲအသွင် အရှိန်မြင့်သွားနိုင်တယ်လို့ သတိပေးပါတယ်။ ပဋိပက္ခတွေကို နှစ်ပေါင်း ၆၀ နီးပါးစောင့်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့ သူ့အပြောဟာ လက်မခံချင်လည်း လက်ခံရတော့မယ့် ခံစားချက်မျိုးရနေပါတယ်။
မြောက်အတ္တလန္တိတ်စာချုပ်(NATO) အဖွဲ့ဝင် အစိုးရတွေဟာ အနောက်လူမှုအသိုက်အဝန်းတစ်ခုလုံးကို မောင်းနှင်နေတဲ့ အီလက်ထရောနစ်ဆက်သွယ်ရေး ပင်လယ်ရေအောက် ဆက်ကြောင်းတွေကို ရုရှားက ဖြတ်တောက်လာနိုင်ခြေရှိတဲ့အရိပ်အယောင်ကို သတိကြီးကြီးထား စောင့်ကြည့်နေပါတယ်။ ရုရှားဒရုန်းတွေဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို အကဲစမ်းနေတယ်လို့ စွပ်စွဲခံရပါတယ်။ သူတို့ရဲ့ ကွန်ပျူတာ ဟက်ကာတွေဟာ ဝန်ကြီးဌာနတွေ၊ အရေးပေါ် ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကို လုပ်ငန်းရပ်ဆိုင်းသွားအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိနေပါတယ်။
အနောက်ကမ္ဘာက အာဏာပိုင်တွေကတော့ ရုရှားလျှို့ဝှက်ထောက်လှမ်းရေးဟာ အနောက်မှာ သွားခိုလှုံတဲ့အစိုးရဆန့်ကျင်သူတွေကို သတ်ဖြတ်တာ၊ သတ်ဖြတ်ဖို့ ကြိုးပမ်းတာတွေ လုပ်နေတယ်လို့ ယူဆပါတယ်။ ရုရှားထောက်လှမ်းရေးဟောင်း ဆာဂေး စကရီပယ် ယူကေက ဆော်ဘရီမြို့မှာ ၂၀၁၈ ခုနှစ်တုန်းက လုပ်ကြံခံရဖို့ ဖြစ်ခဲ့တာဟာ ရုရှားက အမြင့်ဆုံးအဆင့်ရဲ့ သဘောတူညီမှုပါဝင်တဲ့ တိုက်ခိုက်မှုလို့ စုံစမ်းစစ်ဆေးရေးက ကောက်ချက်ချခဲ့ပါတယ်။
ဒါဟာ သမ္မတ ပူတင် ကိုယ်တိုင်ပါဝင်တာလို့ ဆိုလိုတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
၂၀၂၅ ခုနှစ်မှာ တစ်ခုနဲ့တစ်ခု အတော်ကြီးကွဲပြားတဲ့ စစ်ပွဲ သုံးပွဲအထိ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂအပြောအရ လူပေါင်း ၁၄,၀၀၀ ကျော် သေဆုံးတဲ့ ယူကရိန်းစစ်ပွဲ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးဘက်ကို ဝင်တိုက်ခိုက်ပြီး လူပေါင်း ၂၅၁ ဦးကို ဓားစာခံခေါ်ဆောင်သွားခဲ့၊ လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရအပြီးမှာ "အပြင်းအထန်လက်တုံ့ပြန်မယ်" လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပြောဆိုအပြီး ဂါဇာမှာဖြစ်တဲ့စစ်ပွဲတို့ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီကစပြီး အစ္စရေးရဲ့စစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၇၀,၀၀၀ ကျော်သေဆုံးတယ်လို့ ဟားမတ်စ်အဖွဲ့ စီမံလည်ပတ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲ ၃၀,၀၀၀ ကျော်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။ ကုလသမဂ္ဂကလည်း ဒီအရေအတွက်ဟာ ဖြစ်နိုင်တယ်လို့မှတ်ယူပါတယ်။
ဒီအတောအတွင်း ဆူဒန်မှာလည်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူပေါင်း ၁၅၀,၀၀၀ ကျော် သေဆုံးပြီး လူ ၁၂ သန်းကျော်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရပါတယ်။
ဆူဒန်စစ်ပွဲဟာ ၂၀၂၅ ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ တစ်ခုတည်းသော စစ်ပွဲဆိုရင်တော့ ကမ္ဘာဝင်ရောက်တားဆီးပေးတာမျိုး ပိုလုပ်နိုင်ခဲ့မှာပါ။ ဒါပေမဲ့ စစ်က ဒီတစ်ခုတည်းရှိနေခဲ့တာ မဟုတ်ပါဘူး။
''ကျွန်တော်က စစ်ပွဲတွေ ဖြေရှင်းပေးနိုင်တယ်'' လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာမှာ အပစ်အခတ်ရပ်အောင် သူ ညှိနှိုင်းပေးခဲ့ပြီးတဲ့နောက် အစ္စရေးကို လေယာဥ်နဲ့အသွားမှာပြောပါတယ်။ ဂါဇာမှာ လူသေဆုံးမှုနည်းသွားတာကတော့ အရှိတရားပါ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲမှု ရှိနေပေမဲ့လည်း ဂါဇာစစ်ပွဲဟာ အလုံးစုံပြီးစီး ပြေလည်သွားတာတော့ မဟုတ်နေပြန်ပါဘူး။
အရှေ့အလယ်ပိုင်းမှာ လူတွေ ထိခိုက်သေကြေခံစားမှုတွေ အကြီးကြီးရှိနေချိန်မှာ ယူကရိန်းက စစ်ပွဲဟာ အဲဒီထက် ပိုဆိုးတဲ့နောက်တစ်ဆင့်ကိုရောက်နေတယ်လို့ ပြောရင် ထူးဆန်းသလို ဖြစ်ကြမှာပါ။ ဒါပေမဲ့ တကယ်လည်း အဲဒီလို ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
စစ်အေးကို ဖယ်ထားလိုက်ရင် ကျွန်တော့် သတင်းထောက်သက်တမ်းမှာ နှစ်ပေါင်းများစွာစစ်ပွဲတွေ၊ ပဋိပက္ခတွေကို သတင်းယူဖူးပါတယ်။ ဒါပေမဲ့ အဲဒီစစ်ပွဲတွေဟာ ဆိုးရွား အန္တရာယ်များတယ်ဆိုပေမဲ့ အများစုက သိပ်မကြီးမားပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လောက်တဲ့အထိ မဟုတ်ပါဘူး။ တချို့ ပဋိပက္ခတွေ ဥပမာပြောရရင် ဗီယက်နမ်စစ်၊ ပထမ ပင်လယ်ကွေ့စစ်ပွဲ၊ ကိုဆိုဗိုက စစ်ပွဲတွေဟာ ပိုဆိုးတဲ့ ပဋိပက္ခအကြီးကြီးတွေအထိ ဖြစ်လာလုနီး ရောက်ခဲ့ပေမဲ့ တကယ်တမ်းတော့ အဲဒီလို ဖြစ်မလာခဲ့ကြပါဘူး။
ဒေသတွင်းမှာ ဖြစ်လာတတ်တဲ့ သမားရိုးကျစစ်ပွဲကနေ နျူကလီးယား စစ်ပွဲကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားမှာကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အတော်ကြီး စိုးရိမ်ကြပါတယ်။
''ခင်ဗျားအတွက် ကျွန်တော် တတိယကမ္ဘာစစ်ကို စမှာမဟုတ်ဘူး'' လို့ ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဆာ မိုက်ခ် ဂျက်ဆန်က ၁၉၉၉ ခုနှစ်က ကိုဆိုဗိုမှာ သူ့ရဲ့ ရေဒီယိုစက်ထဲကနေတဆင့် အော်ပြောခဲ့ဖူးတာရှိပါတယ်။ ရုရှားတပ်တွေ အရင်ဆုံးရောက်နေတဲ့ ပရစ္စတီးနား လေယာဥ်ကွင်းကို တက်သိမ်းဖို့ သူ့ရဲ့အထက် နေတိုးအရာရှိက ပြင်သစ်နဲ့ ဗြိတိသျှ တပ်တွေကို အမိန့်ပေးတဲ့အခါ သူက အဲဒီလို ပြောခဲ့တာပါ။
သမ္မတ ထရမ့်ဟာ ဥရောပအပေါ် စိတ်ဝင်စားမှုနည်းနေတာကို ပြနေတာကြောင့် ၂၀၂၆ ခုနှစ်မှာတော့ ရုရှားက ဥရောပထဲအထိ ပိုတိုးပြီး သြဇာလွှမ်းမိုးမှုရှိလာအောင် တွန်းလုပ်ဖို့ အသင့်ဖြစ်နေတဲ့ပုံပါ။
ဒီဇင်ဘာလ အစောပိုင်းတုန်းကတော့ သမ္မတပူတင်က ရုရှားဟာ ဥရောပနဲ့ စစ်ဖြစ်ဖို့ ပြင်နေတာမရှိဘူးလို့ ပြောပေမဲ့ ဥရောပဘက်က စစ်ဖြစ်ချင်နေတာဆိုရင်တော့ သူ့ဘက်ကလည်း "ခုချက်ချင်းအဆင်သင့်ပဲ" လို့ ပြောထားပါတယ်။
အဲဒီနောက်ပိုင်း ရုပ်သံကနေ ထုတ်လွှင့်ချက်တစ်ခုမှာတော့ ''ကျွန်တော်တို့က ခင်ဗျားတို့နဲ့ဆက်နွှယ်တဲ့အကျိုးစီးပွားတွေကို လေးစားဖို့ အမြဲကြိုးစားသလို ခင်ဗျားတို့ကလည်း (ကျွန်တော်တို့အကျိုးစီးပွားကို) လေးစားမယ်ဆိုရင်၊ ကျွန်တော်တို့ကို လေးစားသမှုနဲ့ ဆက်ဆံတယ်ဆိုရင်တော့ ဘယ်လို စစ်ဆင်ရေးမှ ရှိလာမှာ မဟုတ်ဘူး'' လို့ ပြောပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံရုရှားဟာ လွတ်လပ်တဲ့ဥရောပနိုင်ငံတစ်နိုင်ငံကို ကျူးကျော်နေခဲ့ပြီးဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ အရပ်သားရော စစ်သားတွေပါ သေဆုံးမှု ကိန်းဂဏန်းမြင့်တက်နေပါတယ်။ ပြီးတော့ ရုရှားဟာ ကလေးငယ် နှစ်သောင်းလောက်ကို ပြန်ပေးဆွဲထားတယ်လို့လည်း ယူကရိန်းဘက်က စွပ်စွဲပါတယ်။ ဒီဖြစ်ရပ်မှာ သမ္မတ ပူတင် ပါဝင်တယ်လို့ဆိုပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ပူတင်ကို ဖမ်းဝရမ်းထုတ်ပါတယ်။ ရုရှားဘက်ကတော့ သူတို့ပါဝင်ပတ်သက်တာမရှိဘူးလို့ တောက်လျှောက် ငြင်းချက်ထုတ်ခဲ့ပါတယ်။
နေတိုးအဖွဲ့ရဲ့ နယ်ချဲ့ချင်းနင်းဝင်ရောက်လာတာကို ကာကွယ်ဖို့ ယူကရိန်းကို သူဝင်တိုက်ခဲ့တာလို့ ရုရှားက ပြောပါတယ်။ ဒါပေမဲ့ သမ္မတပူတင်မှာ တခြားစိတ်ဆန္ဒရှိနေပါတယ်။ အဲဒါကတော့ ဒေသတွင်းမှာ ရုရှားရဲ့ စိုးမိုးနိုင်မှုနဲ့ သြဇာကို ပြန်လည်ထူထောင် အသက်သွင်းဖို့ပါ။
အရင်ကနဲ့ မတူတော့တဲ့ အမေရိကန်
ပူတင်အဖို့တော့ ၂၀၂၅ ခုနှစ်ဟာ အနောက်ကမ္ဘာက နိုင်ငံတွေ ဘယ်လိုမှတွေးထင်မထားတာမျိုး ဖြစ်လာတာကို သတိပြုမိပြီး အဲဒီအတွက် ကျေးဇူးတင်နေမှာပါ။ အဲဒါကတော့ အမေရိကန် သမ္မတတစ်ယောက်က ဒုတိယကမ္ဘာစစ်ကတည်းက တည်ရှိလာတဲ့ ဗျူဟာမြောက်စနစ်ကြီးတစ်ခုကို ကျောခိုင်းလိုက်မယ်ဆိုတာကို ဘယ်သူမှ ကြိုတွေးမထားနိုင်ခဲ့ပါဘူး။
အခုတော့ ဥရောပကို ကာကွယ်ပေးဖို့ ဝါရှင်တန်ကိုယ်တိုင်လည်း မသေချာတော့သလို ဥရောပသွားနေတဲ့လမ်းကြောင်းကိုလည်း မထောက်ခံပြန်ပါဘူး။ ထရမ့်အစိုးရရဲ့ အမျိုးသားလုံခြုံရေးဗျူဟာသစ် အစီရင်ခံစာမှာ ဥရောပဟာ ''လူမှုတိုးတက်မှု ပျောက်ကွယ်မယ့်ကိန်းဆိုက်နေပြီ'' လို့ဆိုထားပါတယ်။
ကလင်မရင်နန်းတော်ကတော့ ဒီအစီရင်ခံစာကို ကြိုဆိုပါတယ်။ ရုရှားရဲ့အမြင်နဲ့လည်း ကိုက်ညီနေတယ်လို့ ဆိုပါတယ်။ ဒါကတော့ အသေအချာပါပဲ။
ရုရှားနိုင်ငံထဲမှာတော့ ပူတင်ဟာ သူ့ကို အတွင်းပိုင်းကနေ တွန်းလှန်မှုတွေကို အသံတိတ်အောင်လုပ်ထားပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လာရင်လည်း အကန်ပြောမယ့်သူတွေမရှိအောင် လုပ်ထားတယ်လို့ ရုရှားက လူ့အခွင့်အရေးအခြေအနေကို အစီရင်ခံနေတဲ့ ကုလအထူးကိုယ်စားလှယ်က ပြောထားပါတယ်။ ဒါပေမဲ့လည်း ပူတင်ဟာ သူ့ပြဿနာနဲ့သူပါ။ ငွေကြေးဖောင်းပွမှုနှုန်းက အေးနေရာက ပြန်မြင့်တက်လာမယ့်အခြေအနေရှိနေပြီး၊ ရေနံကရတဲ့ ဝင်ငွေတွေကလည်း လျော့ကျနေပါတယ်။ သူ့အစိုးရဟာ စစ်ပွဲအသုံးစရိတ်အတွက် စားသုံးသူတွေဆီက အခွန်တိုးကောက်တာလုပ်လာရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပသမဂ္ဂရဲ့စီးပွားရေးဟာ ရုရှားထက် ၁၀ ဆ ကြီးမားပါတယ်။ ယူကေကိုပါထည့်ပေါင်းရင် အဲဒီထက်တောင်များပါလ်ိမ့်မယ်။ ဥရောပမှာ စုစုပေါင်း လူဦးရေ သန်း ၄၅၀ ရှိပြီး ဒါဟာ လူဦးရေ ၁၄၅ သန်းရှိတဲ့ ရုရှားထက် ၃ ဆကျော် များပါတယ်။
ဒါပေမဲ့လည်း ဥရောပအနောက်ပိုင်းဟာ သူ့ရဲ့ရှိရင်းစွဲ နေမြဲသက်သာ အခြေအနေကို ဆုံးရှုံးရမှာကို ကြောက်နေပုံရပါတယ်။ မကြာသေးခင်ကာလအထိလည်း အမေရိကန်က ဥရောပကို အကာအကွယ်ပေးဖို့ပဲ မျှော်လင့်ပြီး ကာကွယ်ရေးစရိတ်အတွက် ကိုယ်ပိုင်ငွေထုတ်သုံးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီနေ့ခေတ် အမေရိကန်ကလည်း အများကြီးပြောင်းလဲခဲ့ပါပြီ။ ကမ္ဘာပေါ်မှ သြဇာလွှမ်းမိုးမှုလျော့လာပြီး အပြင်ထက် ကိုယ့်နိုင်ငံထဲကိုပဲ ပိုကြည့်လာခဲ့ပါတယ်။ ကျွန်တော့်သတင်းသမားဘဝ သက်တမ်းမှာ သတင်းတွေလိုက်ခဲ့ ဖော်ပြခဲ့တဲ့အမေရိကန်နဲ့တော့ တခြားစီဖြစ်ပါတယ်။ ဒီနေ့ အမေရိကန်ဟာ ကိုယ့်ရဲ့အမျိုးသားအကျိုးစီးပွားကိုပဲ ကြည့်တဲ့ ၁၉၂၀ နဲ့ ၃၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်နဲ့ သွားတူနေပါတယ်။
သမ္မတ ထရမ့်ဟာ ၂၀၂၆ လွှတ်တော်သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးအရ အများကြီး အားလျော့သွားခဲ့မယ်ဆိုရင်တောင် သူ့ရဲ့ အခုမူတွေက ဟိုးအဝေးကြီးအနာဂတ်အထိပါ သက်ရောက်မှုတွေရှိနေတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၂၈ သမ္မတရွေးပွဲကနေ နေတိုးဘက်ယိမ်းတဲ့ သမ္မတတစ်ယောက် တက်လာခဲ့မယ်ဆိုရင်တောင် သူ့အနေနဲ့ ဥရောပအတွက် အကူအညီတွေအများကြီး ဖြစ်အောင် လုပ်ပေးနိုင်ဖို့ မလွယ်လောက်ပါဘူး။
ဒါကို ဗလာဒီမီယာ ပူတင် တစ်ယောက် မသိဘူးလို့တော့ မထင်လိုက်ပါနဲ့။
တင်းမာမှု ကျယ်ပြန့်မြင့်မားလာနိုင်ခြေ
အခု ၂၀၂၆ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာပါ။ ဇလန်းစကီးဟာ ယူကရိန်းနယ်မြေ ကြီးကြီးမားမားကို လက်လျှော့အဆုံးခံလိုက်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရဖို့ လုပ်လိုက်တာရမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်လိုက်လို့ သမ္မတ ပူတင်အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တစ်ကျော့ပြန်လာတာမျိုးကို မဖြစ်အောင် လုံလောက်တဲ့ အာမခံချက်မျိုးရော ရှိမှာပါလား။
ရုရှားနဲ့စစ်ဖြစ်နေတယ်ဆိုတဲ့စိတ်ကို သွင်းထားတဲ့ ယူကရိန်းရဲ့ ဥရောပက မဟာမိတ်တွေအတွက်တော့ ဒီမေးခွန်းက အရေးကြီးပါတယ်။ ဥရောပဟာ ယူကရိန်းကို စစ်ဆက်တိုက်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေကို ပိုလုပ်ရပါလိမ့်မယ်။ အမေရိကန်ကလည်း ယူကရိန်းကို ကျောခိုင်းမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ဒီလိုသာဖြစ်လာရင် ဥရောပအတွက် ပိုလို့တောင် ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာစေမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Global Images Ukraine via Getty Images
ဒါပေမဲ့ ဒီစစ်ပွဲဟာ နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ့်အဖြစ်အထိ ပြောင်းသွားနိုင်မလား။
သမ္မတ ပူတင်ဟာ အလောင်းအစားလုပ်တတ်သူလို့ ကျွန်တော်တို့ သိထားပြီးဖြစ်ပါတယ်။ တွေးတွေးချင့်ချင့်လုပ်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုရင် သူဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်မှု လုပ်မယ်လို့ မထင်ပါဘူး။ သူ့ အနားမှာရှိသူတွေက ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ရုရှားက ထုတ်ပြနေတဲ့လက်နက်သစ်တွေနဲ့ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်သွားအောင်လုပ်ဖို့ သွေးထိုးပေမဲ့ သူကတော့ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းရှိနေဆဲပါ။
အမေရိကန်ဟာ နေတိုးအဖွဲ့မှာ အခုလို ပါနေသေးသရွေ့ သူတို့ကလည်း ရှိတဲ့ဖျက်အားပြင်း နျူကလီးယားတိုက်ခိုက်မှုနဲ့ တုံ့ပြန်လာနိုင်မယ့် အန္တရာယ်ကြီးလည်းရှိနေပါတယ်။ ဒါကြောင့် ပူတင်ဘက်ကလည်း အခုအချိန်မှာတော့ လုပ်လာဖို့ မဖြစ်လောက်သေးပါဘူး။
တရုတ်ရဲ့ကမ္ဘာ့ အခန်းကဏ္ဍ
တရုတ်အတွက်တော့ သမ္မတ ရှီကျင့်ဖျင်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တည့်တည့် ခြိမ်းခြောက်မှုတချို့ မကြာသေးခင်တုန်းကပဲ လုပ်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကတော့ အမေရိကန်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ်က ရှီကျင့်ဖျင်ဟာ တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ကို ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ဝင်တိုက်ဖို့ အသင့်ပြင်ထားဖို့ ပြောထားတယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ ထိုင်ဝမ်ကို ပြန်ရဖို့ ပြတ်သားတဲ့ လုပ်ဆောင်မှုတစ်ခုခု မလုပ်ဘူးဆိုရင် ဒါဟာ တရုတ်ဘက်က အားနည်းထိရောက်မှုမရှိတာလို့ ရှီကျင့်ဖျင်က ယူဆပါတယ်။ သူက ဒါမျိုး ဖြစ်စေချင်မှာ မဟုတ်ပါဘူး။
တရုတ်ဟာ ဒီနေ့ခေတ်မှာ သိပ်အားကောင်းပြီး သိပ်ချမ်းသာ ကြွယ်ဝနေပြီဖြစ်လို့ ပြည်တွင်းက လူထုအသံကို ဂရုစိုက်စရာမလိုဘူးလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ တကယ်က အဲဒီလိုမဟုတ်ပါဘူး။
တီရန်နန်မင်ရင်ပြင်မှာ လူအစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့အဆုံးသတ်တဲ့ ၁၉၈၉ ခုနှစ်တုန်းက တိန့်ရှောင်ဖိန်ကို ဆန့်ကျင်တဲ့ အုံကြွမှု ဖြစ်ပြီးကတည်းက တရုတ်ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာ ဘယ်လိုတုံ့ပြန်လာနိုင်လဲဆိုတာကို အရေးတယူစောင့်ကြည့်နေပါတယ်။
တီရန်နန်မင်ရင်ပြင်မှာဖြစ်တဲ့ဖြစ်ရပ်တွေကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရပြီး ရင်ပြင်မှာပဲနေပြီး သတင်းတင်ဆက်ခဲ့တာတွေတောင် လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images, Sputnik, Pool
လက်နက်ကိုင်စစ်သားတွေက လက်နက်မဲ့ကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက် ဇာတ်လမ်းဟာ အဲဒီအချိန်က ကျွန်တော်တို့ တွေးထင်ထားတဲ့အတိုင်းတော့ မရိုးရှင်းလှပါဘူး။ အဲဒီဖြစ်စဥ်ကတော့ ဖြစ်ခဲ့တာပါပဲ။
ဒါပေမဲ့ ဘေကျင်းနဲ့ နောက် တရုတ်မြို့ကြီးတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတစ်ခုလည်း ရှိနေပါတယ်။ အဲဒါကတော့ သာမန်လက်လုပ်လက်စား သောင်းချီတဲ့ လူတွေဟာ လမ်းပေါ်တက်လာကြပါတယ်။ ကျောင်းသားတွေကို တိုက်ခိုက်မှုဖြစ်ရပ်ကို အခြေတည်ပြီး ကွန်မြူနစ်ပါတီရဲ့ထိန်းချုပ်မှုကို မြေလှန်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြတာပါ။
အဲဒီလိုဖြစ်အပြီး ၂ ရက်ကြာ လမ်းတွေပေါ်ကို ကျွန်တော် ကားနဲ့ပတ်ကြည့်တော့ ရဲစခန်း ၅ ခုနဲ့ ဒေသန္တရလုံခြုံရေး ရဲစခန်း ၃ ခုလောက် မီးရှို့ခံထားရတာကို မြင်ခဲ့ရပါတယ်။ ဆင်ခြေဖုံး အရပ်တစ်ခုမှာဆိုရင် ဒေါသထွက်နေတဲ့လူအုပ်က ရဲတစ်ယောက်ကို မီးရှို့ပြီး မီးကျွမ်းနေတဲ့သူ့အလောင်းကို နံရံမှာ ချိတ်ထားတာကိုလည်း တွေ့ခဲ့ပါတယ်။
အလောင်းရဲ့ခေါင်းပေါ်မှာ ရဲဦးထုပ်ဆောင်းပေးထားပါတယ်။ မည်းနေတဲ့ နှုတ်ခမ်းတွေကြားမှာ စီးကရက်တစ်လိပ်ကို ညှပ်ပေးထားပါတယ်။
တကယ်တော့ တရုတ်စစ်တပ်ဟာ ကျောင်းသားတွေရဲ့ဆန္ဒပြပွဲကိုတင် နှိမ်နင်းတာ မဟုတ်ပါဘူး။ သာမန် တရုတ်လူတန်းစားတွေကြား ပေါ်ထွက်လာတဲ့အုံကြွမှုကိုပါ နှိမ်နင်းခဲ့တာဖြစ်ပါတယ်။
တရုတ်ရဲ့နိုင်ငံရေးခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ ၃၆ နှစ်တုန်းက ဖြစ်ခဲ့တဲ့ပုံရိပ်တွေကို မေ့ဖို့ရာ မစွမ်းသာသေးပါဘူး။ ဒါကြောင့် အတိုက်အခံလက္ခဏာတွေကို အမြဲမပြတ်ရှာဖွေနေတာဖြစ်ပါတယ်။ ဖာလွန်ဂေါင်းအဖွဲ့၊ ဒါမှမဟုတ် လွတ်လပ်တဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဒါမှမဟုတ် ဟောင်ကောင်က ဒီမိုကရေစီ ဆန္ဒပြပွဲ၊ ဒါမှမဟုတ် ဒေသအာဏာပိုင်တွေ လာဘ်စားလို့ ဒေသခံတွေ ဆန္ဒပြကြတာမျိုးတွေကိုအထိ တရုတ်ခေါင်းဆောင်ပိုင်းက မျက်စေ့ ဒေါက်ထောက်ကြည့်နေပါတယ်။ ဒါတွေ အားလုံးကိုလည်း အင်အားသုံးပြီး ဖြိုခွင်းပါတယ်။
၁၉၈၉ ခုနှစ်ကစလို့ တရုတ်အကြောင်း ကျွန်တော် အချိန်တော်တော်များများ စောင့်ကြည့် သတင်းတင်ဆက်ခဲ့ပါတယ်။ အဲဒီကာလတလျှောက် စီးပွားရေးနဲ့နိုင်ငံရေး လွှမ်းမိုးနိုင်မှု တက်လာတာကို ကျွန်တော်မြင်ခဲ့ရပါတယ်။ ရှီကျင့်ဖျင်ရဲ့ ပြိုင်ဘက် ထိပ်တန်းနိုင်ငံရေးသမားတစ်ယောက်နဲ့တောင် ကျွန်တော် သိကျွမ်းခဲ့ပါတယ်။ သူ့နာမည်က ဘိုရှီလိုင်ပါ။ သူက အင်္ဂလန်ကို လိုလားအားကျသူဖြစ်ပြီး တရုတ်နိုင်ငံရေးအကြောင်း တော်တော်ပွင့်ပွင့်လင်းလင်း ပြောတတ်သူတောင်ဖြစ်ပါတယ်။
တစ်ခါတော့ သူ ကျွန်တော့်ကို ပြောဖူးပါတယ်။ ''အစိုးရတစ်ရပ်က သူတို့ဟာ ရွေးကောက်ခံမဟုတ်ဘူး ဆိုတာသိနေရင် ဘယ်လောက် စိတ်ချလက်ချနေနိုင်မလဲဆိုတာ ခင်ဗျား မသိနိုင်ပါဘူး" တဲ့။
ဘိုရှီလိုင်ဟာ ၂၀၁၃ ခုနှစ်မှာ ထောင်တစ်သက်ကျပါတယ်။ လာဘ်စားမှု၊ ငွေကြေးအလွဲသုံးမှု၊ အာဏာ အလွဲသုံးမှု စွဲချက်တွေနဲ့ဖြစ်ပါတယ်။

ဆိုတော့ ၂၀၂၆ ခုနှစ်ဟာ အရေးကြီးတဲ့နှစ် တစ်နှစ်ဖြစ်ပါလိမ့်မယ်။ တရုတ်ရဲ့အင်အားဟာ ကြီးထွားလာမှာဖြစ်ပါတယ်။ ရှီကျင့်ဖျင်ရဲ့ ရည်မှန်းချက်ကြီးဖြစ်တဲ့ ထိုင်ဝမ်ကို လက်လွှဲယူရေး သူ့ဗျူဟာ ပိုပြီး သိသာထင်ရှားလာမှာဖြစ်ပါတယ်။ ယူကရိန်းစစ်ရေးဟာ ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာဖြစ်ပေမဲ့ အပေးအယူအရဆိုရင်တော့ သမ္မတ ပူတင် အသာရသွားနိုင်ပါတယ်။
သူက အသင့်ဖြစ်ပြီဆိုတာနဲ့ ယူကရိန်းပိုင်နက်ကို မျက်စောင်းထိုးဖို့ နောက်တစ်ကြိမ် ပြန်လာကောင်းလာနိုင်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးတောင်ပံ အဖြတ်ခံရနိုင်တဲ့အခြေဆိုက်ရင်တောင် အမေရိကန်ကို ဥရောပနဲ့ ပိုပြီးဝေးဝေး ပို့နိုင်ခြေရှိပါတယ်။
ဥရောပဘက်က ကြည့်ရင်လည်း ရှေ့ရေးဟာ ပိုပြီး မှိုင်းပြနေပါတယ်။
တတိယကမ္ဘာစစ်ဆိုတာသာ ဖြစ်လာရင် နျူကလီးယားလက်နက်တွေနဲ့ အပြန်အလှန် ပစ်ကြတော့မလားလို့ တွေးကြည့်ရင်တော့ စဥ်းစားပါဦးလို့ ပြောရမှာပါပဲ။ ဒီအစား သံခင်းတမန်ခင်းနဲ့ စစ်ရေးအရ အတိုးအဆုတ်လုပ်ကြတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်တည်းက အာဏာကို ပိုင်စိုးချုပ်ထိန်းတဲ့အခြေအနေမျိုးတွေ ပိုထွန်းကားနိုင်ပါတယ်။ ဒါကပဲ အနောက်ကမ္ဘာရဲ့ မဟာမိတ်ဖွဲ့စည်းကို ထိုးခွဲလိုက်သလို ဖြစ်နိုင်ပါတယ်။
တကယ်တမ်းဆို အဲဒီဖြစ်စဥ်ဟာ စတောင်စတင်နေပြီလို့ ဆိုနိုင်ပါတယ်။










