တရုတ်ဝင်တိုက်ရင် ခုခံဖို့ ထိုင်ဝမ်က အစမ်းလေ့ကျင့် ပြင်ဆင်

A treated montage image showing people walk past the Taipei 101 skyscraper building in Taipei, Taiwan and also an image of Taiwan military Patriot air defense system deployed at a park as part of the annual Han Kuang military exercises, in Taipei, Taiwan

ဓာတ်ပုံ ရင်းမြစ်, Ritchie B Tongo/ EPA/Shutterstock/ EPA -EFE/REX/BBC

တရုတ်ဝင်တိုက်လာရင် ဘယ်လိုခုခံမလဲဆိုတာကို ထိုင်ဝမ်က အစမ်းလေ့ကျင့်

တက်ဆာ ဝေါင်း

အာရှဒစ်ဂျစ်တယ် သတင်းထောက်

တရုတ်ကမ်းရိုးတန်းနဲ့ ကီလိုမီတာ အနည်းငယ်အကွာမှာသာရှိတဲ့ ထိုင်ဝမ် ကင်မန်းကျွန်းရဲ့ သောကြာ နေ့ မနက်ခင်းက အရင်နေ့တွေက မနက်ခင်းလိုပဲ အေးဆေးတိတ်ဆိတ်လို့ပါ။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥသြသံတွေ ဆူညံထွက်လာပါတယ်။

ဒေသအစိုးရ ရုံးတွေမှာ ဝန်ထမ်းတွေက မီးခလုတ်တွေကို ပိတ်ပစ်လိုက်ပြီး စားပွဲခုံအောက်တွေကို ဝင်ပုန်းခိုလိုက်ကြပါတယ်။ တချို့ကတော့ မြေအောက်မှာ လုပ်ထားတဲ့ မော်တော်ယာဥ် ရပ်နားရာ နေရာတွေဆီ ပြေးကြပါတယ်။ အနားက ဆေးရုံတခုမှာ ကျန်းမာရေး ဝန်ထမ်းတွေက သွေးသံရဲရဲ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ လူနာတွေကို အပြေးအလွှားကုသပေးကြပါတယ်။

ဒါပေမဲ့ အဲဒီသွေးတွေက အတုတွေပါ၊ ဒဏ်ရာရသူတွေအဖြစ် ပြည်သူတချို့က သရုပ်ဆောင်ကြတာပါ။ ထိုင်ဝမ် တလွှားမှာ အရင် လတုန်းက အစိုးရ ဝန်ထမ်းတွေနဲ့ အတူ ပြည်သူတွေက အခုလို ပြည်သူ့ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့ကြပါတယ်။

ရည်ရွယ်ချက်က ဘာပါလဲ။

တရုတ်က တိုက်ခိုက်လာရင် ပြန်တုံ့ပြန်နိုင်ဖို့ အစမ်းလေ့ကျင့်ကြတာပါ။

A person laying on a stretcher as part of the drills

ဓာတ်ပုံ ရင်းမြစ်, Tessa Wong/ BBC

ဓာတ်ပုံ ပုံစာ, တရုတ် တိုက်ခိုက်မှုကို တုံ့ပြန်နိုင်အောင် စစ်ဘက် အရပ်ဘက် ပူးပေါင်းပြီး အစမ်းလေ့ကျင့်ကြ

ကိုယ့်ဘာသာ ကိုယ်ပိုင်အုပ်ချုပ်ရေးချမှတ်ထားတဲ့ ထိုင်ဝမ်ကို တရုတ်က "ပြန်လည်ပေါင်းစည်းရမယ်" လို့ ဟိုအရင် ကာလရှည်ကြာကတည်းက ပိုင်းဖြတ် သတ်မှတ်ထားတာဖြစ်ပြီး မလိုက်နာရင် အင်အားသုံးမယ့်နည်းကိုလည်း အသုံးပြုလာနိုင်ပါတယ်။

ဒီခြိမ်းခြောက်မှုကို ထိုင်ဝမ်က အခု အလေးအနက် ပိုထားလာနေပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဏာရလာတဲ့ သမ္မတ ဝီလျံ လိုင်က ကာကွယ်ရေးကို အားမြှင့်ဖို့လိုတယ်လို့ ယုံကြည်သူ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ အကြီးဆုံးစိန်ခေါ်မှုတွေထဲက တခုကတော့ ဒီလို တရုတ်က တိုက်ခိုက်လာနိုင်တယ်ဆိုတာကို သူ့ပြည်သူတွေ ယုံကြည်လာအောင် ဆွဲဆောင်စည်းရုံးဖို့ အရေးပါ။ တရုတ်ရန်ကို ကာကွယ်ရမယ်ဆိုတဲ့အပေါ် အားပေးထောက်ခံမှုရအောင် သူလုပ်နေရတဲ့ အချိန်မှာပဲ အဲဒီ ကာကွယ်ရမယ် ဆိုတဲ့အပေါ် အငြင်းပွားလာနေကြပါတယ်။

A map showing where Taiwan is in relation to China, South Korea, Japan and the Philippines

တိုင်ပေမှာ ဘဏ္ဍာရေးလုပ်ငန်းလုပ်ကိုင်နေသူ တယောက်ဖြစ်တဲ့ ဘန်က "ဒီလို ကာကွယ်ရေး အစမ်းလေ့ကျင့်တာတွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ တရုတ်က တစုံတရာ ခြိမ်းခြောက်နေတာတွေလည်း ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ "တရုတ်က ဝင်တိုက်မယ်ဆိုတဲ့ အလားအလာကတော့ အတော်နည်းပါတယ်။ သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်သိမ်းယူချင်ရင်၊ အရင် ကတည်းက သူတို့ လုပ်နှင့်ပြီးသားပါ" လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

ဘန် လိုပဲ ထိုင်ဝမ်က လူအများအပြားက တရုတ်က ဝင်တိုက်မှာ မဟုတ်ပါဘူးလို့ပဲ မြင်ကြပါတယ်။

အမျိုးသား ကာကွယ်ရေးနဲ့ သေနင်္ဂဗျူဟာ သုတေသန အဖွဲ့ (National Defense and Strategic Research - INDSR) မေလက ထုတ်ပြန်တဲ့ လူထုစစ်တမ်းမှာ ဖြေဆိုသူ ၆၅ ရာခိုင်နှုန်း က နောက် ၅ နှစ်အတွင်း တရုတ်က ထိုင်ဝမ်ကို ဝင်တိုက်နိုင်ခြေ မရှိဘူးလို့ မြင်ကြပါတယ်။

တရုတ်က ထိုင်ဝမ်ကို ဝင်တိုက်နိုင်တာက "မဝေးတဲ့ အနာဂတ်မှာ" လို့ အမေရိကန်က ပြောနေပြီး ဘေဂျင်းဟာ ၂၀၂၇ ခုနှစ်မှာ စစ်ရေးအရ ဝင်ဖို့ ပြင်နေပြီလို့ သတိပေးနေပေမဲ့ ထိုင်ဝမ်က လူတွေကတော့ သိပ်မယုံကြပါဘူး။

ထိုင်ဝမ်ရဲ့ စစ်ရေး ပြင်ဆင်မှုများ

သမ္မတ လိုင်နဲ့ သူ့အစိုးရက "စစ်အတွက် ပြင်ဆင်ထားခြင်းဖြင့် စစ်ကို ကျွန်တော်တို့ ရှောင်ရှားသွားမယ်" လို့ အကြိမ်ကြိမ် ပြောဆိုရင်း သူတို့လုပ်ဆောင်နေတာကို ရှင်းပြပါတယ်။ သူတို့ဟာ ပဋိပက္ခဖြစ်ဖို့ လုပ်နေတာမဟုတ်ဘဲ ထိုင်ဝမ် အနေနဲ့ ကာကွယ်ရေးကို တည်ဆောက်ဖို့ လုပ်ပိုင်ခွင့် ရှိတဲ့အတိုင်း ကာကွယ်ဖို့ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ရေးဆိုင်ရာ အကြီးအမား ပြုပြင်ပြောင်းလဲမှုတွေကို တိုက်တွန်းလာခဲ့တဲ့ သူတို့ဟာ နောက်နှစ်ကျရင် ကာကွယ်ရေး အသုံးစားရိတ်ကို အမေရိကန် ဒေါ်လာ ၃၁ ဘီလျံ အထိ တိုးမြှင့်ဖို့လည်း ဆန္ဒရှိပါတယ်။ ဒါဟာ စစ်ရေးစားရိတ် ၂၃ ရာခိုင်နှုန်း တိုးလိုက်တာဖြစ်ပြီး သူတို့ နိုင်ငံ ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်း ကျော် ပမာဏပါ။

အမေရိကန်က သူတို့ကို ကာကွယ်ရေး စားရိတ်မြှင့်တင်ပါလို့ ပြောနေတဲ့ အချိန်မှာ သူတို့က အခုလို စီစဥ် လုပ်ဆောင်တာပါ။ လိုင်က ကာကွယ်ရေး အသုံးစားရိတ်ကို ၂၀၃၀ ကျရင် ဂျီဒီပီ ၅ ရာခိုင်နှုန်း အထိ တိုးမယ်လို့လည်း ကတိပြုထားပါတယ်။

A person bikes past Taiwan military Patriot air defense system deployed at a park as part of the annual Han Kuang military exercises, in Taipei

ဓာတ်ပုံ ရင်းမြစ်, Ritchie B Tongo/ EPA/Shutterstock

ဓာတ်ပုံ ပုံစာ, သမ္မတ ဝီလျံ လိုင်နဲ့ သူ့အစိုးရတို့က စစ်ရေး ပြုပြင်ပြောင်းလဲမှုတွေ အကြီးအမားလုပ်လာနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်ဝမ်ဟာ လူတိုင်း စစ်မှုထမ်းရမယ့် ကာလကို တိုးမြှင့်လိုက်တာအပြင် စစ်မှုထမ်းတွေအတွက် ပေးတဲ့ လစာနဲ့ အကျိုးခံစားခွင့်တို့ကိုလည်း တိုးလိုက်သလို စစ်သင်တန်းတွေမှာလည်း ပိုပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ထည့်သွင်းလိုက်ပါတယ်။

တပ်အင်အားနည်းပါးနေတာ၊ စိတ်ဓာတ်တက်ကြွမှု နည်းနေတာတို့ကို ဒီလို နည်းတွေနဲ့ ဖြေရှင်းဖို့ အစိုးရက ရည်ရွယ်တာပါ။ အရင်တုန်းက သင်တန်းတွေနဲ့ ပတ်သက်ပြီး စစ်သားတွေက သင်တန်းတွေ အဆင့်နိမ့်တာကို ထောက်ပြခဲ့ကြပါတယ်၊ စစ်သားတွေကြည့်ရတာ ပျော့လွန်းလို့ "စတော်ဘယ်ရီ စစ်သားတွေ" လို့တောင် ခနဲ့ ခံခဲ့ကြရဖူးပါတယ်။

တရုတ် တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ဖို့အတွက် နှစ်စဥ် အစမ်း လေ့ကျင့်မှုဖြစ်တဲ့ ဟန်ကောင် စစ်ရေးလေ့ကျင့်ပွဲမှာ တကယ့် စစ်မြေပြင်ထဲ ကြုံရမယ့် အဖြစ်တွေကို အစားထိုးပြီး ထည့်လာပါတယ်။

ဒီနှစ် စစ်ရေး အစမ်းလေ့ကျင့်မှုက အင်အားပိုင်းမှာ အရင်နှစ်ကထက် ၅၀% ကျော်တိုးလိုက်ကာ အရန်တပ်ဖွဲ့ဝင် ၂၂,၀၀၀ နဲ့ အင်အား အကြီးဆုံးလည်းဖြစ် အချိန် အရှည်ကြာဆုံးလည်းဖြစ်တဲ့ လေ့ကျင့်မှုပါ။

လျှို့ဝှက်တဲ့နည်းနဲ့ ရန်သူရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ပွဲဆင်တာ၊ သတင်းတု သတင်းမှား ကမ်ပိန်းတွေအကြောင်း လေ့ကျင့်တာတွေ အပြင် မြိုပြတိုက်ပွဲတွေကိုလည်း အဓိကထားပြီးလေ့ကျင့်ကြပါတယ်။

Taiwanese military personnel listen to the speech by Taiwanese President Lai Ching-te (William Lai) (Not Pictured)

ဓာတ်ပုံ ရင်းမြစ်, RITCHIE B TONGO/EPA/Shutterstock

ဓာတ်ပုံ ပုံစာ, စစ်မှုထမ်းတွေအတွက် ထိုင်ဝမ်အစိုးရက လစာနဲ့ အကျိုးခံစားခွင့်တွေ တိုးမြှင့်ပေး

အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေးလမ်းဆုံတွေ၊ အဝေးပြေးလမ်းမကြီးတွေ၊ မြို့ထဲက ရပ်ကွက်တွေကို ရန်သူ့တပ်တွေ မဝင်လာနိုင်အောင် ဘယ်လို ကာကွယ်မလဲဆိုတာတွေကို စစ်သားတွေ လေ့ကျင့်ကြပါတယ်။

တိုင်ပေမှာဆိုရင် မြစ်ကမ်းနားက ကွင်းထဲမှာ တိုက်ခိုက်ရေး ရဟတ်ယာဥ်ပေါ်ကို မစ်ဇိုင်းတွေ တင်တဲ့ လေ့ကျင့်ခန်းကို စစ်သားတွေ လေ့ကျင့်ကြသလို စာသင်ကျောင်းတခုကို တင့်ကားပြုပြင်တဲ့ စခန်းတခုဖြစ်အောင် ပြောင်းလဲလိုက်တာတွေကိုလည်း လုပ်ကြည့်ကြပါတယ်။

ဒါ့အပြင် ဝင်ကျူးကျော်ခံရတဲ့ အချိန်မှာ ထိုင်ဝမ်ပြည်သူတွေ အနေနဲ့လည်း ပြင်ဆင်မှု ရှိထားနိုင်အောင် အရပ်သား ကာကွယ်ရေး စွမ်းရည်တွေကို အစိုးရက မြှင့်တင် လုပ်ဆောင်ပေးနေပါတယ်။

နေရာက စွန့်ခွာတာ၊ စီးနင်းတာ၊ ကယ်တင်တာတွေကိုလည်း လေ့ကျင့်

အရင်လက လူအင်အားအများဆုံးနဲ့ လေ့ကျင့်တာတွေထဲက တခုကတော့ မြို့ကြီးတွေမှာ ခံနိုင်ရည်ရှိရေး လေ့ကျင့်မှုပါ။

ထိုင်ဝမ်က မြို့ကြီးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ခံရရင် ဘယ်လိုလုပ်ရလဲ ဆိုတဲ့ လေ့ကျင့်မှုကို ရက်ပေါင်းများစွာ လုပ်ကြပါတယ်။ ဟိုတယ်တွေ၊ ဆိုင်တွေ၊ စားသောက်ဆိုင်တွေကို လုပ်ငန်းရပ်ထားစေပြီး မြို့ခံတွေကို အိမ်ထဲမှာပဲ နေစေပါတယ်။

ခရီးသွားတွေ အနေနဲ့ ရထားတွေ၊ လေယာဥ်တွေပေါ်ကနေ မဆင်းနိုင်တာ ဒါမှမဟုတ် မတက်နိုင်တာတွေ စတဲ့ အဖြစ်တွေမှာ ပါဝင်လုပ်ဆောင်ရပါတယ်။ လေ့ကျင့်စဥ် အမိန့်ကို မလိုက်နာတဲ့ သူတွေကို ဒဏ်ငွေ ရိုက်ပါတယ်။

Rescuers and volunteers secure a telecommunication facility as they participate in the Urban Resilience Exercise after the air raid drill, as part of the annual Han Kuang military exercises, in Taipei, Taiwan

ဓာတ်ပုံ ရင်းမြစ်, Ritchie B Tongo/ EPA/Shutterstock

ဓာတ်ပုံ ပုံစာ, တိုင်ပေမှာ လူတွေက မီးငြိမ်းသတ်ကြတာ၊ အဆောက်အဦတွေပေါ်က ပြေးဆင်းကြရတာတွေကို လေ့ကျင့်ကြ

တိုင်ပေမြို့လယ်မှာ အရေးပေါ်အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေက ဒဏ်ရာရသူတွေကို သယ်ထုတ်တာ၊ မီးတွေ ငြှိမ်းသတ်တာ၊ မစ်ဇိုင်းထိတဲ့ အဆောက်အဦတွေပေါ်က ပြေးဆင်းကြတာမျိုးလို အစမ်း လေ့ကျင့်ပြီး ပြေးဆင်းကြတာ စတာတွေကို လုပ်ကြပါတယ်။

ထွက်ပြေးလာတဲ့ လူတွေကို ကျန်းမာရေး အဖွဲ့တွေက ကားရပ်နားရာနေရာတွေမှာ နေရာချပေးတာ၊ ဒဏ်ရာတွေကို ကြည့်ရှုပေး၊ သွေးတိတ်အောင် ပတ်တီးစည်းပေးတာ၊ ယာယီတဲတွေထဲ လူနာတွေကို ထားပြီး ဓာတ်ဆားရည်တွေကို သွေးပြန်ကြောကတဆင့် သွင်းပေးတာ စတာတွေကို လုပ်ကြပါတယ်။

တချို့ ထိုင်ဝမ်တွေက ဒါတွေလေ့ကျင့်ဖို့ လိုအပ်တယ်လို့ မြင်ကြပါတယ်။ "ဒီလို လုပ်တာ ကောင်းပါတယ်၊ (တရုတ်) ခြိမ်းခြောက်မှုက တိုးလာနေတယ်ဆိုတာကို ကျွန်တော် ယုံတယ်" လို့ ရုံးဝန်ထမ်း တယောက်ဖြစ်တဲ့ စတန်လေ ဝေက ပြောပါတယ်။

ထိုင်ဝမ် ပတ်ပတ်လည်မှာ တရုတ်က စစ်ရေးလေ့ကျင့်ကြတာတွေကို သူက ထောက်ပြပြီး "တရုတ်က ကျွန်တော်တို့ကို လာလာဝိုင်းနေတာ ကြည့်လေ" လို့ ပြောပါတယ်။

"တရုတ်နဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရမယ် ဆိုတာကို ကျွန်တော် လက်ခံ ယုံကြည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကာကွယ်ရေးကိုလည်း မြှင့်တင်ရမယ်" လို့ အိုင်တီ နည်းပညာနဲ့ အသက်မွေးနေတဲ့ ရေယန်းက ပြောပါတယ်။

"ယူကရိန်း စစ်ပွဲ မတိုင်မီတုန်းက အဲဒါမျိုး (တရုတ်က လာတိုက်ခိုက်နိုင်တာ) ဖြစ်လာနိုင်တယ်လို့ ကျွန်တော် လက်မခံခဲ့ဘူး။ ဒါပေမဲ့ ယူကရိန်း အရေး ဖြစ်လာတယ်၊ အဲဒါမျိုး ဖြစ်လာနိုင်တယ်ဆိုတာကို အဲဒီအချိန်မှာပဲ ကျွန်တော် သိလိုက်ပြီ။"

Stanley Wei

ဓာတ်ပုံ ရင်းမြစ်, Tessa Wong/ BBC

ဓာတ်ပုံ ပုံစာ, စတန်လေ ဝေ အပါအဝင် ထိုင်ဝမ်သား တချို့က အစမ်းလေ့ကျင့်ကြတာတွေက ကောင်းတယ်လို့ မြင်ကြ

ဒါပေမဲ့ တချို့ကတော့ ဒါကို ပယ်ချပါတယ်။ "တိုက်ခိုက်လာပြီဆိုပါတော့၊ ကျွန်တော်တို့ ဘာလုပ်နိုင်မှာ မို့လို့လဲ" လို့ အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ မစ္စတာ လျူက ပြောပါတယ်။

"သူတို့ ဝင်သိမ်းမလား ဆိုတာတော့ ကျွန်တော် သေချာ မသိဘူး၊ ဒီ ခြိမ်းခြောက်မှုက အမြဲတမ်း လုပ်နေတဲ့ဟာပါ။"

'ကျွန်မတို့လို သာမန်လူတွေကို သူတို့က ဘာလို့ ထိခိုက်အောင် လုပ်မှာလဲ'

ကင်မန်းကျွန်းမှာတင် သံသယတွေက အထင်အရှားပါ။ ၁၉၄၀ နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၅၀ နှစ်တွေ တဝိုက် တရုတ်နဲ့ ထိုင်ဝမ် စစ်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး လူတွေသေကြေခဲ့ကြတဲ့ ဒီကျွန်းက တိုက်ခိုက်လာမယ်ဆိုရင် ရှေ့တန်းနေရာဖြစ်လာမှာလို့ တွက်ဆ နေခဲ့ကြတာပါ။

ဒါပေမဲ့ ရေလက်ကြားကို ဖြတ်ပြီး စီးပွားရေး ချိတ်ဆက်မှုတွေ ကောင်းလာတဲ့အခါမှာတော့ ကင်မန်းက လူအများအပြားက တရုတ်နဲ့ နီးတာက စီးပွားရေး ကောင်းလာစေတယ်၊ ဒုက္ခကြုံ လာမှာ မဟုတ်ဘူးလို့ မြင်လာကြပါတယ်။

အနီးဆုံး တရုတ်မြို့ဖြစ်တဲ့ ရှားမန်းကနေ ကူးတို့ သင်္ဘောနဲ့ ရေလက်ကြားကျဥ်းကျဥ်းလေးကို ဖြတ်ပြီး သူတို့ဆီ လာလည်ကြတဲ့ တရုတ် ခရီးသည်တွေကို လက်ခံကြိုဆိုရင်း ကင်မန်းရဲ့ စီးပွားရေး အများစုက အကျိုးဖြစ်နေပါတယ်။

Yang Peiling

ဓာတ်ပုံ ရင်းမြစ်, Tessa Wong/ BBC

ဓာတ်ပုံ ပုံစာ, ၁၉၅၈ မှာ ကင်မန်းကို တရုတ်တပ်တွေက ရှားမန်းကနေ အမြောက်တွေနဲ့ ပစ်နေတာကို ယန် ပေလင်းကိုယ်တိုင် တွေ့မြင်ခဲ့ဖူး

အသက် ၇၇ နှစ်အရွယ် ယန် ပေလင်းဟာ ကင်မန်းမှာ ရိုးရာမုန့်ဆိုင်တခုကို ဖွင့်လှစ်ထားပါတယ်။ သူ လူငယ် ဘဝ ၁၉၅၈ ခုနှစ် ထိုင်ဝမ်ရေလက်ကြား ဒုတိယအကြိမ် အကျပ်အတည်း ကာလအတွင်း တရုတ်တပ်တွေက ရှားမန်းကနေ သူတို့ကျွန်းကို အမြောက်တွေနဲ့ ပစ်ခဲ့တာကို ကြုံခဲ့ရပါတယ်။

"ကျွန်မတို့ တောင်တွေပေါ်တက်နေရပြီး တောထဲက အသီးအရွက်တွေရှာစားရတယ်၊ သူတို့ အမြောက်တွေနဲ့ ပစ်နေတာ၊ ကင်မန်းမှာ လာထိမှန်တွေကို တွေ့ခဲ့ရတယ်" လို့ သူက ပြန်ပြောပြပါတယ်။ "ရှားမန်းက လာတိုက်နေပြီလို့ လူတွေက အော်ကြတယ်၊ အရာရာတိုင်းက အနီရောင်လွှမ်းသွားတော့တာပဲ။"

မစ္စ ယန်နဲ့ သူ့ မိသားစုတို့ တောင်ပေါ်က ဂူတွေမှာ ပုန်းအောင်းရင်း အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ သူ့ရွာထဲက တချို့တော့ သေဆုံးခဲ့ရပါတယ်။

ဆယ်စုနှစ်တွေ လွန်လာတော့ သူဟာ ရှားမန်းကနေ လာတဲ့ ခရီးသည်တွေကို သူ့ဆိုင်ကနေ ကြိုဆိုခဲ့ပါတယ်။ "တရုတ်က အခု တို့ကို မတိုက်ခိုက်ပါဘူး" လို့ သူက ငြင်းချက်ထုတ်ပါတယ်။

"တို့အားလုံးက တရုတ်လူမျိုးတွေပဲလေ၊ တို့အားလုံးက မိသားစု တခုတည်းကပဲ မဟုတ်ဘူးလား၊ ကျွန်မတို့လို သာမန်လူတွေကို သူတို့က ဘာလို့ ထိခိုက်အောင် လုပ်မှာလဲ။"

သူ့ဆိုင်ကနေ လမ်းအတိုင်းဆင်းသွားရင် အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ဆိုင် တဆိုင်ရှိပြီး အဲဒီဆိုင်က စျေးရောင်းအကူ မစ္စ ချန်းကလည်း မစ္စ ယန်ပြောတာကို သဘောတူပါတယ်။

"သူတို့က ကျွန်မတို့ အဆောက်အဦတွေကို ပစ်ခတ် ဖြိုချပစ်မယ်၊ ကျွန်မတို့ကို သတ်မယ် ဆိုပါတော့၊ ဒီမြေကို သူတို့ရသွားတာက ဘာ အကျိုးဖြစ်မှာလဲ၊ သူတို့ ထိုင်ဝမ်ကို ရသွားမယ် ဆိုပါတော့ ထိုင်ဝမ်က ဘာမှ ရှိတာမှ မဟုတ်တာ၊ သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူး။"

ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်တာက သိပ်အကုန်အကျများမယ်၊ တရုတ်အတွက် အကျိုးမဖြစ်ဘူး ဆိုတဲ့ ဒီလို အမြင်ကို ထိုင်ဝမ်သူ ထိုင်ဝမ်သား အများအပြားက ကိုင်စွဲထားကြပါတယ်။

ဘေဂျင်းက "ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး" လို့ အကြိမ်ကြိမ်ပြောနေတဲ့အပေါ် တချို့က ဒါဟာ သူတို့ ထိုင်ဝမ်ကို မပျက်မစီး အကောင်းလေးအတိုင်းပဲ တရုတ်က ရချင်တာလို့ တချို့က တွက်ကြပါတယ်။

Taiwanese President William Lai in army gear, including a green helmet

ဓာတ်ပုံ ရင်းမြစ်, Ritchie B Tongo / EPA/Shutterstock

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ကို တရုတ်က "တိုက်ခိုက်သိမ်းယူ" ဖို့ စီစဥ်နေတာလို့ သမ္မတ ဝီလျံလိုင်က ပြောနေ

ဒါပေမဲ့ လိုင် ကတော့ တရုတ်ဟာ "ရန်လိုနေတဲ့ နိုင်ငံခြားအင်အားစုဖြစ်ပြီး ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ စီစဥ်နေတယ်၊ နိုင်ငံရေးအရရော စစ်ရေးအရရော ခြိမ်းခြောက်မှုတွေကို ဆက်တိုက် လုပ်နေတာ" လို့ ပြောပါတယ်။

နောက် ထိုင်ဝမ်တို့ စိတ်ထဲမှာ မှတ်ယူထားတဲ့ အချက်တချက်ကတော့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ်၊ ဒီလို ထိန်းသိမ်းစောင့်ရှောက်ပေးမယ် ဆိုတာကလည်း ဥပဒေကြောင်းအရ စည်းနှောင်ပြီးသား ဖြစ်တယ် ဆိုတဲ့ အချက်ပါ။

သမ္မတ ထရမ့်ရဲ့ လက်ရှိ အာဏာရကာလမှာ ဒီအာမခံပေးချက်က မှေးမှိန်သွားပြီလို့ ခံယူကြောင်း လူထုစစ်တမ်းတွေမှာ အများစုက ဖော်ပြနေပေမယ့် ထိုင်ဝမ် တကယ်လို့ အတိုက်ခိုက်ခံရပြီဆိုရင် အမေရိကန်က ထိုင်ဝမ်ကို အကူအညီပေးမှာလို့ တချို့က ဆက်ပြီး ယုံကြည်နေဆဲပါ။

ဒီတော့ တရုတ်က အမေရိကန်နဲ့ စစ်ရေးပဋိပက္ခ ဖြစ်လာမှာကို တွန့်ဆုတ်နေမှာလို့ သူတို့ကမြင်ကြပါတယ်။

"ထိုင်ဝမ်ကို တရုတ်က ခြိမ်းခြောက်တာ မရှိဘူး၊ ဘယ်တော့မှလည်း တိုက်ခိုက်မှာ မဟုတ်ဘူးလို့ မြင်ကြတာတွေက သိပ် ရိုးအတဲ့ အမြင်လို့ မဆိုနိုင်ပါဘူး" လို့ INDSR မှာ ကာကွယ်ရေး သုံးသပ်ဆန်းစစ်သူ ဖြစ်တဲ့ ရှန် မင်ရှိက ပြောပါတယ်။

"ဟုတ်ပါတယ်၊ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပတ်သက်ပြီး ဗျူဟာမြောက် စစ်ရေး ရည်မှန်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ လက်ရှိ စစ်ရေး အင်အားက အမေရိကန်ကို မမီသေးပါဘူး" လို့ သူက ဆိုပါတယ်။

Taiwan's new president takes oath of office to begin his serve as Taiwan's eighth president

ဓာတ်ပုံ ရင်းမြစ်, Shufu Liu / Office of the President/Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ဟာ "ရန်လိုနေတဲ့ နိုင်ငံခြားအင်အားစု" လို့ သမ္မတ ဝီလျံ လိုင်က ပြော

ကမ္ဘာမှာ ဆီးမီး ကွန်ဒတ်တာ ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ထိုင်ဝမ်က အရေးကြီးတာကြောင့် ထိုင်ဝမ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လာကူကြမှာလို့ ယုံကြည်နေတာတွေလည်း ရှိတဲ့ အကြောင်း သူက ဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့ ခြိမ်းခြောက်မှုတွေက ဆယ်စုနှစ်တွေများစွာ ရှိလာတော့ "ဘေဂျင်းဟာ တကယ်လုပ်တော့မှာနော်၊ တကယ်ဖြစ်တော့မှာနော်လို့ ခဏခဏ ဟန်ဆောင် ဟန့် ပြီး တကယ်ကျ ဘာမှ မလုပ်တဲ့သူလို့ မြင်လာကြတယ်" လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ် ထိုင်ဝမ် စင်တာက နိုင်ငံရေး သိပ္ပံပညာရှင် ဝန် တိဆန် က ပြောပါတယ်။

"ခြိမ်းခြောက်မှုခံရတိုင်း စိတ်ပိုင်းဆိုင်ရာအရ သိပ်ကို ထိခိုက်ခံရတာပဲလေ။ ဒါပေမဲ့ ခဏခဏ ဖြစ်လာတော့လည်း ကိုယ့်စိတ်ကိုယ် ကျန်းမာအောင်နေဖို့ကိုပဲ အလေးထားပြီး ခြိမ်းခြောက်မှုတွေကို စိတ်ထဲ သိပ်မထားကြတော့ပါဘူး။"

တရုတ်က ကျူးကျော် မကျော် ငြင်းခုံနေကြ

တရုတ်က ကျူးကျော်လာမှာလား၊ မကျူးကျော်နိုင်ပါဘူး စတဲ့ အငြင်းအခုံက ထိုင်ဝမ်မှာ ကာလရှည်ကြာ ရှိလာတာပါ။ ဒါပေမဲ့ အထူးသဖြင့် မနှစ်က ဝီလျံလိုင် ရွေးကောက်ပွဲမှာ နိုင်လာတာရယ်၊ အခုလောလောလတ်လတ် ကာလအတွင်း တင်းမာမှုတွေ မြင့်တက်လာတာတွေရယ်ကြောင့် ဒီအမေးတွေ က ပြန်ထောင်တက်လာခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ဘယ်တုန်းအခါကမှ တရုတ်ရဲ့ အစိတ်အပိုင်းမဟုတ်ဘူးလို့ ခံယူထားတဲ့ လိုင်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (Democratic Progressive Party - DPP) ကို တရုတ်အစိုးရက "ခွဲထွက်ရေးသမားတွေ" လို့ တံဆိပ်ကပ် ပုတ်ခတ်ထားပါတယ်။

လိုင် အစိုးရဟာ ကာကွယ်ရေးတွေကို တွန်းထိုးလှုံ့ဆော်နေပြီး သူတို့ကို တမင်သက်သက် ကန့်လန့် တိုက်ဆန့်ကျင်နေတာလို့ ဘေဂျင်းက စွပ်စွဲထားပါတယ်။

အရင်လတုန်းက တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကနေ ဟန်ကောင် လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး"DPP အာဏာပိုင်တွေက သူ့ရဲ့ ထိုင်ဝမ် လွတ်လပ်ရေး စစ်ရထားပေါ်ကို ထိုင်ဝမ်မျိုးချစ်တွေကို ပြန်ပေးဆွဲ တင်လာပြီး ကိုယ်ပိုင် ကာကွယ်ရေးလို့ ဆိုကာ ဖြီးလုံး ထုတ်လိုက်တာက လွဲလို့ ဘာမှမဟုတ်ဘူး" လို့ ဆိုလိုက်ပါတယ်။

ထိုင်ဝမ်က လွတ်လပ်ရေး တရားဝင် ကြေညာတယ်ဆိုရင် ထိုင်ဝမ်က ခွဲထွက်တာလို့ တရုတ်ကသတ်မှတ်ပြီး ဒါကို တားဆီးဖို့ "ငြိမ်းချမ်းတဲ့ နည်းနဲ့ လုပ်လို့မရတော့ဘူး" လို့ သတ်မှတ် ခွင့်ပြုထားတဲ့ ဥပဒေက တရုတ်မှာ ရှိနေပြီးဖြစ်ကာ တရုတ်က စစ်ရေးအရ လုပ်လာနိုင်ပါတယ်။

လိုင်ကတော့ ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု ဖြစ်ထားပြီးပြီမို့ လွတ်လပ်ရေး ကြေညာစရာ မလိုဘူးလို့ ခံယူထားပါတယ်။

Chinese President Xi Jinping

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ်ကျွန်း တဝိုက်မှာ တိုက်လေယာဥ်တွေ စစ်သင်္ဘောတွေကို တရုတ်က ပိုပို လှုပ်ရှားပြလာ

ပွဲပိုဆူလာအောင် တရုတ်က ထိုင်ဝမ် လေကြောင်းပိုင်နက်ထဲ တိုက်လေယာဥ်တွေ ပျံပြတာ၊ ရေကြောင်းပိုင်နက်ထဲ စစ်သင်္ဘောတွေ စေလွှတ်တာကို ပိုပြီး တိုးမြှင့်လုပ်လာနေပါတယ်။

၂၀၂၇ နှစ်ကျရင် ထိုင်ဝမ်ကို စစ်ရေးနည်းနဲ့ ဝင်ဖို့ အဆင်သင့်ဖြစ်အောင် တရုတ်က ပြင်ဆင်နေတာဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တရုတ်က ဘယ်တော့မှ တုံ့ပြန် မပြောပါဘူး။

ဒါပေမဲ့ တရုတ်က သူ့ရဲ့ ကြည်းတပ်၊ ရေတပ်နဲ့ လက်နက် အဆင့်အတန်းတွေကို ပွင့်ပွင့်လင်းလင်း မြှင့်တင်နေတာဖြစ်ပြီး နောက်လထဲမှာ စစ်ရေးပြပွဲကြီးတခု လုပ်ဦးမှာပါ။

တရုတ်က မကြာခင် စစ်ရေးအရ ဝင်တော့မှာလား ဆိုတဲ့အပေါ် ပညာရှင်တွေ ငြင်းခုံကြ အမြင်ကွဲလွဲကြဆဲပါ။ ဒါပေမဲ့ တင်းမာမှုတွေ မြင့်လာတာ၊ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ တိုးလာတာတွေကို တွေ့မြင်နေရပြီး ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တယ်လို့ အများက မြင်ကြပါတယ်။

ကမ်းပေါ် ဆင်းလာမှု၊ မစ်ဇိုင်း တိုက်ခိုက်မှုနဲ့ ကေဘယ်ကြိုး ဖျက်ဆီးမှု

တရုတ်က တိုက်ခိုက် နိုင်တဲ့ နည်းတွေကလည်း အများအပြားရှိပါတယ်။ ထိုင်ဝမ်ကမ်းခြေတွေပေါ် လေကြောင်းကနေ တပ်တွေ ဆင်းလာနိုင်သလို မစ်ဇိုင်းတွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်နိုင်ပါတယ်။

ဒါ့အပြင် ဝေဟင်နဲ့ ပင်လယ်ပြင်ကိုလည်း ပိတ်ဆို့နိုင်ပါတယ်၊ ပင်လယ်အောက်က ဆက်သွယ်ရေး ကေဘယ်ကြိုးတွေကိုလည်း ဖျက်ဆီးနိုင်ပါတယ်။ ထိုင်ဝမ် အစိုးရ ရန်ပုံငွေနဲ့ ရိုက်တဲ့ တရုတ် ကျူးကျော်မှုရုပ်သံ ဇာတ်လမ်းတွဲတွေထဲမှာ ဒါမျိုးတွေ အများအပြား ပါဝင်ပါတယ်။

ဒါပေမဲ့ တချို့ပြည်သူတွေနဲ့ ထိုင်ဝမ်အစိုးရအဖို့ တရုတ်က သိမ်သိမ်မွေ့မွေ့နဲ့ ကျူးကျော်လာနေတာကရှိနှင့်နေပြီလို့ ခံယူကြပါတယ်။ တနေ့မှာ ထိုင်ဝမ်ပြည်သူတွေ အနေနဲ့ ပေါင်းစည်းရေးကို ရွေးချယ်လာလိမ့်မယ်လို့ တရုတ်က ရည်မျှော်ပြီး ထိုင်ဝမ်သူ ထိုင်ဝမ်သားတွေကို စည်းရုံးဆွဲဆောင်နေတာပါ။

Chinese military personnel take part in a rehearsal

ဓာတ်ပုံ ရင်းမြစ်, PEDRO PARDO/AFP via Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်က တိုက်ခိုက်နိုင်တဲ့ နည်းလမ်း မြောက်မြားစွာ ရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြော

တရုတ်က ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးတွေ၊ စီးပွားရေး ဆက်နွှယ်မှုတွေ တရားဝင် ဆောင်ရွက်ထားသလို ယဥ်ကျေးမှုအရ လည်း တရားဝင် ချိတ်ဆက်မှုတွေ ရှိပါတယ်။

တရားမဝင် အနေနဲ့ကတော့ ဘေဂျင်းဟာ သတင်းတု သတင်းမှား ကမ်ပိန်းတွေ၊ တရုတ်လွှမ်းမိုးနိုင်ရေး လှုပ်ရှားမှုတွေအတွက် ရန်ပုံငွေထောက်ပံ့နေကြောင်း သုံးသပ်သူတွေနဲ့ ထိုင်ဝမ် အရာရှိတွေက ပြောပါတယ်။

ဆွီဒင် ဂိုသင်ဘတ် တက္ကသိုလ် ဗီ - ဒမ်း အင်စတီကျုရဲ့ လေ့လာချက်တခုအရ နိုင်ငံခြား အစိုးရတရပ်က ပံ့ပိုးလုပ်ဆောင်နေတဲ့ သတင်းမှား ကမ်ပိန်းတွေကို ကြည့်ရင် ထိုင်ဝမ်ကို အဓိက နေရာအဖြစ် ပစ်မှတ်ထားနေကြောင်းနဲ့ အဲဒီလို လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေကြောင်း သိရပါတယ်။

ထိုင်ဝမ် စီးပွားရေး၊ ယဥ်ကျေးမှုနဲ့ မီဒီယာတွေ၊ နောက်ဆုံး အစိုးရထဲကိုပါ တရုတ်က နက်နက်ရှိုင်းရှိုင်း ဝင်လွှမ်းမိုးလာတာကို သမ္မ လိုင်က မတ်လတွင်းက သတိပေးလိုက်ပြီး လုံခြုံရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဥ်းတွေကိုလည်း ကြေညာခဲ့ပါတယ်။

တရုတ်အတွက် သူလျှိုလုပ်ပေးမှု စွပ်စွဲချက်နဲ့ ထိုင်ဝမ် စစ်သား တချို့နဲ့ စစ်တပ် အရာရှိတချို့ အဖမ်းခံခဲ့ရပါတယ်။ လိုင်ရဲ့ အရင် လက်ထောက် တယောက်အပါအဝင် DPP ပါတီဝင် တချို့လည်း သူလျှိုလုပ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။

တရုတ်နဲ့ အကျွမ်းတဝင်ရှိတဲ့ ထိုင်ဝမ်က နာမည်ကျော်ကြားသူတွေ၊ လူမှုမီဒီယာမှာ ပရိသတ်များသူတွေ၊ ထိုင်ဝမ်သူ ထိုင်ဝမ်သားတွေနဲ့ အိမ်ထောင်ကျနေတဲ့ တရုတ်တွေ စတဲ့သူတွေလည်း အခုကာလမှာ

အနီးကပ် စောင့်ကြည့်တာ ခံနေရပြီး တချို့လည်း တရုတ်ကို ပြန်ပို့ခံရပါတယ်။

တရုတ်နဲ့ သိပ်ကို နီးစပ်တယ်လို့ မြင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖွင့်ချ တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ အငြင်းပွားဖွယ် အောက်ခြေလူထု လှုပ်ရှားမှု တခုကိုလည်း လိုင်က ထောက်ခံ ကူညီနေပါတယ်။

'လိုင်က တရုတ်ကို ပြောနေပုံက အရူးလိုပဲ'

ကာကွယ်ရေး တိုးမြှင့်ရာမှာ လူထုထောက်ခံမှုရတဲ့ လက္ခဏာ တချို့ကိုလည်း တွေ့ရပါတယ်။ INDSR ရဲ့ လူထုစစ်တမ်းအရ ထိုင်ဝမ်သား ထက်ဝက်ကျော်က ကာကွယ်ရေး စားရိတ် တိုးမြှင့်တာကို လက်ခံကြပြီး အမေရိကန်က လက်နက်တွေ ဝယ်တာကိုလည်း ပိုပြီးထောက်ခံ လာကြပါတယ်။

ဒါပေမဲ့ တချို့က မကြိုက်ပါဘူး။ ကာကွယ်ရေးတွေ တွန်းထိုးလုပ်နေတာ၊ လိုင် ပြောနေတဲ့ ဟန့်လုံး လှိမ့်လုံး စကားတွေက တရုတ်ကို ဆွသလို ဖြစ်နေတယ်၊ စစ်ပွဲဆီကို ရောက်သွားနိုင်တယ်လို့ တချို့က မြင်ကြပါတယ်။

People in Kinmen with their hands over the heads sitting on the floor, as part of one of the drills

ဓာတ်ပုံ ရင်းမြစ်, Tessa Wong/ BBC

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေး မြှင့်တင်ဖို့ လုပ်နေတာက တရုတ်ကို ဆွနေသလို ဖြစ်တယ်လို့လည်း တချို့က မြင်ကြ

"ကျွန်မအနေနဲ့တော့ တရုတ်ဘက်က ရှင်းပါတယ်" လို့ မစ္စ ချန်းက ဆိုပါတယ်။ "လွတ်လပ်ရေး လိုချင်ပါတယ်လို့ မပြောမချင်း တရုတ်က ဘာမှ လုပ်မှာ မဟုတ်ပါဘူး။"

"ဒါပေမဲ့ ဝီလျံ လိုင် တရုတ်ကို ပြောနေတဲ့ပုံက အရူးလိုပဲ။ အဲဒါက သူတို့ကို ဒေါသထွက်စေတာ။ တနေ့ ရှီကျင့်ဖျင်က စိတ်တိုလာပြီး ကျွန်မတို့ကို တိုက်ခိုက်လာနိုင်တယ်။"

ထိုင်ဝမ်က လူအများစုက "ပိုနေမြဲ ကျားနေမြဲ အခြေအနေ" နဲ့ပဲ နေချင်ကြတာ၊ သဘောကတော့ တရုတ်နဲ့လည်း မပေါင်းစည်းချင်သလို လွတ်လပ်ရေး တရားဝင်ကြေညာတာမျိုးကိုလည်း မလိုချင်ကြောင်း လူထုစစ်တမ်းတွေက အကြိမ်ကြိမ် ပြဆိုနေပါတယ်။

ကိုမင်တန်ပါတီ လွှမ်းမိုးထားတဲ့ နိုင်ငံရေး အတိုက်အခံတွေက DPP အစိုးရဟာ တရုတ်က ဝင်ကျူးကျော်လာတော့မယ်ဆိုပြီး လူထုကို စိုးရိမ်အောင်လုပ်၊ အဲဒီကနေ သူတို့အတွက် နိုင်ငံရေး ထောက်ခံမှုတွေရအောင် လုပ်နေတာလို့ စွပ်စွဲပါတယ်။

ကိုမင်တန်ပါတီက နိုင်ငံတကာရေးရာ ဒါရိုက်တာ အလက်ဇန်းဒါး ဟွန်က DPP အစိုးရဟာ "မလိုအပ်ပဲ ပါးစပ်ကနေ တရုတ်ကို ခြိမ်းခြောက်နေတာ၊ အဲဒါက ထိုင်ဝမ် ကျွန်းဆွယ်ကို မတည်ငြိမ်အောင်လုပ်နေတာ" လို့ ဆိုပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ထိုင်ဝမ်အနေနဲ့ တရုတ်ကို ရင်ဆိုင်ရာမှာ ခိုင်ခိုင်မာမာရှိရမယ်လို့လည်း မြင်ကြပါတယ်။

"(ထိုင်ဝမ်သားတွေ) အနေနဲ့ တရုတ်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံရမယ်၊ သူတို့က အင်အားသုံးနိုင်တယ်၊ အခုလည်း သူတို့ ပြင်ဆင်နေတာတွေ တွေ့ရတယ်" လို့ ဒေါက်တာ ရှန်က ပြောပါတယ်။

"ဒီတော့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အရာရှိတွေနဲ့ စစ်တပ် အနေနဲ့ အရင်ဆုံး အဲဒီအတွက် ပြင်ဆင်ထားရမယ်။"